ယေဟောဝါအား မျှော်လင့်လျက်နေလော့
၁။ စည်းဝေးကြီးခေါင်းစဉ်မှာ အဘယ်နည်း။ ယင်းသည် အဘယ်ကြောင့်အခန့်သင့်ဖြစ်သနည်း။
၁ “ထာဝရဘုရားသည် တရားသောဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို မျှော်လင့်သောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏” ဟုဟေရှာယရေးခဲ့သည်။ (ဟေရှာ. ၃၀:၁၈ခ) ဘုရားသခင်သည် ကိုယ်တော်၏ရန်သူများကိုတရားစီရင်ပြီး သစ္စာရှိကျေးကျွန်များကို ကယ်နုတ်သည့်ကျမ်းစာမှတ်တမ်းများစွာရှိပါသည်။ ယင်းမှတ်တမ်းများက ယနေ့ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူတို့အတွက် အဘယ်သင်ခန်းစာပေးသနည်း။ “ထာဝရဘုရား၏ ကြောက်မက်ဖွယ်သောနေ့ကြီး” အတွက်ပြင်ဆင်ရာတွင် ယခု ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။ (ယောလ ၂:၃၁၊ ၃၂) ထိုမေးခွန်းများကို ဆင်ခြင်သုံးသပ်ရန်နှင့် မိမိတို့ကိုယ်ကိုဆန်းစစ်ရန် မကြာမီရောက်ရှိလာတော့မည့် “ကယ်နုတ်ချိန်နီးပြီ!” ခရိုင်စည်းဝေးကြီးက လှုံ့ဆော်ပေးပါမည်။ ယင်းစည်းဝေးကြီးက ယေဟောဝါအား မျှော်လင့်လျက်နေရန် အထောက်အကူပြုမည်။
၂။ ကျွန်ုပ်တို့သည် ခရိုင်စည်းဝေးကြီးအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း မည်သို့တင်ပြနိုင်သနည်း။
၂ သင်သည် စည်းဝေးကြီးသုံးရက်စလုံးမှ အကျိုးခံစားရရန် အစီအစဉ်များ ပြုလုပ်ထားပြီလော။ ဥပမာ၊ သင်သည် စည်းဝေးကြီးတက်ရောက်နိုင်ရန် ခွင့်ရက်ရရှိဖို့ သင့်အလုပ်ရှင်ထံ ခွင့်တောင်းပြီးပြီလော။ ခွင့်ရနိုင်ပါသည်ဟု ဤအတိုင်းပေါ့ပေါ့မထားပါနှင့်။ ယင်းအတွက် ဆုတောင်းလုပ်ဆောင်ပါ။ (နေ. ၂:၄၊ ၅) အလားတူပင် သယ်ယူပို့ဆောင်ရေး၊ တည်းခိုရေးနှင့် အခြားကိစ္စများအတွက် အပြီးသတ်စီစဉ်မှုများပြုရန် မဖင့်နွှဲသင့်ပါ။ ထိုသို့ကောင်းစွာစီစဉ်ထားခြင်းက ယေဟောဝါ၏ဝိညာဏစားပွဲကို အလွန်လေးမြတ်ကြောင်း တင်ပြရာရောက်သည်။ အကြီးအကဲများသည် စည်းဝေးကြီးအစီအစဉ်များအတွက် အကူအညီလိုအပ်နေသူ၊ အထူးသဖြင့် အသင်းတော်တွင်းရှိ အသက်ကြီးသူများကို အကူအညီပေးရန် နိုးနိုးကြားကြားရှိသင့်သည်။—ဂလ. ၆:၁၀။
၃။ စည်းဝေးကြီးကျင်းပသည့်မြို့တွင် ယေဟောဝါလူမျိုးသည် အဘယ်အရည်အသွေးများကို တင်ပြသင့်သနည်း။
