သင့်အိမ်ကို အသုံးပြုခွင့် ပေးနိုင်မည်လော
၁ ပထမရာစုတွင် ခရစ်ယာန်များစွာသည် ၎င်းတို့၏နေအိမ်များကို အသင်းတော်အစည်းအဝေးများအတွက် အသုံးပြုခွင့်ပေးခဲ့ကြသည်။ (၁ ကော. ၁၆:၁၉; ကော. ၄:၁၅; ဖိလေ. ၁၊ ၂) ယနေ့ အသင်းတော်အချို့တွင် အသင်းတော်စာအုပ်ကြီးသင်တန်းအုပ်စုများနှင့် လယ်ကွင်းလုပ်ငန်းတွေ့ဆုံမှုများအတွက် နေရာများမှာ မလုံလောက်ချေ။ ယင်းကြောင့် စာအုပ်ကြီးသင်တန်းအုပ်စုအချို့တွင် တက်ရောက်သူ ၃၀ သို့မဟုတ် ထိုထက်မကရှိကာ အကြံပြုထားသည့်အရေအတွက်ထက် ၁၅ ယောက်ခန့် ပိုများနေပေမည်။
၂ အခွင့်ထူးတစ်ရပ်– အသင်းတော်စာအုပ်ကြီးသင်တန်းအတွက် သင့်အိမ်ကို အသုံးပြုခွင့်ပေးရန် စဉ်းစားဖူးသလော။ သန့်ရှင်းပြီး အလင်းရောင်ကောင်းစွာရရှိကာ လေဝင်လေထွက်ကောင်းသည့် အရွယ်အစားအနေတော် အခန်းတစ်ခန်းသည် ထိုသို့ပြုရန် အကောင်းဆုံးဖြစ်၏။ စာအုပ်ကြီးသင်တန်းသည် အသင်းတော်အစည်းအဝေးတစ်ခုဖြစ်ကာ မိမိလူမျိုးကို သွန်သင်ပေးသည့် ယေဟောဝါ၏အစီအစဉ်တွင် ပါဝင်သောကြောင့် သင့်အိမ်တွင် စာအုပ်ကြီးသင်တန်းကျင်းပခြင်းသည် အခွင့်ထူးကောင်းတစ်ရပ်ဖြစ်၏။ များစွာသောသူတို့က မိမိတို့၏နေအိမ်ကို ဤနည်းဖြင့် အသုံးပြုခွင့်ပေးခြင်းကြောင့် ဝိညာဉ်ရေးအရ အကျိုးခံစားခဲ့ရကြောင်း ဖော်ပြကြသည်။
၃ သင်၏အိမ်သည် သင့်လျော်သည်ဟုယူမှတ်လျှင် မည်သည့်နည်းဖြင့်မဆို အကြီးအကဲများကို အကြောင်းကြားပါ။ သူတို့သည် ထပ်ဆင့်နေရာများ ရှာကောင်းရှာနေကြမည်။ သင့်အိမ်တွင် စာအုပ်ကြီးသင်တန်းကျင်းပရန် မဖြစ်နိုင်လျှင် လယ်ကွင်းလုပ်ငန်းတွေ့ဆုံများကို ကျင်းပနိုင်မည်လော။ လက်ရှိအချိန်တွင် မလိုသော်လည်း သင့်အိမ်ကို အသုံးပြုနိုင်ကြောင်း အသိပေးထားလျှင် အကြီးအကဲများက ကျေးဇူးတင်မည်ဖြစ်သည်။ နောင်တွင် သင် အခွင့်အရေးရကောင်းရမည်။
၄ အမူအကျင့်ကောင်းများပြခြင်း– ကိုယ်ပိုင်အိမ်တစ်လုံးတွင် စုဝေးသောအခါ တက်ရောက်သူအားလုံးသည် အိမ်ရှင်၏ပစ္စည်းပစ္စယများကို လေးစားရန်လိုသည်။ ကလေးများအား သင်တန်းအတွက် သတ်မှတ်နေရာတွင်ရှိစေကာ အိမ်ထဲတွင် ဟိုဟိုဒီဒီ သွားလာခြင်းမပြုရန် မိဘများဂရုပြုသင့်သည်။ အိမ်နီးချင်းများကိုလည်း အလွန်အမင်း အနှောင့်အယှက်မဖြစ်စေရန် ဂရုပြုကာ ထောက်ထားစာနာမှုပြသင့်သည်။—၂ ကော. ၆:၃၊ ၄; ၁ ပေ. ၂:၁၂။
၅ ဟေဗြဲ ၁၃:၁၆ က “ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို” မမေ့လျော့ရန် အားပေးသည်၊ အကြောင်းမှာ “ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ” သောကြောင့်ဖြစ်၏။ အသင်းတော်အစည်းအဝေးတစ်ခုအတွက် သင့်အိမ်ကို သုံးခွင့်ပြုခြင်းသည် အခြားသူများအား ကောင်းသောအရာများဝေမျှရန်နှင့် “သင်၏ အဖိုးထိုက်သောအရာများနှင့် ယေဟောဝါအား ဂုဏ်တင်” ရန် နည်းလမ်းကောင်းတစ်ရပ်ဖြစ်သည်။—သု. ၃:၉၊ ကဘ။