ဘုရားသခင့်လုပ်ငန်းတော်၌စည်းလုံးနေသော မိသားစုကြီးများ
ဆာလံဆရာက ဤသို့ရေးသားခဲ့သည်– “ဖွားမြင်သောသားသမီးတို့သည် ထာဝရဘုရားဆုချ၍ပေးသနားတော်မူသောအမွေဥစ္စာဖြစ်ကြ၏။ အသက်ပျိုစဉ် ဖွားမြင်သောသားသမီးတို့သည် သူရဲလက်၌ရှိသောမြားကဲ့သို့ဖြစ်ကြ၏။ မိမိမြားတောင့်ကို သူတို့နှင့်ပြည့်စေသောသူသည် မင်္ဂလာရှိ၏။”—ဆာလံ ၁၂၇:၃-၅။
မှန်ပါသည်၊ သားသမီးများသည် ယေဟောဝါထံမှကောင်းချီးတစ်ခုဖြစ်နိုင်သည်။ မိမိမြားအိမ်မှမြားတို့ကို မည်သို့ချိန်ရွယ်ရမည်ကိုသိထားသည့် လေးသမားတစ်ဦးသည် ကျေနပ်မှုရရှိသကဲ့သို့ သားသမီးများကို ထာဝရအသက်လမ်းပေါ်ရောက်စေ၍ ညွှန်ပြပေးနိုင်သောမိဘတို့သည် ပျော်ရွှင်ကြသည်။—မဿဲ ၇:၁၄။
ရှေးလွန်လေပြီးသောကာလတွင် ဘုရားသခင့်လူမျိုးအလယ်၌ ကလေးများနှင့် မိမိတို့ ‘မြားတောင့်ကိုပြည့်စေ’ ကြသည့် မိသားစုများစွာရှိခဲ့ကြသည်။ ဥပမာ အီဂျစ်ပြည်တွင် ကျွန်ဘဝ၌နေခဲ့ရချိန်ကို စဉ်းစားကြည့်ပါလေ– “ဣသရေလအမျိုးသားတို့သည် သားကိုဖွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တစ်ပြည်လုံး၌နှံ့ပြားကြလေ၏။” (ထွက်မြောက်ရာ ၁:၇) အီဂျစ်ပြည်သို့ဝင်သော ဣသရေလအရေအတွက်နှင့် ထိုမှထွက်လာသောအရေအတွက်ကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သာမန်အားဖြင့် သားသမီးဆယ်ဦးရှိသည့်မိသားစုများကြောင်း သိရသည်!
နောက်ပိုင်းတွင် ယေရှုသည် ယခုခေတ်လူများစွာက မိသားစုကြီးဟုယူမှတ်မည့် မိသားစုတစ်ခုတွင် ကြီးပြင်းလာခဲ့သည်။ ယေရှုသည်သားဦးဖြစ်သည်၊ သို့သော် ယောသပ်နှင့်မာရိတို့တွင် အခြားသားလေးဦးနှင့် သမီးများရှိခဲ့ကြသည်။ (မဿဲ ၁၃:၅၄-၅၆) ကလေးများသည့်အတွက် မာရိနှင့်ယောသပ်တို့သည် ယေရုရှလင်မြို့မှအပြန်ခရီးတွင် ယေရှုပါမလာကြောင်းကို သတိမထားမိခြင်းဖြစ်နိုင်သည်။—လုကာ ၂:၄၂-၄၆။
မျက်မှောက်ခေတ် မိသားစုကြီးများ
ယနေ့ ခရစ်ယာန်များစွာတို့သည် ဝိညာဉ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားအကြောင်းရင်းများကြောင့် မိသားစုအရွယ်အစားကိုကန့်သတ်ရန် ဆုံးဖြတ်ကြသည်။ သို့ဖြစ်စေကာမူ လူ့ဘောင်အဖွဲ့အစည်းများစွာတွင် မိသားစုကြီးများသည် စံနှုန်းဖြစ်ဆဲရှိသည်။ ၁၉၉၇ ကမ္ဘာ့ကလေးများအခြေအနေ စာအုပ်အရ သားသမီးဖြစ်ထွန်းမှုနှုန်း အမြင့်မားဆုံးဒေသမှာ အာဖရိကရှိ ဆာဟာရဆိုင်ရာဒေသဖြစ်သည်။ ထိုတွင် သာမန်အမျိုးသမီးတစ်ဦးသည် ကလေးခြောက်ယောက်မွေးသည်။
