၁၉၉၃ “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲမှ အကျိုးအပြည့်အဝ ခံစား
၁ “အိုယေဟောဝါ၊ အကျွန်ုပ်အား သွန်သင်တော်မူပါ။” (ဆာ၊ ၈၆:၁၁၊ ကဘ) ဆက်ကပ်အပ်နှံကျေးကျွန်တိုင်း ဤသို့ လှိုက်လှဲစွာအသနားခံသင့်သည်။ သင်ယူခြင်းကို မရပ်မစဲရန်၊ သင်ယူသမျှကို အမြဲကျင့်သုံးနေရန် ကျွန်ုပ်တို့စိတ်ဆုံးဖြတ်ထားပြီ။ တစ်ခါတစ်ရံ ပြုပြင်ပေးစရာ လိုကောင်းလိုမည်။ ဆာလံဆရာနည်းတူ ကျွန်ုပ်တို့နှလုံးကို စုစည်းပေးပါရန် ဘုရားသခင်အားတောင်းပန်ဖို့ လိုပါမည်။ “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲအစီအစဉ်သည် ဤအစီအစဉ်စနစ်၏ဖိစီးမှုများအောက် ယေဟောဝါအားသစ္စာရှိနိုင်ရန် ကျွန်ုပ်တို့လိုအပ်သော လက်တွေ့ကျသွန်သင်ချက်များနှင့် ပြုပြင်မှုများ ရရှိပါမည်။
၂ လေးရက်စည်းဝေးပွဲ။ အစီအစဉ်ကို မြန်မာပြည်တစ်လျှောက် ခါတိုင်းကဲ့သို့ပင် လေးနေရာတွင် တင်ဆက်မည်။ အစီအစဉ်သည် ကြာသပတေးနေ့ မွန်းလွဲပိုင်း ၁:၂၀ တွင်စတင်မည်ဖြစ်၍ တနင်္ဂနွေနေ့ မွန်းလွဲပိုင်း ၄:၁၅ တွင်ပြီးဆုံးပါမည်။
၃ ကျွန်ုပ်တို့ဘာကိုစောင့်မျှော်နိုင်သနည်း။ နည်းအမျိုးမျိုး၊ ဟောပြောချက်များ၊ သရုပ်ပြခန်းများ၊ လူတွေ့ခေါ်မေးခြင်းနှင့် ပြဇာတ်နှစ်ခုဖြင့် ကြေခဲသောဝိညာဉ်အစာ အလျှံပယ်ကို တင်ဆက်ပေးပါမည်။ ဤအရေးကြီးသွန်သင်ချက် တစ်ပိုင်းကိုမျှ လက်မလွတ်စေနှင့်။ ထို့ပြင် မိတ်ဆွေဟောင်းများနှင့် ပြန်တွေ့ဆုံပြီး မိတ်ဆွေသစ်များ ဖွဲ့လိုကြပါသည်။ ဤသစ္စာရှိညီအစ်ကိုညီအစ်မများကို သိကျွမ်းရန် အခွင့်အရေးရှာယူပါ။ အသင်သည် မိဘဖြစ်မည်ဆိုလျှင် စည်းဝေးပွဲသို့ သားသမီးများကို ခေါ်ဆောင်လာပါ။ သင့်ကလေးငယ်များ တစ်နေ့နေ့ အချိန်ပြည့်လုပ်ငန်းထမ်းဆောင်ဖို့ စဉ်းစားကြရန် ရှေ့ဆောင်များ၏ ပျော်ရွှင်မှုနှင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်သည် သူတို့အတွက် အုတ်မြစ်ဖြစ်ကောင်းဖြစ်ပေမည်။
၄ ဘဏ္ဍာတိုက်ထဲသို့ ဆယ်ဖို့တစ်ဖို့ရှိသမျှကို သယ်ဆောင်လာမည်လော။ ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသွင်း၍ လိုလေသေးမရှိအောင် ကောင်းချီးများသွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို စုံစမ်းကြည့်ရန် မာလခိ ၃:၁၀ တွင်ယေဟောဝါသည် ဣသရေလလူမျိုးအား ကတိပြုတော်မူခဲ့သည်။
