ကျွန်ုပ်တို့ သင်အံမှုများစရန် ကိရိယာသစ်တစ်ခုရရှိထား!
၁ အမေရိကန်အမျိုးသမီးတစ်ဦးသည် ဘာသာတရားကိုင်းရှိုင်းသော ရိုမင်ကက်သလစ်တစ်ဦးဖြစ်၏။ သူသည် ချာ့ချ်၏သွန်သင်ချက်များကို သစ္စာရှိရှိခုခံကာကွယ်သည်။ သူသည် ဗာတီကန်သို့ပင် ဘုရားဖူးသွားခဲ့သည်။ သို့တိုင် ယေဟောဝါသက်သေတစ်ဦး သူ့အိမ်သို့လာလည်ပတ်ချိန်တွင် အိမ်တွင်းကျမ်းစာသင်အံမှု ကမ်းလှမ်းသည်ကို လက်ခံခဲ့သည်။ အဘယ်ကြောင့်နည်း။ သမ္မာကျမ်းစာပြောဆိုချက်များကို သိရှိလိုခြင်းနှင့် သူ၏ချာ့ချ်က အိမ်တွင်းကျမ်းစာသင်အံမှု မကမ်းလှမ်းခြင်းတို့ကြောင့်ဖြစ်သည်။ ဤတွေ့ ကြုံမှုက ကျွန်ုပ်တို့ကို ဘာသွန်သင်ပေးသနည်း။ ကျွန်ုပ်တို့သည် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု လက်ခံနိုင်ခြေရှိသူကို ဘယ်သောအခါမျှ မသိကြခြင်းပင်ဖြစ်သည်။—ဒေ. ၁၁:၆။
၂ ကျွန်ုပ်တို့သည် စိတ်ဝင်စားသူတစ်ဦးဦးနှင့် ကျမ်းစာသင်အံမှုပြုလိုကြကြောင်း လူတို့အားပြောပြရန် သင်တွန့်ဆုတ်ဖူးသလော။ ကျွန်ုပ်တို့သည် ဤအခမဲ့လုပ်ငန်းကိုကမ်းလှမ်းကြကြောင်း သင့်ရပ်ကွက်ရှိသူတိုင်း သိကြသလော။ သူတို့သိကြကြောင်း ကျွန်ုပ်တို့မည်သို့သေချာစေနိုင်သနည်း။ ကိရိယာသစ်ကို အသုံးပြုခြင်းဖြင့်ဖြစ်သည်! ယင်းသည် ဆွဲဆောင်မှုရှိပြီး သမ္မာကျမ်းစာအကြောင်းသင်ပိုမိုသိလိုပါသလော ဟူ၍ခေါင်းစဉ်ပေးထားသော စာမျက်နှာခြောက်မျက်နှာပါရှိသည့်ဝေစာဖြစ်သည်။ ဤဝေစာကို ခေါင်းစဉ်ငယ်အလိုက် အကျွမ်းတဝင်ရှိကြစို့။
၃ “သမ္မာကျမ်းစာကို အဘယ်ကြောင့်ဖတ်ရမည်နည်း။” ဝေစာကဖော်ပြသောအကြောင်းရင်းများသည် အလွန်နှစ်သက်ဖွယ်ဖြစ်၏။ ယင်းက အကူအညီအတွက် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ မည်သို့ချဉ်းကပ်ရမည်နှင့် ကိုယ်တော်၏ထာဝရအသက်ဆုကို မည်သို့ရရှိနိုင်ကြောင်း ဖော်ပြကာ “ဘုရားသခင်ထံမှမေတ္တာပါသောညွှန်ကြားချက်” သည် သမ္မာကျမ်းစာ၌ပါရှိကြောင်း ရှင်းပြသည်။ (၁ သက်. ၂:၁၃) ဝေစာက ကျွန်ုပ်တို့သေဆုံးပြီးနောက် ဘာဖြစ်သွားကြောင်း၊ ကမ္ဘာပေါ်တွင် အဘယ်ကြောင့် ဤမျှဒုက္ခဆင်းရဲခြင်းများနေရကြောင်း စသော ကျမ်းစာ “ဉာဏ်အလင်းပေးသည့်သမ္မာတရား” အမျိုးမျိုးကိုဖော်ပြသည်။ ၎င်းက ကျင့်သုံးသည့်အခါ ကာယရေးအကျိုးကျေးဇူးများရရှိစေပြီး ပျော်ရွှင်မှု၊ မျှော်လင့်ချက်နှင့် အခြားနှစ်သက်ဖွယ်အရည်အသွေးများ တိုးပွားစေသည့် “သမ္မာကျမ်းစာပါ ဘုရားရေးရာမူများ” ကိုလည်းဖော်ပြသည်။ ယင်းဝေစာသည် သမ္မာကျမ်းစာကိုဖတ်ရသည့် နောက်အကြောင်းရင်းတစ်ခု—ကျွန်ုပ်တို့၏ရှေ့နားလေးတွင်ရှိနေသောအရာကိုဖော်ပြသည့် အနာဂတ်ဆိုင်ရာပရောဖက်ပြုချက်များ—ကိုဖော်ပြသည်။—ဗျာ. ၂၁:၃၊ ၄။
၄ “သမ္မာကျမ်းစာနားလည်ရန်အကူအညီ”– ဝေစာက ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နားလည်ရန် ကျွန်ုပ်တို့အားလုံး အကူအညီလိုကြသည်” ဟုဖော်ပြသည်။ ထို့နောက် ကျွန်ုပ်တို့၏ ကျမ်းစာလေ့လာနည်းကိုဖော်ပြသည်– “များသောအားဖြင့် အခြေခံသွန်သင်ချက်များနှင့်အစပြုကာ ကျမ်းစာကို အဆင့်ဆင့်တိုး၍တိုး၍လေ့လာခြင်းသည် အကောင်းဆုံးဖြစ်၏။” ဝေစာက “ကျမ်းစာသည် လက်ခံလိုက်နာအပ်သောစာအုပ်ဖြစ်၏” ဟုရှင်းပြထားသော်လည်း တောင်းဆို ဘရိုရှာကို “အကြောင်းအရာအမျိုးမျိုးနှင့်ပတ်သက်၍ ကျမ်းစာပါအညွှန်းများကို နားလည်သဘောပေါက်စေရန်” သင်သားအားကူညီပေးမည့်အရာအဖြစ် သတ်မှတ်ဖော်ပြသည်။ နောက်ခေါင်းစဉ်ငယ်တစ်ခုက ရှောင်လွှဲမရသည့်မေးခွန်းတစ်ခုကိုမေးထားသည်။
၅ “ကျမ်းစာနားလည်ရန် ပတ်စဉ်အချိန်ပေးဖို့ သင်အလိုရှိသလော။” သင်သား၏အိမ်တွင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ပင်ဖြစ်စေ ၎င်းအတွက်အဆင်ပြေသည့် အချိန်နှင့်နေရာတွင် ကျမ်းစာသင်အံမှုတစ်ခုကို စီစဉ်နိုင်ကြောင်း ဝေစာက ရှင်းပြသည်။ ဆွေးနွေးခန်းတွင် မည်သူတို့ပါဝင်နိုင်ကြသနည်း။ ဝေစာကဤသို့ဖြေသည်– “သင့်မိသားစုတစ်ခုလုံး ပါဝင်နိုင်သည်။ သင်ဖိတ်ခေါ်လိုသောမိတ်ဆွေ မည်သူမဆိုလည်း ပါဝင်နိုင်သည်။ သို့မဟုတ် သင်နှစ်သက်မည်ဆိုလျှင် သင်တစ်ဦးတည်းနှင့်သာ ဆွေးနွေးခန်းကို ကျင်းပနိုင်သည်။” သင်အံမှုတစ်ခုသည် မည်မျှကြာရမည်နည်း။ ယင်းကဤသို့ရှင်းပြသည်– “ကျမ်းစာလေ့လာဖို့ တစ်ပတ်လျှင်တစ်နာရီ သီးသန့်ဖယ်ထားသူ များစွာရှိသည်။ သင်အချိန်ပိုပေးနိုင်မည်၊ သို့မဟုတ် တစ်ပတ်လျှင် အချိန်အနည်းငယ်သာရှိမည်ဆိုလျှင်လည်း သက်သေခံများသည် သင့်ကိုကူညီဖို့ အသင့်ရှိကြလိမ့်မည်။” ယင်းကားသော့ချက်ဖြစ်၏! ကျွန်ုပ်တို့သည် သင်သားတစ်ဦးစီ၏ အခြေအနေနှင့်အညီချိန်ညှိရန် လိုလိုလားလားရှိကြသည်။