ယေဟောဝါအားချစ်မြတ်နိုးရန် မိမိတို့သားသမီးများကိုပြုစုပျိုးထောင်ပေးရခြင်းသည် ကလေးများသည့် ခရစ်ယာန်မိဘများအတွက် မလွယ်ကူသော်လည်း အောင်မြင်ခဲ့ကြသူ များစွာရှိသည်။ အောင်မြင်မှုမှာ စစ်မှန်သောဝတ်ပြုရေးတွင် မိသားစု၏စည်းလုံးမှုအပေါ် မူတည်သည်။ ကောရိန္သုအသင်းတော်ထံ တမန်တော်ပေါလုရေးသားခဲ့သော စကားများသည် ခရစ်ယာန်မိသားစုများနှင့်လည်း ထပ်တူသက်ဆိုင်သည်။ သူဤသို့ရေးသားခဲ့သည်– “ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတစ်သံတစ်သမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း၊ . . . သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။” (၁ ကောရိန္သု ၁:၁၀) ယင်းသို့သောစည်းလုံးမှုကို မည်သို့ရရှိနိုင်မည်နည်း။
မိဘတို့ ဝိညာဉ်ရေးစိတ်ဓာတ်ရှိကြရမည်
အခြေခံအကြောင်းရင်းတစ်ခုမှာ မိဘတို့သည် ဘုရားသခင်ထံအကြွင်းမဲ့ဆက်ကပ်ထားသူများဖြစ်ကြရမည်။ ဣသရေလလူတို့အား မောရှေပြောခဲ့သည့် ဤစကားကို သုံးသပ်ကြည့်ပါ– “အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရားဖြစ်တော်မူ၏။ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်။”—တရားဟောရာ ၆:၄-၇။
ဘုရားသခင့်ပညတ်တော်တို့ကို မိဘများ “နှလုံးသွင်း” ဖို့လိုကြောင်း မောရှေညွှန်ပြသည်ကိုသတိပြုပါ။ သို့မှသာ မိဘတို့သည် သားသမီးများကို ဝိညာဉ်ရေးဆိုင်ရာညွှန်ကြားမှု မှန်မှန်ပေးလိုစိတ်ရှိပေမည်။ အမှန်ဆိုလျှင် မိဘတို့သည် ဝိညာဉ်ရေးတွင်ထက်သန်နေသည့်အခါ သားသမီးများကို ဝိညာဉ်ရေးရာများ ညွှန်ကြားလိုစိတ်ပြင်းပြကြသည်။
ဝိညာဉ်ရေးလူတစ်ဦးဖြစ်လာရန်နှင့် ယေဟောဝါအား စိတ်နှလုံးအကြွင်းမဲ့ချစ်မြတ်နိုးရန်မှာ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မှန်မှန်ဖတ်ရှု၊ ဆင်ခြင်၍ လက်တွေ့ကျင့်သုံးဖို့အရေးကြီးသည်။ ဆာလံဆရာက ယေဟောဝါ၏တရားတော်၌ မွေ့လျော်၍ တရားတော်ကို “နေ့ညမပြတ်” ဖတ်သောသူသည် “မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှအသီးကိုသီး၍၊ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်” မည်ဟုရေးသားခဲ့သည်။—ဆာလံ ၁:၂၊ ၃။