၃ အမူအကျင့်ကောင်းက ဘုရားသခင်ကိုဂုဏ်တင်– ကျွန်ုပ်တို့သည် စည်းဝေးကြီး၌စုဝေးကြချိန်တွင် ကျွန်ုပ်တို့၏အမူအကျင့်ကောင်းက လူတို့ရှေ့တွင် သက်သေခံမှုတစ်ရပ် ဖြစ်စေသည်။ ယင်းသို့ဖြစ်ရန် အဘယ်အရာလုပ်ဆောင်ရမည်နည်း။ စည်းဝေးကြီးကျင်းပသည့်ဒေသရှိ စားသောက်ဆိုင်နှင့် အခြားနေရာများ၌ရှိနေချိန်တွင် ကျွန်ုပ်တို့ပြောဆိုဆက်ဆံရသောသူတို့ကို ကျွန်ုပ်တို့၏ ခရစ်ယာန်အရည်အသွေးများအားဖြင့် လန်းဆန်းစေသင့်သည်။ (ဂလ. ၅:၂၂၊ ၂၃; ဖိ. ၄:၅) အခက်အခဲပြဿနာများ သို့မဟုတ် အဆင်မပြေမှုများ ပေါ်လာလျှင်ပင် ကျွန်ုပ်တို့သည် “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြု” လိုကြမည်။—၁ ကော. ၁၀:၃၁; ၁၃:၅။
၄။ မိဘများသည် မိမိတို့၏သားသမီးများ ယေဟောဝါအား ချီးမွမ်းစေသည့် အမူအကျင့်များတင်ပြစေရန် မည်သို့ကူညီပေးနိုင်သနည်း။
၄ စည်းဝေးကြီးတစ်ခုပြီးနောက် ဟိုတယ်မန်နေဂျာတစ်ဦးက ကျွန်ုပ်တို့လူငယ်လေးများ၏အမူအကျင့်ကို အလွန်စွဲမှတ်သွားကာ “ဒီဟိုတယ်မှာ ဒီလိုမျိုးဧည့်သည်တွေ အမြဲရှိရင်ကောင်းမှာ” ဟုသူ၏ဆန္ဒကို ထုတ်ဖော်ခဲ့သည်။ ဝမ်းသာစရာပင်! ယင်းက မိဘများ ကောင်းစွာလေ့ကျင့်ပေးထားကြောင်း ဖော်ပြသည်။ ကလေးများကို သင့်လျော်စွာ အမြဲကြီးကြပ်ပေးသင့်သည်။ (သု. ၂၉:၁၅) သူတို့၏အမူအကျင့်ကောင်းဖြင့် ယေဟောဝါအား ချီးမွမ်းမှုဖြစ်ပါစေ။—သု. ၂၇:၁၁။
၅။ ကျွန်ုပ်တို့၏ ဝတ်စားဖြီးလိမ်းပုံဖြင့် ယေဟောဝါအား မည်သို့ဂုဏ်တင်နိုင်သနည်း။
၅ ဣန္ဒြေရှိရှိဝတ်စားဖြီးလိမ်းခြင်း– ကျွန်ုပ်တို့တစ်ဦးစီသည် ဣန္ဒြေမရှိသော သို့မဟုတ် သပ်ရပ်မှုမရှိ၊ ဖြစ်ကတတ်ဆန်းနိုင်လွန်းသော ဝတ်စားဆင်ယင်မှုပုံစံကို ရှောင်ကြဉ်ခြင်းဖြင့် စည်းဝေးကြီးဂုဏ်သတင်းကို တိုးမြှင့်ပေးနိုင်သည်။ ယင်းသည် စည်းဝေးကြီးကျင်းပသည့်မြို့တွင် သွားလာလည်ပတ်စဉ်နှင့် စည်းဝေးကြီးအစီအစဉ် တက်ရောက်ချိန်တို့နှင့် သက်ဆိုင်သည်။ အိမ်ထောင်ဦးစီးက မိမိ,မိသားစု၏အသွင်အပြင်သည် ဣန္ဒြေရှိပြီး သမ္မာသတိရှိကြောင်း ထင်ဟပ်ပေါ်လွင်နေစေရန် သေချာစေရမည်။—၁ တိ. ၂:၉။
၆။ စည်းဝေးကြီး၏ အစီအစဉ်ကျနမှုနှင့် ရွှင်လန်းမှုကို ကျွန်ုပ်တို့ မည်သို့တိုးမြှင့်ပေးနိုင်သနည်း။ (စာမျက်နှာ ၃ မှ “ခရိုင်စည်းဝေးကြီးသတိပေးချက်များ” ကိုကြည့်ပါ)
၆ ယေဟောဝါ၏ မခံစားထိုက်သောကရုဏာကို ကျေးဇူးတင်လေးမြတ်မှုက စည်းဝေးကြီးများ၌ အတူတကွစုဝေးကြစဉ် ကျွန်ုပ်တို့၏အမူအကျင့်အားဖြင့် ကိုယ်တော်ကိုဂုဏ်တင်ရန် လှုံ့ဆော်ပေးသင့်သည်။ “ကယ်နုတ်ချိန်နီးပြီ!” ခရိုင်စည်းဝေးကြီးသည် ဘုရားသခင်အားဂုဏ်တင်မှုဖြစ်စေကာ ကိုယ်တော်အားမျှော်လင့်လျက်နေရန် ကျွန်ုပ်တို့အား ထောက်ကူပေးပါစေ!
