-
ယေဟောဝါ၏နေ့နီးပြီနိုင်ငံတော်ဓမ္မအမှု—၂၀၀၅ | မေ
-
-
ယေဟောဝါ၏နေ့နီးပြီ
၁ လက်ရှိအစီအစဉ်စနစ်ကို ဖျက်ဆီးပစ်ပြီး ဖြောင့်မတ်သော ကမ္ဘာသစ်တစ်ခုကို ဆောင်ကြဉ်းပေးမည့် ယေဟောဝါ၏နေ့ရောက်လာမည်ကို ခရစ်ယာန်များ မျှော်လင့်တောင့်တကြသည်။ (၂ ပေ. ၃:၁၂၊ ၁၃) ထိုနေ့ရောက်လာမည့်အချိန်ကို ကျွန်ုပ်တို့ အတိအကျမသိကြသောကြောင့် သတိနှင့်စောင့်နေပြီး အခြားသူများပါ အလားတူပြုမူရန် ကူညီပေးရမည်။ (ယေဇ. ၃၃:၇-၉; မ. ၂၄:၄၂-၄၄) ဘုရားသခင့်ပရောဖက်ပြုချက်စကားကို တွေးတောဆင်ခြင်ခြင်းက ‘ယေဟောဝါ၏နေ့ကြီးနီးပြီ’ ဟူသော ကျွန်ုပ်တို့၏ခံယူချက်ကို ခိုင်မာစေပါမည်။—ဇေ. ၁:၁၄။
၂ ကမ္ဘာ့အာဏာစက်များ ဆက်တိုက်ပေါ်လာ– ဗျာဒိတ် ၁၇:၉-၁၁ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း တမန်တော်ယောဟန်က ဆက်တိုက်ပေါ်လာမည့် ကမ္ဘာ့အာဏာစက်ခုနစ်ခုကို ကိုယ်စားပြုသော “ရှင်ဘုရင်ခုနစ်ပါး” အကြောင်း ဖော်ပြသည်။ ယခုအချိန်တွင် ကုလသမဂ္ဂကို ကိုယ်စားပြုသည့် ‘ရှစ်ပါးမြောက်ဘုရင်’ ကိုလည်း ယောဟန်ဖော်ပြ၏။ ကျွန်ုပ်တို့သည် အခြားကမ္ဘာ့အာဏာစက်များ ပေါ်လာရန် မျှော်လင့်ကြမည်လော။ မမျှော်လင့်ကြပါ၊ ဤရှစ်ပါးမြောက်ဘုရင်သည် “ဖျက်ဆီးခြင်းသို့ရောက်ရလိမ့်မည်” ဟုပရောဖက်ပြုချက်က ဖော်ပြပြီးနောက် နောက်ထပ် မည်သည့်မြေကြီးဘုရင်အကြောင်းကိုမျှ မဖော်ပြတော့ချေ။ ဤပရောဖက်ပြုချက်က ခေတ်ရေစီးကြောင်း၏ မည်သည့်နေရာတွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်း သိမြင်ရန် သင့်အား ကူညီပေးသလော။
၃ ဒံယေလ ၂:၃၁-၄၅ က ရောက်လာမည့် ယေဟောဝါ၏နေ့တော်အကြောင်း နားလည်ရန် ကျွန်ုပ်တို့ကို ကူညီပေး၏။ ထိုပရောဖက်ပြုချက်တွင် အိပ်မက်အားဖြင့် နေဗုခဒ်နေဇာမြင်ခဲ့ရသည့် ဧရာမရုပ်တုကြီးသည် ဆက်တိုက်ပေါ်လာသည့် ကမ္ဘာ့အာဏာစက်များကို ကိုယ်စားပြုသည်။ ဤအာဏာစက်တစ်ခုစီသည် ပေါ်လာခဲ့ကြပြီဖြစ်၏။ ယနေ့ သမိုင်းလမ်းကြောင်း၏ မည်သည့်နေရာတွင် ကျွန်ုပ်တို့ကိုယ်တိုင် ရောက်ရှိနေသည်ကို တွေ့ရသနည်း။ ရုပ်တု၏ခြေထောက်ကပုံဆောင်သော ကာလအပိုင်းအခြားတွင်ဖြစ်၏။ ပရောဖက်ပြုချက်က နောက်ဖြစ်လာမည့်အရာကို ကွက်ကွက်ကွင်းကွင်းဖော်ပြသည်။ လူ့အုပ်ချုပ်ရေးသည် လုံးဝဖျက်ဆီးခံရမည်ဖြစ်ပြီး “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခု” အတွက် လမ်းပွင့်စေမည်။ ယင်းက ယေဟောဝါ၏နေ့ နီးပြီဖြစ်ကြောင်း မည်သို့ညွှန်ပြသည်ကို သင် သိမြင်နိုင်သလော။
