ဝန်ခံခြင်း
အဓိပ္ပာယ်သတ်မှတ်ချက်– လူများရှေ့ ဖြစ်စေ၊ သီးသန့်၍ဖြစ်စေ (၁) မိမိယုံကြည်ချက်၊ (၂) မိမိအပြစ်ကို ဖြောင့်ချက်ပေးခြင်း၊ သို့မဟုတ် သိမှတ်ဝန်ခံခြင်း။
ကက်သလစ်ချာ့ချ်သွန်သင်သည့် အာပတ်ဖြေခြင်း (ဘုန်းကြီးနားတီးတိုးအပြစ်ဝန်ခံခြင်း) အပါအဝင် ဖျန်ဖြေစေ့စပ်ခြင်းအခမ်းအနားသည် ကျမ်းစာနှင့်ညီညွတ်သလော
ဘုန်းကြီးအားခေါ်ဝေါ်ပုံ
ယခုတိုင်အသုံးများသော ရှေးရိုးစဉ်လာပုံသေနည်းမှာ ဤသို့– “ကျွန်ုပ်ပြစ်မှားခဲ့သဖြင့် ကျွန်ုပ်အားသန့်ရှင်းစေတော်မူပါ၊ Father။ ကျွန်ုပ်နောက်ဆုံးအကြိမ်အပြစ်ဝန်ခံသည်မှာ [ကြာညောင်းသောအချိန်] ကြာခဲ့ပြီ။ —၁၉၈၂၊ အောက်တိုဘာလထုတ် ယူအက်စ်ကက်သလစ် မဂ္ဂဇင်း။ စ. ၆။
မ. ၂၃:၁၊ ၉၊ JB– “ယေဇူးက . . . ‘သင်တို့၌ Father ခမည်းတော်တစ်ပါးတည်းသာရှိ၍ ကိုယ်တော်သည် ကောင်းကင်၌ကျိန်းဝပ်တော်မူသောကြောင့် သင်တို့သည် ကမ္ဘာပေါ်မှာမည်သူ့ကိုမျှ Father ဟုမခေါ်ရ။’”
ခွင့်လွှတ်နိုင်သောအပြစ်များ
“ချာ့ချ်က အပြစ်ဟူသမျှ မည်မျှကြီးလေးသည်ပဲထား၊ ခွင့်လွှတ်နိုင်သည်ဟု သွန်သင်လာခဲ့သည်။”—ကက်သလစ်စွယ်စုံကျမ်း (ကန့်ကွက်ချက်မရှိ၊ ပုံနှိပ်ခွင့်ပြုသည် ဟူသောစာတမ်းထိုးထားသည်။) အာရ်. စီ. ဘရော့ဒရစ် (တင်းနစီးပြည်နယ်၊ နတ်ရှ်ဗီးလ်မြို့၊ ၁၉၇၆)၊ စ. ၅၅၄။
ဟေဗြဲ. ၁၀:၂၆၊ JB– “ကျွန်ုပ်တို့သည် အမှန်တရားအပ်နှင်းတော်မူခြင်းခံရသည့်နောက်၌ အပြစ်တစ်စုံတစ်ခုကို တမင်ကျူးလွန်လျှင် ၎င်းအပြစ်များအတွက် အဘယ်ယဇ်မျှမရှိတော့။”
မာ. ၃:၂၉၊ JB– “တစ်စုံတစ်ယောက် သန့်ရှင်းသောဝိညာဉ်ကို ပြစ်မှားလျှင်ဘယ်တော့မျှ အပြစ်လွှတ်ခြင်းချမ်းသာမရနိုင်။ သူသည် ထာဝရအပြစ်လွန်ကျူးခဲ့ပြီ။”
မည်သို့နောင်တယူရန်
များသောအားဖြင့် အာပတ်နာဘုန်းကြီးက နောင်တယူသူအား “ကျွန်ုပ်တို့အဘ” အကြိမ်မည်မျှ၊ “ဟေးလ်မေရီစ်” အကြိမ်မည်မျှရွတ်ဆိုရန် ညွှန်ကြားလေ့ရှိသည်။
မ. ၆:၇၊ JB– “သင်တို့ဆုတောင်းရာ၌ တိတ္ထိများနည်းတူ ပလုံးမထွေးမရွတ်ဆိုနှင့်။ (အဓိပ္ပာယ်မဲ့စွာ အထပ်ထပ်မရွတ်ဆိုရန်ဖြစ်သည်။) အကြောင်းမှာ သူတို့က စကားတံရှည်လျှင် ဘုရားသခင်က နားညောင်းမည်ဟုထင်ကြ၏။”
မ. ၆:၉-၁၂၊ JB– “သင်တို့ဤသို့ဆုတောင်းအပ်သည်။ ‘ကောင်းကင်ဘုံမှကျွန်ုပ်တို့အဘ၊ . . . ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်သနားတော်မူပါ။” (ကျမ်းစာ မည်သည့်နေရာ၌မျှ မာရိထံဖြစ်စေ၊ မာရိမှတစ်ဆင့်ဖြစ်စေဆုတောင်းရန်ပညတ်မထားပါ။ ဖိလိပ္ပိ ၄:၆ နှင့်၊ “မာရိ” ခေါင်းစဉ်အောက် စာမျက်နှာ ၂၁၄ ကိုလည်းရှု။)
