မေးခွန်းသေတ္တာ
◼ မိသားစုကျမ်းစာသင်အံမှုကို အသင်းတော်သို့ မှတ်တမ်းပေးသင့်သလော။
ခရစ်ယာန်မိဘတစ်ဦးသည် မိသားစုကျမ်းစာသင်အံမှုတစ်ခုကျင်းပကာ နှစ်ခြင်းမခံရသေးသောကလေးများပါဝင်လျှင် အများဆုံး တစ်ပတ်လျှင် တစ်နာရီ၊ ပြန်လည်ပတ်မှုတစ်ခုနှင့် တစ်လလျှင် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုကို မှတ်တမ်းသွင်းနိုင်သည်။ သင်အံမှုသည် တစ်နာရီထက်ကြာပြီး တစ်ပတ်လျှင် တစ်ကြိမ်ထက်မက ကျင်းပသည့်အခါ၌ပင် သို့မဟုတ် ကလေးများနှင့် တစ်ဦးချင်းစီကျင်းပသည့်အခါ၌ပင် ထိုအတိုင်းမှတ်တမ်းသွင်းရန်ဖြစ်သည်။—ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်၊ စ. ၁၀၄ ရှု။
အိမ်သားအားလုံးသည် နှစ်ခြင်းခံပြီးသော သက်သေခံများဖြစ်လျှင် (ကလေးတစ်ဦးသည် နှစ်ခြင်းခံပြီးနောက် ဒုတိယစာအုပ်ကို လေ့လာနေဆဲမဟုတ်လျှင်) အချိန်ရော သင်အံမှုကိုပါ လယ်ကွင်းလုပ်ငန်းအဖြစ် မှတ်တမ်းမသွင်းပါ။ ထိုသို့ဖြစ်ရခြင်းမှာ အသင်းတော်လယ်ကွင်းလုပ်ငန်းမှတ်တမ်းသည် အဓိကအားဖြင့် ယေဟောဝါ၏ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသော ကျေးကျွန်မဟုတ်သူများအား သတင်းကောင်းဟောပြောခြင်းနှင့် ကျမ်းစာသမ္မာတရားသွန်သင်ခြင်းတွင် ပြီးမြောက်လျက်ရှိရာများကို ဖော်ပြသောကြောင့်ဖြစ်၏။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) သို့သော် ယင်းသည် ထိုသို့သောသင်အံမှုတစ်ခု ပုံမှန်ကျင်းပခြင်း၏အရေးကြီးမှုကို မည်သည့်နည်းဖြင့်မျှ မယုတ်လျော့စေပါ။
မိမိတို့၏သားသမီးများနှင့် သင်အံမှုပြုလုပ်ရန် ခရစ်ယာန်မိဘများတွင် တာဝန်ရှိသည်။ မိသားစုသင်အံမှုကို စတင်ကျင်းပရန် သို့မဟုတ် တိုးတက်စေရန် အကူအညီလိုအပ်သူများသည် အကြီးအကဲများထံ အကူအညီတောင်းခံနိုင်သည်။ အခြေအနေများကြောင့် အခြားကြေညာသူတစ်ဦးသည် အသင်းတော်နှင့်ပေါင်းသင်းနေသော ခရစ်ယာန်မိသားစုတစ်စုမှ နှစ်ခြင်းမခံရသေးသော သား သို့မဟုတ် သမီးတစ်ဦးနှင့် ကျမ်းစာသင်အံမှုကျင်းပရန် သင့်လျော်မည်ဆိုလျှင် ဦးစီးကြီးကြပ်မှူး သို့မဟုတ် လုပ်ငန်းတော်ကြီးကြပ်မှူးနှင့်တိုင်ပင်သင့်သည်။ ထိုသို့သောသင်အံမှုကိုသဘောတူလျှင် ကျင်းပသူသည် အခြားမည်သည့်ကျမ်းစာသင်အံမှုကိုမဆို မှတ်တမ်းသွင်းသကဲ့သို့ မှတ်တမ်းသွင်းနိုင်သည်။
သားသမီးများကို ယေဟောဝါ၏နည်းလမ်းတော်နှင့်အညီ လေ့ကျင့်ပေးရန်ဟူသည် လယ်ကွင်းလုပ်ငန်းမှတ်တမ်းတွင် ဖော်ပြထားရာထက်မက အချိန်နှင့် လုံ့လစိုက်ထုတ်မှု ပို၍လိုအပ်သည်။ (တရား. ၆:၆-၉; သု. ၂၂:၆) ခရစ်ယာန်မိဘတို့သည် သားသမီးများအား “ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” ပျိုးထောင်ပေးရန် သူတို့၏ကြီးလေးသောတာဝန်ကို ထမ်းဆောင်ကြသောကြောင့် ချီးမွမ်းခံထိုက်သည်။—ဧ. ၆:၄၊ ကဘ။