အပင်တစ်ပင်ကို မှန်မှန်ရေလောင်းပေးမည်ဆိုလျှင် အသီးကောင်းကောင်းသီးသကဲ့သို့ ဝိညာဉ်ရေးရာအာဟာရပြည့်ဝသော မိသားစုများသည်လည်း ယေဟောဝါအားချီးမွမ်းဖွယ် ဘုရားရေးရာ အသီးအပွင့်များသီးပွင့်ကြသည်။ အနောက်အာဖရိကတွင်နေထိုင်သော အူဝါမီဂယူမိသားစုသည် နမူနာတစ်ခုဖြစ်သည်။ အူဝါမီဂယူနှင့်သူ့ဇနီးတွင် ကလေးရှစ်ယောက်ရှိသော်လည်း သူတို့နှစ်ယောက်စလုံးသည် မှန်မှန်ရှေ့ဆောင်များ သို့မဟုတ် ယေဟောဝါသက်သေတို့၏ အချိန်ပြည့်အမှုဆောင်များအဖြစ် အမှုထမ်းကြသည်။ သူက ဤသို့ပြောပြသည်– “ကျွန်တော်တို့မိသားစုဟာ မိသားစုကျမ်းစာသင်အံမှုကို အနှစ် ၂၀ ကျော်ကြာ မှန်မှန်ဆက်လုပ်ခဲ့ကြတယ်။ နို့စို့အရွယ်ကစပြီး ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မိသားစုသင်အံမှုလုပ်ချိန်မှမဟုတ်ဘဲ အမှုဆောင်နေချိန်နဲ့ တခြားအချိန်တွေမှာလည်း သင်ပေးခဲ့ကြတယ်။ နှစ်ခြင်းမခံရသေးတဲ့ ခြောက်နှစ်အရွယ်အငယ်ဆုံးသားလေးကလွဲလို့ ကလေးတွေအားလုံး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြွေးကြော်သူတွေဖြစ်ကြတယ်။”
အဖွဲ့အနေနှင့်လုပ်ဆောင်ခြင်း
သမ္မာကျမ်းစာက “ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏” ဟုဆိုသည်။ (သု. ၂၄:၃) ထိုဉာဏ်ပညာက မိသားစုတွင် ပူးပေါင်းဆောင်ရွက်မှုရှိစေသည်။ မိသားစုအဖွဲ့ “ခေါင်းဆောင်” မှာဖခင်ဖြစ်သည်; သူသည် ဘုရားသခင်ခန့်အပ်ထားသည့် အိမ်ထောင်ဦးစီးဖြစ်သည်။ (၁ ကောရိန္သု ၁၁:၃) “မိမိလူတို့ကိုမပြုစု [ကာယရေးနှင့် ဝိညာဉ်ရေး]၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက်သာ၍ ယုတ်မာ၏” ဟုရေးသားခဲ့ရာတွင် မှုတ်သွင်းခံတမန်တော်ပေါလုသည် အိမ်ထောင်ဦးစီး၏တာဝန်ကြီးလေးမှုကိုဖော်ပြခဲ့သည်။—၁ တိမောသေ ၅:၈။
ဘုရားသခင့်နှုတ်မြွက်စကားတော်မှ ဤအကြံပေးချက်နှင့်အညီ ခရစ်ယာန်လင်ယောက်ျားများသည် မိမိတို့ဇနီးများ၏ဝိညာဉ်ရေးကို ဂရုစိုက်ပေးဖို့လိုသည်။ ဇနီးသည်များသည် အိမ်မှုကိစ္စများနှင့်ပိနေလျှင် ဝိညာဉ်ရေးထိခိုက်လိမ့်မည်။ အာဖရိကနိုင်ငံတစ်ခုတွင် နှစ်ခြင်းခံပြီးခါစခရစ်ယာန်တစ်ဦးက မိမိ၏ဇနီးသည် ဝိညာဉ်ရေးရာကို စိတ်ဝင်စားမှုနည်းပုံရကြောင်း အသင်းတော်အကြီးအကဲများအား ညည်းညူပြောဆိုခဲ့သည်။ အကြီးအကဲများက သူ့ဇနီးသည်သည် ဝိုင်းဝန်းကူညီမှု လိုအပ်သည်ဟုအကြံပြုခဲ့သည်။ ထို့ကြောင့် လင်ယောက်ျားဖြစ်သူသည် အိမ်အလုပ်ကို ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးလေသည်။ စာဖတ်တိုးတက်ရန်နှင့် ကျမ်းစာအသိပညာတိုးများလာဖို့လည်း အချိန်ယူ၍ကူညီပေးခဲ့ပါသည်။ သို့နှင့် တုံ့ပြန်မှုကောင်းကောင်းရရှိခဲ့ပြီး ယခုဆိုလျှင် မိသားစုတစ်ခုလုံး ဘုရားသခင့်လုပ်ငန်းတော်၌ စည်းလုံးလျက်ရှိသည်။
ဖခင်များသည်လည်း မိမိတို့သားသမီးများ၏ဝိညာဉ်ရေးကို တာဝန်ယူဖို့လိုသည်။ ပေါလုကဤသို့ရေးသားခဲ့သည်– “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။” (ဧဖက် ၆:၄) သားသမီးများကို စိတ်ဆိုးစေခြင်းငှာမပြုဖို့ တိုက်တွန်းထားသည့်စကားကိုသာမက သူတို့ကိုထိန်းကျောင်းပေးဖို့ ညွှန်ကြားချက်ကိုပါ မိဘများလိုက်နာကြသည့်အခါ မိမိတို့သည်မိသားစုအဖွဲ့ဝင်ဖြစ်သည်ဟု သားသမီးများခံစားကြရသည်။ သို့ဖြစ်၍ သားသမီးများသည် ဝိညာဉ်ရေးပန်းတိုင်များထားကြရန် တစ်ဦးကိုတစ်ဦးအားပေးကူညီတတ်လာကြသည်။
အဖွဲ့လိုက်လုပ်ဆောင်မှုက သားသမီးများအသင့်ဖြစ်နေလျှင် သူတို့ကို ဝိညာဉ်ရေးတာဝန်များပေးခြင်း ပါဝင်သည်။ သားသမီး ၁၁ ယောက်ရှိသည့် ခရစ်ယာန်အကြီးအကဲဖြစ်သူ ဖခင်တစ်ဦးသည် နံနက်စောစောထ၍ အလုပ်မသွားမီ သားသမီးထဲမှများစွာနှင့် ကျမ်းစာသင်အံမှုကျင်းပသည်။ သားသမီးအကြီးတို့က နှစ်ခြင်းယူပြီးနောက် ကျမ်းစာကူသင်ပေးခြင်းအပါအဝင် သူတို့၏ညီငယ်၊ ညီမငယ်များကိုအလှည့်ကျကူညီပေးကြသည်။ ဖခင်ဖြစ်သူက ကြီးကြပ်ပေးပြီး သူတို့၏ကြိုးပမ်းမှုများကို ချီးမွမ်းပေးတတ်သည်။ သားသမီးခြောက်ယောက်မှာ နှစ်ခြင်းခံပြီးဖြစ်ကာ အခြားသူတို့မူကား ထိုပန်းတိုင်သို့ဦးတည်လုပ်ဆောင်နေကြသည်။
ဆက်သွယ်မှုကောင်းခြင်း၊ ပန်းတိုင်များဝေမျှခံစားခြင်း
စည်းလုံးသောမိသားစုများအတွက် အရေးကြီးသည်ကား မေတ္တာပါသောဆက်သွယ်မှုနှင့် ဝိညာဉ်ရေးပန်းတိုင်များ ဝေမျှခံစားခြင်းဖြစ်သည်။ နိုင်ဂျီးရီးယားနိုင်ငံတွင်နေထိုင်သော ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်သူ ဂေါ်ဒင်သည် အသက် ၁၁ နှစ်မှ ၂၇ နှစ်အရွယ်ရှိ သားသမီးခုနစ်ယောက်၏ဖခင်ဖြစ်သည်။ သားသမီးခြောက်ယောက်မှာ မိဘများကဲ့သို့ရှေ့ဆောင်များဖြစ်ကြသည်။ မကြာသေးမီကနှစ်ခြင်းခံခဲ့သော အငယ်ဆုံးလေးမှာ ကျန်မိသားစုနှင့်အတူ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်နေသည်။ သားကြီးနှစ်ယောက်မှာ အသင်းတော်တွင် ဓမ္မအမှုထမ်းများဖြစ်ကြသည်။
