ဧပြီလ—ကောင်းသောအလုပ်များအတွက် စိတ်အားကြီးရမည့်အချိန်!
၁ ဟာရီကိန်းမုန်တိုင်းသည် လူဦးရေများသည့်ဒေသတစ်ခုသို့ ချဉ်းကပ်လာသည်နှင့်အမျှ ကျရောက်အံ့ဆဲဆဲအန္တရာယ်ကို လူတို့အားသတိပေးဖို့လိုအပ်ချက်သည် အရေးတကြီးဖြစ်လာသည်။ ဟာရီကိန်းကျရောက်ဖို့နီးလာလေ သတိပေးချက်များသည် ပို၍ခိုင်မာပြတ်သားလေဖြစ်ရမည်။ အဘယ်ကြောင့်နည်း။ သေရေးရှင်ရေးကိစ္စဖြစ်နေသောကြောင့်ပင်! အချို့သူတို့သည် ယခင်သတိပေးချက်များကို မကြားဖူးသူများဖြစ်ပေမည်။ အခြားသူများမူ ကြားဖူးသော်လည်း အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြသည်။ ဘုရားသခင်၏တရားသောအမျက်ဒေါသ “မုန်တိုင်း” သည် ဤဆိုးညစ်သည့်လောကအစအနရှိသမျှကို မတိုက်ခတ်ပစ်မီ ကြေညာရန် ကျွန်ုပ်တို့ကိုအပ်နှင်းထားသည့် ဘုရားသခင့်သတိပေးချက်သည်လည်း ထိုအတိုင်းပင်ဖြစ်သည်။ (သု. ၁၀:၂၅၊ ကဘ) သန်းပေါင်းများစွာသောသူတို့၏ထာဝစဉ်အသက်ရှင်ရေးသည် ဘေးသင့်နေ၏! သတိပေးချက်ကိုကြေညာရမည်။ ကျွန်ုပ်တို့သည် ‘ကောင်းသောအလုပ်များအတွက်စိတ်အားကြီး’ ရမည်ဖြစ်သည်။—တိ. ၂:၁၁-၁၄။
၂ ယေဟောဝါ၏လူမျိုးသည် သတိရအောက်မေ့ပွဲအချိန်အခါကို ဓမ္မအမှုတွင် အထူးစိတ်အားကြီးရမည့် အချိန်အခါတစ်ခုဖြစ်စေဖို့ ဆယ်စုနှစ်များစွာလှုံ့ဆော်ခံခဲ့ကြရပြီ။ ၁၉၃၉ ခုနှစ်နွေဦးပေါက်ရာသီတွင် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ၏ရှေ့ပြေးဖြစ်သည့် သတင်းပေးသူ က ဤသို့အားပေးခဲ့သည်– “နွေဦးပေါက်ရာသီရောက်တော့မည်ဖြစ်ကာ ရာသီဥတုကောင်းသောကြောင့် [အသင်းတော်] ကြေညာသူများနှင့် ရှေ့ဆောင်များ၏အချိန်သည် သိသိသာသာတိုးများလာခြင်းဖြင့် လယ်ကွင်းလုပ်ငန်းတွင် နာရီနှစ်ဆရရှိဖို့မျှော်လင့်စရာရှိသည်။ ဧပြီလသည် တနင်္ဂနွေငါးကြိမ်ပါသည့်လဖြစ်၏။ စနေနေ့လည်းငါးကြိမ်ပါ၏။ ဧပြီလအတွင်း စနေနှင့်တနင်္ဂနွေနေ့တိုင်းကို အထူးသက်သေခံချိန်ဖြစ်စေပါ။” ယင်းသည် လွန်ခဲ့သည့်အနှစ် ၆၀ ကညီအစ်ကိုများအတွက် ချမှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်သည်! ဤနှစ်သည်လည်း ၁၉၃၉ ခုနှစ်ကကဲ့သို့ ဧပြီလတွင် စနေတနင်္ဂနွေငါးကြိမ်ပါသည်။ ဤလအတွက် သင့်အစီအစဉ်များကား အဘယ်နည်း။ ၂၀၀၀ ပြည့်နှစ်ဧပြီလအတွက် သင့်ပြက္ခဒိန်ပေါ်တွင် မည်သည့်အမှတ်အသားများပြုထားပြီနည်း။ ဝိညာဏလုပ်ငန်းကိုအရှိန်မြှင့်တင်သည့် ဤအထူးလတွင် ကျန်ယေဟောဝါ၏လူမျိုးနှင့်အတူ ကောင်းသောအလုပ်များတွင် အဓိပ္ပာယ်ရှိရှိပါဝင်ရန် စီစဉ်ပါ။
၃ ပြီးမြောက်ရန် ကျွန်ုပ်တို့မျှော်လင့်သည့်အရာ– ၂၀၀၀ ပြည့်နှစ်၏အရေးကြီးဆုံးနေ့သည် ဤလတွင်ဖြစ်၏။ ယင်းကား ယေရှု၏သေခြင်းဆိုင်ရာနှစ်ပတ်လည်နေ့ဖြစ်သည့် ဧပြီ ၁၉ ရက်ဖြစ်သည်။ လူများနိုင်သရွေ့များများကို သတိရအောက်မေ့ပွဲသို့ ဖိတ်ခေါ် ရန် အထူးကြိုးစားကြစို့။ လွန်ခဲ့သည့်လကအကြံပြုခဲ့သည့်အတိုင်း သတိရအောက်မေ့ပွဲတက်ရောက်ရန် အလားအလာရှိသူအားလုံး၏စာရင်းတစ်ခုကို ပြုလုပ်ကာ တစ်ဦးကိုမျှ လျစ်လျူမရှုမိစေရန် စစ်ဆေးပါ။ ဖိတ်ခေါ်ခံရသူများထဲတွင် မလှုပ်မရှားဖြစ်သည့် မည်သည့်ကြေညာသူမဆို၊ ကျမ်းစာသင်သားများ၊ ပြန်လည်ပတ်မှုများ၊ ယခင်ကသင်အံမှုလုပ်ခဲ့သူများ၊ အလုပ်ဖော်များ၊ ကျောင်းနေဖက်များ၊ အိမ်နီးချင်းများ၊ ဆွေမျိုးများနှင့် အခြားအသိအကျွမ်းများပါဝင်သင့်သည်။ တက်ရောက်လိုသူများတွင် သယ်ယူပို့ဆောင်ရေးယာဉ်ရှိသလော။ မရှိပါက မေတ္တာဖြင့် သင်ကူညီနိုင်မည်လော။ သတိရအောက်မေ့ပွဲညတွင် ကျွန်ုပ်တို့အားလုံးသည် တက်ရောက်သူများကို ကြိုဆိုရသည့်အခွင့်အရေးရရှိပါမည်။ သတိရအောက်မေ့ပွဲပြီးနောက် ထိုစိတ်ဝင်စားသူများကို ထပ်ဆင့်ဝိညာဏအကူအညီပေးရန် ဆက်လိုက်ပေးနိုင်သည်။