၆ “သင်ယူလေ့လာရန် ဖိတ်ခေါ်ချက်တစ်ရပ်”– ဝေစာရရှိသူသည် တောင်းဆို ဘရိုရှာ သို့မဟုတ် ကျွန်ုပ်တို့၏အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအစီအစဉ်ကိုရှင်းပြရန် လည်ပတ်မှုတစ်ခုတောင်းခံနိုင်သည့် ဖြတ်ပိုင်းတစ်ခုကိုစီစဉ်ထားသည်။ တောင်းဆို ဘရိုရှာ၏မျက်နှာဖုံးကို ရောင်စုံပုံဖြင့်ဖော်ပြထားသည်။ ဤဝေစာသည် ကျွန်ုပ်တို့၏အကူအညီကိုလက်ခံရန် နောက်ထပ်နှလုံးရိုးဖြောင့်သူများကို အဘယ်ကြောင့် အားပေးမှုဖြစ်စေမည်ဖြစ်ကြောင်း သင်တွေ့နိုင်သည်မဟုတ်လော။ ယခု ဤကိရိယာသစ်ကို အကောင်းဆုံးနည်းဖြင့် ကျွန်ုပ်တို့မည်သို့အသုံးပြုနိုင်သနည်း။
၇ ဤဝေစာကို မည်သူတို့အား သင်ဝေငှနိုင်သနည်း။ ဝေစာကို လူတို့လက်ထဲအရောက်ထည့်ပေးနိုင်သည် သို့မဟုတ် လူမတွေ့သောအိမ်များတွင်ထားခဲ့နိုင်သည်။ ယင်းကို တစ်အိမ်မှတစ်အိမ်၊ လမ်းပေါ်နှင့် စီးပွားရေးရပ်ကွက်တွင် ဖြန့်ဝေနိုင်သည်။ ကျွန်ုပ်တို့၏စာပေလက်ခံသူကိုဖြစ်စေ၊ လက်မခံသူကိုဖြစ်စေ ယင်းကိုဝေငှပါ။ ဝေငှမည့်မဂ္ဂဇင်း သို့မဟုတ် အခြားစာပေများကြားတွင် ယင်းကိုညှပ်ထားပါ။ သင်စာရေးသည့်အခါ ယင်းကို စာနှင့်တစ်ပါတည်းထည့်ပေးပါ။ တယ်လီဖုန်းဖြင့် သင်ဆက်သွယ်သူများထံ ယင်းကို စာတိုက်မှပို့ပေးလိုကြောင်း ပြောဆိုပါ။ ဈေးဝယ်သွားသည့်အခါ၊ လူထုသယ်ယူပို့ဆောင်ရေးယာဉ်များစီးသည့်အခါနှင့် အလွတ်သဘောသက်သေခံသည့်အခါ ဝေငှရန် ယင်းတို့ကို အမြဲဆောင်ထားပါ။ သင့်အိမ်သို့လာလည်ပတ်သူမည်သူ့ကိုမဆို ပေးပါ။ သင့်ဆွေမျိုးများ၊ အိမ်နီးချင်းများ၊ အလုပ်ဖော်များ၊ ကျောင်းနေဖက်များနှင့် အခြားအသိအကျွမ်းများအား ဝေငှပါ။ ဤဝေစာကို သင်နှင့်တွေ့ဆုံသူတိုင်း၏လက်ထဲရောက်ရန် ကြိုးစားပါ! ထိုအခါဘာဖြစ်မည်နည်း။