ဂေါ်ဒင်ကိုယ်တိုင် ကလေးတစ်ဦးစီနှင့် ကျမ်းစာသင်အံမှုကျင်းပခဲ့သည်။ ထို့အပြင် မိသားစုတွင် ကျမ်းပညာပေးခြင်းဆိုင်ရာ စေ့စပ်သေချာစွာ လေ့လာမှုပြုသည့်အစီအစဉ်တစ်ခုရှိသည်။ နံနက်တိုင်းစုရုံး၍ ကျမ်းချက်တစ်ချက်ကို သုံးသပ်ကြပြီးနောက် အသင်းတော်အစည်းအဝေးများအတွက် ပြင်ဆင်ကြသည်။
ကင်းမျှော်စင် နှင့် နိုးလော့!မဂ္ဂဇင်းများမှ ဆောင်းပါးတစ်ခုမကျန်ဖတ်ခြင်းသည် မိသားစုဝင်အားလုံးအတွက် ချမှတ်ထားသောပန်းတိုင်တစ်ခုဖြစ်သည်။ မကြာသေးမီက နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို သူတို့စတင်ပြုလုပ်ခဲ့ကြသည်။ သူတို့ဖတ်ရှုခဲ့သည့်အကြောင်းကို ပြောဆိုကြခြင်းဖြင့် ထိုအကျင့်ကိုမပျက်စေဖို့ မိသားစုသည် အချင်းချင်းကိုအားပေးခဲ့ကြသည်။
ပတ်စဉ်မိသားစုကျမ်းစာသင်အံမှုကို ပုံမှန်ပြုလုပ်လေ့ရှိသောကြောင့် မည်သူ့ကိုမျှသတိပေးစရာမလိုဘဲ အားလုံးက ယင်းကိုစောင့်မျှော်နေကြသည်။ နှစ်များတစ်လျှောက် ကလေးများ၏အသက်အရွယ်နှင့် လိုအပ်ချက်များအလိုက် မိသားစုသင်အံမှုတွင်လေ့လာသည့်အကြောင်း၊ ယင်းကိုပြုလုပ်ပုံနှင့် အချိန်တို့ကို ပြုပြင်ပြောင်းလဲခဲ့သည်။ မိသားစုသည် ဘုရားသခင့်သစ္စာရှိအခြားကျေးကျွန်တို့နှင့် ရင်းနှီးလာကြပြီး ယင်းက ကလေးများကို အကျိုးသက်ရောက်မှုရှိသည်။
သူတို့သည် မိသားစုလိုက် အတူတကွလုပ်ဆောင်ကြပြီး အပန်းဖြေဖို့အချိန်ပေးကြသည်။ တစ်ပတ်တစ်ခါ “မိသားစုညနေခင်း” ပြုလုပ်ကြ၍ ဉာဏ်စမ်းပဟေဠိများမေးခြင်း၊ လျောက်ပတ်သောဟာသများ၊ စန္ဒရားတီးခြင်း၊ ပုံပြောခြင်းဖြင့် ယေဘုယျအပန်းဖြေခြင်းတို့ဖြစ်ကြသည်။ တစ်ခါတစ်ရံ ပင်လယ်ကမ်းခြေနှင့် အခြားစိတ်ဝင်စားဖွယ်နေရာများသို့ သူတို့သွားကြသည်။
ယေဟောဝါ၌မှီခိုခြင်း
အထက်ပါအရာတို့က ကလေးများသောမိသားစုများ၏ အခက်အခဲများကို မသေးငယ်စေပါ။ ခရစ်ယာန်တစ်ဦးက ဤသို့ပြောပြသည်– “ကလေးရှစ်ယောက်အဖေဖြစ်ရတာ တကယ့်စိန်ခေါ်ချက်တစ်ခုပဲ။ သူတို့ကိုကျွေးမွေးပြုစုဖို့ ကာယအစာ၊ ဝိညာဉ်အစာများများလိုတယ်; သူတို့ကိုထောက်ပံ့ကျွေးမွေးဖို့ ငွေအလုံအလောက်ရှိအောင် အလုပ်ကြိုးစားလုပ်ရတယ်။ အကြီးတွေကဆယ်ကျော်သက်တွေဖြစ်ပြီး