ယေဟောဝါသည် အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏
သခင့်ညစာစားပွဲကို ဧပြီ ၁၆ ရက်တွင် ကျင်းပမည်
၁ ဧပြီ ၁၆ ရက်နီးလာသည်နှင့်အမျှ မျှော်လင့်ရာသည် အထွတ်အထိပ်သို့ရောက်လာသည်။ ထိုညတွင် ကျွန်ုပ်တို့သည် ယေဟောဝါ၏နာမတော်ကို ဂုဏ်တင်ရာတွင် ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသော ဝတ်ပြုသူချင်းများနှင့်အတူ ယေရှု၏သေခြင်းဆိုင်ရာ အထိမ်းအမှတ်ပွဲကို ကျင်းပကြပါမည်။ ထူးမြတ်လှသော ရွေးနုတ်ဖိုးအစီအစဉ်အတွက် ယေဟောဝါသည် ကျွန်ုပ်တို့အားလုံး၏ ချီးမွမ်းခြင်းကိုခံထိုက်သည်။ ၎င်းအားဖြင့် ကိုယ်တော်သည် နာခံမှုရှိသောလူသားအားလုံးကို အံ့မခန်းဖွယ်ကောင်းချီးများ ပေးတော်မူမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤသို့ကြွေးကြော်ရာတွင် ဆာလံဆရာနှင့်အတူ စိတ်နှလုံးအကြွင်းမဲ့ပါဝင်ကြသည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။”—ဆာ. ၁၄၅:၃။
၂ ဤအချိန်သည် “သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှာ၊ . . . တစ်ပါးတည်းသောသားတော်ကို” စေလွှတ်ပေးသည့်အတွက် ဘုရားသခင်၏ကောင်းမြတ်မှုနှင့် ယေဟောဝါအား ကျေးဇူးဆပ်ရန်တာဝန်ကို တွေးတောဆင်ခြင်နေရမည့် အချိန်ဖြစ်သည်။ (၁ ယော. ၄:၉၊ ၁၀) သခင့်ညစာစားပွဲကို နာခံမှုရှိစွာကျင်းပခြင်းက “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့်ပြည့်စုံ၍ . . . ကရုဏာတော်သည် အလွန်ကြွယ်ဝ” ကြောင်း ကျွန်ုပ်တို့၏နှလုံးတွင် စွဲမှတ်စေသည်။ (ဆာ. ၁၄၅:၈) မှန်ပါသည်၊ ရွေးနုတ်ဖိုးသည် လူသားအားလုံးအပေါ် ယေဟောဝါ၏ အကြီးမားဆုံးမေတ္တာပြသမှုဖြစ်၏။ (ယော. ၃:၁၆) ကျွန်ုပ်တို့သည် ဘုရားသခင်၏မေတ္တာကို ရောင်ပြန်ဟပ်ကာ ယေရှု၏ သမာဓိစောင့်သိသော သစ္စာရှိလမ်းစဉ်ကို ဆင်ခြင်သုံးသပ်သောအခါ ယေဟောဝါကိုချီးမွမ်းရန် လှုံ့ဆော်ခံရကြသည်။ ကျွန်ုပ်တို့ထာဝရအသက်ရရန် ပြသခဲ့သည့် အကန့်အသတ်မဲ့ မေတ္တာတော်အတွက် ကိုယ်တော်အား ကျွန်ုပ်တို့ ထာဝစဉ်ချီးမွမ်းကြမည်ဖြစ်သည်။—ဆာ. ၁၄၅:၁၊ ၂။
၃ ယေဟောဝါအားချီးမွမ်းရန် အခြားသူတို့ကိုကူညီပါ– ဘုရားသခင်၏သာလွန်ထူးကဲသော ရွေးနုတ်ဖိုးဆုကျေးဇူးအတွက် ကျေးဇူးတင်လေးမြတ်မှုက ယေဟောဝါအား ချီးမွမ်းရာတွင် ကျွန်ုပ်တို့နှင့်အတူပါဝင်ရန် အခြားသူတို့ကိုဖိတ်ခေါ်ဖို့ လှုံ့ဆော်ပေးသည်။ ဆာလံဆရာသည် ဤသို့ရေးသားရန် မှုတ်သွင်းခံခဲ့ရသည်– “သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဖို့ရာမြွက်ဆို၍ ဖြောင့်မတ်တော်မူခြင်းအရာကို ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။” (ဆာ. ၁၄၅:၇) လွန်ခဲ့သောနှစ်တစ်နှစ်တည်းတွင် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် ဟောပြောခြင်းလုပ်ငန်းတွင် နာရီသန်းတစ်ထောင်ကျော် ပေးဆက်ခဲ့ကြသည်။ သူတို့၏ကြိုးစားမှုများမှ အဘယ်ရလဒ်ပေါ်ထွက်ခဲ့သနည်း။ အပတ်စဉ် ပျမ်းမျှ ၅,၁၀၀ ကျော်တို့သည် ယေဟောဝါထံ ဆက်ကပ်အပ်နှံသည့်အထိမ်းအမှတ်အဖြစ် နှစ်ခြင်းခံခဲ့ကြသည်။ သတင်းကောင်းကြေညာသူများအဖြစ် ယေဟောဝါကို စတင်မချီးမွမ်းသေးသူ ၉ သန်းကျော်အပါအဝင် သတိရအောက်မေ့ပွဲ တက်ရောက်သူစုစုပေါင်း ၁၅,၅၉၇,၇၄၆ ယောက်နှင့်အတူ နောက်ထပ်တိုးတက်ဖို့ အလားအလာများစွာရှိသည်! နိုင်ငံတော်ကြွေးကြော်သူများအနေနှင့် ကျွန်ုပ်တို့သည် သတင်းကောင်းကြေညာခြင်းနှင့် အခြားသူတို့အား ယေဟောဝါ၊ ကိုယ်တော့်သားတော်နှင့် နိုင်ငံတော်ဘက် လှည့်လာစေရန်ကူညီပေးရသည့်အခွင့်ထူးကို တန်ဖိုးထားကြသည်။
၄ ယေဟောဝါအား ဂုဏ်တင်ရန် အခြားသူတို့ကိုအားပေးဖို့ နည်းလမ်းကောင်းတစ်ခုမှာ သခင့်ညစာစားပွဲကျင်းပရာတွင် ကျွန်ုပ်တို့နှင့်အတူပါဝင်ရန် သူတို့ကိုဖိတ်ခေါ်ခြင်းအားဖြင့်ဖြစ်သည်။ သင်ဖိတ်ခေါ်လိုသူများအပြင် နေ့၊ အချိန်နာရီနှင့်ပတ်သက်၍ နှိုးဆော်ပေးဖို့လိုမည့်သူများအားလုံး၏စာရင်းတစ်ခုကို ပြုလုပ်ထားပြီလော။ သင်၏စာရင်းတွင်ပါသူအားလုံးကို ဖိတ်စာတစ်စောင်စီ ပေးထားပြီလော။ မပေးထားပါက ကျန်ရှိနေသည့်အချိန်လေးတွင် ဖိတ်စာပေးရန် လုံ့လစိုက်ထုတ်လုပ်ဆောင်ပါ။ ပွဲတော်ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို နားလည်ရန် သူတို့ကိုကူညီပေးပါ။ အထိမ်းအမှတ်ပွဲတွင် ဧည့်သည်များကိုနှုတ်ဆက်ရန် အသင့်ရှိပါ။ သူတို့အား ကြိုဆိုသည်ဟု ခံစားရစေပါ၊ သူတို့ကို အခြားသူများနှင့်မိတ်ဆက်ပေးကာ တက်ရောက်မှုအတွက် ချီးမွမ်းပါ။
