လေ့လာရန် အကြောင်းအရာ နံပါတ် ၅– သမ္မာကျမ်းစာထဲမှ ဟေဗြဲကျမ်း
မှုတ်သွင်းခံ ဘုရားသခင့်နှုတ်ကပါဌ်တော်အဝင် ဖြစ်သော ဟေဗြဲကျမ်းစောင်များ ကူးရေးခဲ့ပုံ၊ မူလစာသားအတိုင်း မပြောင်းမလဲ ရှိနေစေရန် ထိန်းသိမ်းခဲ့ပုံ၊ ယနေ့ခေတ် အထိသို့ပေးပို့ပုံ။
ရေးသားထားသော ‘ယေဟောဝါ၏ မိန့်တော်မူချက်များ’ သည် မှုတ်သွင်းခံကျမ်းစောင်များဖြစ်သော အထူးရေလှောင်ကန်အတွင်း စုစည်းသိုမှီးထားသည့် သမ္မာရေစင်အလား နှိုင်းယှဉ်နိုင်သည်။ ဤကောင်းကင်ဆိုင်ရာဆက်သွယ်ချိန် ကာလတစ်လျှောက် ယေဟောဝါသည် ထို ‘ရေစင်’ ကို စုစည်းသိုမှီးပေးခဲ့ပြီး မကုန်မခန်းနိုင်သော အသက်ပေးသတင်းရင်းမြစ်တစ်ခုဖြစ်စေခဲ့သည့်အတွက် ကျေးဇူးတင်သင့်သည်! အတိတ်ကာလမှ အခြားအဖိုးထိုက်ရာများဖြစ်သော ဘုရင့်သရဖူများ၊ ဘိုးစဉ်ဘောင်ဆက် အမွေအနှစ်များ၊ မော်ကွန်းကျောက်တိုင်များ စသည်တို့သည် အချိန်ကုန်လွန်သည်နှင့်အမျှ မှေးမှိန်၊ ပွန်းပဲ့၊ ပျက်စီးပြိုလဲကုန်သော်လည်း ရတနာနှင့်တူသော ကျွန်ုပ်တို့ဘုရားသခင့် မိန့်တော်မူချက်များမူကား ကာလအစဉ်အမြဲ တည်တံ့သွားမည်။ (ဟေရှာ. ၄၀:၈) သို့ရာတွင် မေးစရာကား၊ ၎င်းသမ္မာရေစင်ကို ရေလှောင်ကန်အတွင်း ထည့်သွင်းသိုထားပြီးနောက် ညစ်ညမ်းမှုရှိခဲ့သလော။ မညစ်မညမ်း တည်ရှိနေခဲ့ပါသလော။ ယနေ့ကမ္ဘာပေါ်ရှိ ဘာသာစကားအသီးသီးပြောဆိုကြသော လူများရရှိထားသည့် ကျမ်းစာများသည် ယုံကြည်စိတ်ချ၍ရရန် မူရင်းဘာသာစကားမှ မူမပျက် လက်ဆင့်ကမ်းလာခဲ့သလော။ ဟေဗြဲကျမ်းဟုတွင်သော ရေလှောင်ကန်အပိုင်းကို သုံးသပ်ရာ၌ ၎င်း၏တိကျမှန်ကန်မှု မပျောက်ပျက်အောင် ဂရုတစိုက်ထိန်းသိမ်းထားမှုအကြောင်းအပြင်၊ ဘာသာပြန်ကျမ်းများနှင့် ထပ်ဆင့်ဘာသာပြန်ဆိုချက်များအားဖြင့် လူမျိုးအနွယ်အားလုံးထံ ယင်းကို လက်ဆင့်ကမ်းရန်အတွက် အံ့သြဖွယ်အစီအစဉ်များအကြောင်းတို့ကို အလွန်စိတ်တက်ကြွဖွယ် တွေ့ရမည်ဖြစ်သည်။
၂ ဟေဗြဲနှင့် အာရမိတ်ဘာသာဖြင့်ရေးသော မူရင်းကျမ်းစောင်တို့ကို ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်တွင် မောရှေမှအစပြုကာ ဘီ.စီ.အီး. ၄၄၃ ခုနှစ်အထိ ဘုရားသခင်၏ လူသားအတွင်းရေးမှူးများက မှတ်တမ်းတင်ရေးသားခဲ့သည်။ ယနေ့သိရသလောက် ထိုမူရင်းစာစောင်တစ်ခုမျှ မရှိတော့ပါ။ သို့ရာတွင်၊ အစကနဦးကတည်းက မှုတ်သွင်းခံကျမ်းစောင်များနှင့် ၎င်းတို့၏ တရားဝင်မိတ္တူများကို ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ဘီ.စီ.အီး. ၆၄၂ ခုနှစ်ခန့်၊ ယောရှိမင်းလက်ထက်တွင် မူရင်းစာစောင်ဖြစ်ကြောင်းသေချာသည့် မောရှေ၏ “ပညတ္တိကျမ်းစာစောင်” ကို ယေဟောဝါ၏အိမ်တော်၌ သိမ်းဆည်းထားသည်ကို တွေ့ရှိခဲ့ကြသည်။ ထိုအချိန်အထိဆိုလျှင် နှစ်ပေါင်း ၈၇၁ နှစ်တိုင် ကောင်းစွာသိမ်းဆည်းထားခဲ့ပြီဖြစ်သည်။ ကျမ်းရေးသူယေရမိက ၎င်းကျမ်းပြန်လည်တွေ့ရှိသည့်ကိစ္စကို အထူးစိတ်ဝင်စားသောကြောင့် ၄ ဓမ္မရာဇဝင် ၂၂:၈-၁၀ တွင်မှတ်တမ်းတင်ခဲ့ပြီး ဘီ.စီ.အီး. ၄၆၀ ခန့်တွင် ဧဇရကလည်း ၎င်းအကြောင်းကို ထပ်လောင်းဖော်ပြပြန်သည်။ (၆ ရာ. ၃၄:၁၄-၁၈) သူသည် “ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော မောရှေ၏ပညတ္တိကျမ်းစာကို လေ့ကျက်သော [ကျမ်းကူး] ဆရာ” ဖြစ်သောကြောင့် ယင်းအရာများကို စိတ်ဝင်စားခြင်းဖြစ်သည်။ (ဧဇ. ၇:၆) ဧဇရသည် မှုတ်သွင်းခံ မူရင်းကျမ်းစောင်တချို့အပါအဝင် သူ့လက်ထက်တွင် ရေးသားခဲ့ပြီးဖြစ်သော အခြားဟေဗြဲကျမ်းစာလိပ်များကို ထိတွေ့လေ့လာနိုင်ခဲ့မည်မှာ သေချာသည်။ ဧဇရသည် သူ့ခေတ်ရှိ ဘုရားသခင့်ကျမ်းစာစောင်များကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သူ ဖြစ်ပုံရသည်။—နေ. ၈:၁၊ ၂။
ကျမ်းစာစာမူ ကူးရေးသောခေတ်
၃ ဧဇရလက်ထက်မှစ၍ ဟေဗြဲကျမ်းစာ,စောင်ရေ တိုး၍လိုအပ်လာသည်။ ဘီ.စီ.အီး. ၅၃၇၊ ပြန်လည်တည်ထောင်ရာနှစ်နှင့် ၎င်းနောက်ပိုင်းတွင် ယေရုရှလင်နှင့် ပါလက်စတိုင်းသို့ ဂျူးအားလုံး ပြန်မသွားကြပါ။ ယင်းအစား ထောင်နှင့်ချီသောသူတို့သည် ဗာဗုလုန်တွင် ဆက်၍နေထိုင်ကြသည်၊ အခြားသူများမှာမူ စီးပွားရေးလုပ်ငန်းနှင့် အခြားအကြောင်းရင်းများကြောင့် အခြားဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြသောကြောင့် ရှေးခေတ်လောက၏ ကျယ်ပြောသောစီးပွားရေးဗဟိုဒေသ အများစုတွင် ဂျူးများကို တွေ့နိုင်သည်။ ဂျူးများစွာသည် ဗိမာန်တော်ပွဲနေ့များအတွက် ယေရုရှလင်မြို့သို့ နှစ်စဉ်ပြန်ခဲ့ကြပြီး သမ္မာကျမ်းစာသုံး ဟေဗြဲဖြင့်ကျင်းပသည့် ဝတ်ပြုကိုးကွယ်မှုတွင် ပါဝင်ခဲ့ကြပေမည်။ ဧဇရလက်ထက်တွင် ထိုဝေးလံသောအရပ်များ၌နေထိုင်ကြသော ဂျူးတို့သည် တရားဇရပ်ခေါ် ဒေသခံစည်းဝေးသည့် နေရာများကို အသုံးပြုခဲ့ကြပြီး ၎င်းဇရပ်များတွင် ဟေဗြဲကျမ်းစာ ဖတ်ရွတ်၊ ဆွေးနွေးခဲ့ကြသည်။a ယင်းသို့သော ဝတ်ပြုသည့်နေရာများ ဒေသအနှံ့အပြားတွင် ရှိသောကြောင့် ကျမ်းကူးဆရာတို့က ကျမ်းစာလက်ရေးစာမူများစွာကို ကူးပွားပေးခဲ့ကြရသည်။