၅ အချို့သူများအတွက် ယေဟောဝါကိုစုံစမ်းကြည့်ရန် စည်းဝေးပွဲတက်ခြင်းငှာ အလုပ်ရှင်ထံသွား၍ ခွင့်ရက်များတောင်းဆိုဖို့ လိုကောင်းလိုမည်။ စည်းဝေးပွဲတက်ရန် ခွင့်ပြုမည်မဟုတ်ပါဟုအထင်နှင့် တစ်ခါတစ်ရံ ညီအစ်ကိုများ ဤသို့ပြုလုပ်ရန် တွန့်ဆုတ်ခဲ့ကြဖူးသည်။ သို့သော် ဝိညာဉ်ရေးနှင့်မဆိုင်သောကိစ္စများအတွက်မူ မိမိတို့ဆန္ဒကို အလုပ်ရှင်အားတင်ပြရန် အခက်အခဲမရှိသလောက်ဖြစ်ကြမည်။
၆ ကိုယ့်ကိုယ်ကိုမေးသင့်သည်ကား။ ချစ်မြတ်နိုးသောမိတ်ဆွေတစ်ဦး အခြားဒေသတစ်ခု၌ ထိမ်းမြားလိမ့်မည်ဆိုလျှင် မင်္ဂလာပွဲတက်ခြင်းငှာ အလုပ်ရှင်အား ခွင့်တောင်းမည်မဟုတ်လော။ အလုပ်ရှင်သည် ခွင့်မပြုလိုပါက သွားနိုင်မည်ဆိုလျှင်မည်မျှကျေးဇူးတင်မည်အကြောင်း လေးစားစွာ တင်ပြလိမ့်မည်မဟုတ်လော။ မင်္ဂလာပွဲတက်ခြင်းထက် ယေဟောဝါ၏သွန်သင်ခြင်းကိုခံယူခြင်းသည် သာ၍အရေးကြီးမည်မဟုတ်လော။ စည်းဝေးပွဲအစီအစဉ်သည် ကျွန်ုပ်တို့၏ဝိညာဏတိုးတက်ရေးအတွက် အရေးပါကြောင်းကို အမှန်စိတ်ချယုံကြည်မည်ဆိုလျှင် စည်းဝေးပွဲတက်နိုင်ရန် ခွင့်ရက်ပေးဖို့ အလုပ်ရှင်အားတင်ပြရန် လွယ်ကူပါမည်။—ယာ၊ ၁:၇၊ ၈။
၇ ဣသရေလနိုင်ငံဆယ်ဖို့တစ်ဖို့တွင် ယေဟောဝါ၏ဝတ်ပြုရာအရပ်အတွက် ပစ္စည်းဥစ္စာများလှူဒါန်းခြင်းပါဝင်သည်။။ ကျွန်ုပ်တို့ခေတ်တွင် ဆယ်ဖို့တစ်ဖို့သည် ယေဟောဝါ၏လုပ်ငန်းတော်၌လည်းကောင်း၊ နိုင်ငံတော်လုပ်ငန်းကို ထောက်ပံ့ခြင်းငှာလည်းကောင်း ကျွန်ုပ်တို့ပေးသောအချိန်၊ ခွန်အားနှင့်ငွေအင်အားကို တင်စားပါသည်။ ဆယ်ပို့တစ်ပို့၌ အစည်းအဝေးများ၊ တိုက်နယ်နှင့်ခရိုင် စည်းဝေးပွဲကြီးများအပြင် စည်းဝေးရာအရပ်များကို ပြုပြင်သန့်ရှင်းစွာထားခြင်းလည်း ပါဝင်ပါသည်။ “မြင့်မြတ်သော သွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲတွင် ယေဟောဝါ၏ဝိညာဏဘဏ္ဍာတိုက်သို့ ဆယ်ဖို့တစ်ဖို့ရှိသမျှကို ယူဆောင်လာရန် အခွင့်အရေးများစွာရပါလိမ့်မည်။ ယင်းတို့အနက် အချို့ကားအဘယ်နည်း။
၈ စည်းဝေးပွဲအစီအစဉ်ကို ဂရုစိုက်နားထောင်ခြင်း၊ နိုင်ငံတော်သီချင်းတိုင်းကို အားရပါးရသီဆိုခြင်းနှင့် ဆုတောင်းချက်တိုင်းကို အသေအချာနားထောင်ပြီး လှိုက်လှဲစွာဖြင့် အာမင်ဆိုကြခြင်းအားဖြင့် ဆယ်ဖို့တစ်ဖို့ကို ယူဆောင်လာနိုင်ပါမည်။
