ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံမှုနှင့်အညီ အသက်ရှင်ခြင်း
၁ သင်နှစ်ခြင်းခံခဲ့သည်မှာ မကြာသေးမီကဖြစ်စေ၊ ဆယ်စုနှစ်နှင့်ချီ၍ကြာခဲ့ပြီဖြစ်စေ သင့်အသက်တာတွင် ထိုအရေးပါသောဖြစ်ရပ်ကို သတိရပေမည်။ ကျွန်ုပ်တို့၏နှစ်ခြင်းသည် ဘဝနိဂုံးမဟုတ်ဘဲ ထာဝစဉ်တည်ရှိနိုင်သည့် ရာသက်ပန်ဆက်ကပ်အပ်နှံအမှုဆောင်ခြင်း၏ အစသာဖြစ်သည်။ (၁ ယော. ၂:၁၇) ဆက်ကပ်အပ်နှံမှုနှင့်အညီ အသက်ရှင်ခြင်းတွင် အဘယ်အရာပါဝင်ပတ်သက်သနည်း။
၂ ခရစ်တော်၏ပုံသက်သေကိုတုပပါ– နှစ်ခြင်းခံပြီးသည့်အခါ ယေရှုသည် “အမှုတော်စတင်ဆောင်ရွက်” ကာ “ဘုရား၏နိုင်ငံတော်အကြောင်းသတင်းကောင်း” ကိုကြေညာခဲ့သည်။ (လု. ၃:၂၃; ၄:၄၃၊ သတင်းကောင်း) အလားတူပင် ကျွန်ုပ်တို့သည် နှစ်ခြင်းခံခြင်းဖြင့် ယေဟောဝါထံဆက်ကပ်အပ်နှံသောအခါ သတင်းကောင်း၏ ခန့်အပ်ခံဓမ္မအမှုဆောင်များ ဖြစ်လာကြသည်။ ဘဝ၏ရုပ်ပိုင်းလိုအပ်ရာများရရှိရန် အချိန်နှင့်လုံ့လစိုက်ထုတ်မှု များစွာလိုအပ်မည်ဖြစ်သော်လည်း ကျွန်ုပ်တို့၏အဓိကလုပ်ငန်းမှာ ခရစ်ယာန်ဓမ္မအမှုဖြစ်သည်။ (မ. ၆:၃၃) ချမ်းသာကြွယ်ဝရန် သို့မဟုတ် ဂုဏ်ရှိရန်ကြိုးစားမည့်အစား ဘုရားသခင်ထံဆက်ကပ်အပ်နှံထားသူများသည် တမန်တော်ပေါလုပြုခဲ့သကဲ့သို့ ‘သူတို့၏ဓမ္မအမှုကိုဂုဏ်တင်’ ရန်ကြိုးစားကြသည်။ (ရော. ၁၁:၁၃၊ ကဘ) သင်သည် ယေဟောဝါ၏အမှုတော်ဆောင်ရသည့်အခွင့်ထူးကို မြတ်နိုးကာ ၎င်းမှအကျိုးအများဆုံးရရှိအောင် လုပ်ဆောင်သလော။
၃ ယေရှု၏ကိစ္စ၌ကဲ့သို့ ကျွန်ုပ်တို့သည် “မာရ်နတ်ကိုဆီးတားကြ” ရမည်။ (ယာ. ၄:၇) ယေရှုနှစ်ခြင်းခံပြီးနောက် စာတန်သည် ကိုယ်တော်အားသွေးဆောင်ခဲ့ပြီး သူသည် ယနေ့ ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန်များကို အလားတူပစ်မှတ်ထားသည်။ (လု. ၄:၁-၁၃) စာတန့်လောက၏ဝန်းရံမှုခံနေရသောကြောင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကိုဆုံးမပဲ့ပြင်ကာ စိတ်နှင့်နှလုံးကို ညစ်ညမ်းယိုယွင်းစေနိုင်သောမည်သည့်အရာကိုမဆို ရှောင်ကြဉ်ကြရမည်။ (သု. ၄:၂၃; မ. ၅:၂၉၊ ၃၀) ခရစ်ယာန်များသည် ‘‘သခင်ဘုရား [“ယေဟောဝါ၊” ကဘ] ၏စားပွဲ၊’ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို မစားနိုင်’ ကြောင်း သွန်သင်ခံရကြသည်။ (၁ ကော. ၁၀:၂၁) ယင်းကိုလိုက်နာရန် အကျိုးမပေးသည့်ဖျော်ဖြေမှု၊ မကောင်းသောအပေါင်းအသင်းနှင့် အင်တာနက်အန္တရာယ်များကို သတိပြုရှောင်ရှားဖို့လိုသည်။ အယူဖောက်ပြန်သည့်စာပေကိုလည်း ကျွန်ုပ်တို့ရှောင်ကြဉ်ဖို့လိုသည်။ ၎င်းတို့နှင့် စာတန်၏အခြားနည်းဗျူဟာများကို သတိရှိခြင်းသည် ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံမှုနှင့်အညီအသက်ရှင်ရန် အကူအညီဖြစ်စေပါမည်။
၄ ဘုရားသခင့်အစီအစဉ်များကိုအသုံးပြုပါ– ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံမှုနှင့်အညီ အသက်ရှင်နေနိုင်ရန် ယေဟောဝါသည် မိမိ၏နှုတ်ကပါဌ်တော်နှင့် ခရစ်ယာန်အသင်းတော်အားဖြင့် အကူအညီပေးထားသည်။ ကျမ်းစာဖတ်ရှုခြင်းနှင့် ယေဟောဝါထံဆုတောင်းခြင်းကို သင်၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်စေပါ။ (ယောရှု ၁:၈; ၁ သက်. ၅:၁၇) အသင်းတော်စည်းဝေးများတွင် ပျော်မွေ့ပါ။ (ဆာ. ၁၂၂:၁) ယေဟောဝါကိုကြောက်ရွံ့သူများနှင့်ပေါင်းသင်းကာ ကိုယ်တော့်အမိန့်တော်များကိုလိုက်နာပါ။—ဆာ. ၁၁၉:၆၃။
၅ သင်သည် ဘုရားသခင်၏အကူအညီဖြင့် ယေဟောဝါထံ သင့်ဆက်ကပ်အပ်နှံမှုနှင့်အညီ အသက်ရှင်နိုင်ကာ ကိုယ်တော့်အမှုတော်အား ထာဝစဉ်ထမ်းဆောင်ရခြင်း၏ရွှင်လန်းမှုကို ရရှိနိုင်သည်။—ဆာ. ၂၂:၂၆၊ ၂၇; ဖိ. ၄:၁၃။