၄ သတိရအောက်မေ့ပွဲမတိုင်မီနှင့် နောက်ပိုင်းရက်များအတွင်း ‘ကောင်းသောအလုပ်များအတွက် စိတ်အားကြီး’ ခြင်းသည် ကျွန်ုပ်တို့အတွက် ယေဟောဝါလုပ်ဆောင်ပေးရာအားလုံးကို အမှန်တကယ်လေးမြတ်ကြောင်း တင်ပြသည့်နည်းကောင်းတစ်ခုဖြစ်၏။ ဒေသအများစုတွင် နေ့တာရှည်ပြီး ပိုမိုကောင်းမွန်သောရာသီဥတုက ကျွန်ုပ်တို့အများစုအား ဧဝံဂေလိလုပ်ငန်းတွင် အားစိုက်ထုတ်မှုကိုတိုးမြှင့် နိုင်စေပါမည်။ သင်သည် အရန်ရှေ့ဆောင်လုပ်နေလျှင် ဓမ္မအမှုတွင် နာရီ ၅၀ သို့မဟုတ် ထိုထက်မကအသုံးပြုရန် အစွမ်းကုန်လုပ်ဆောင်လိုပေမည်။ (မ. ၅:၃၇) လ၏အစပိုင်းတွင် သင်ဆွဲထားသည့်ဇယားကို အနီးကပ်လိုက်နာပါ။ (ဒေ. ၃:၁; ၁ ကော. ၁၄:၄၀) ကျွန်ုပ်တို့ထဲမှကျန်ရှိသူများသည် ရှေ့ဆောင်အားလုံးကို အားပေးခြင်း၊ လယ်ကွင်းတွင် သူတို့နှင့်အတူလုပ်ဆောင်ခြင်းဖြင့် ကူညီပေးနိုင်သည့်အရာကို လုပ်ဆောင်နိုင်ကြပါစေ။ (၄ ဓမ္မရာဇဝင် ၁၀:၁၅၊ ၁၆ နှိုင်းယှဉ်။) ကျွန်ုပ်တို့သည် ဧပြီလအတွင်း စိတ်အားကြီးစွာမျိုးစေ့ကြဲမည်ဆိုလျှင် ကြီးမားသည့်ရွှင်လန်းမှုနှင့် ယေဟောဝါထံတော်မှကောင်းချီးရရှိဖို့ မျှော်လင့်နိုင်သည်။ (မာလ. ၃:၁၀) ယင်းက ဆက်တိုက်အရန်ရှေ့ဆောင်ရန် သို့မဟုတ် မှန်မှန်ရှေ့ဆောင်ရန် တက်လှမ်းစေပါမည်။ ကျွန်ုပ်တို့သည် မှန်မှန်နိုင်ငံတော်ကြေညာသူများ ဆက်၍ဖြစ်နေသည်နှင့်အမျှ ဧပြီလတွင်ကျွန်ုပ်တို့ရရှိသည့် ဝိညာဏအရှိန်အဟုန်သည် နောက်လများအထိ ဆက်၍သွားနိုင်ပါစေ။
၅ ဤလတွင် ယေဟောဝါ၏လူထောင်ပေါင်းများစွာသည် နောက်ထပ်အိမ်တွင်းကျမ်းစာသင်အံမှုများစ ကြမည်မှာ သေချာသည်။ သင်တစ်ခုစလိုမည်လော။ သင်အံမှုတစ်ခုရဖို့ သတ်သတ်မှတ်မှတ်ဆုတောင်းကာ သင့်ဆုတောင်းချက်များနှင့်အညီ လုပ်ဆောင်ပါ။ သင်ကြားပေးရမည့်နှလုံးရိုးဖြောင့်သူတစ်ဦးကို ရှာတွေ့ရန်ကူညီပေးဖို့ သင်၏နှိမ့်ချစွာတောင်းခံမှုများကို ယေဟောဝါတန်ဖိုးထားမည်ဖြစ်ကြောင်း စိတ်ချနိုင်သည်။—၁ ယော. ၃:၂၂။
၆ စကားစမြည်စတင်ပြောဆိုရန် အောင်မြင်စွာအသုံးပြုခဲ့ရသည့် လယ်ကွင်းတွင်စမ်းသပ်ပြီးသော ချဉ်းကပ်နည်းတစ်ခုကို ဤတွင်ဖော်ပြထားသည်။ ဤသို့မေးခြင်းဖြင့် စတင်ပါ– “ကျောင်းတွေမှာပေါ်ပေါက်တဲ့ အကြမ်းဖက်မှုမှန်သမျှဟာ နတ်ဆိုးတွေရဲ့လုပ်ရပ်ကြောင့် ဒါမှမဟုတ် မိဘတွေရဲ့လေ့ကျင့်မှုကင်းမဲ့တာကြောင့်လို့ မိတ်ဆွေထင်သလား။” တုံ့ပြန်မှုကိုစောင့်ပါ။ ထိုသူက “နတ်ဆိုးတွေရဲ့လုပ်ရပ်” ကြောင့်ဟုဆိုလျှင် ဗျာဒိတ် ၁၂:၉၊ ၁၂ ကိုဖတ်ကာ ကမ္ဘာပေါ် ဗရုတ်သုတ်ခတိုးများစေရာတွင် မာရ်နတ်၏အခန်းကဏ္ဍကို ပေါ်လွင်စေပါ။ ထို့နောက် တောင်းဆို ဘရိုရှာသင်ခန်းစာ ၄ ကိုဖွင့်ပြီး မာရ်နတ် အဘယ်ကဖြစ်လာသည်ကို စဉ်းစားဖူးသလောဟု မေးပါ။ ပထမနှစ်ပိုဒ်ကို ဆက်ဖတ်ပြီးဆွေးနွေးပါ။ ထိုသူသည် ကျောင်းများတွင် အကြမ်းဖက်မှုဖြစ်ရသည့် အကြောင်းရင်းအဖြစ် “မိဘတို့၏လေ့ကျင့်မှုကင်းမဲ့” ခြင်းကိုရွေးလျှင် ၂ တိမောသေ ၃:၁-၃ ကိုဖတ်ကာ ယင်းပြဿနာကိုဖြစ်ပေါ်စေပုံရသည့် စရိုက်များကို ထောက်ပြပါ။ ထို့နောက် တောင်းဆို ဘရိုရှာသင်ခန်းစာ ၈ ကိုဖွင့်ပြီး အပိုဒ် ၅ ကိုဖတ်ကာ ဆက်ဆွေးနွေးပါ။ ပြန်လာဖို့ သင်ချိန်းဆိုနိုင်မည်ဆိုလျှင် ထိုသူနှင့်ပုံမှန်ကျမ်းစာသင်အံမှုပြုရန်အတွက် လမ်းခင်းပေးနိုင်ပေမည်။ နောက်တစ်ကြိမ်လည်ပတ်ချိန်တွင် သူလေ့လာနေသည့်အရာကို နားထောင်လိုမည့် အခြားသူတစ်ဦးဦးကို သိသလောဟု သူ့ကိုမေးပါ။
၇ ဧပြီလအတွင်း ‘ကောင်းသောအလုပ်များအတွက် စိတ်အားကြီး’ ရမည့်နောက်တစ်နည်းမှာ ဟောပြောခြင်းနည်းအမျိုးမျိုးတွင်ပါဝင်ခြင်း ဖြစ်သည်။ ပန်းခြံ သို့မဟုတ် ကားများရပ်ရန်နေရာတစ်ခုတွင် သက်သေခံခြင်းကို သင်စဉ်းစားဖူးသလော။ ကားမှတ်တိုင် သို့မဟုတ် ရထားဘူတာတစ်ခုတွင်ကော။ သို့မဟုတ် တယ်လီဖုန်းဖြင့်၊ လမ်းပေါ်တွင် သို့မဟုတ် စီးပွားရေးရပ်ကွက်တွင် သက်သေခံခြင်းကို သင်စမ်းကြည့်လိုသလော။ ဤလတွင် ယင်းအကြံအစည်တို့ကို အကောင်အထည်ဖော်ပါလေ။ ယေဟောဝါသည် သင့်အား လိုအပ်သည့်ရဲစွမ်းသတ္တိရှိရန် ကူညီပေးပါမည်။ (တ. ၄:၃၁; ၁ သက်. ၂:၂ခ) သင်သည် ဓမ္မအမှု၏ဤကဏ္ဍများတွင် အတွေ့အကြုံရှိသည့် ရှေ့ဆောင် သို့မဟုတ် ကြေညာသူတစ်ဦးနှင့်အတူ အမှုဆောင်ရန် ချိန်းဆိုမှုပြုကောင်းပြုနိုင်ပေမည်။