၄ ထပ်ဆင့်အထောက်အထား– ယေဟောဝါ၏နေ့ နီးပြီဖြစ်ကြောင်း ထပ်ဆင့်အထောက်အထားကို ကျွန်ုပ်တို့ ကိုယ်တိုင်တွေ့ မြင်ရသည်။ ‘နောက်ဆုံးကာလ’ ရှိလူတို့၏စရိုက်များနှင့်စပ်လျဉ်း၍ တမန်တော်ပေါလုကြိုဟောခဲ့သည့်အရာ ပြည့်စုံသည်ကို ကျွန်ုပ်တို့တွေ့ မြင်ရသည်။ (၂ တိ. ၃:၁-၅) ထို့ပြင် အဆုံးမတိုင်မီဟောရမည့် ကမ္ဘာချီသက်သေခံခြင်းတွင် ကျွန်ုပ်တို့ပါဝင်နေကြသည်။ (မ. ၂၄:၁၄) ကျွန်ုပ်တို့၏လူထုရှေ့ဓမ္မအမှုသည် ဤကောင်းကင်တမန်ကြွေးကြော်ချက်၏ အရေးတကြီးဖြစ်မှုကို ဆက်လက်ထင်ဟပ်နိုင်ပါစေ– “ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။”—ဗျာ. ၁၄:၆၊ ၇။
-
-
အပိုင်း ၉–တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်းနိုင်ငံတော်ဓမ္မအမှု—၂၀၀၅ | မေ
-
-
အပိုင်း ၉–တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း
အလွတ်သဘောသက်သေခံရန် သင်သားများအား ပြင်ဆင်ပေးခြင်း
၁ ယေရှုသည် ကတိထားရာမေရှိယဖြစ်ကြောင်း အန္ဒြေနှင့် ဖိလိပ္ပုတို့ သဘောပေါက်သည့်အခါ စိတ်လှုပ်ရှားဖွယ်သတင်းကို အခြားသူများအား မပြောဘဲမနေနိုင်ခဲ့ချေ။ (ယော. ၁:၄၀-၄၅) အလားတူ ယနေ့လည်း ကျမ်းစာသင်သားများသည် သူတို့လေ့လာနေသောအရာကို ယုံကြည်ကြောင်း တင်ပြလာသည့်အခါ ၎င်းကိုပြောဆိုဖို့ လှုံ့ဆော်ခံရကြသည်။ (၂ ကော. ၄:၁၃) အလွတ်သဘောသက်သေခံရန် သူတို့ကို ကျွန်ုပ်တို့ မည်သို့အားပေးနိုင်ပြီး ယင်းကို ထိရောက်စွာလုပ်ဆောင်ရန် မည်သို့ပြင်ဆင်ပေးနိုင်သနည်း။
၂ ကျမ်းစာမှ သူလေ့လာခဲ့သည့်အရာကို အခြားသူများအား ပြောပြခဲ့ခြင်းရှိ၊ မရှိ သင်သားအား မေးနိုင်သည်။ သင်အံမှုတွင် အတူပါဝင်ရန် သူဖိတ်ခေါ်နိုင်သည့် မိတ်ဆွေများ၊ မိသားစုဝင်များရှိနိုင်သည်။ သူ၏အလုပ်ဖော်၊ ကျောင်းနေဖက် သို့မဟုတ် အခြားအသိအကျွမ်းများထဲမှ တစ်ဦးဦးသည် စိတ်ဝင်စားမှုပြခြင်းရှိ၊ မရှိမေးပါ။ ဤနည်းဖြင့် သူသည် စတင်သက်သေခံနိုင်သည်။ ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်များအကြောင်းကို အခြားသူများအား ပြောဆိုသည့်အခါ ပိုင်းခြားသိမြင်မှုရှိဖို့နှင့် လေးစားမှု၊ ကြင်နာမှုရှိဖို့လိုကြောင်း သဘောပေါက်ရန် သူ့အား ကူညီပေးပါ။—ကော. ၄:၆; ၂ တိ. ၂:၂၄၊ ၂၅။
၃ သူတို့၏ယုံကြည်ချက်များကို ဝေမျှခြင်း– သူတို့၏ယုံကြည်ချက်များကို ဝေမျှသည့်အခါ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အသုံးပြုရန် ကျမ်းစာသင်သားများအား လေ့ကျင့်ပေးဖို့ အလွန်အရေးကြီးသည်။ လေ့လာနေချိန်အတွင်း ရွေးချယ်ထားသောအချက်များတွင် သင်သားအား ဤသို့မေးပါ– “သင့်မိသားစုအား ဤအမှန်တရားကိုရှင်းပြရန် ကျမ်းစာကို သင် မည်သို့အသုံးပြုမည်နည်း” သို့မဟုတ် “မိတ်ဆွေတစ်ဦးအား ဤအချက်ကို သက်သေထူရန် မည်သည့်ကျမ်းချက်ကို သင် အသုံးပြုမည်နည်း။” သူ၏တုံ့ပြန်ပုံကို မှတ်ထားပြီး သူ၏သွန်သင်ချက်ကို ကျမ်းစာအပေါ် မည်သို့အခြေပြုနိုင်ကြောင်း သူ့အား ပြပေးပါ။ (၂ တိ. ၂:၁၅) ထိုသို့ပြုခြင်းဖြင့် သင်သည် အလွတ်သဘောဖြင့်သာမက အရည်အချင်းပြည့်မီသည့်အခါ အသင်းတော်နှင့်အတူ စည်းစနစ်တကျဟောပြောခြင်းလုပ်ငန်းတွင်ပါ သက်သေခံရန် သင်သားအား ပြင်ဆင်ပေးရာရောက်မည်။
၄ အတိုက်အခံကိုရင်ဆိုင်ရန် ကျမ်းစာသင်သားများအား ပြင်ဆင်ပေးခြင်းသည် ပညာရှိရာရောက်၏။ (မ. ၁၀:၃၆; လု. ၈:၁၃; ၂ တိ. ၃:၁၂) အခြားသူများက မေးခွန်းများမေးသည့်အခါ သို့မဟုတ် ယေဟောဝါသက်သေများအကြောင်း ပြောဆိုလာသည့်အခါ ယင်းက သက်သေခံရန် သင်သားအတွက် လမ်းပွင့်စေနိုင်သည်။ ယေဟောဝါသက်သေများ—သူတို့မည်သူများနည်း၊ သူတို့ ဘာကိုယုံကြည်ကြသနည်း ဟူသောဘရိုရှာက ‘ပြန်ပြောခြင်းငှာ၊ အသင့်ရှိနေ’ ရန် သူတို့ကို ပြင်ဆင်ပေးနိုင်သည်။ (၁ ပေ. ၃:၁၅) ၎င်းတွင် စိတ်ရင်းကောင်းသောမိတ်ဆွေများနှင့် မိသားစုဝင်များအား ကျွန်ုပ်တို့၏ကျမ်းစာအခြေပြု ယုံကြည်ချက်များနှင့် လုပ်ဆောင်မှုများကို နားလည်လာရန် ကူညီပေးဖို့ လူသစ်များအသုံးပြုနိုင်သည့် တိကျမှန်ကန်သောအချက်အလက်များပါဝင်သည်။
-