၄ ၎င်းတရားဇရပ်များတွင် ဂျင်နီဇာဟုသိကြသော သိုလှောင်ခန်းတစ်ခန်းပါရှိသည်။ ခေတ်ကာလတစ်လျှောက် ဂျူးများသည် ဂျင်နီဇာတွင် ဟောင်းနွမ်းစုတ်ပြဲသောစာမူများကို စွန့်ပစ်ခဲ့ကြပြီး တရားဇရပ်တွင် စာမူအသစ်များကို အစားထိုးအသုံးပြုခဲ့ကြသည်။ အခါအားလျော်စွာ ဂျင်နီဇာရှိပစ္စည်းများကို တလေးတစား မြေမြှုပ်သင်္ဂြိုဟ်ခြင်းပြုလုပ်ကြသည်၊ သန့်ရှင်းမြင့်မြတ်သော ယေဟောဝါနာမတော် ပါဝင်သည့်ကျမ်းစာများ ဂုဏ်ယုတ်မည်စိုး၍ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာအတွင်း ထောင်နှင့်ချီသော ရှေးဟေဗြဲကျမ်းစာမူများသည် ယင်းနည်းဖြင့် ပျောက်ကွယ်သွားခဲ့သည်။ သို့ရာတွင် ကိုင်ရိုမြို့ဟောင်း တရားဇရပ်ရှိ ကောင်းစွာသိုလှောင်ထားသော ဂျင်နီဇာမှာမူ ထိုသို့ပြုခြင်းမခံရပါ၊ ဖြစ်နိုင်သည်မှာ ယင်းကို နံရံဖြင့်ပိတ်ကာထားပြီး ၁၉ ရာစုအလယ်ပိုင်းအထိ မေ့လျော့နေခဲ့၍ဖြစ်သည်။ ၁၈၉၀ ပြည့်နှစ်၌ တရားဇရပ်ကို ပြန်လည်မွမ်းမံသည့်အခါ ဂျင်နီဇာရှိပစ္စည်းများကို ပြန်လည်စစ်ဆေးခဲ့ကြပြီး ၎င်းအဖိုးတန်ပစ္စည်းများကို တဖြည်းဖြည်းရောင်းချခြင်း သို့မဟုတ် လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းမှ တစ်ခုလုံးနီးပါးပြည့်စုံသော စာမူများနှင့် (အချို့သူတို့က စီ.အီး. ခြောက်ရာစုက ဖြစ်မည်ဟုဆိုကြသော) အပိုင်းအစများစွာသည် ကမ်းဘရစ်ခ်ျ တက္ကသိုလ်စာကြည့်တိုက်နှင့် ဥရောပနှင့် အမေရိကရှိ အခြားစာကြည့်တိုက်များသို့ ရောက်ရှိခဲ့သည်။
၅ ယနေ့ ကမ္ဘာတစ်ဝန်းရှိ စာကြည့်တိုက်များတွင် ဟေဗြဲကျမ်းစောင် အပြည့်အစုံ သို့မဟုတ် အပိုင်းအစ စာမူပေါင်း ၆,၀၀၀ ခန့်ရှိကြောင်း ရေတွက်၊ စာရင်းပြုစုရရှိသည်။ မကြာသေးမီအချိန်အထိ စီ.အီး. တစ်ဆယ်ရာစုထက် စော၍ရှေးကျသည့် ထိုသို့သောစာမူများ (အပိုင်းအစအနည်းငယ်မှလွဲ၍) မရှိပါ။ ၁၉၄၇ ခုနှစ်ရောက်သော် ပင်လယ်သေဒေသ၌ ဟေရှာယကျမ်းလိပ်ကို တွေ့ရှိခဲ့သည်၊ ၎င်းနောက်ပိုင်းနှစ်များတွင် ပင်လယ်သေဒေသရှိ ဂူများမှ နှစ်ပေါင်း ၁,၉၀၀ နီးပါးခန့် ဖုံးကွယ်နေခဲ့သော အဖိုးတန် ဟေဗြဲကျမ်းစောင်စာလိပ်များ ထပ်၍တွေ့ရှိခဲ့သည်။ ပညာရှင်များက ယင်းကျမ်းလိပ်တို့ထဲမှအချို့သည် ဘီ.စီ.အီး. ၏နောက်ဆုံးရာစုများတွင် ကူးရေးခဲ့ခြင်းဖြစ်သည်ဟု ရက်စွဲတပ်ခဲ့ကြသည်။ ၆,၀၀၀ ခန့်ရှိသော ဟေဗြဲကျမ်းစာမူများကို နှိုင်းယှဉ်လေ့လာကြည့်သည့်အခါ ဟေဗြဲကျမ်းကို ယုံကြည်စိတ်ချစွာ အတည်ပြုလက်ခံရန် ခိုင်လုံသောအကြောင်းကို ဖော်ပြပေးသည့်အပြင် ကျမ်းမူရင်းစာသားများ တိကျမှန်ကန်စွာ ဆင်းသက်လာခဲ့ကြောင်း ဖော်ပြသည်။
ဟေဗြဲဘာသာစကား
၆ ယနေ့လူတို့ ဟေဗြဲစကားဟုခေါ်ကြသော ဘာသာစကား၏ မူလပုံစံသည် ဧဒင်ဥယျာဉ်တွင် အာဒံပြောခဲ့သည့် ဘာသာစကားဖြစ်သည်။ ယင်းကြောင့် လူဘာသာစကားအဖြစ် ရည်ညွှန်းနိုင်သည်။ နောဧလက်ထက်တွင် ဝေါဟာရတိုးခဲ့မည်ဖြစ်သော်လည်း ယင်းဘာသာစကားကိုပင် ပြောခဲ့ကြသည်။ ထို့ပြင် ဘေဘဲလ်ရဲတိုက်တွင် လူတို့၏ ဘာသာစကားကို ယေဟောဝါ ရှုပ်ထွေးစေတော်မူသည့်အခါ ဟေဗြဲစကားသည် အခြေခံဘာသာစကားအဖြစ် ဆက်ကျန်ရစ်ခဲ့သည်။ (က. ၁၁:၁၊ ၇-၉) ဟေဗြဲဘာသာစကားသည် မိသားစုဦးစီးဖြစ်သော ရှေမအမျိုးပြောသောစကားဖြစ်သည်။ အာဗြဟံလက်ထက်၊ ခါနာန်ဘာသာစကားနှင့် ဆက်နွှယ်ဟန်ရှိပြီး ခါနာန်လူတို့သည် ဟေဗြဲဘာသာစကားမှ စွယ်ပွားဘာသာစကားအမျိုးမျိုး တီထွင်ခဲ့ကြသည်။ ဟေရှာယ ၁၉:၁၈ တွင် “ခါနာန်ဘာသာစကား” ဟု ဖော်ပြထားသည်။ မောရှေသည် သူ့ခေတ်တွင် ပညာတတ်တစ်ဦးဖြစ်ပြီး အီဂျစ်ပညာသာမက ဘိုးဘေးတို့၏ ဟေဗြဲဘာသာကိုပါ သင်ယူတတ်ကျွမ်းခဲ့သည်။ ယင်းကြောင့် သူသည် သူ့လက်ထက်ရှိ ရှေးစာပေများကို ဖတ်နိုင်သည့်အခြေအနေတွင်ရှိခဲ့ပြီး ယင်းတို့သည် ကမ္ဘာဦးကျမ်းဟု ယနေ့ခေါ်ဝေါ်သော ကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် အချက်အလက်တချို့အတွက် အခြေခံဖြစ်ခဲ့ပေမည်။
၇ နောက်ပိုင်းတွင် ဂျူးဘုရင်များလက်ထက်တွင် ဟေဗြဲစကားကို “ယုဒ [“ဂျူး၊” ကဘ] ဘာသာစကား” ဟု သိလာကြသည်။ (၄ ရာ. ၁၈:၂၆၊ ၂၈) ယေရှုလက်ထက်၌ ဂျူးလူမျိုးတို့သည် အသွင်ပြောင်းထားသော သို့မဟုတ် တိုးချဲ့ထားသော ဟေဗြဲစကားပုံစံဖြင့် ပြောဆိုခဲ့ကြပြီး ၎င်းကို ဂျူးဘာသာရေးသမား [ရဗ္ဗိ] များပြောသော ဟေဗြဲစကား ဖြစ်လာသည်။ သို့ရာတွင် ခရစ်ယာန်ဂရိကျမ်း၌ ၎င်းကို အာရမိတ်ဘာသာစကားအဖြစ် မဟုတ်ဘဲ “ဟေဗြဲ” ဘာသာစကားအဖြစ် ရည်ညွှန်းကိုးကားဆဲဖြစ်သည်ကို သတိပြုနိုင်သည်။ (ယော. ၅:၂; ၁၉:၁၃၊ ၁၇; တ. ၂၂:၂; ဗျာ. ၉:၁၁) အစောပိုင်းအချိန်များမှစ၍ ကျမ်းစာသုံးဟေဗြဲစကားသည် ပြောဆိုဆက်ဆံမှုတွင် ဘုံသုံးစကားဖြစ်ခဲ့ပြီး ခရစ်ယာန်ခေတ်မတိုင်မီ ယေဟောဝါ၏သက်သေများနှင့် ခရစ်ယာန်သက်သေအများစု နားလည်သော စကားဖြစ်ခဲ့သည်။
၈ ဟေဗြဲကျမ်းသည် ဘုရားသခင်၏ မှုတ်သွင်းမှုအောက်တွင် ရေးသား၊ စုစည်းခဲ့သော စင်ကြယ်သန့်ရှင်းသည့် သမ္မာရေစင် သိုလှောင်သည့်နေရာဖြစ်ခဲ့သည်။ သို့သော် ဟေဗြဲစာဖတ်နိုင်သူများသာ ဘုရားသခင်ပြင်ဆင်ပေးသော ၎င်းရေကို တိုက်ရိုက်ရရှိနိုင်ကြသည်။ ဘာသာစကားမျိုးစုံပြောသော လူများတို့သည်လည်း ဘုရားသခင်၏ လမ်းညွှန်မှုရရှိရန်နှင့် သူတို့၏စိုးလ် လန်းဆန်းမှုဖြစ်စေရန် သမ္မာရေစင် သောက်သုံးနိုင်သည့် နည်းလမ်းကို မည်သို့ရှာတွေ့နိုင်ခဲ့သနည်း။ (ဗျာ. ၂၂:၁၇) တစ်ခုတည်းသောနည်းမှာ ဟေဗြဲစကားမှ အခြားဘာသာစကားများသို့ ပြန်ဆိုခြင်းဖြင့် လူသားမျိုးနွယ်အားလုံးအတွက် ဘုရားသခင်၏ သမ္မာတရားရေကို နေရာအနှံ့ စီးဆင်းစေခဲ့သည်။ ဘီ.စီ.အီး. လေးရာစု သို့မဟုတ် သုံးရာစုခန့်မှစ၍ မျက်မှောက်ခေတ်အချိန်အထိ ကျမ်းစာကို ဘာသာစကားပေါင်း ၁,၉၀၀ ကျော်ပြန်ဆိုခဲ့ပြီးဖြစ်သဖြင့် ယေဟောဝါဘုရားသခင်ကို အမှန်ပင် ကျေးဇူးတင်သင့်သည်။ ဖြောင့်မတ်ခြင်းတရားကို မြတ်နိုးသူ၊ ထိုအဖိုးထိုက်သောရေကို “မွေ့လျော်” သူအားလုံးအတွက် ဆုကျေးဇူးတစ်ခုအဖြစ် သက်သေထူခဲ့လေပြီ!—ဆာ. ၁:၂; ၃၇:၃၊ ၄။
