သင်သည် ခရစ်တော်၏မေတ္တာကို တုံ့ပြန်နေပါသလော
၁ မိမိသခင်၏ဘဝလမ်းစဉ်ကို ဆင်ခြင်သုံးသပ်လျက် တမန်တော်ယောဟန်က ဤသို့ရေးခဲ့သည်– “ယေရှုသည် . . . ဤလောက၌ရှိသောမိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင်ချစ်တော်မူ၏။” (ယော. ၁၃:၁) ဤသတိရအောက်မေ့ပွဲအချိန်အခါအတွင်း ကျွန်ုပ်တို့၏အတွေးများသည် ခရစ်တော်၏အကြီးမားဆုံးမေတ္တာတင်ပြမှုသို့ ရောက်သွားသည်။ ရွေးနုတ်ဖိုးကိုယုံကြည်ကြောင်းတင်ပြခြင်း၊ ဟောပြောခြင်းလုပ်ငန်းတွင် ထက်သန်စွာပါဝင်ခြင်းနှင့် ယေရှုကဲ့သို့ “အဆုံးတိုင်အောင်” တည်ကြည်ခြင်းအားဖြင့် ထိုမေတ္တာကို ကျွန်ုပ်တို့တုံ့ပြန်နိုင်သည်။—မ. ၂၄:၁၃; ၂၈:၁၉၊ ၂၀; ယော. ၃:၁၆။
၂ ခရစ်တော်၏မေတ္တာကိုတုံ့ပြန်ခြင်း– ယေရှုသည် သူ၏မြေကြီးအသက်တာ နောက်ဆုံးသီတင်းပတ်တွင် အလွန်တက်ကြွလှုပ်ရှားခဲ့သည်။ (မ. ၂၁:၂၃; ၂၃:၁; ၂၄:၃) ခရစ်တော်ကိုတုပသူများအနေနှင့် ကျွန်ုပ်တို့သည်လည်း ယေဟောဝါ၏လုပ်ငန်းတွင် “ကြိုးစားအားထုတ်” ရန် မေတ္တာ၏လှုံ့ဆော်မှုကိုခံရကြသည်။ (လု. ၁၃:၂၄) သင်သည် ဓမ္မအမှုတွင်ပါဝင်သည့်အချိန်ကို တိုးမြှင့်ခြင်းဖြင့် ဧပြီလအတွင်း ထပ်ဆင့်သက်သေခံခြင်းလုပ်ငန်းအစီအစဉ်များကို အခွင့်ကောင်းယူအသုံးချနိုင်မည်လော။
၃ ဤနှစ်သခင့်ညစာစားပွဲသည် ဧပြီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ညနေတွင် ကျရောက်သည်။ ဤအရေးပါသောအခါသမယကို မည်မျှတက်ရောက်ကြမည်နည်း။ များသောအားဖြင့် ယင်းသည် ကျွန်ုပ်တို့အပေါ်တွင်မူတည်၏။ သင်ဖိတ်ခေါ်ရန်ရည်ရွယ်ထားသူများ—သင့်ကျမ်းစာသင်သားများနှင့် အခြားစိတ်ဝင်စားသူများ၊ ဆွေမျိုးများ၊ လုပ်ငန်းခွင်မှအသိအကျွမ်းများနှင့် ကျောင်းနေဖက်များ—ကိုစာရင်းတစ်ခုပြုစုထားပြီလော။ သူတို့နှင့်ဆက်သွယ်ကာ လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ထားပြီလော။ သတိရအောက်မေ့ပွဲမတိုင်မီရက်အနည်းငယ်တွင် သူတို့ကို သင်နှိုးဆော်မည်လော။ သူတို့သည် ထိုနေရာသို့ရောက်ရှိရန် သင့်အကူအညီလိုသလော။ အကြီးအကဲများသည်လည်း ဓမ္မအမှုတွင်မလှုပ်မရှားဖြစ်လာသည့် မည်သူ့ကိုမဆို ဖိတ်ခေါ်ကြပါမည်။ သတိရအောက်မေ့ပွဲကို သတ္တပတ်အဆုံးပိုင်းတွင်မဟုတ်ဘဲ သတ္တပတ်အတွင်းပိုင်းညတွင်ကျင်းပခြင်းက အားလုံးအတွက် တက်ရောက်ရန်အရေးကြီးမှုကို လျော့မသွားစေပါ။
၄ ပြင်ဆင်ထားပါ– ကျွန်ုပ်တို့သည် သတိရအောက်မေ့ပွဲကိုတက်သည့်အခါ ပြင်ဆင်ထားရန်နှင့် တော်မှန်သည့်စိတ်သဘောထားရှိရန် အရေးကြီးသည်။ ပေါလုက ယုံကြည်သူချင်းတို့အား အခါသမယ၏အရေးကြီးမှုကို စွဲမှတ်ထားရန် တိုက်တွန်းခဲ့သည်။ (၁ ကော. ၁၁:၂၀-၂၆) သင့်မိသားစုကျမ်းစာလေ့လာချိန်အတွင်း ယောဟန် ခရစ်ဝင်ကျမ်း၏ အခန်းကြီး ၁၃ မှ ၁၇ အထိကိုဖတ်ကာ မိသားစုဝင်တစ်ဦးစီအား ယေရှု၏ပူဇော်သကာသည် သူတို့အတွက် မည်သည့်အဓိပ္ပာယ်ရှိကြောင်း ပြောပြစေနိုင်သည်။ သတိရအောက်မေ့ပွဲအပတ်အတွက် နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းကိုလည်း ဖတ်ရှုဖို့မမေ့ပါနှင့်!
၅ ခရစ်တော်ကိုချစ်သည့် ကျွန်ုပ်တို့၏မေတ္တာသည် အလွန်အားကြီးပြီး ယင်းသည် ဧပြီ ၁၉ ရက်ကိုကျော်လွန်သည်အထိတာသွားသည်။ ကိုယ်တော်ကိုထာဝစဉ်ချစ်သွားမည်ဟု ကျွန်ုပ်တို့သန္နိဋ္ဌာန်ချထားကြသည်! ဤနှစ်သတိရအောက်မေ့ပွဲသည် ထိုသန္နိဋ္ဌာန်ကိုခိုင်မာစေရန် ကျွန်ုပ်တို့ကိုကူညီပေးပါလိမ့်မည်။