၉ သမ္မာတရား၌ ကျွန်ုပ်တို့၏တိုးတက်မှုသည် မည်သို့နားထောင်သည့်အတိုင်းအတာအပေါ် များစွာမူတည်ပါသည်။ စည်းဝေးပွဲခန်းမကြီးတွင် ကျွန်ုပ်တို့ဝန်းကျင်၌ အခြားသူများကြောင့် လွယ်ကူစွာအာရုံလွင့်ပါးနိုင်သဖြင့် အတတ်နိုင်ဆုံး စူးစိုက်နားထောင်ဖို့လိုပါသည်။ စည်းဝေးပွဲသို့ သင့်ကျမ်းစာအုပ်၊ သီချင်းစာအုပ်၊ မှတ်စုရေးရန်ခဲတံနှင့်စာအုပ်၊ ထိုအပတ်လေ့လာမည့် ကင်းမျှော်စင်လထုတ် အစရှိသည်တို့နှင့် အပြည့်အစုံပြင်ဆင်လာပါ။ ဟောပြောသူတစ်ဦးစီအသုံးပြုသော အချက်အလက်များနှင့် ကျမ်းချက်များကို မှတ်စုယူထားခြင်းသည် အထောက်အကူဖြစ်မည်။ မှတ်စုများကို တိုတိုတုတ်တုတ်ရေးပါ။ အသေးစိတ်မှတ်ခြင်းဖြင့် အာရုံစူးစိုက်ခြင်းကို အတားအဆီးဖြစ်စေနိုင်သည်။ ကလေးငယ်များသည်လည်း စူးစိုက်နားထောင်တတ်ရန် လေ့ကျင့်ပေးခံရသင့်သည်။ အစီအစဉ်ကို အတတ်နိုင်ဆုံးကြိုးစားဂရုစိုက်ခြင်းအားဖြင့် ကလေးများသည် မိဘများနှင့်အတူ ဆယ်ပို့တစ်ပို့ကို ယူဆောင်လာနိုင်မည်။
၁၀ မိဘအချို့သည် အသင်းမစာပေများကို ဖတ်နေရန်၊ သို့မဟုတ် ရုပ်ပုံများကိုကြည့်ရှုနေရန် ကလေးငယ်များကို နေ့စဉ်တိတ်ဆိတ်စွာနေရန် ကြပ်မတ်ပေးပါသည်။ ဤသို့လေ့ကျင့်ပေးခြင်းအားဖြင့် စည်းဝေးများတွင် ငြိမ်သက်စွာနေတတ်ရန် လွယ်ကူစေသည်။ ပုံသက်သေကောင်းသောကလေးများကို လေ့ကျင့်ပေးခဲ့သောမိဘများက စည်းဝေးသို့ ကစားစရာများ၊ ရေးခြစ်စရာများ မယူလာစေရန် ပြောပါသည်။ စည်းဝေးတက်ခြင်းရည်ရွယ်ချက်မှာ ယေဟောဝါကိုဝတ်ပြုဖို့အတွက်ဖြစ်ကြောင်း အလွန်ငယ်ရွယ်သောကလေးများပင် သိရှိနိုင်သည်။ ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲယူဆောင်လာရခြင်းအဓိပ္ပာယ်ကို ကလေးငယ်များအား သွန်သင်ပေးနိုင်သောမိဘများသည် အလွန်ချီးမွမ်းစရာကောင်းသည်။
၁၁ စည်းဝေးပွဲစီမံကွပ်ကဲမှုကို အကူအညီပေးရန် စေတနာ့ဝန်ထမ်းခြင်းဖြင့် ကျွန်ုပ်တို့အချိန်နှင့်ခွန်အားကိုပေး၍ ဆယ်ဖို့တစ်ဖို့ယူဆောင်လာနိုင်ပါသည်။ နေရာအများ၌ စည်းဝေးမတိုင်မီ တစ်ရက်နှစ်ရက်အလိုတွင် သန့်ရှင်းရေးအစီအစဉ်ရှိပါသည်။ အနီးအနားတွင် အသင်နေထိုင်သည်ဆိုလျှင် မိသားစုလိုက်ပါဝင်ရန် စီစဉ်ပါ။ အချို့ညီအစ်ကိုများသည် တိုးတက်လျက်ရှိသော မိမိတို့သင်သားများကိုပါခေါ်လာကြသည်။ ဤနည်းဖြင့် ယေဟောဝါ၏ဝတ်ပြုရေးကို ပံ့ပိုးရာ၌ အဘယ်အရာများပါဝင်ကြောင်း သူတို့နှစ်ခြင်းမယူမီပင် သိနားလည်စေသည်။ စည်းဝေးပွဲချောချောမောမောပြီးမြောက်ရေးအတွက် လုပ်ကိုင်စရာအလုပ် များစွာရှိပါသည်။ မိသားစုလိုက် လုပ်အားပေးပါ။