၉ အခြားဘာသာစကားသို့ပြန်ဆိုခြင်းသည် တရားဝင်ပြီး တော်တည့်မှန်ကန်ကြောင်း ကျမ်းစာကိုယ်နှိုက်က ဖော်ပြသလော။ အမှန်ပင်ဖော်ပြသည်! ဣသရေလလူမျိုးအား ဘုရားသခင်၏ မိန့်တော်မူချက်တွင် “တစ်ပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့” ဟူသောစကားနှင့် ခရစ်ယာန်များအားမိန့်တော်မူသော ယေရှု၏ပရောဖက်ပြုချက်တွင် “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်” ဟူသောစကားတို့ ပြည့်စုံရမည်ဖြစ်သည်။ ယင်းအချက်ပြည့်စုံရန် ကျမ်းစာကို ဘာသာပြန်ရန်လိုသည်။ သမ္မာကျမ်းစာ ဘာသာပြန်ခဲ့သည့် ရာစုနှစ် ၂၄ ခုကို ပြန်ပြောင်းကြည့်လျှင် ယင်းလုပ်ငန်းကို ယေဟောဝါကောင်းချီးပေးကြောင်း သိသာထင်ရှားသည်။ ၎င်းပြင် စာမူအသွင်ဖြင့် ယနေ့တိုင်ရှိသေးသော ရှေးဘာသာပြန်ကျမ်းများကလည်း သမ္မာတရား စုစည်းသိုလှောင်ထားသည့် ဟေဗြဲကျမ်းမှ မူရင်းစာသားများကို မှန်ကန်စွာပြန်ဆိုလာခဲ့ကြောင်း အထောက်အထားပြလျက်ရှိသည်။—တရား. ၃၂:၄၃; မ. ၂၄:၁၄။
ရှေးအကျဆုံး ဘာသာပြန်ကျမ်းများ
၁၀ ရှမာရိပင်တကျွတ်။ အစောပိုင်း အချိန်ကာလရက်စွဲတပ်ထားသည့် ရှမာရိပင်တကျွတ်ဟုခေါ်သော ဘာသာပြန်ကျမ်းတွင် ယင်းအမည်၏အဓိပ္ပာယ်အတိုင်း ဟေဗြဲကျမ်းမှ ပထမငါးစောင်သာ ပါရှိသည်။ စင်စစ် ယင်းသည် ရှေးဟေဗြဲလက်ရေးစာမှ ဟေဗြဲကျမ်းကို ရှမာရိလက်ရေးစာမူအဖြစ် အက္ခရာလှယ်ရေးသားသည့်ကျမ်းဖြစ်သည်။ ယင်းကျမ်းသည် ထိုအချိန်က ဟေဗြဲကျမ်းကို ဖော်ပြပေးသော အသုံးဝင်သည့်ကျမ်းဖြစ်သည်။ ယင်းသို့ အက္ခရာလှယ်ရေးခြင်းကို ရှမာရိလူမျိုးများက ပြုလုပ်ခဲ့ကြသည်—ထိုလူမျိုးတို့မှာ ဘီ.စီ.အီး. ၇၄၀ တွင် ဣသရေလဆယ်နွယ်နိုင်ငံကို အာရှုရိတို့ အနိုင်ရပြီးနောက် ရှမာရိနယ်တွင် ကျန်ခဲ့သူများနှင့် ထိုအချိန်က အာရှုရိတို့ ခေါ်ဆောင်လာခဲ့သူတို့မှ ဆင်းသက်လာသူများဖြစ်သည်။ ရှမာရိလူမျိုးတို့သည် ဣသရေလလူမျိုး၏ဝတ်ပြုရေးနှင့် သူတို့၏ မှောက်မှားသောဘုရားဝတ်ပြုရေးနှစ်ရပ်ကို ရောပြွမ်းခဲ့ကြပြီး ပင်တကျွတ်ကျမ်းကိုလည်း လက်ခံခဲ့ကြသည်။ ဘီ.စီ.အီး. လေးရာစုတွင် ၎င်းကျမ်းကို အသံဖလှယ်ကူးရေးခဲ့သည်ဟု ယူမှတ်ခဲ့ကြသည်၊ သို့သော် ကျမ်းပညာရှင်အချို့က ဘီ.စီ.အီး. ဒုတိယရာစုနှောင်းပိုင်းတွင် ကူးရေးခဲ့ခြင်းဖြစ်နိုင်သည်ဟု ဆိုကြ၏။ ၎င်းကျမ်းကိုဖတ်သည့်အခါ ဟေဗြဲအသံထွက်ဖြင့် ဖြစ်ပေမည်။ ဟေဗြဲကျမ်းနှင့် ကွာခြားချက်များ ၆,၀၀၀ ခန့်ပါရှိသော်လည်း ယင်းတို့အများစုမှာ အသေးအဖွဲမျှသာဖြစ်သည်။ ယနေ့တိုင်ရှိနေသေးသည့် စာမူအနည်းငယ်သည် စီ.အီး. ၁၃ ရာစုမတိုင်မီကဖြစ်သည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း၏ အောက်ခြေမှတ်ချက်တွင် ရှမာရိပင်တကျွတ်ကျမ်းမှ တချို့ကို ကိုးကားထားသည်။b
၁၁ အာရမိတ်တာဂွမ်ကျမ်း။ အာရမိတ်ဘာသာစကားတွင် “စကားပြန်ခြင်း” သို့မဟုတ် “စကားပြေပြန်ဆိုခြင်း” ကို တာဂွမ်ဟုခေါ်သည်။ နေဟမိအချိန်မှစ၍ အာရမိတ်ဘာသာသည် ပါးရှား (ပေရသိ) နယ်ပယ်အတွင်း မှီတင်းနေထိုင်ကြသော ဂျူးလူမျိုး၏ ပြောနေကျစကားဖြစ်လာခဲ့ပြီး ဟေဗြဲကျမ်းစာဖတ်စဉ် ၎င်းဘာသာသို့ ပြန်ဆိုရန်လိုအပ်လာခဲ့သည်။ သူတို့၏ လက်ရှိ နောက်ဆုံးစကားပုံစံသည် စီ.အီး. ငါးရာစုခန့်ထက်စော၍ မပေါ်ထွက်ခဲ့ကြောင်း ယူမှတ်ခဲ့ပုံရသည်။ ၎င်းတို့သည် ဟေဗြဲကျမ်းကို အတိအကျပြန်ဆိုခြင်းမဟုတ်ဘဲ အကြမ်းဖျင်းအဓိပ္ပာယ်ကိုသာ ပြန်ဆိုထားခြင်းဖြစ်သော်လည်း မူရင်းစာသား၏ နောက်ခံကိုသိရှိရန် များစွာအထောက်အကူပြုပြီး ခက်ခဲသောအပိုင်းအချို့ကို ရှင်းလင်းစေသည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း၏ အောက်ခြေမှတ်ချက်များ၌ တာဂွမ်ကျမ်းကို မကြာခဏ ကိုးကားဖော်ထားသည်။c
၁၂ ဂရိစက်ပ်တွားဂျင့်။ ဟေဗြဲကျမ်းစောင်များကို ဘာသာပြန်သည့် အစောပိုင်းကျမ်းများထဲတွင် အရေးအပါဆုံးကျမ်းနှင့် ဟေဗြဲဘာသာစကားမှ အမှန်တကယ်ရေးသားဘာသာပြန်ဆိုသည့် ပထမဆုံးကျမ်းမှာ ဂရိစက်ပ်ထွားဂျင့် (အဓိပ္ပာယ်၊ “ခုနစ်ကျိပ်”) ကျမ်းဖြစ်သည်။ ရှေးအစဉ်အလာစကားအရ ၎င်းကို ဘီ.စီ.အီး. ၂၈၀ ခန့်တွင် အီဂျစ်ပြည်၊ အလက်ဇန္ဒြီးယားမြို့၌ ဂျူးလူမျိုးကျမ်းပညာရှင် ၇၂ ယောက်က စတင်ပြန်ဆိုခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ကိန်းဂဏန်း ၇၀ ကိုအသုံးပြုလာခဲ့ကြရာ ထိုဘာသာပြန်ကျမ်းကို စက်ပ်တွားဂျင့်ဟု ခေါ်ဆိုခဲ့ကြသည်။ ဘီ.စီ.အီး. နှစ်ရာစုအတွင်း ပြီးစီးခဲ့ကြောင်း ထင်ရှားသည်။ ယင်းကျမ်းသည် ဂရိစကားပြော ဂျူးများအတွက်ဖြစ်ပြီး ယေရှုနှင့် ကိုယ်တော်၏တမန်တော်များခေတ်ထိတိုင် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြသည်။ ခရစ်ယာန်ဂရိကျမ်းစာထဲတွင် တိုက်ရိုက်ကိုးကားချက် ၃၂၀ ထဲမှ အများစုနှင့် စုစုပေါင်း ၈၉၀ ခန့်ရှိသော ဟေဗြဲကျမ်းအား ကိုးကား၊ ရည်ညွှန်းချက်များသည် စက်ပ်တွားဂျင့်ကျမ်းအပေါ် အခြေခံထားသည်။