၅ သတိရအောက်မေ့ပွဲတက်ရောက်ခြင်းက လူသစ်များအား ဝိညာဉ်ရေးတိုးတက်စေရန် လှုံ့ဆော်ပေးနိုင်သည်။ လူပုံအလယ်ထွက်ဖို့ခက်သည့် စိတ်ပိုင်းဖိစီးမှုဝေဒနာခံစားရသော ကျမ်းစာသင်သားတစ်ဦးသည် သတိရအောက်မေ့ပွဲကို လာတက်ခဲ့သည်။ အစည်းအဝေးနှင့်စပ်လျဉ်း၍ သူ၏ထင်မြင်ချက်ကိုမေးသည့်အခါ “ဒီညဟာ အမွန်မြတ်ဆုံး ညတစ်ညပဲ၊ ဒါကြောင့်ကျွန်တော်ရောက်နေတာ” ဟုဆိုသည်။ ထိုအချိန်မှစ၍ သူသည် အစည်းအဝေးများကို စတင်တက်ရောက်ခဲ့သည်။
၆ သတိရအောက်မေ့ပွဲပြီးနောက်– ယေဟောဝါအား ချီးမွမ်းသူများဖြစ်လာရန် ဤစိတ်ဝင်စားသူများကို ကူညီပေးဖို့ အဘယ်အရာလုပ်ဆောင်နိုင်သနည်း။ အကြီးအကဲများသည် သတိရအောက်မေ့ပွဲ တက်ရောက်သူလူသစ်များကို မှတ်သားထားကာ သူတို့သင်ယူသိရှိထားသည့် လန်းဆန်းမှုဖြစ်စေသောအရာများကိုသုံးသပ်ရန် ၎င်းတို့ထံ စောစောပြန်လည်ပတ်ဖို့ အရည်အချင်းရှိသော ကြေညာသူများအတွက် အစီအစဉ်များပြုလုပ်ပေးမည်ဖြစ်သည်။ အချို့သူတို့သည် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခု ရရှိလိုပေမည်။ သူတို့အား ပတ်စဉ်အသင်းတော်အစည်းအဝေးအားလုံးကို တက်ရောက်ရန်လည်း ဖိတ်ခေါ်သင့်သည်၊ အကြောင်းမှာ ၎င်းတို့ကို မှန်မှန်တက်ရောက်ခြင်းက သူတို့၏ကျမ်းစာအသိပညာကို တိုးတက်စေသောကြောင့်ဖြစ်သည်။
၇ မှန်မှန်မကြေညာသူ သို့မဟုတ် မလှုပ်မရှားဖြစ်သူများအားလုံးကို အားပေးရန် အစီအစဉ်များပြုလုပ်လျက်ရှိသည်။ အကြီးအကဲများက မလှုပ်မရှားဖြစ်လာသူတစ်စုံတစ်ဦးအား လယ်ကွင်းလုပ်ငန်းတွင် ပြန်ပါဝင်ရန်ကူညီပေးဖို့ သင့်ကိုတောင်းဆိုလျှင် တုံ့ပြန်ရန်အသင့်ရှိပါ။ ကျွန်ုပ်တို့၏ညီအစ်ကိုများအတွက် ထိုသို့မေတ္တာပါသောစိုးရိမ်မှုတင်ပြခြင်းသည် တမန်တော်ပေါလု၏ ဤတိုက်တွန်းချက်နှင့်ကိုက်ညီသည်– “ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။”—ဂလ. ၆:၁၀။
၈ ကျွန်ုပ်တို့အားလုံး ဧပြီ ၁၆ ရက်တွင် သတိရအောက်မေ့ပွဲတက်ရောက်ရန် အထူးကြိုးစားကြစို့။ ကျွန်ုပ်တို့သည် ယေဟောဝါအား ချီးမွမ်းရန် ဤအမြင့်မြတ်ဆုံးအခါသမယကို လက်လွတ်လိုကြမည်မဟုတ်ပေ။ မှန်ပါသည်၊ ယေဟောဝါပြုတော်မူသည့် ကြီးမြတ်သောအမှုတော်များအတွက် ကိုယ်တော်အား ယခုကော ထာဝရပါ ချီးမွမ်းကြစို့!—ဆာ. ၁၄၅:၂၁။