၁၂ ငွေအင်းအားဖြင့်ထောက်ပံ့ ၍လည်း ဆယ်ဖို့တစ်ဖို့ကိုယူဆောင်လာနိုင်ပါသည်။ စင်ကြယ်သောဝတ်ပြုရေးကို ပံ့ပိုးပေးရန် ပစ္စည်းဥစ္စာများအကြောင်း အကြမ်းဖျင်းဖော်ပြရာတွင် ဣသရေလလူမျိုးအား ယေဟောဝါဤသို့မိန့်တော်မူသည်။ “ယေဟောဝါထံတော်သို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။ သင်၏ဘုရားသခင် ယေဟောဝါကောင်းချီးပေးတော်မူသဖြင့် လူအသီးအသီးတို့သည် တတ်နိုင်သည်အတိုင်း ဆက်ရကြမည်။” (တရား၊ ၁၆:၁၆၊ ၁၇၊ ကဘ) လူတို့သည် များများ၊ သို့မဟုတ် နည်းနည်းပေးသည်ဖြစ်စေ ကြိုတင်ပြင်ဆင်၍ပေးကြသော သူတို့၏ပူဇော်ရာကို ယေဟောဝါနှစ်သက်တော်မူသည်။ ထိုနည်းတူစွာ ညီအစ်ကိုများစွာသည် မိမိတို့တတ်နိုင်သော အလှူငွေကို ပေးအပ်ရန် အသေအချာဆုတောင်းစဉ်းစားပြုလုပ်ကြသည်။ သင့်ကလေးငယ်များအား အလှူငွေသေတ္တာတွင် အလှူငွေထည့်ရန် သွန်သင်ပေးပါသလော။
၁၃ ကယ်တင်တော်မူသောအရှင် ဘုရားသခင်၏ ဩဝါဒကို အရာရာ၌ တန်ဆာဆင်။ ကျွန်ုပ်တို့၏အမူအကျင့်ကောင်း၊ ချီးမွမ်းဖွယ်အကျင့်အကြံအားဖြင့် “ငါတို့ကိုကယ်တင်တော်မူသောအရှင် ဘုရားသခင်၏ ဩဝါဒကို အရာရာ၌ တန်ဆာဆင်” နိုင်ပါသည်။ (တိ၊ ၂:၉၊ ၁၀) အခြားနည်းဖြင့်ပြောရလျှင် စည်းဝေးကြီးတွင်ပင် မြင့်မြတ်သောသွန်သင်ခြင်းကို ကျွန်ုပ်တို့ဘဝအသက်တာတွင် ကျင့်သုံးနေကြောင်း တင်ပြနိုင်ပါသည်။
၁၄ ကျွန်ုပ်တို့၏အမူအကျင့်များကော။ ယနေ့ သူတစ်ဘက်သားအတွက် စာနာစိတ်ကို အလွန်တွေ့ခဲသည်။ သို့သော် ကျမ်းစာဆိုင်ရာမူများဖြင့် လမ်းပြညွှန်ကြားခံရသော ယေဟောဝါ၏လူများသည် ကိုယ်အကျိုးကိုသာမကြည့်၊ သူတစ်ပါးအကျိုးကို ရှေ့ရှုပါသည်။ (ဖိ၊ ၂:၄) ကျွန်ုပ်တို့ဝန်းကျင်ရှိသူများကို သတိမူကြပါသည်။ အစာအတွက်၊ စာအုပ်များအတွက် တန်းစီယူချိန်တွင် တွန်းခြင်း၊ တိုက်ခြင်း မပြုကြပါ။ သတိမပြုဘဲ တွန်းတိုက်ခံရနိုင်သည့် တန်းစီနေကြသော သက်ကြီးရွယ်အိုများ၊ သို့မဟုတ် မိဘများနှင့်အတူရပ်နေသော ကလေးငယ်များကို စာနာမှုပြကြမည်။ စားသောက်ဆိုင်များတွင်လည်း ထင်သလိုမဖြစ်သည့်အခါ အလုပ်သမားများအပေါ်ရိုင်းစိုင်းမှုပြမည်မဟုတ်ဘဲ ယဉ်ကျေးသိမ်မွေ့ကြမည်။
၁၅ ကျွန်ုပ်တို့၏ဘုရားရေးရာအကျင့်အကြံ သည် များစွာအကျိုးသက်ရောက်နိုင်သည်။ လွန်ခဲ့သောနှစ်က အမေရိကန်နိုင်ငံတွင် စည်းဝေးပွဲကြီးကျင်းပခဲ့သောမြို့တစ်မြို့၌ ရဲသက်တမ်း ၂၁ နှစ်ရှိသူတစ်ဦးက ဤသို့ဆိုသည်။ “ခင်ဗျားတို့လူတွေရဲ့ စည်းကမ်းသိမ်မွေ့တဲ့အကျင့်ကို ချီးကျူးပါတယ်။ တကယ်ထူးခြားတဲ့လူတွေ။ အမှိုက်ကောက်ဖို့ တိုက်တွန်းမခံရဘဲ ကောက်ယူတယ်။ ယဉ်ကျေးသိမ်မွေ့ကြတယ်။ စည်းဝေးပွဲလည်း စည်းစနစ်ကျတယ်။” ထပ်၍ဤသို့ဆိုသည်။ “ခင်ဗျားတို့လူတွေ ကျွန်တော်တို့ကို