၁၃ ပါပိုင်းရတ်စ်ကျူပေါ်ရေးသားထားသော စက်ပ်တွားဂျင့်အပိုင်းအစ အတော်များများမှာ ယနေ့အချိန်ထိရှိနေဆဲဖြစ်၍ ယင်းကိုလေ့လာနိုင်သည်။ ၎င်းတို့သည် အစောပိုင်းခရစ်ယာန်ခေတ်ကဖြစ်ပြီး အများအားဖြင့် အခန်းငယ် သို့မဟုတ် အခန်းကြီး အနည်းငယ်သာဖြစ်သော်လည်း စက်ပ်တွားဂျင့်ကျမ်းပါ စာသားများကို အကဲဖြတ်ရန် အထောက်အကူပြုခြင်းကြောင့် တန်ဖိုးရှိသည်။ ဖိုအက်ဒ် ကျူစာအပိုင်းများ (ပစ္စည်းနံပါတ် ၂၆၆) ကို ၁၉၃၉ ခုနှစ်တွင် အီဂျစ်ပြည်၌ ရှာဖွေတွေ့ရှိခဲ့ပြီး ဘီ.စီ.အီး. ပထမရာစုက စာဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ၎င်းတွင် ကမ္ဘာဦးကျမ်းနှင့် တရားဟောရာကျမ်း အစိတ်အပိုင်းများ ပါရှိသည်။ ကမ္ဘာဦးကျမ်း အပိုင်းအစများသည် မပြည့်စုံသောကြောင့် ဘုရားသခင့်နာမတော် မတွေ့ရပါ။ သို့သော် တရားဟောရာကျမ်း၏ နေရာအတော်များများတွင် ဘုရားသခင့်နာမတော်ပါရှိပြီး ဂရိအက္ခရာများကြားတွင် လေးထောင့်ဟေဗြဲအက္ခရာဖြင့် ရေးသားထားသည်။d အခြားကျူစာတို့မှာ စီ.အီး. လေးရာစုခန့်ကဖြစ်ပြီး ထိုအချိန်တွင် နွား၊ သိုး သို့မဟုတ် ဆိတ်သားရေတို့ဖြင့် ပြုလုပ်ထားသော ပို၍ကြာရှည်ခံ၊ ခိုင်ခံ့သည့် သားရေစာမူများ စတင်သုံးလာခဲ့ကြသည်။
၁၄ စီ.အီး. ၂၄၅ ခုနှစ်ခန့်က ရေးသားပြီးစီးခဲ့သော သြရီဂျင်၏ ကော်လံခြောက်ခုပါရှိသည့် ဟက်ဇပလာ စက်ပ်တွားဂျင့်ကျမ်းတွင်လည်း တက်တြာဂရမ်မီတန် ပုံစံဖြင့် ဘုရားသခင့်နာမတော် ပါရှိခြင်းမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဆာလံ ၂:၂ နှင့်ပတ်သက်၍ သြရီဂျင်က စက်ပ်တွားဂျင့် ကျမ်းတွင် ဤသို့ရေးသားခဲ့သည်– “အတိကျဆုံးသောစာမူများ၌ နာမတော်ကို မျက်မှောက်ခေတ်ဟေဗြဲ [အက္ခရာများ] ဖြင့်မဟုတ်ဘဲ၊ ရှေးအကျဆုံး ဟေဗြဲအက္ခရာဖြင့် ရေးထားသည်။”e အထောက်အထားများက စက်ပ်တွားဂျင့်ကျမ်းသည် အစောပိုင်းကတည်းက တက်တြာဂရမ်မီတန် နေရာတွင် ကီရီအော့စ္စ (သခင်) နှင့် သီအော့စ် (ဘုရားသခင်) စသည်တို့ဖြင့် ပြုပြင်အစားထိုးခဲ့ကြကြောင်း ထင်ရှားသည်။ အစောပိုင်းခရစ်ယာန်တို့သည် ဘုရားသခင့် နာမတော်ပါသောစာမူများကို အသုံးပြုခဲ့ကြသောကြောင့် သူတို့ဓမ္မအမှုဆောင်သည့်အခါ ဂျူးထုံးစံလိုက်ကာ “နာမတော်” အသံထွက်ကို အသုံးမပြုကြဟု မယူမှတ်နိုင်ပါ။ သူတို့သည် ဂရိစက်ပ်တွားဂျင့်ကျမ်းမှ ယေဟောဝါနာမတော်ကို တိုက်ရိုက် သက်သေခံခဲ့ကြပေမည်။
၁၅ ယခုအချိန်အထိ ဂရိစက်ပ်တွားဂျင့် သားရေစာမူများ ရာနှင့်ချီ ရှိနေဆဲဖြစ်သည်။ စီ.အီး. လေးရာစုနှင့် စီ.အီး. ကိုးရာစုအတွင်းကဖြစ်သော ယင်းစာမူအများစုသည် ဟေဗြဲကျမ်းအပိုင်းများဖြစ်သည့်အတွက် အရေးပါသည်။ စာလုံးကြီးအက္ခရာဖြင့် သီးသန့်ရေးသားထားသောစာမူများကို စာလုံးကြီးအက္ခရာကျမ်း (uncial) ဟု သိကြသည်။ စာလုံးငယ်အက္ခရာဖြင့် လက်ရေးဆက်ရေးသည့် ကျန်သည့်စာမူများကို စာလုံးငယ်အက္ခရာကျမ်း (minuscules) ဟု ခေါ်ဆိုကြသည်။ စာလုံးငယ်အက္ခရာ သို့မဟုတ် လက်ရေးဆက်ဖြင့်ရေးသော စာမူများသည် ကိုးရာစုမှစ၍ ပုံနှိပ်လုပ်ငန်းစသည့်အချိန်အထိ ခေတ်စားခဲ့သည်။ လေးရာစုနှင့် ငါးရာစုမှ စာလုံးကြီးအက္ခရာဖြင့်ရေးသော ကျော်ကြားသည့် စာမူများဖြစ်သည့် ဗာတီကန် နံပါတ် ၁၂၀၉၊ ဆိုင်းနိုင်းတစ်ခ်၊ နှင့် အလက်ဇန္ဒရင်းတို့အားလုံးတွင် ဂရိစက်ပ်တွားဂျင့်တစ်အုပ်လုံးပါဝင်ပြီး မပြောပလောက်သော ကွဲလွဲချက်တချို့သာပါရှိသည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း အောက်ခြေမှတ်ချက်များတွင် စက်ပ်တွားဂျင့်ကျမ်းကို မကြာခဏရည်ညွှန်းဖော်ပြထားသည်။f
၁၆ လက်တင်ဗားလ်ဂိတ်။ ဤဘာသာပြန်ကျမ်းသည် အနောက်တိုင်း ခရစ်ယာန်ဘောင်တို့၏ များစွာသောအခြားဘာသာပြန်ကျမ်းများ ပြန်ဆိုရာတွင် ကက်သလစ်ဘာသာပြန်များစွာ အသုံးပြုခဲ့သည့် မိခင်စာပေဖြစ်ခဲ့သည်။ ဗားလ်ဂိတ်ကျမ်း မည်သို့ဖြစ်ပေါ်လာသနည်း။ လက်တင်စကားလုံးဖြစ်သော ဗားလ်ဂတပ်စ်၏အဓိပ္ပာယ်မှာ “လူသိများသော၊ ရေပန်းစားသော” ဖြစ်သည်။ ဗားလ်ဂိတ်ကျမ်းကို ပထမအကြိမ်ထုတ်ဝေသည့်အချိန်တွင် လူသိများသော သို့မဟုတ် ထိုအချိန်က ရေပန်းစားသော လက်တင်ဘာသာဖြင့် ထုတ်ဝေခဲ့ခြင်းကြောင့် အနောက်ရောမအင်ပါယာရှိ သာမန်လူများပင် လွယ်လွယ်နှင့် သဘောပေါက်နိုင်ခဲ့သည်။ ၎င်းကိုဘာသာပြန်ခဲ့သူ ကျမ်းပညာရှင် ဂျရုမ်းက ရှေးဟောင်းလက်တင်စကားဖြင့် ရေးထားသော ဆာလံကျမ်းကို ဂရိစက်ပ်တွားဂျင့်နှင့် နှိုင်းယှဉ်ကာ နှစ်ကြိမ်တိုင် စိစစ်ပြင်ဆင်ခဲ့သည်။ သို့ရာတွင် ဗားလ်ဂိတ်ကျမ်းစာကိုမူ မူရင်းဟေဗြဲနှင့် ဂရိဘာသာစကားတို့မှ တိုက်ရိုက်ပြန်ဆိုခဲ့ခြင်းဖြစ်၍ ဘာသာပြန်ကျမ်းမှပြန်ဆိုသော ဘာသာပြန်ကျမ်းမဟုတ်ပါ။ ဂျရုမ်းသည် ဟေဗြဲဘာသာမှ လက်တင်ဘာသာသို့ ပြန်ဆိုခြင်းကို စီ.အီး. ၃၉၀ ပြည့်နှစ်ခန့်မှ စီ.အီး. ၄၀၅ ခုနှစ်အထိ ပြန်ဆိုခဲ့သည်။ ထိုအချိန်လောက်တွင် စက်ပ်တွားဂျင့်ကျမ်းတွင် ပါရှိနေပြီဖြစ်သော အပေါခရစ်ဖာကျမ်းပယ်များကိုပါ ပြန်ဆိုခဲ့သော်လည်း ဂျရုမ်းသည် ကျမ်းရင်းနှင့် ကျမ်းရင်းမဟုတ်သော စာစောင်များကို ရှင်းလင်းပြတ်သားစွာ ခွဲခြားခဲ့သည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း၏ အောက်ခြေမှတ်ချက်တွင် ဂျရုမ်း၏ ဗားလ်ဂိတ်ကျမ်းကို အကြိမ်များစွာ ရည်ညွှန်းကိုးကားထားသည်။g