၈ ချက်ချင်းတုံ့ပြန်မည်ဆိုလျှင်– အချို့သူတို့သည် ကျမ်းစာသင်အံမှုတစ်ခုရလိုကြောင်းပြောခြင်းဖြင့် ချက်ချင်းတုံ့ပြန်ကြလိမ့်မည်။ ထို့ကြောင့် လယ်ကွင်းလုပ်ငန်းတွင်ပါဝင်သည့်အခါတိုင်း သင်၌ တောင်းဆို ဘရိုရှာနှစ်စောင်—သင်သားအတွက်တစ်စောင်နှင့် သင်ကိုယ်တိုင်အတွက်တစ်စောင်—ရှိရန်သေချာစေပါ။ ထိုသူသည် လိုလိုလားလားရှိလျှင် သင်အံမှုကိုချက်ချင်းစလိုက်ပါ။ အတွင်းမျက်နှာဖုံးကိုဖွင့်ပြီး “ဤဘရိုရှာကိုအသုံးပြုနည်း” ကိုဖတ်ပြပါ။ ထို့နောက် သင်ခန်းစာ ၁ သို့ချက်ချင်းသွားကာ သင်အံမှုကိုသရုပ်ပြပါ။ ယင်းထက်ပိုလွယ်သည့်နည်းရှိနိုင်ပါမည်လော။
၉ သင့်ကိုနားထောင်နေသူသည် စဉ်းစားဖို့အချိန်လိုမည်ဆိုလျှင်– အချိန်များစွာမကုန်လွန်မီ သူနှင့်နောက်တစ်ကြိမ်ပြန်တွေ့ဖို့ကြိုးစားပါ။ သင်တွေ့သည့်အခါ သင်နှင့်အတူ တောင်းဆို ဘရိုရှာပါသွားဖို့ သေချာစေပါ။ အတွင်းမျက်နှာဖုံးရှိ မာတိကာဇယားကို သူ့အားပြပါ။ သူစိတ်အဝင်စားဆုံးဖြစ်ပုံရသည့် အကြောင်းအရာကိုရွေးခိုင်းပါ။ ယင်းကိုဖွင့်ပြီး သူရွေးချယ်သည့်သင်ခန်းစာကို စတင်ဆွေးနွေးပါ။
၁၀ မဂ္ဂဇင်းဝေငှထားရာများသို့ပြန်သွားခြင်း– သင်သည် မဂ္ဂဇင်းအစုံလိုက်နှင့်အတူ ဝေစာကိုထားခဲ့လျှင် ဤချဉ်းကပ်နည်းဖြင့် ပြန်သွားနိုင်သည်– “နောက်ဆုံးအကြိမ် ကျွန်တော်လာတုန်းက ကင်းမျှော်စင် တစ်စောင်ထားခဲ့ရတဲ့အတွက် ဝမ်းသာပါတယ်။ ဂျာနယ်ရဲ့ခေါင်းစဉ်အပြည့်အစုံက ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း ဖြစ်တယ်ဆိုတာကို မိတ်ဆွေသတိပြုမိမှာပါ။ အဲဒီနိုင်ငံတော်ဟာဘာလဲ၊ အဲဒါက မိတ်ဆွေနဲ့ မိတ်ဆွေရဲ့မိသားစုအတွက် ဘယ်လိုအဓိပ္ပာယ်ရှိသလဲဆိုတာ ဒီနေ့ ကျွန်တော်ရှင်းပြချင်ပါတယ်။” ထို့နောက် တောင်းဆို ဘရိုရှာ သင်ခန်းစာ ၆ ကိုဖွင့်ပါ။ ပထမအပိုဒ်ဖြင့်အစပြုကာ အိမ်ရှင်အချိန်ရသရွေ့ ဖတ်၍ဆွေးနွေးပါ။ ထို့နောက် အခြားနေ့တစ်နေ့တွင်ပြန်လာကာ သင်ခန်းစာကိုအဆုံးသတ်ဖို့ အစီအစဉ်များပြုလုပ်ပါ။
၁၁ ဝေစာများမပြတ်စေပါနှင့်– လုပ်ငန်းတော်ကြီးကြပ်မှူးနှင့် စာအုပ်စာတမ်းကိုင်သော ညီအစ်ကိုများသည် ကျမ်းစာအကြောင်းပိုမိုသိလို ဝေစာကို အသင်းတော်တွင် အချိန်မရွေး အလုံအလောက်ရှိနေစေလိုမည်ဖြစ်သည်။ ဝေစာအချို့ကို သင့်အိတ်ကပ် သို့မဟုတ် ပိုက်ဆံအိတ်၊ သင်၏ကား၊ အလုပ်ခွင်၊ ကျောင်း၊ သင့်အိမ်တံခါးဝအနီး—လက်လှမ်းမီသည့်နေရာတိုင်း—တွင် ထားပါ။ မှန်ပါသည်၊ သမ္မာကျမ်းစာအကြောင်း သင် စကားပြောဆိုနိုင်သူတစ်ဦးဦးနှင့် တွေ့ဆုံသည့်အချိန်အခါများအတွက် သင့်အိတ်ထဲတွင် ဝေစာအချို့ထည့်သွားပါ။