ရှစ်ယောက်စလုံးကျောင်းနေကြတယ်လေ။ ဝိညာဉ်ရေးဘက်လေ့ကျင့်မှု အရေးကြီးတယ်ဆိုတာ ကျွန်တော်သိထားတယ်၊ ဒါပေမဲ့ ကျွန်တော့်ကလေးတချို့ဟာ ခေါင်းမာပြီး စကားနားမထောင်ချင်ကြဘူး။ ကျွန်တော့်ကို စိတ်ဆင်းရဲစေကြတယ်၊ ဒါပေမဲ့ တစ်ခါတလေ ကျွန်တော်လည်း ယေဟောဝါကို စိတ်ဆင်းရဲစေမိခဲ့ပြီး ကိုယ်တော်က ကျွန်တော့်ကိုခွင့်လွှတ်တယ်ဆိုတာသိတယ်။ ဒါကြောင့် ကျွန်တော့်ကလေးတွေ သိတတ်လာတဲ့အချိန်အထိ စိတ်ရှည်ရှည်နဲ့ဆက်ပြီး ဆုံးမသွန်သင်ပေးရမယ်။
“လူအားလုံးကိုနောင်တရစေချင်တဲ့အတွက် ကျွန်တော်တို့ကိုစိတ်ရှည်ရှည်နဲ့သည်းခံတဲ့ ယေဟောဝါရဲ့ပုံနမူနာကို ကျွန်တော်ကြိုးစားလိုက်တယ်။ မိသားစုနဲ့ ကျွန်တော်သင်အံမှုလုပ်တယ်၊ ကလေးတချို့က နှစ်ခြင်းခံနိုင်ဖို့ကြိုးစားနေကြပြီ။ အောင်မြင်မှုရဖို့ ကိုယ့်ခွန်အားအပေါ်မမှီခိုဘူး; ကျွန်တော့်ခွန်အားနဲ့ ဘာမှမတတ်နိုင်ပါဘူး။ ဆုတောင်းပြီး ယေဟောဝါနဲ့နီးကပ်ဖို့၊ ‘ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်’ ဆိုတဲ့နယပုံပြင်ကျမ်းကစကားကို လက်တွေ့ကျင့်သုံးဖို့ ကျွန်တော်ကြိုးစားတယ်။ ကျွန်တော့်ကလေးတွေကို အောင်မြင်စွာလေ့ကျင့်ပေးနိုင်ဖို့ ယေဟောဝါကူညီပေးပါလိမ့်မယ်။”—သု. ၃:၅၊ ၆။
မည်သည့်အခါမျှ လက်မလျှော့နှင့်!
တစ်ခါတစ်ရံ သားသမီးများကိုလေ့ကျင့်ပေးခြင်းသည် မည်သူမျှကျေးဇူးမတင်သည့်အလုပ်ဖြစ်ပုံရသော်လည်း လက်မလျှော့လိုက်ပါနှင့်! စွဲစွဲမြဲမြဲဆက်လုပ်ပါ! သင့်ကြိုးပမ်းမှုများကို ယခုသူတို့မတုံ့ပြန်ကြ သို့မဟုတ် တန်ဖိုးမထားကြသော်လည်း နောင်တွင် သူတို့တုံ့ပြန်ကြလိမ့်မည်။ ကလေးတစ်ဦးသည် ဝိညာဉ်အသီးသီးပွင့်သော ခရစ်ယာန်တစ်ဦးအဖြစ်ကြီးပြင်းလာဖို့ အချိန်လိုပါသည်။—ဂလာတိ ၅:၂၂၊ ၂၃။
ကင်ညာနိုင်ငံတွင်နေထိုင်သော မော်နီကယ်သည် မွေးချင်းဆယ်ဦးအနက်တစ်ဦးဖြစ်သည်။ သူဤသို့ပြောပြသည်– “ကျွန်မတို့မိဘတွေက ကျွန်မတို့နို့စို့အရွယ်ကစပြီး ကျမ်းစာအမှန်တရားကို သင်ပေးခဲ့တယ်။ အပတ်တိုင်းပဲ ကျွန်မတို့နဲ့ခရစ်ယာန်စာပေတွေကို အဖေသင်ပေးတယ်။ သူ့အလုပ်ကြောင့်မို့လို့ သင်အံမှုကို ပုံသေနေ့တစ်နေ့မှာ အမြဲတမ်းမလုပ်နိုင်ဘူး။ တစ်ခါတလေ အလုပ်ကနေပြန်လာတဲ့အခါ အိမ်ပြင်မှာကျွန်မတို့ဆော့နေတာတွေ့ရင် ငါးမိနစ်အကြာမှာ ကျမ်းစာသင်အံမှုလုပ်ဖို့ အားလုံးအိမ်ထဲဝင်ကြဖို့ပြောတယ်။ ကျမ်းစာသင်ပြီးတဲ့နောက် မေးခွန်းတွေမေးဖို့ ဒါမှမဟုတ် ဘယ်အခက်အခဲမဆို ဆွေးနွေးဖို့အားပေးတယ်။