ဟေဗြဲဘာသာစကားဖြင့် ကျမ်းများ
၁၇ စိုဖရင်ကျမ်း။ ဧဇရလက်ထက်မှစ၍ ယေရှုလက်ထက်အထိ ဟေဗြဲကျမ်းစောင်များအား ကူးရေးကြသူများကို ကျမ်းတတ်များ သို့မဟုတ် စိုဖရင်များဟု ခေါ်ကြသည်။ အချိန်ကြာလာသောအခါ သူတို့သည် မိမိတို့ဘာသာ ကျမ်းစကားလုံးအပြောင်းအလဲများကို စတင်ပြုလုပ်လာခဲ့ကြသည်။ ပညတ်တရားကို စောင့်ထိန်းပါသည်ဟုဆိုသော ထိုသူတို့သည် မိမိတို့မပိုင်သော အခွင့်အာဏာကိုယူသည့်အတွက် ယေရှုကိုယ်တော်တိုင် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။—မ. ၂၃:၂၊ ၁၃။
၁၈ မက်စိုရာက အပြောင်းအလဲများကို ဖော်ထုတ်ပြ။ ခရစ်တော်နောက်ပိုင်း ရာစုများတွင် စိုဖရင်တို့နေရာတွင် ဆက်ခံလာသော ကျမ်းကူးသူများကို မက်စရိများဟု သိလာကြသည်။ ထိုသူတို့သည် အစောပိုင်းက စိုဖရင်များပြုလုပ်ခဲ့သော အပြောင်းအလဲများကို သတိထားမိခဲ့ကြပြီး အနားသတ်ကွက်လပ်တွင် သို့မဟုတ် ဟေဗြဲကျမ်းအဆုံးတွင် ယင်းတို့ကို မှတ်တမ်းတင်ထားကြ၏။ ထိုအနားသတ်ကွက်လပ်မှ မှတ်ချက်များကို မက်စိုရာဟု လူသိများလာခဲ့သည်။ မက်စိုရာတို့သည် စိုဖရင်တို့၏ အပိုပြောင်းလဲချက် ၁၅ ခုကို စာရင်းပြုစုခဲ့ကြသည်၊ ဟေဗြဲကျမ်းတွင်စကားလုံး သို့မဟုတ် စကားစု ၁၅ လုံးကို အစက် သို့မဟုတ် မျဉ်းတိုဖြင့် မှတ်သားဖော်ပြခဲ့သည်။ ထိုအပိုပြောင်းလဲချက်များထဲမှ တချို့သည် အင်္ဂလိပ်ဘာသာပြန်ကျမ်းများကို ထိခိုက်ခြင်းမရှိပါ၊ သို့သော် အချို့သည် ထိခိုက်မှုရှိပြီး အရေးပါသည်။h စိုဖရင်တို့သည် အယူသီးကြပြီး ယေဟောဝါနာမတော်ကို အသံထွက်မဆိုဝံ့သောကြောင့် နေရာပေါင်း ၁၃၄ နေရာတွင် ▫အဒိုနေ (သခင်) ဟူ၍လည်းကောင်း၊ အချို့နေရာများတွင် ▫အီလိုဟင် (ဘုရားသခင်) ဟူ၍လည်းကောင်း ဖတ်ရှုရန် ပြောင်းလဲခဲ့ကြသည်။ မက်စိုရာတို့သည် ထိုအပြောင်းအလဲများကို စာရင်းပြုထားသည်။i မက်စိုရာတို့၏မှတ်ချက်အရ စိုဖရင် သို့မဟုတ် အစောပိုင်းကျမ်းကူးသူတို့သည် အနည်းဆုံး ပြင်ဆင်ချက် (အမှားပြင်ဆင်ချက်) ၁၈ ခုပြုလုပ်ခဲ့ကြသည်ဟု ဆိုထားသော်လည်း အမှန်အားဖြင့် ထို့ထက်မက ပြုပြင်ကြောင်း ထင်ရှားသည်။j ထိုပြင်ဆင်ချက်များကို ရည်ရွယ်ချက်ကောင်းနှင့် လုပ်ခဲ့ခြင်းဖြစ်မည်၊ အကြောင်းမှာ မူရင်းစာပိုဒ်တွင် ဘုရားသခင်အား ကြည်ညိုမှုမဲ့သည့် သို့မဟုတ် ကိုယ်တော်၏ မြေကြီးကိုယ်စားလှယ်များအား ရိုသေလေးစားမှုမဲ့စေသည့် တင်ပြချက်များ ဖြစ်ပုံရသောကြောင့်ဖြစ်သည်။
၁၉ ဗျည်းအက္ခရာကျမ်း။ ဟေဗြဲအက္ခရာစဉ်တွင် ဗျည်း ၂၂ လုံးပါရှိပြီး သရမရှိပါ။ မူလက စာဖတ်သူသည် ၎င်းဘာသာစကားနှင့်ပတ်သက်သော သူ၏အသိပညာပေါ်မူတည်ပြီး သရသံထည့်၍ဖတ်ခဲ့ကြသည်။ ဟေဗြဲစာသည် အတိုကောက်ရေးနည်းနှင့် တူသည်။ မျက်မှောက်ခေတ်အင်္ဂလိပ်စာတွင် ဗျည်းများဖြင့်သာ ဖော်ပြထားသော စံအဖြစ်သတ်မှတ်ထားသည့် အတိုကောက်စကားလုံး များစွာရှိသည်။ ဥပမာ၊ ltd. သည် limited ၏အတိုကောက်ဖြစ်သည်။ အလားတူပင် ဟေဗြဲဘာသာစကားသည် ဗျည်းအက္ခရာများသာပါသော စကားလုံးအစီအစဉ်လိုက်ဖြင့် ဖွဲ့စည်းထားသည်။ သို့ဖြစ်၍ “ဗျည်းအက္ခရာကျမ်း” ဟူသည် သရမပါသော ဟေဗြဲအက္ခရာကျမ်းကို ဆိုလိုသည်။ အမျိုးမျိုးသောကျမ်းများပါရှိသည့် စာမူများ အချိန်အတော်ကြာ ပျံ့နှံ့နေခဲ့သည့်တိုင် ဟေဗြဲစာမူများ၏ ဗျည်းအက္ခရာကျမ်းသည် စီ.အီး. ပထမနှင့် ဒုတိယရာစုအတွင်း ပုံသေဖြစ်လာခဲ့သည်။ ယခင်စိုဖရင်များ အချိန်ကာလကကဲ့သို့ ပြောင်းလဲမှုများ မလုပ်ကြတော့ပါ။
၂၀ မက်စိုရက်တစ်ကျမ်း။ စီ.အီး. ပထမထောင်စုနှစ်ဝက်တွင် (ဟေဗြဲ၊ ba·ʽalehʹ ham·ma·soh·rahʹ၊ အဓိပ္ပာယ်မှာ “ထုံးတမ်းစဉ်လာရှင်များ”) သည် သရအမှတ်များနှင့် အသံထွက်အမှတ်အသားများစနစ်ကို တီထွင်ခဲ့ကြသည်။ ယင်းအမှတ်အသားများသည် စာဖတ်ရာတွင်နှင့် သရသံများကို အသံထွက်ဖတ်ရာတွင် အထောက်အကူပြုသည့် ရေးသားထားရာဖြစ်သည်၊ ယခင်ကမူ အသံထွက်များကို နှုတ်တိုက်ထုံးတမ်းစဉ်လာဖြင့် လက်ဆင့်ကမ်းခဲ့သည်။ မက်စရိများသည် ကျမ်းစာကူးရေးရာတွင် မည်သည့်အပြောင်းအလဲမျှ မပြုလုပ်ခဲ့ကြပါ၊ သို့သော် မက်စိုရာတွင် အနားသတ်ကွက်လပ်၌ သင့်လျော်သလိုမှတ်ချက်များရေးခဲ့ကြသည်။ မူလစာပေစကား မပြောင်းလဲစေရန် အသေအချာ သတိထားလုပ်ဆောင်ခဲ့ကြသည်။ ထို့ပြင် သူတို့၏မက်စိုရာတွင် မူလစာသားနှင့် ကွဲပြားသည့်အရာများကို အာရုံစိုက်စေပြီး လိုအပ်သည်ဟု သူတို့ယူမှတ်သည့်နေရာများတွင် အမှားပြင်ဆင်ခဲ့ကြသည်။
၂၁ မက်စရိကျောင်းသုံးကျောင်းသည် ဗာဗုလုန်၊ ပါလက်စတိုင်းနှင့် တိုင်ဘေးရီးယန်းဟုခေါ်သော ဗျည်းအက္ခရာကျမ်း၏ အသံထွက်နှင့် အသံနေအသံထားကို တီထွင်ခဲ့ကြသည်။ ဟေဗြဲကျမ်းပုံနှိပ်စာအုပ်များတွင် ယခုတွေ့ရသော ဟေဗြဲကျမ်းကို မက်စိုရက်တစ်ကျမ်းဟု အများသိကြပြီး တိုင်ဘေးရီးယန်းကျောင်းမှ တီထွင်သည့်စနစ်ကို အသုံးပြုထားသည်။ ယင်းစနစ်ကို ဂါလိလဲပင်လယ် အနောက်ဘက်ကမ်းခြေရှိ တိုင်ဘေးရီးယပ်စ်မြို့မှ မက်စရိတို့ တီထွင်ခဲ့ခြင်းဖြစ်သည်။ မက်စိုရက်တစ်ကျမ်း (M အမှတ်အသားဖြင့်) နှင့် ယင်း၏ အနားသတ်ကွက်လပ် မှတ်ချက်များဖြစ်သော မက်စိုရာ (Mmargin အမှတ်အသားဖြင့်) တို့ကို ကမ္ဘာသစ်ဘာသာပြန်ကျမ်း အောက်ခြေမှတ်ချက်များတွင် အကြိမ်များစွာ ရည်ညွှန်းဖော်ပြထားသည်။k