တွေ့တဲ့အခါ ပြုံးပြကြတယ်။ အဲ့ဒါကိုသဘောကျတယ်။ အဲ့ဒါကို ကျွန်တော်တို့ဂရုစိုက်တာ။ ခင်မင်မှုရှိတယ်၊ လျှို့ဝှက်စရာမရှိဘူးဆိုတဲ့ လက္ခဏာဘဲ။ ကလေးတွေလည်း မိဘများနဲ့အတူရှိနေကြပြီး စည်းကမ်းရှိတာကိုလည်း သတိထားမိတယ်။ ယုံပါ။ ကျွန်တော်တကယ်အားကျတယ်။ ဒီနေရာမှာ တာဝန်ရတာ ကျွန်တော့်အတွက် ပျော်ရွှင်စရာပါ။”
၁၆ အမေရိကန်ပြည်ရှိအရာရှိအချို့က ဗေသလအိမ်သို့ တမင်တကာလာ၍ သူတို့မြို့တွင် စည်းဝေးပွဲကျင်းပကြရန် ဖိတ်ခေါ်ပါသည်။ အသင်းမကလည်း သူတို့၏ဖိတ်ခေါ်ချက်ကိုလက်ခံကာ မြို့မျက်နှာဖုံးလူကြီးများကလိုလိုလားလားရှိခဲ့ကြသည်။ လက်ထောက်မြို့တော်ဝန်က “ကျွန်တော်တို့မြို့မှာ ခင်ဗျားတို့ရဲ့အဖွဲ့လို ဂုဏ်သတင်းမွှေးတဲ့အဖွဲ့ လာစည်းဝေးပေးတာကို အားရတယ်။ ဒီမြို့ကို ခင်ဗျားတို့ရွေးဖို့ ကျွန်တော်တို့အထူးကြိုးစားခဲ့တာ။ . . . အထူးဝမ်းသာပါတယ်” ဟုဆိုသည်။ သူတို့၏ကောင်းမွန်သောအကျင့်အကြံအားဖြင့် ညီအစ်ကိုညီအစ်မတစ်ဦးစီသည် ထိုနေရာတွင် အထူးချီးမွမ်းထိုက်သော သက်သေခံချက်ကို ပေးခဲ့ပါသည်။
၁၇ သင်၏ကောင်းသောပုံသက်သေအားဖြင့် ကျွန်ုပ်တို့၏ကယ်တင်တော်မူသောအရှင် ဘုရားသခင်၏ ဩဝါဒကို ကိုယ်စီကိုယ်င တန်ဆာဆင်မည်လော။ ယင်းသို့ပြုမူနိုင်သည့် နည်းအချို့ကို ဖော်ပြထားပါသည်။
ဝတ်စားဆင်ယင်ခြင်း။ စည်းဝေးပွဲတက်ချိန်တွင် အားလပ်ချိန်အတွင်း အပန်းဖြေနေသည်ဟု ကျွန်ုပ်တို့မယူမှတ်သင့်ပါ။ ယင်းသို့ယူမှတ်မည့်အစား ယေဟောဝါ၏ညွှန်ပြခြင်းကို ခံယူခြင်းငှာ ကိုယ့်ကိုယ်ကိုအပ်နှံနေကြကြောင်းသတိရပါ။ ထိုသို့ဖြစ်သောကြောင့် နိုင်ငံတော်ခန်းမတွင် စည်းဝေးတက်သကဲ့သို့ ဝတ်စားဆင်ယင်သင့်သည်မဟုတ်လော။ (၁ တိ၊ ၂:၉၊ ၁၀) ထို့ပြင် စည်းဝေးချိန်ပြီးနောက်တွင် မည်သို့ဝတ်စားမည်ကိုလည်း ဂရုစိုက်သင့်သည်။ မိမိတည်းခိုရာအရပ်များသို့ ပြန်ရောက်သွားသည့်အခါ ကျွန်ုပ်တို့အသက်အရွယ်မရွေး ယောက်စီယောက်တိုင်းသည် စည်းဝေးပွဲ၌ ဣန္ဒြေရှိရှိ၊ သိက္ခာဖြင့်ဝတ်စားပုံမှ လောကသားများ၏ ဖိုသီဖတ်သီ၊ သန့်ရှင်းသပ်ရပ်စွာမရှိသော ဝတ်စားဆင်ယင်မှုမျိုးသို့ ပြောင်းလဲသင့်ပါသလော။ ယင်းသို့ပြုခြင်းအားဖြင့် စည်းဝေးတက်သည့်အဝတ်အစားများသည် ကျွန်ုပ်တို့ဘဝပုံစံမဟုတ်ဘဲ သီးခြားအဝတ်တန်ဆာမျှဖြစ်သည်ဟု သဘောသက်ရောက်စေမည်မဟုတ်လော။ ကျွန်ုပ်တို့သည် ယေဟောဝါ၏နာမကို ခံယူထားကြောင်း၊ သမ္မာတရားလမ်းစဉ်ကို ကဲ့ရဲ့ပြစ်တင်စရာမဖြစ်ရန် ကျွန်ုပ်တို့တစ်ဦးစီ၌ တာဝန်ရှိကြောင်းကို သတိပြုသင့်သည်။