၁၂ ကျွန်ုပ်တို့၏ကြိုးစားမှုများကို ယေဟောဝါကောင်းချီးပေးပါစေ– ခရစ်ယာန်အားလုံး၌ ရှိသင့်သောပန်းတိုင်သည် အခြားသူတစ်စုံတစ်ဦးကို သမ္မာတရားသင်ကြားပေးရန်ဖြစ်သည်။ (မ. ၂၈:၁၉၊ ၂၀) သင်သည် လောလောဆယ်တွင် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုကို ကျင်းပနေသလော။ ကျင်းပနေလျှင် သင်၏ပတ်စဉ်ဇယားတွင် နောက်တစ်ဦးအတွက် အချိန်ရနိုင်မည်လော။ သင်သည် ယခု သင်အံမှုကျင်းပမနေပါက ကျင်းပလိုမည်မှာသေချာသည်။ ကျမ်းစာလေ့လာမည့်သူတစ်စုံတစ်ဦးအား ရှာတွေ့ရန် သင်၏ကြိုးစားမှုများကို ကောင်းချီးပေးဖို့ ယေဟောဝါထံဆုတောင်းပါ။ ထို့နောက် ဆုတောင်းချက်များနှင့်အညီ လုပ်ဆောင်ပါ။—၁ ယော. ၅:၁၄၊ ၁၅။
၁၃ ကျွန်ုပ်တို့သည် ကျမ်းစာသင်အံမှုများစရန် ကိရိယာသစ်တစ်ခုရရှိထားသည်! ယင်းနှင့်အကျွမ်းတဝင်ရှိပါ။ ယင်းကိုလွတ်လွတ်လပ်လပ်ဝေငှပါ။ ဘုရားသခင့်နှုတ်မြွက်စကားတော်အကြောင်း သင်သိရှိခဲ့ရာများကို “ကျေးဇူးပြုလျက်၊ ကောင်းမှုနှင့်ကြွယ်ဝလျက်၊ ပေးကမ်းဝေမျှလျက်နေစေရန်” အတတ်နိုင်ဆုံးလုပ်ဆောင်ပါ။—၁ တိ. ၆:၁၈၊ သမ။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]
ဝေစာဝေငှရန် အခွင့်အလမ်းများ
◼ နေ့စဉ်စကားစမြည်ပြောဆိုမှုများတွင်
◼ တစ်စုံတစ်ဦးက ကျွန်ုပ်တို့၏စာပေကိုလက်ခံသည့်အခါ
◼ အိမ်တွင် လူတစ်ဦးမျှမရှိသည့်အခါ
◼ ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ
◼ လမ်းပေါ်သက်သေခံရာတွင် တစ်စုံတစ်ဦးကိုတွေ့သည့်အခါ
◼ စီးပွားရေးရပ်ကွက်တွင် သက်သေခံသည့်အခါ
◼ အလွတ်သဘောသက်သေခံသည့်အခါ
◼ စာရေးသည့်အခါ
◼ လူထုသယ်ယူပို့ဆောင်ရေးယာဉ်များစီးသည့်အခါ
◼ တစ်စုံတစ်ဦး ကျွန်ုပ်တို့အိမ်သို့လာလည်သည့်အခါ
◼ ဆွေမျိုးများ၊ အိမ်နီးချင်းများ၊ အလုပ်ဖော်များ၊ ကျောင်းနေဖက်များ၊ အခြားအသိအကျွမ်းများနှင့် စကားပြောသည့်ခါ