“ဘုရားတရားကိုင်းရှိုင်းတဲ့ကလေးတွေနဲ့ပဲ ကျွန်မတို့ပေါင်းသင်းခဲ့ကြရတယ်။ ကျောင်းကိုမှန်မှန်လာပြီး ဆရာ၊ ဆရာမတွေကို ကျွန်မတို့အကြောင်း အဖေလာမေးတတ်တယ်။ တစ်ခါကျတော့ ကျွန်မရဲ့အကိုကြီးသုံးယောက်ဟာ တခြားကောင်လေးတွေနဲ့ရန်ဖြစ်ခဲ့တဲ့အကြောင်း တစ်ခါတလေရိုင်းစိုင်းတဲ့အကြောင်း သိသွားတယ်။ အဲလိုမလိမ္မာတဲ့အတွက် သူတို့ကိုအဖေဒဏ်ပေးခဲ့တယ်၊ ဒါပေမဲ့ ဘာ့ကြောင့်ဘုရားသခင့်နည်းလမ်းတော်အတိုင်း ကျင့်ဖို့လိုတယ်ဆိုတာကို အချိန်ယူပြီးကျမ်းစာထဲကရှင်းပြခဲ့တယ်။
“အစည်းအဝေးတွေအတွက် ကျွန်မတို့နဲ့အတူကြိုတင်ပြင်ဆင်ခြင်းအားဖြင့် စည်းဝေးတက်ရောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုပြခဲ့တယ်။ အိမ်မှာလေ့ကျင့်ပေးတဲ့အစီအစဉ်တွေပြုလုပ်ပေးပြီး ကျွန်မတို့ကို ခရစ်ယာန်ဓမ္မအမှုဆောင်တွေဖြစ်လာစေခဲ့တယ်။ ကျွန်မတို့နို့စို့အရွယ်ကတည်းက မိဘတွေနဲ့လယ်ကွင်းဓမ္မအမှုမှာပါဝင်ခဲ့ကြတယ်။
“အခုဆိုရင် ကျွန်မရဲ့အကိုကြီးနှစ်ယောက်က အထူးရှေ့ဆောင်တွေဖြစ်ပြီး ညီမတစ်ယောက်ကမှန်မှန်ရှေ့ဆောင်ဖြစ်တယ်၊ အိမ်ထောင်သည်ဖြစ်တဲ့ တခြားအစ်မတစ်ယောက်လည်း ဇွဲရှိတဲ့သက်သေခံတစ်ယောက်ဖြစ်ပါတယ်။ တစ်ဆယ့်ရှစ်နှစ်နဲ့တစ်ဆယ့်ခြောက်နှစ်အရွယ်ညီမနှစ်ယောက်က နှစ်ခြင်းခံပြီးသားကြေညာသူတွေဖြစ်တယ်။ မောင်လေးနှစ်ယောက်ကိုတော့ လေ့ကျင့်ပေးနေတုန်းပဲ။ ကျွန်မကတော့ ယေဟောဝါသက်သေတွေရဲ့ ကင်ညာဌာနခွဲရုံးမှာအမှုထမ်းတာ သုံးနှစ်ရှိပါပြီ။ ကျွန်မရဲ့မိဘတွေက ဝိညာဉ်ရေးစိတ်ရှိသူတွေဖြစ်တာကြောင့် သူတို့ကိုကျွန်မချစ်ခင်လေးစားတယ်; ကျွန်မတို့အတွက် ကောင်းတဲ့ပုံသက်သေကို သူတို့ပြခဲ့ကြတယ်။”
သင်၌သားသမီးမည်မျှရှိပါစေ ထာဝရအသက်သို့ပို့ဆောင်သောလမ်းတစ်လျှောက် သူတို့ကိုကူညီပေးရာတွင် မည်သည့်အခါမျှ လက်မလျှော့ပါနှင့်။ သင့်ကြိုးပမ်းမှုများကို ယေဟောဝါကောင်းချီးပေးသည်နှင့်အမျှ မိမိ၏ဝိညာဉ်ရေးသားသမီးများအကြောင်း တမန်တော်ယောဟန်ကြွေးကြော်ခဲ့သည့် အောက်ပါစကားများကို သင်ပဲ့တင်ထပ်ပါလိမ့်မည်– “ငါ၏သားသမီးတို့သည် သမ္မာတရား၌ကျင်လည်သည်ကို ငါကြား၍ဝမ်းမြောက်ခြင်းထက် သာ၍ဝမ်းမြောက်ခြင်းမရှိ။”—၃ ယောဟန် ၄။