၈ သက်သေခံခြင်းလုပ်ငန်းတွင် မိမိ၏ပါဝင်မှုကို တိုးမြှင့်လိုသူတစ်စုံတစ်ဦးသည် အလွတ်သဘောသက်သေခံခြင်းတွင်ပါဝင် လိုပါမည်။ များသောအားဖြင့် ဖော်ရွေစွာစကားအပြန်အလှန်ပြောဆိုမှုတွင် လူတစ်ဦးအားပါဝင်စေရန်သာဖြစ်သည်။ အပိုဒ် ၆ တွင်ဖော်ပြထားသည့် ချဉ်းကပ်နည်းကိုသုံး၍ အများစိတ်ဝင်စားရာအကြောင်းတစ်ခုကို ရိုးရိုးလေးတင်ပြပါ။ တစ်နည်းနည်းဖြင့်ဆုံးရှုံးသွားမည့် အချိန်ပမာဏအနည်းငယ်ကိုပင် ကောင်းစွာအသုံးချဖို့ကြိုးစားပါ။ ကျွန်ုပ်တို့သည် ငါးပြား၊ ဆယ်ပြား၊ နှစ်ဆယ့်ငါးပြားတန်အကြွေစေ့များကို တစ်ကျပ်အပြည့်မရှိသည့်အတွက် မလွှင့်ပစ်ကြပါ။ အလွတ်သဘောသက်သေခံရန် ငါးမိနစ်၊ ဆယ်မိနစ် သို့မဟုတ် ၁၅ မိနစ်ကိုပင် အကျိုးရှိစွာအသုံးချပါလေ။
၉ ဆင်ခြင်သုံးသပ်ရမည့်အချိန်– လွန်ခဲ့သည့်နှစ်က “ဘုရားသခင့်ပရောဖက်ပြုချက်စကားတော်” ခရိုင်စည်းဝေးကြီးပြဇာတ်တွင် တင်ပြခဲ့သည့် ထိမိသောအချက်များကို ပြန်စဉ်းစားပါ။ ကျွန်ုပ်တို့၏ဝိညာဏအမွေအနှစ်ကိုတန်ဖိုးထားလေးမြတ်ခြင်း ဟူသည့်ပြဇာတ်က ကျွန်ုပ်တို့အား ယာကုပ်နှင့်ဧသောတို့၏ခြားနားချက်ကို အသေအချာစဉ်းစားစေသည်။ ဧသောက သူသည် ယာကုပ်ကဲ့သို့ ဝိညာဏရေးရာများကို စိတ်ဝင်စားသည်ဟုဆိုခဲ့သော်လည်း ဧသော၏လုပ်ရပ်များက ယင်းကိုမတင်ပြခဲ့ပေ။ (က. ၂၅:၂၉-၃၄) ကျွန်ုပ်တို့အတွက် အလွန်ထိမိစေသည့် သတိပေးချက်ပါတကား! ယာကုပ်ကဲ့သို့ ကျွန်ုပ်တို့သည် ယေဟောဝါ၏ကောင်းချီးရရန် နပန်းလုံးရသည့်တိုင် ရုန်းကန်ကြိုးစားဖို့ အသင့်ရှိကြစို့။ (က. ၃၂:၂၄-၂၉) ကျွန်ုပ်တို့၏ အလွန်ကောင်းမွန်သည့် ဝိညာဏအမွေအနှစ်ကို မည်သည့်အခါမျှပေါ့ပေါ့ဆဆမယူမှတ်ဘဲ ကျွန်ုပ်တို့၏စိတ်အားကြီးမှုကို သစ်လွင်လန်းဆန်းစေရန် ဧပြီလနှင့် ယင်းနောက်ပိုင်းလများအားလုံးကို အသုံးချပါလေ။