၂၂ ပါလက်စတိုင်းကျောင်းသည် သရအမှတ်အသားများကို ဗျည်းအက္ခရာများ၏အပေါ်တွင် ထားကြသည်။ ယခု ကျွန်ုပ်တို့အချိန်တွင် ထိုပုံစံဖြင့် ရေးသားထားသောစာမူ အနည်းငယ်သာရှိခြင်းက ယင်းအသံထွက်ရေးနည်းသည် စံမမီကြောင်းတင်ပြသည်။ ဗာဗုလုန်သရရေးနည်းသည်လည်း ရှေးမျဉ်းကြောင်းပုံစံဖြစ်သည်။ ဗာဗုလုန်ရေးနည်းတွင် ထင်ရှားသော စာမူတစ်ခုမှာ ယူ.အက်စ်.အက်စ်.အာရ်. လီနင်ဂရဒ် လူထုစာကြည့်တိုက်တွင် သိမ်းဆည်းထားသော စီ.အီး. ၉၁၆ ခုနှစ်မှဖြစ်သည့် ပီတာစဘာ့ဂ် ကိုဒက်လက်ရေးစာမူ အနာဂတ္တိကျမ်းများဖြစ်သည်။ ယင်းကိုဒက်လက်ရေးစာမူတွင် ဟေရှာယ၊ ယေရမိ၊ ယေဇကျေလနှင့် အနာဂတ္တိ “ကျမ်းငယ်” များပါဝင်ပြီး အနားသတ်ကွက်လပ်မှတ်ချက် (မက်စိုရာ) များပါသည်။ ကျမ်းပညာရှင်များက ယင်းစာမူကို စိတ်အားထက်သန်စွာ ဆန်းစစ်ခဲ့ကြပြီး တိုင်ဘေးရီးယန်းကျမ်းနှင့် နှိုင်းယှဉ်ခဲ့ကြသည်။ အသံထွက်ရေးနည်းကို ရှေးမျဉ်းကြောင်းပုံစံ အသုံးပြုထားသော်လည်း အမှန်မှာ ဗျည်းအက္ခရာကျမ်း၊ သရများနှင့် မက်စိုရာတို့နှင့်ပတ်သက်၍ တိုင်ဘေးရီးယန်းကျမ်းမှ နည်းယူထားခြင်းဖြစ်သည်။ ဗြိတိသျှပြတိုက်တွင် ဗာဗုလုန် ပင်တကျွတ်ကျမ်းစာ မိတ္တူတစ်ခုရှိပြီး တိုင်ဘေးရီးယန်းကျမ်းနှင့် အများအားဖြင့်တူညီကြောင်း တွေ့ရှိရသည်။
၂၃ ပင်လယ်သေကျမ်းလိပ်များ။ ၁၉၄၇ ခုနှစ်တွင် ဟေဗြဲကျမ်း စာမူများသမိုင်းတွင် စိတ်လှုပ်ရှားဖွယ်ကောင်းသော အခန်းကဏ္ဍသစ်တစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ပင်လယ်သေဒေသ၊ ဝါဒီ ကွမ်ရန် (နဟယ်လ် ကွမ်ရန်) ရှိ ကျောက်ဂူတစ်ခုမှ ပထမဆုံးသော ဟေရှာယကျမ်းလိပ်နှင့်အတူ အခြားကျမ်းစောင်များ၊ ကျမ်းစာမဟုတ်သော ကျမ်းလိပ်များကို တွေ့ရှိခဲ့သည်။ ထိုသို့တွေ့ရှိပြီးမကြာမီတွင် ကျမ်းပညာရှင်များ လေ့လာနိုင်ရန်အတွက် ကောင်းစွာထိန်းသိမ်းထားသော ဤဟေရှာယကျမ်းလိပ် (1QIsa) တစ်ခုလုံးကို ဓာတ်ပုံမိတ္တူကူးကာ ထုတ်ဝေခဲ့သည်။ ဘီ.စီ.အီး. ဒုတိယရာစု အကုန်ပိုင်းမှ စာလိပ်များဖြစ်သည်ဟု ရက်စွဲတပ်ခဲ့ကြသည်။ ယင်းက၊ ရှေးအကျဆုံးလက်ရှိစာမူအဖြစ် အသိအမှတ်ပြုထားသော မက်စိုရက်တစ်ကျမ်းပါ ဟေရှာယကျမ်းထက် နှစ်ပေါင်းတစ်ထောင်နီးပါးခန့် ပိုရှေးကျသော ဟေဗြဲစာမူတစ်ခုကို မယုံနိုင်စရာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်!l ဧသတာကျမ်းမှလွဲ၍ ဟေဗြဲကျမ်း တစ်အုပ်လုံး၏အစိတ်အပိုင်းများကို ကိုယ်စားပြုသော စာလိပ်ပေါင်း ၁၇၀ ကျော်၏အပိုင်းအစများကို ကွမ်ရန်ဒေသရှိ အခြားဂူများမှ ထပ်မံတွေ့ရှိခဲ့သည်။ ၎င်းစာလိပ်များအား လေ့လာနေဆဲဖြစ်သည်။
၂၄ ကျမ်းပညာရှင်တစ်ဦးက ပင်လယ်သေကျမ်းလိပ်များထဲမှ အရေးပါသောကျမ်းဖြစ်သည့် ဆာလံကျမ်း (11QPsa) ပါရှည်လျားသောအခန်းကြီး ၁၁၉ ကိုလေ့လာသောအခါ ၎င်းသည် မက်စိုရက်တစ်ကျမ်းပါ ဆာလံ ၁၁၉ နှင့်လုံးစေ့ပတ်စေ့နီးပါး ကိုက်ညီသည်ကို တွေ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဆာလံကျမ်းလိပ်နှင့်ပတ်သက်၍ ပါမောက္ခ ဂျေ. အေ. စန်ဒြာက ဤသို့မှတ်ချက်ချ၏– “[ကွဲလွဲချက်] အများစုမှာ စာလုံးပေါင်းသတ်ပုံများဖြစ်ပြီး ယင်းတို့သည် ရှေးဟေဗြဲအသံထွက်နှင့် ယင်းကဲ့သို့သော ကိစ္စရပ်များကို ခြေရာခံလိုက်ကြသော ကျမ်းပညာရှင်များအတွက် အရေးပါသည်။”a မှတ်သားဖွယ်ကောင်းသော ဤရှေးစာမူများ၏ အခြားနမူနာများအရ အများအားဖြင့် ကြီးမားသည့် ကွဲလွဲချက်များမရှိကြောင်း ဖော်ပြသည်။ ဟေရှာယကျမ်းလိပ်ကိုယ်နှိုက်တွင် စာလုံးပေါင်းနှင့် သဒ္ဒါတည်ဆောက်ပုံတို့၌ မတူညီမှုအချို့ရှိသည့်တိုင် အယူဝါဒနှင့်ပတ်သက်သောအချက်များတွင် ကွဲပြားခြားနားမှုမရှိပါ။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ပြင်ဆင်ရာတွင် ဟေရှာယကျမ်းလိပ်စာအုပ်မှ ကွဲလွဲချက်များကို ဆန်းစစ်ကြည့်ပြီး ယင်းကို ရည်ညွှန်းကိုးကားထားသည်။b
၂၅ ဟေဗြဲကျမ်း အဆင့်ဆင့်ကူးယူလာခဲ့သည့် အဓိကလမ်းကြောင်းများကို ယခုဆွေးနွေးခဲ့ပြီးဖြစ်သည်။ အဓိကအနေနှင့် ရှမာရိပင်တကျွတ်ကျမ်း၊ အာရမိတ် တာဂွမ်ကျမ်း၊ ဂရိစက်ပ်တွားဂျင့်ကျမ်း၊ တိုင်ဘေးရီးယန်း ဟေဗြဲကျမ်း၊ ပါလက်စတိုင်းဟေဗြဲကျမ်း၊ ဗာဗုလုန်ဟေဗြဲကျမ်းနှင့် ပင်လယ်သေကျမ်းလိပ်များပါ ဟေဗြဲကျမ်းတို့ဖြစ်သည်။ ထိုကျမ်းများကို လေ့လာ၊ နှိုင်းယှဉ်ကြည့်သည့်အခါ ဟေဗြဲကျမ်းစောင်များသည် ဘုရားသခင့် မှုတ်သွင်းခံကျေးကျွန်များ ဦးဆုံးရေးခဲ့သည့်ပုံစံအတိုင်း ယခုကျွန်ုပ်တို့ခေတ်အထိ ဆင်းသက်လာခဲ့ကြောင်း ယုံကြည်စိတ်ချစေသည်။
ပြန်လည်သန့်စင်ထားသော ဟေဗြဲကျမ်း
