စိတ်အားထက်သန်မှု မည်သို့မြဲမြံစေနိုင်
၁ ဓမ္မအမှုထမ်းဆောင်ရာတွင် အာပေါလု၏ စိတ်အားထက်သန်မှုက ဟောပြောခြင်းလုပ်ငန်းတွင် အထူးစိတ်အားထက်သန်ကြသည့် မျက်မှောက်ခေတ် ခရစ်ယာန်ချင်းများကို သတိရစေသည်။ (တ. ၁၈:၂၄-၂၈) သို့သော် ကျွန်ုပ်တို့အားလုံး ဤသို့တိုက်တွန်းခံရကြသည်– “မပျင်းမရိဘဲ အလုပ်ကို ကြိုးစားအားထုတ်လုပ်ကိုင်ကြလော့။ စိတ်အားထက်သန်စွာ . . . အမှုတော်ကို ဆောင်ရွက်ကြလော့။” (ရော. ၁၂:၁၁၊ ခေတ်သုံးမြန်မာသမ္မာကျမ်း) ခရစ်ယာန်ဓမ္မအမှုအတွက် စိတ်အားထက်သန်မှုရှိပြီး ယင်းကို မြဲမြံနေစေရန် အဘယ်အရာက ကျွန်ုပ်တို့အား ကူညီနိုင်သနည်း။
၂ အသိပညာက စိတ်အားတက်ကြွစေ– တပည့်တော်နှစ်ဦးကို ယေရှုကိုယ်ယောင်ပြကာ “ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသောကျမ်းစာချက်အနက်ကို ရှင်းလင်းစွာဖော်ပြ” ပြီးနောက် သူတို့သည် ‘လမ်းခရီး၌ ငါတို့အားဟောပြောသောအခါ၊ ငါတို့စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လော’ ဟု ကောက်ချက်ချခဲ့ကြသည်။ (လု. ၂၄:၂၇၊ ၃၂) ထိုနည်းတူ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ပို၍သိနားလည်လာသောအခါ ကျွန်ုပ်တို့ စိတ်လှုပ်ရှား တက်ကြွကြသည်မဟုတ်လော။ မှန်ပါသည်၊ အသိပညာက ယုံကြည်ခြင်းကို တိုးပွားစေ၏။ ရောမ ၁၀:၁၇ က “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏” ဟုရှင်းပြသည်။ ယေဟောဝါ၏ကတိတော်များကို စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ပါက ကျွန်ုပ်တို့သိရှိထားရာများကို မပြောဘဲ လုံးဝမနေနိုင်ချေ!—ဆာ. ၁၄၅:၇; တ. ၄:၂၀။
၃ ဘုရားသခင်ကိုချစ်သည့် ကျွန်ုပ်တို့၏မေတ္တာ ဆက်၍သန်စွမ်းစေရန်၊ ကိုယ်တော့်လုပ်ငန်းအတွက် စိတ်အားကြီးစေရန် ယခင်လေ့လာမှုမှရရှိထားသည့် အသိပညာကိုသာ အားထား၍မရနိုင်ပေ။ သမ္မာတရားဆိုင်ရာ ကျွန်ုပ်တို့၏သိနားလည်မှုကို ဆက်လက်တိုးချဲ့ပြီး ယေဟောဝါကို နှစ်နှစ်ကာကာချစ်နေရမည်။ ထိုသို့မပြုလုပ်ပါက ကိုယ်တော်အား ကျွန်ုပ်တို့၏ဝတ်ပြုမှုသည် တဖြည်းဖြည်းနှင့် ဝတ်ကျေတမ်းကျေသာဖြစ်လာနိုင်သည်။ (ဗျာ. ၂:၄) ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အား “ဘုရားသခင်ကိုသိသောဉာဏ် [“ဆက်၍၊” ကဘ] တိုးပွား” နေရန် တိုက်တွန်းထားသည်။—ကော. ၁:၉-၁၁။
၄ ကျွန်ုပ်တို့၏ လေ့လာမှုအကျင့်များ– ထို့ကြောင့် ကျွန်ုပ်တို့၏လေ့လာမှုအကျင့်များကို ဆန်းစစ်သင့်သည်။ ဥပမာ၊ လေ့လာမည့် ကင်းမျှော်စင် သင်တန်းဆောင်းပါးတစ်ခုတွင် အဖြေများမှတ်သားပြီး အဖြေမှန်များပေးနိုင်ပေမည်။ သို့သော် ညွှန်းထားသောကျမ်းချက်များကို ဖွင့်ဖတ်ကာ အကြောင်းအရာကို ကျွန်ုပ်တို့၏အသက်တာတွင် မည်သို့ကျင့်သုံးနိုင်ကြောင်း သုံးသပ်ပါသလော။ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းတွင် အခြေအနေပေးလျှင် ထပ်ဆင့်သုတေသနပြုရန်ကြိုးစားကာ ထိုတွင်ပါသည့် သင်ခန်းစာများကို တွေးတောဆင်ခြင်ပါသလော။ (ဆာ. ၇၇:၁၁၊ ၁၂; သု. ၂:၁-၅) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စေ့စေ့ဆင်ခြင်သုံးသပ်ကာ ယင်းတွင် အာရုံနစ်မြုပ်ထားလျှင် မည်မျှအကျိုးရှိလိုက်မည်ဖြစ်ခြင်း! (၁ တိ. ၄:၁၅၊ ၁၆) ထိုသို့သော အလေးအနက်ထားလေ့လာမှုက ကျွန်ုပ်တို့ကို ခွန်အားရှိစေပြီး “ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး” ရန် လှုံ့ဆော်ပေးသည်။—တိ. ၂:၁၄။