၁၀ “ထာဝရဘုရား၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏။” (ဇေ. ၁:၁၄) နိုင်ငံတော်သတင်းကောင်းကို ဆက်၍ကြေညာနေရမည်။ သေရေးရှင်ရေးကိစ္စဖြစ်နေသည်! ကျွန်ုပ်တို့သည် ‘ကောင်းသောအလုပ်များအတွက် စိတ်အားကြီး’ ကြောင်း စည်းလုံးစွာတင်ပြကြသည်နှင့်အမျှ ဤလသည် အထူးသဖြင့် ယေဟောဝါ၏လူမျိုးအားလုံးအတွက် ကောင်းချီးခံစားရသည့်လ ဖြစ်နိုင်ပါစေ။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
သတိရအောက်မေ့ပွဲနှိုးဆော်ချက်များ
ဤနှစ်သတိရအောက်မေ့ပွဲသည် ဧပြီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သည်။ အကြီးအကဲများသည် အောက်ပါကိစ္စရပ်များကို အာရုံစိုက်သင့်သည်-
◼ အစည်းအဝေးအတွက် အချိန်သတ်မှတ်ရာတွင် အထိမ်းအမှတ်များကို နေမဝင်မချင်း ကမ်းပေးမည်မဟုတ်ကြောင်း သေချာစေပါ။
◼ ဟောပြောချက်ပေးသူအပါအဝင် ယောက်တိုင်းကို အထိမ်းအမှတ်ပွဲ၏အချိန်နှင့် နေရာအတိအကျကို အသိပေးထားသင့်သည်။
◼ သင့်လျော်သောမုန့်နှင့်စပျစ်ရည်အမျိုးအစားကို ရရှိထားသင့်ပြီး အသင့်ပြင်ထားသင့်သည်။—ဒီဇင်ဘာ ၁၊ ၁၉၈၄၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁ ရှု။
◼ ပန်းကန်၊ ဖန်ခွက်၊ သင့်လျော်သည့်စားပွဲနှင့် စားပွဲခင်းကို ခန်းမသို့ကြိုတင်ယူထားပြီး နေရာချထားသင့်သည်။
◼ အစည်းအဝေးလုပ်မည့် နိုင်ငံတော်ခန်းမ သို့မဟုတ် အခြားနေရာကို အချိန်ကြို၍ သေသေချာချာ သန့်ရှင်းရေးလုပ်ထားသင့်သည်။
◼ ဧည့်ကြိုများနှင့် မုန့်၊ စပျစ်ရည်ဝေမည့်သူများကို ရွေးချယ်ထားသင့်ပြီး သူတို့၏တာဝန်များနှင့် သင့်လျော်သည့်အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ကြိုတင်ညွှန်ကြားထားသင့်သည်။
◼ အိုမင်းမစွမ်းဖြစ်၍ မတက်ရောက်နိုင်သော ဘိသိက်ခံတစ်ဦးဦးကို မုန့်၊ စပျစ်ရည်ဝေပေးရန် အစီအစဉ်များဆွဲသင့်သည်။
◼ နိုင်ငံတော်ခန်းမတစ်ခုတည်းကို အသင်းတော်တစ်ခုထက်မက သုံးရန်စီစဉ်သောအခါ ဧည့်ခန်း၊ တံခါးဝ၊ လူသွားလမ်းစင်္ကြံနှင့် ကားရပ်သည့်နေရာတွင် မလိုအပ်ဘဲပြွတ်သိပ်နေခြင်းမရှိစေရန် အသင်းတော်အချင်းချင်း ကောင်းစွာညှိနှိုင်းဆောင်ရွက်သင့်သည်။