၂၆ ၁၉ ရာစုနှစ်အထိ စံအနေနှင့်ထားသည့် ပုံနှိပ်စာစောင် ဟေဗြဲကျမ်းမှာ ၁၅၂၄-၂၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဂျေကော့ပ် ဘင် ကျေရင်မ်၏ ဒုတိယမြောက် ရပ်ဘင်နစ်ကျမ်းစာဖြစ်သည်။ ကျမ်းပညာရှင်များသည် ၁၈ ရာစုနှစ်ရောက်မှ ဟေဗြဲကျမ်းနှင့်ပတ်သက်၍ အကဲဖြတ်ဝေဖန်ခြင်းဆိုင်ရာလေ့လာမှု စတင်ခဲ့ကြသည်။ ၁၇၇၆-၈၀ ပြည့်နှစ်၌ အောက်စဖို့ဒ်မြို့တွင် ဘင်ဂျမင် ကန်နီကော့တ်သည် ဟေဗြဲစာမူ ၆၀၀ ကျော်မှ အဖုံဖုံသော အရေးအသားများကို ထုတ်ဝေခဲ့သည်။ ၎င်းနောက် ၁၇၈၄-၉၈ ခုနှစ်တွင် ပါမာမြို့၌ အီတလီလူမျိုးကျမ်းပညာရှင် ဂျေ. ဘီ. ဒီ ရို့စ်စီက နောက်ထပ်ကျမ်းစာမူ ၈၀၀ ကျော်မှ အဖုံဖုံသော အရေးအသားများကို ထုတ်ဝေခဲ့သည်။ ဂျာမနီနိုင်ငံမှ ဟေဗြဲကျမ်းပညာရှင် အက်စ်. ဘေယာသည်လည်း မူရင်းအခြေပြုစာသားကျမ်းကို ထုတ်ဝေခဲ့သည်။ ၎င်းနောက် မကြာမီအချိန်တွင် စီ. ဒီ. ဂင်စ်ဘာ့ဂ်ျက ဟေဗြဲကျမ်း၏ အကဲဖြတ်ဝေဖန်ခြင်းဆိုင်ရာ မူရင်းအခြေပြုစာသားကျမ်းကို ထုတ်ဝေရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ပထမအကြိမ်ထုတ်ဝေခဲ့ပြီး ၁၉၂၆ ခုနှစ်တွင် နောက်ဆုံးပြင်ဆင်တည်းဖြတ် ထုတ်ဝေခဲ့သည်။c ဂျိုးဇက် ရော့သဟမ်သည် ၁၈၉၄ ခုနှစ်ထုတ် ယင်းကျမ်းစာကို အသုံးပြုပြီး ၁၉၀၂ ခုနှစ်တွင် အင်္ဂလိပ်ဘာသာပြန်ကျမ်း သည် အမ်ဖက်ဆိုက် ဘိုင်ဘယ်လ်ကို ထုတ်ဝေခဲ့သည်၊ ပါမောက္ခ မက်စ် အယ်လ်. မာရ်ဂိုလစ္စနှင့် သူ၏လုပ်ဖော်ဆောင်ဖက်များသည် ဂင်စ်ဘာ့ဂ်ျနှင့် ဘေယာတို့၏ကျမ်းများကို အသုံးပြုကာ ၁၉၁၇ ခုနှစ်တွင် ဟေဗြဲကျမ်းကိုဘာသာပြန်ခဲ့သည်။
၂၇ ၁၉၀၆ ခုနှစ်တွင် ဂျာမနီမှ ဟေဗြဲကျမ်းပညာရှင် ရူဒိုလ်ဖ် ကစ်တယ်သည် ဘီဘလီယာ ဟက်ဘရီကာ သို့မဟုတ် “ဟေဗြဲသမ္မာကျမ်း” ဟု အမည်ပေးထားသော ပြန်လည်သန့်စင်ထားသည့် ဟေဗြဲကျမ်းကို ပထမအကြိမ် (နောက်ပိုင်းတွင် ဒုတိယအကြိမ်) ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်တွင် ကစ်တယ်သည် ထိုအချိန်၌ရှိသည့် မက်စိုရက်တစ်ကျမ်း ဟေဗြဲစာမူများစွာမှ စုစည်း၊ နှိုင်းယှဉ်ဖော်ပြထားသော မူရင်းစာစုများကို အောက်ခြေမှတ်ချက်တွင် အကျယ်တဝင့်ဖော်ပြခဲ့သည်။ သူသည် အများလက်ခံသည့် ဂျေကော့ပ် ဘင် ကျေရင်မ်၏ကျမ်းကို အခြေခံကျမ်းအဖြစ် အသုံးပြုခဲ့သည်။ စီ.အီး. ၁၀ ရာစုနှစ်ခန့်တွင် စံကျမ်းစာအဖြစ်အသုံးပြုခဲ့သည့် ပို၍ရှေးကျသော ဘင် အက်ရှာ မက်စိုရက်တစ်ကျမ်းကို ရရှိလာခဲ့သည့်အခါ ကစ်တယ်သည် လုံးဝနီးပါး ခြားနားသော ဘီဘလီယာ ဟက်ဘရီကာကျမ်းကို တတိယအကြိမ် ထုတ်ဝေရန် စီစဉ်ခဲ့သည်။ သူသေဆုံးပြီးနောက် သူ၏အပေါင်းပါများက ယင်းစာအုပ်ကို လက်စသတ်ပေးခဲ့သည်။
၂၈ ၇ ကြိမ်၊ ၈ ကြိမ်၊ ၉ ကြိမ်မြောက်အထိ ထုတ်ဝေခဲ့သော (၁၉၅၁-၅၅) ကစ်တယ်၏ ဘီဘလီယာ ဟက်ဘရီကာကျမ်းသည် အင်္ဂလိပ်ဘာသာဖြင့်ပြန်ဆိုသော ကမ္ဘာသစ်ဘာသာပြန်ကျမ်း၏ ဟေဗြဲကျမ်းပိုင်းအတွက် အခြေခံကျမ်းဖြစ်ခဲ့သည်။ ၁၉၈၄ ခုနှစ်ထုတ် ကမ္ဘာသစ်ဘာသာပြန်ကျမ်း အောက်ခြေမှတ်ချက်တွင် ဖော်ပြထားသော အချက်အလက်များသည် နောက်ဆုံးသိရှိချက်များနှင့်အညီဖြစ်ရန်အတွက် ၁၉၇၇ ခုနှစ်တွင် အသစ်ထုတ်ဝေခဲ့သော ဘီဘလီယာ ဟက်ဘရီကာ စတုဂတ်တန်စီယာဟု အမည်ပေးထားသည့် ဟေဗြဲကျမ်းကို အသုံးပြုထားသည်။
၂၉ ခရစ်ယာန်ခေတ်မတိုင်မီ ကျမ်းကူးသူများ၏ မူရင်းစာကိုယ်ဆိုင်ရာ အပြောင်းအလဲများစွာကို ဖော်ပြထားသည့် အနားသတ်ကွက်လပ်မက်စိုရာနှင့်ပတ်သက်၍ ကစ်တယ်၏ ဖော်ပြချက်သည် ဘုရားသခင့်နာမတော်၊ ယေဟောဝါကို ပြန်လည်ထည့်သွင်းခြင်းအပါအဝင် ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို အတိအကျပြန်ဆိုဖို့ အထောက်အကူပြုခဲ့သည်။ အစဉ်တိုးပွားလျက်ရှိသော ကျမ်းဆိုင်ရာပညာနယ်ပယ်ကို ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှတစ်ဆင့် ဆက်လက်ရရှိနေစေပါသည်။
၃၀ ဤလေ့လာချက်နှင့် ပူးတွဲပါရှိသောဇယားချပ်က ကမ္ဘာသစ်ဘာသာပြန်ကျမ်းပါ ဟေဗြဲကျမ်းပိုင်း၏ ရင်းမြစ်ကျမ်းများကို ဖော်ပြထားသည်။ အဓိကရင်းမြစ်ကျမ်းအဖြစ် အသုံးပြုခဲ့သော ကစ်တယ်၏ ဘီဘလီယာ ဟက်ဘရီကာကျမ်း ပေါ်ပေါက်လာသည့် ဟေဗြဲကျမ်းစာအဆင့်ဆင့်ကို ဤဇယားက အကျဉ်းချုပ်တင်ပြသည်။ ဒုတိယထား၍ ဆန်းစစ်ခဲ့သော ရင်းမြစ်ကျမ်းများကို မျဉ်းဖြူအစက်လိုင်းဖြင့် ဖော်ပြထားသည်။ ယင်းက လက်တင်ဗားလ်ဂိတ်နှင့် ဂရိစက်ပ်တွားဂျင့်ကဲ့သို့သော ကျမ်းများနှင့်ပတ်သက်၍မူ မူရင်းကျမ်းများကို ဆန်းစစ်ထားသည်ဟု ဖော်ပြရန် တင်ပြထားခြင်း မဟုတ်ပါ။ မှုတ်သွင်းခံ ဟေဗြဲကျမ်းစောင်များကဲ့သို့ပင် ထိုကျမ်းများ၏မူရင်းမှာ ယခုအချိန်တွင် မရှိတော့ပါ။ ထိုရင်းမြစ်ကျမ်းများသည် ယုံကြည်စိတ်ချရသော တည်းဖြတ်ထုတ်ဝေထားရာများ သို့မဟုတ် စိတ်ချရသော ရှေးဘာသာပြန်ကျမ်းများနှင့် အကဲဖြတ်ဝေဖန်သူများ၏ အနက်ဖွင့်မှုများမှ ယူထားခြင်းဖြစ်သည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကော်မတီသည် ထိုကျမ်းအမျိုးမျိုးမှ အကြံဉာဏ်ယူထားခြင်းဖြင့် မူရင်းမှုတ်သွင်းခံ ဟေဗြဲကျမ်း၏ ပိုင်နိုင်သော၊ ယုံကြည်စိတ်ချရသော ဘာသာပြန်ကျမ်းကို ထုတ်ဝေနိုင်ခဲ့ခြင်းဖြစ်သည်။ ဤရင်းမြစ်အားလုံးကို ကမ္ဘာသစ်ဘာသာပြန်ကျမ်း အောက်ခြေမှတ်ချက်တွင် ဖော်ပြထားသည်။