အလွန်မြင့်မြတ်သည့်အချိန်အခါတွင် လောကီဆိုင်ရာဆောင်ပုဒ်များနှင့် စကားလုံးများ၊ စီးပွားကြော်ငြာများပါသည့် စွပ်ကျယ်များကိုမဝတ်သင့်ကြောင်း နှစ်ခြင်းခံယူမည့်သူများအား သတိပေးသင့်သည်။ နှစ်ခြင်းနှင့်ဆိုင်သောမေးခွန်းများကို ကြိုတင်မေးမြန်းပြီးသားဖြစ်ရန်၊ နှစ်ခြင်းယူခွင့်ရှိမရှိ နှစ်ခြင်းယူမည့်သူတစ်ဦးစီကို ကြိုတင် အကြောင်းကြားထားပြီးသားဖြစ်ကြောင်း အကြီးအကဲများ သတိပြုသင့်သည်။ (မေးခွန်းများမေးမြန်းချိန်တွင် နှစ်ခြင်းခံချိန်၌ ဝတ်စားဆင်ယင်သင့်သော ဣန္ဒြေရှိ၊ သင့်တော်သောအဝတ်အကြောင်း အကြံပြုချက်များပေးထားလျှင် ကောင်းမည်။) အကြီးအကဲများက နှစ်ခြင်းခံယူနိုင်သည်ဟု ခွင့်ပြုချက်ရရှိထားသူများသည် စည်းဝေးပွဲတွင် မှတ်ပုံစာရင်းသွင်းစရာမလိုပါ။
တည်းခိုရာနေရာများ။ သင်တည်းခိုမည့် တည်းခိုခန်းတွင် စာရင်းသွင်းသည့်အခါ ဝိညာဉ်အသီးများ သီးပြပါ။ တည်းခိုခန်းအလုပ်သမားများသည် အချိန်တိုကလေးတွင် လူအုပ်စုကြီးကို နိုင်နင်းစွာပြုစုရန် အသင့်ရှိချင်မှရှိမည်။ စိတ်ရှည်မှုပြပါ။ ကိုယ်ချင်းစာနာပါ။
သားသမီးများအနေနှင့် စည်းဝေးပွဲခန်းမရှိ၊ တည်းခိုရာနေရာရှိ၊ ပစ္စည်းများကိုလေးစားမှုပြခြင်း၊ ခရီးသွားလာရာတွင် စည်းကမ်းသိမ့်မွေ့မှုပြခြင်းဖြင့် ဝိုင်းဝန်းကူညီနိုင်ပါသည်။ စည်းဝေးပွဲကြီးမတိုင်မီ သားသမီးများအား မည်သို့ပြုမူကျင့်ကြံစေလိုကြောင်း၊ ခရစ်ယာန်စံချိန်များကိုလိုက်လျှောက်ရန် သူတို့၌တာဝန်ရှိကြောင်းကို မိဘများကြိုတင်ဆွေးနွေးထားလျှင်ကောင်းမည်။
ခွေသွင်းစက်များ။ စည်းဝေးအစီအစဉ်ကို ဗီဒီယိုရိုက်၍ တက်ရောက်လာသူများ၏ မြင်ကွင်းကို ကာဆီးထားခြင်းသည် မေတ္တာပြရာရောက်မည်မဟုတ်ပါ။ သင့်ထိုင်ခုံမှ စည်းကမ်းရှိရှိ ရိုက်ယူနိုင်ပါသည်။ ထိုသို့ပြုခြင်းကို ကန့်ကွက်စရာအကြောင်းမရှိပါ။ သို့ရာတွင် စည်းဝေးပွဲအစီအစဉ်၏ လျှပ်စစ်ဌာန၊ အသံချဲ့စက်ဌာနများနှင့် အသံသွင်းစက်များ၊ ကင်မရာများ တပ်ဆင်ခြင်း၊ လူသွားလူလာနေရာများတွင် ဆင်ထားခြင်းကိုကား ခွင့်မပြုပါ။
ထိုင်ခုံဦးခြင်း။ သင့်မိသားစုအဝင်နှင့် သင့်အဖွဲ့တွင် လိုက်ပါလာသူများအတွက်သာ ထိုင်ခုံများ ဦးထားနိုင်ကြောင်း သတိပြုပါ။ စည်းဝေးပွဲတိုင်းတွင် သက်ကြီးရွယ်အိုများနှင့် မသန်မစွမ်းသူများအတွက် နေရာကန့်သတ်ထားပါမည်။ သက်ကြီးရွယ်အိုများကို စာနာမှုတင်ပြကြပါ။