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
ခရိုင်စည်းဝေးကြီးသတိပေးချက်များ
◼ အစီအစဉ်အချိန်များ– အစီအစဉ်ကို သုံးရက်စလုံး နံနက် ၉:၃၀ နာရီတွင် စတင်မည်။ အစီအစဉ်မစတင်မီ မိနစ်အနည်းငယ်တွင် မိမိတို့၏ထိုင်ခုံများ၌ အားလုံးထိုင်နေသင့်သည်၊ သို့မှသာ အစီအစဉ်ကို သိက္ခာရှိရှိ၊ စနစ်တကျစတင်နိုင်မည်ဖြစ်သည်။ အစီအစဉ်ကို သောကြာနေ့တွင် ညနေ ၅:၁၅ နာရီ၊ စနေနေ့တွင် ညနေ ၅:၀၅ နာရီ၊ တနင်္ဂနွေနေ့တွင်မူ ညနေ ၄:၁၀ နာရီ၌ နိဂုံးချုပ်ပါမည်။
◼ ထိုင်ခုံဦးခြင်း– သင်နှင့်အတူလာသူများ သို့မဟုတ် သင်နှင့်အတူ တစ်အိမ်တည်းနေသူများအတွက်သာ ထိုင်ခုံများဦးထားနိုင်သည်။
◼ နေ့လယ်စာ– နေ့လယ်ခေတ္တရပ်နားချိန်တွင် စည်းဝေးကြီးနေရာမှ အပြင်ထွက်ကာ အစားအစာသွားဝယ်စားမည့်အစား ကျေးဇူးပြု၍ နေ့လယ်စာယူလာပါ။ ထိုင်ခုံအောက်တွင်ထားနိုင်သော ဘူးငယ်တစ်ခုကို အသုံးပြုနိုင်သည်။
◼ အလှူငွေ– အတော်အတန်အကုန်အကျခံ၍ ခရိုင်စည်းဝေးကြီးကို စီစဉ်ထားသည်။ နိုင်ငံတော်ခန်းမတွင် သို့မဟုတ် စည်းဝေးကြီးတွင်ကမ္ဘာချီလုပ်ငန်းအတွက် စေတနာအလျောက် အလှူငွေများထည့်ဝင်ခြင်းဖြင့် ကျွန်ုပ်တို့၏ ကျေးဇူးတင်လေးမြတ်မှုကို ပြသနိုင်သည်။
◼ မတော်တဆထိခိုက်မှုများနှင့် အရေးပေါ်အခြေအနေများ– စည်းဝေးကြီးကျင်းပသည့်နေရာတွင် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် ရှေးဦးသူနာပြုဌာနသို့ ချက်ချင်းအကြောင်းကြားပေးမည့် အနီးအနားရှိ ဧည့်ကြိုတစ်ဦးနှင့် ကျေးဇူးပြု၍ဆက်သွယ်ပါ၊ သို့မှသာ ကျွန်ုပ်တို့၏အရည်အချင်းရှိ ရှေးဦးသူနာပြုများက အခြေအနေသည် စိုးရိမ်စရာရှိမရှိ အကဲဖြတ်ကာ အကူအညီပေးနိုင်ပါလိမ့်မည်။