၃၁ ထို့ကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်းပါ ဟေဗြဲကျမ်းအပိုင်းသည် ခေတ်တစ်လျှောက် သမ္မာကျမ်းစာဆိုင်ရာ သိရှိနားလည်မှုနှင့် သုတေသနပြုမှုတို့မှ ထွက်ပေါ်လာသည့် ကျမ်းဖြစ်သည်။ မူရင်းစာသားများကို မူမပျက် ကူးပြောင်းပေးခဲ့ခြင်းကြောင့် အလွန်ယုံကြည်စိတ်ချရသည့် ကျမ်းစာသားအပေါ် အခြေပြုထားသည်။ စိတ်ဝင်စားဖွယ်ရေးဟန်ဖြင့် ရိုးစင်းပြီး တိကျစွာဘာသာပြန်ထားရာ အလေးအနက်လေ့လာစေရန် ဖြစ်စေသည်။ ကိုယ်တော်၏နှုတ်ကပါဌ်တော်သည် ယနေ့အချိန်တွင် အသက်ရှင်နေပြီး တန်ခိုးသက်ရောက်ခြင်းကြောင့် ဆက်သွယ်ရှင် ဘုရားသခင်ယေဟောဝါ၏ကျေးဇူးကြီးလှပေ၏! (ဟေဗြဲ ၄:၁၂) စိတ်နှလုံးရိုးဖြောင့်သူများသည် အဖိုးထိုက်သော ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေ့လာခြင်းဖြင့် ယုံကြည်ခြင်းကို ဆက်လက်တည်ဆောက်ကြကာ ဤအရေးကြီးလှသော နေ့ရက်ကာလအတွင်း ယေဟောဝါ၏အလိုတော်ကို လုပ်ဆောင်ရန် လှုံ့ဆော်ခံရကြပါစေ။—၂ ပေ. ၁:၁၂၊ ၁၃။
[အောက်ခြေမှတ်ချက်များ]
a တရားဇရပ်များကို မည်သည့်အချိန်တွင် စတင်အသုံးပြုခဲ့သည်ကို မသိရပါ။ ဗိမာန်တော်မရှိသည့် အနှစ် ၇၀ ဗာဗုလုန်၌ ပြည်နှင်ခံရချိန်အတွင်း သို့မဟုတ် ဧဇရခေတ် ပြည်နှင်ခံရသူများပြည်တော်ပြန်ပြီးနောက် မကြာမီအချိန်တွင် စတင်အသုံးပြုခဲ့ခြင်း ဖြစ်နိုင်သည်။
b ကမ္ဘာဦး ၄:၈; ထွက်မြောက်ရာ ၆:၂; ၇:၉; ၈:၁၅ နှင့် ၁၂:၄၀ တို့၏ အောက်ခြေမှတ်ချက်တွင်ပါသော “Sam” ကိုရှု။ ဤတွင်ဖော်ပြထားသော နောက်ဆုံးကျမ်းချက်ပြန်ဆိုထားပုံက ဂလာတိ ၃:၁၇ ကိုနားလည်သဘောပေါက်ရန် အကူအညီပေးသည်။
c တောလည်ရာ ၂၄:၁၇; တရားဟောရာ ၃၃:၁၃ နှင့် ဆာလံ ၁၀၀:၃ တို့၏ အောက်ခြေမှတ်ချက်တွင်ပါသော “T” ကိုရှု။
d အညွှန်းကျမ်းစာ၊ နောက်ဆက်တွဲ 1C၊ “ရှေးဂရိဘာသာပြန်ကျမ်းများတွင်ပါသော ဘုရားသခင့်နာမတော်။”
f ကမ္ဘာသစ်ဘာသာပြန်ကျမ်းသည် ထိုကွဲလွဲချက်များကို ဆိုင်းနိုင်းတစ်ခ် အတွက် LXXא၊ အလက်ဇန္ဒရင်းအတွက် LXXA နှင့် ဗာတီကန်အတွက် LXXB အမှတ်အသားတို့ဖြင့် ဖော်ပြသည်။ ၃ ဓမ္မရာဇဝင် ၁၄:၂ နှင့် ၁ ရာဇဝင်ချုပ် ၇:၃၄; ၁၂:၁၉ တို့၏အောက်ခြေမှတ်ချက်ကို ကြည့်ပါ။
g ထွက်မြောက်ရာ ၃၇:၆ ၏အောက်ခြေမှတ်ချက်ပါ “Vg” ကိုရှု။
h အညွှန်းကျမ်းစာ၊ နောက်ဆက်တွဲ 2A “အပိုပြောင်းလဲချက်များ။”
i အညွှန်းကျမ်းစာ၊ နောက်ဆက်တွဲ 1B “ဘုရားသခင့်နာမတော် အပါအဝင် ကျမ်းကူးသူတို့၏ ပြောင်းလဲမှုများ။”
j အညွှန်းကျမ်းစာ၊ နောက်ဆက်တွဲ 2B “စိုဖရင်တို့၏ ပြင်ဆင်ချက်များ (အမှားပြင်ဆင်ချက်များ)။”
k ဆာလံ ၆၀:၅; ၇၁:၂၀; ၁၀၀:၃ နှင့် ၁၁၉:၇၉ တို့တွင် အောက်ခြေမှတ်ချက်များကိုရှု။
l သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်၊ အတွဲ ၁၊ စာမျက်နှာ ၃၂၂။
a ပင်လယ်သေဆာလံကျမ်းလိပ်၊ ၁၉၆၇၊ ဂျေ. အေ. စန်ဒြာ၊ စာမျက်နှာ ၁၅။
b ဟေရှာယ ၇:၁; ၁၄:၄ ၏အောက်ခြေမှတ်ချက်ပါ “1QIsa” ကိုရှု။
c ဝတ်ပြုရာ ၁၁:၄၂ ပါအောက်ခြေမှတ်ချက်မှ “Gins.” ကိုရှု။
[စာမျက်နှာ ၁၆ ပါ ဇယား]
(စာစောင်တွင်ကြည့်ပါ)
ကမ္ဘာသစ်ဘာသာပြန်ကျမ်းအတွက် ရင်းမြစ်ကျမ်းများ– ဟေဗြဲကျမ်းစောင်များ
မူရင်းဟေဗြဲကျမ်းစောင်များနှင့် အစောပိုင်းမိတ္တူများ
အာရမိတ် တာဂွမ်
ပင်လယ်သေ ကျမ်းလိပ်များ
ရှမာရိ ပင်တကျွတ်
ဂရိ စက်ပ်တွားဂျင့်
ရှေးဟောင်း လက်တင်ကျမ်း
ကော့ပ်တစ်၊ အီသီယိုးပစ်ခ်၊ အာမေးနီးယန်း
ဟေဗြဲ ဗျည်းအက္ခရာ ကျမ်း
လက်တင် ဗားလ်ဂိတ်
ဂရိ ဘာသာပြန်ကျမ်းများ—အကွီလာ၊ သီအာဒိုးရှင်း၊ ဆင်းမာခက်စ်
ဆီးရီးယက်ခ် ပက်ရှီတာ
မက်စိုရက်တစ် ကျမ်း
ကိုင်ရို ကိုဒက်လက်ရေးစာမူ
အနာဂတ္တိကျမ်းများ၏ ပီတာစဘာ့ဂ် ကိုဒက် လက်ရေးစာမူ
အလက်ပို ကိုဒက် လက်ရေးစာမူ
ဂင်စ်ဘာ့ဂ်ျ၏ ဟေဗြဲ ကျမ်း
လီနင်ဂရဒ် ကိုဒက်လက်ရေးစာမူ B 19A
ဘီဘလီယာ ဟက်ဘရီကာ (BHK)၊ ဘီဘလီယာ ဟက်ဘရီကာ
စတုဂတ်တန်စီယာ (BHS)
ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ဟေဗြဲကျမ်းစောင်များ—အင်္ဂလိပ်; အင်္ဂလိပ်မှ အခြားခေတ်သုံးဘာသာစကားများစွာသို့ ပြန်ဆိုသည်
[စာမျက်နှာ ၁၇ ပါ ဇယား]
(စာစောင်တွင်ကြည့်ပါ)
ကမ္ဘာသစ်ဘာသာပြန်ကျမ်းအတွက် ရင်းမြစ်ကျမ်းများ– ခရစ်ယာန်ဂရိကျမ်းစောင်များ
မူရင်းဂရိကျမ်းစောင်များနှင့် အစောပိုင်းမိတ္တူများ
အာမေးနီးယန်း ဘာသာပြန်ကျမ်း
ကော့ပ်တစ် ဘာသာပြန်ကျမ်း
ဆီးရီးယက်ခ် ဘာသာပြန်ကျမ်—ကူရီတိုနီယန်၊ ဖီလိုဇန်နီယန်၊ ဟာကလင်းန်၊
ပါလက်စတင်းနီယန်၊ ဆိုင်းနိုင်းတစ်ခ်၊ ပက်ရှီတာ
ရှေးဟောင်းလက်တင်ကျမ်း
လက်တင် ဗားလ်ဂိတ်
စစ်စတင်း နှင့် ခလဲမဲန်တင်းတို့၏ ပြန်လည်တည်းဖြတ်ထားသော လက်တင် ကျမ်း
ဂရိစာလုံးဝိုင်းအသပ်ရှည် လက်ရေးဆက်ကျမ်း MSS.
အီရက်စ်မပ်စ် ကျမ်း
စတက်ဖာနပ်စ်ကျမ်း
တက်စ်တပ်စ် ရီစက်ပ်တပ်စ်ကျမ်း
ဂရစ်ဘက်ရှ် ဂရိကျမ်း
အမ်ဖက်တစ် ဒိုင်အာဂလော့ထ်
ကျူစာ—(ဥပမာ၊ ချက်စတာ ဘီတီ P45၊ P46၊ P47; ဘော့မာ P66၊ P74၊
P75)
ဂရိ စာလုံးဝိုင်း အသပ်ရှည်ကျမ်း MSS.—ဗာတီကန် ၁၂၀၉ (B)၊ ဆိုင်းနိုင်းတစ်ခ် (א)၊
အလက်ဇန္ဒရင်း (A)၊ အီဖရီရယ်မီ ဆီးရီး ရီစခရစ်ပ်တပ်စ် (C)၊ ဘဇေး (D)
ဝက်စ်ကော့တ် နှင့် ဟော့တ် ဂရိကျမ်း
ဘိုဗာ ဂရိ ကျမ်း
မက်ခ် ဂရိ ကျမ်း
နက်စတယ်-အာလန် ဂရိကျမ်း
ကျမ်းစာ အသင်းပေါင်းချုပ် ဂရိ ကျမ်း
ဟေဗြဲဘာသာပြန်ကျမ်း ၂၃ ကျမ်း (၁၄-၂၀ ရာစု)၊ ဂရိ သို့မဟုတ်
လက်တင်ဗားလ်ဂိတ်တစ်ခုခုမှ ဘာသာပြန်ဆိုပြီး
ဘုရားသခင့်နာမတော် အတွက် တက်တြာဂရမ်မီတန်ကို အသုံးပြုထား
ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ခရစ်ယာန်ဂရိကျမ်းစောင်များ—အင်္ဂလိပ်; အင်္ဂလိပ်မှ အခြားခေတ်သုံးစကားများစွာသို့ ပြန်ဆိုသည်