စာအုပ်စာတမ်းနှင့် အစားအသောက်ဌာန။ ဘုရားသခင့်ကောင်းမြတ်သောဆုကျေးဇူးများကို မဖြုန်းတီးဘဲ၊ တန်ဖိုးထားကြောင်း ကျွန်ုပ်တို့အားလုံးတင်ပြလိုကြမည်။ (ယော၊ ၆:၁၂) လွန်ခဲ့သောအချိန်ကကဲ့သို့ပင် မိသားစုတစ်စုမှ တစ်ဦးတစ်ယောက်သည် စားစရာသွားယူပေးရန် အကြံပြုလိုပါသည်။ တစ်ဦးစီ လိုအပ်သည်ကိုသာ ဝယ်ယူဖြစ်ရန် ကြိုတင်ဆွေးနွေးပြီးနောက်မှ မှာယူကြပါ။ စားစရာများကို နောက်နောင်တွင် အခြားတစ်နေရာရာ၌ စားသုံးဖို့အတွက် စည်းဝေးရာအရပ်မှ ထုတ်မယူသွားရကြောင်းကို သတိပြုပါ။ အစာကို မဖြုန်းတီးရန် မိဘများသည် သားသမီးများကို သတိပေးဆုံးမသင့်သည်။ စာအုပ်စာတမ်းများဝေငှသည့်အခါ အခြားသူများအား ကျေးဇူးပြု၍ စာနာမှုတင်ပြပါ။
၁၈ သူတစ်ပါးကို ကိုယ်ချင်းစာနာစွာဖြင့် နေ့စဉ်စောစောစီးစီးရောက်ရှိလာနိုင်ရန် စီစဉ်ပေးပါ။ တေးသံသာစလာသည်နှင့် ထိုင်ခုံ၌ထိုင်ကြပါ။
၁၉ ယေဟောဝါ၏သွန်သင်ခြင်းကို ကျွန်ုပ်တို့ခံရသဖြင့် အခွင့်ထူးလှသည်တကား။ ကျွန်ုပ်တို့အချိန်၊ ခွန်အားနှင့် ငွေအင်အားကို “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲတွင် အသုံးပြုခြင်းအားဖြင့် ကိုယ်တိုင်အတွက်လည်းကောင်း၊ ကိုယ့်မိသားစုများအတွက်လည်းကောင်း တည်မြဲသောဝိညာဏအကျိုးများကို ခံစားစေပါလိမ့်မည်။
ခရိုင်စည်းဝေးပွဲ သတိပေးချက်များ
ယဉ်ကျေးသိမ်မွေ့စွာ ပြုမူခြင်း။ တက်ရောက်လာသူအားလုံး ယဉ်ကျေးသိမ်မွေ့စွာ ပြုမူကြရန်၊ စည်းဝေးပွဲကျင်းပသည့်နေရာကို “ဘုရားသခင့်အိမ်တော်” ကဲ့သို့ယူမှတ်ကြရန် အရေးကြီးသည်။ (ဆာ၊ ၅၅:၁၄) ဟောပြောချက်များ၊ ပြဇာတ်များ၊ သီချင်းများ၊ အထူးသဖြင့် ဆုတောင်းစဉ် အစီအစဉ်ကိုအာရုံပြုနေသူတို့ကို အနှောင့်အယှက်ဖြစ်မည့် အဘယ်အမှုကိုမျှ မပြုပါနှင့်။ မလိုအပ်ဘဲ လှုပ်ရှားသွားလာခြင်း၊ စကားပြောဆိုနေခြင်း၊ အလင်းသုံးဓာတ်ပုံများရိုက်ခြင်း၊ ဗွီဒီယိုရိုက်ခြင်းဖြင့် ဂရုစိုက်နားထောင်သူများ၏အာရုံကို လွင့်ပါးစေလျှင် မလေးမခန့်ပြုရာကျသည်။ ကျွန်ုပ်တို့၏ စာနာထောက်ထားမှု၊ အကျင့်ကောင်းပြခြင်းက မြင့်မြတ်သောသွန်သင်ခြင်းကို အမှန်တန်ဖိုးထားကြောင်း တင်ပြပြီး ယေဟောဝါ၏သွန်သင်ခြင်းကိုခံလိုသဖြင့် ဤစည်းဝေးပွဲကို လာတက်ရောက်နေကြောင်း ထင်ရှားစေမည်။
တည်းခိုခြင်း။ စည်းဝေးပွဲ တည်းခိုခြင်းအစီအစဉ်ကို လေးစားကြောင်း အိမ်ရှင်၏ပစ္စည်းများကို ဂရုစိုက်အသုံးပြုခြင်းဖြင့် တင်ပြပါ။
တည်းခိုခြင်းဆိုင်ရာပုံစုံများကို စည်းဝေးပွဲလိပ်စာသို့ ချက်ချင်းပို့ပေးထားရန် အသင်းတော်အတွင်းရေးမှူးများ သတိပြုသင့်သည်။
နှစ်ခြင်း။ စနေနေ့နံနက်အစီအစဉ်မစမီ နှစ်ခြင်းခံမည့်သူများသည် သတ်မှတ်ထားရာနေရာတွင် မိမိထိုင်ခုံများတွင် ရှိနေသင့်သည်။ ဣန္ဒြေရှိသောဝတ်စုံနှင့် မျက်နှာသုတ်ပုဝါ ကိုယ်စီယူလာသင့်သည်။ နှစ်ခြင်းဟောပြောချက်နှင့် ဆုတောင်းပြီးနောက် အစီအစဉ်သဘာပတိသည် နှစ်ခြင်းယူသူများအတွက် ညွှန်ကြားချက်စကားပြောပြီး သီချင်းဆိုပါမည်။ နောက်ဆုံးအပိုဒ်ဆိုပြီးနောက်တွင် ဧည့်ကြိုများသည် နှစ်ခြင်းယူမည့်နေရာ၊ သို့မဟုတ် ထိုနေရာသို့ပို့ပေးမည့် ကားများသို့ နှစ်ခြင်းယူမည့်သူများကို ညွှန်ကြားပေးမည်။
လုပ်အားပေးအစီအစဉ်။ ခရိုင်စည်းဝေးပွဲတစ်ခု ချောချောမောမောပြီးစီးရန် လုပ်အားပေးသူများစွာလိုအပ်ပါသည်။ စည်းဝေးပွဲအစီအစဉ်တစ်ပိုင်း၌သာ သင်လုပ်အားပေးနိုင်မည်ဆိုလျှင်ပင် သင့်လုပ်အားကို တန်ဖိုးထားပါသည်။ ကူညီနိုင်မည်ဆိုလျှင် စည်းဝေးပွဲ၌ လုပ်အားပေးဌာနသို့ သွားရောက်အကြောင်းကြားပါ။ အသက် ၁၆ နှစ် အောက်လူငယ်များလည်း စည်းဝေးပွဲအောင်မြင်ရေးအတွက် လုပ်အားပေးနိုင်ပါသည်။ သို့သော် မိဘတစ်ဦးနှင့်၊ သို့မဟုတ် အခြားတာဝန်ခံလူကြီးတစ်ဦးနှင့် တွဲဘက်လုပ်အားပေးရပါမည်။
ရင်ထိုးတံဆိပ်ကပ်ပြားများ။ စည်းဝေးပွဲတွင် အထူးဒီဇိုင်းဆွဲထားသည့် ရင်ထိုးတံဆိပ်များကို ကျေးဇူးပြု၍ တပ်ဆင်ထားပါ။ ဤသို့အားဖြင့် ခရီးသွားလာစဉ် သက်သေခံခွင့်ရရှိလေ့ရှိသည်။ တက်ရောက်လာသူအဖြစ် ဤရင်ထိုးတံဆိပ်ရှိကာ သိရှိစေခြင်းဖြင့် ဧည့်ကြိုများအတွက် အကူအညီဖြစ်စေပါလိမ့်မည်။
တစ်ဦးစီ၏ အမှတ်အသား။ “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲရင်ထိုးကပ်ပြားအပြင် ကိုယ်စီကိုယ်င ဆေးညွှန်ကြားရေးကပ်ပြားကို ဆောင်ထားကြရန် အားပေးပါသည်။ ဗေသလအိမ်သားများနှင့် ရှေ့ဆောင်များသည်လည်း သူတို့၏ကိုယ်ပိုင်ကပ်ပြားများကို ဆောင်ထားသင့်သည်။
သတိပေးချက်။ သင့်စက်ဘီးနှင့်မော်တော်ကားများကို ကောင်းစွာသော့ခတ်ပြီး စည်းစနစ်ကျနစွာ စီတန်းထားပါ။ ဖြစ်နိုင်လျှင် ကိုယ်ပိုင်ပစ္စည်းများကို ကားနောက်ရှိအကန့်တွင် သော့ခတ်ထားသင့်သည်။ ထို့ပြင် လူအုပ်များရာအရပ်သို့ ရောက်လာတတ်သော သူခိုးများ၊ ခါးပိုက်နှိုက်များကို သတိပြုပါ။ သတိပြုသင့်သေးသည်ကား စည်းဝေးရာအရပ်၌ ထိုင်ခုံများပေါ်တွင် တန်ဖိုးရှိပစ္စည်းများကို အပ်နှင်းထားခြင်းမရှိဘဲ ထားရစ်ခဲ့ခြင်းမပြုရန်ဖြစ်သည်။