ရော. ၁၂:၉၊ JB– “သင့်မေတ္တာကိုအယောင်ဆောင်မဖြစ်စေနှင့်။ စိတ်ရိုးသားစွာဖြင့် အဆိုးထက်ပိုပြီးအကောင်းကိုမြတ်နိုးပါ။”
ယေဇူး (ယေရှု) သည် အပြစ်လွှတ်ပိုင်ခွင့်ကို တမန်တော်များအားမပေးခဲ့ပေလော
ယော. ၂၀:၂၁-၂၃၊ JB– “‘ခမည်းတော်သည် ငါ့အားစေလွှတ်တော်မူသည်နည်းတူ ငါသည် သင်တို့အားစေလွှတ်၏။’ ထိုသို့မိန့်ဆိုပြီးနောက် သူတို့အပေါ်မှုတ်တော်မူလျက် ‘သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူကြလော့။ အကြင်သူတို့၏အပြစ်များကို သင်တို့လွှတ်၏၊ ထိုသူတို့၏အပြစ်များသည်လွတ်၏။ အကြင်သူတို့၏အပြစ်များကို သင်တို့မလွှတ်၊ ထိုသူတို့၏အပြစ်များသည်မလွတ်ချေ။’”
ဤမိန့်ကြားချက်ကိုတမန်တော်များ မည်သို့သဘောပေါက်၍ ကျင့်သုံးခဲ့ကြသနည်း။ တမန်တော်တစ်ဦးသည် လူတစ်ဦးချင်းအတွက် အာပတ်နာပြီး သင့်အပြစ်လွတ်ပြီဟုမြွက်ဆိုခဲ့ကြောင်း သမ္မာကျမ်းစာ၌တစ်ချက်မျှမဖတ်ရပါ။ သို့သော်လည်း ဘုရားသခင့်၏ခွင့်လွှတ်ခြင်းကိုရဖို့ဘာလုပ်ရမည်ကိုကား သမ္မာကျမ်းစာ၌ပြဋ္ဌာန်းထားပေသည်။ သန့်ရှင်းသောဝိညာဉ်တော်ညွှန်ကြားမှုဖြင့် တမန်တော်များသည် လူတစ်ဦး အပြစ်လွတ်ခြင်းခံထိုက်သောအရည်အချင်းနှင့်ပြည့်စုံမပြည့်စုံ၊ ဝေခွဲပိုင်းခြား၍ ယင်းကိုအခြေပြုကာ ထိုသူ၏အပြစ်ကို ဘုရားသခင်ခွင့်လွှတ်တော်မူပြီ၊ သို့မဟုတ် ခွင့်လွှတ်တော်မမူ ဟူ၍ပြောကြားနိုင်သည်။ ဥပမာအနေနှင့် တမန်တော် ၅:၁-၁၁; ၁ ကောရိန္သု ၅:၁-၅ နှင့် ၂ ကောရိန္သု ၂:၆-၈ တို့ကိုရှု။
“တမန်တော်များကိုဆက်ခံခြင်း” ဟူသောအဓိကခေါင်းစဉ်ကိုလည်းကြည့်ပါ။
ဘုန်းကြီးနားတီးတိုးအပြစ်ဝန်ခံခြင်း၏ဇာစ်မြစ်နှင့်ပတ်သက်၍ ပညာရှင်များ ယူဆပုံကွဲပြား၏
အာရ်. စီ. ဘရော့ဒရစ်ပြုစုသော ကက်သလစ်စွယ်စုံကျမ်းကဤသို့ဆို၏– “အာပတ်ဖြေခြင်းသည် စတုတ္ထရာစုနှစ်မှစ၍ အများလက်ခံသောဝိနည်းဖြစ်လာခဲ့သည်။”—စ. ၅၈။
ကက်သလစ်စွယ်စုံကျမ်းသစ်က ဤသို့ရေးသား၏– “ကက်သလစ်နှင့်ပရိုတက်စတင့်နှစ်ဂိုဏ်းစလုံးမှ ခေတ်ပြိုင်သမိုင်းသုတေသီများက သမားရိုးကျဆုံးမမှုဖြစ်သော တစ်ဦးချင်းနောင်တယူခြင်းဝိနည်းသည် အိုင်ယာလန်၊ ဝေးလ်စ်နှင့်ဗြိတိန်နိုင်ငံများမှအစပြုခဲ့ကြောင်း တွေ့ရသည်ဟုဆိုကြသည်။ ထိုနိုင်ငံများ၌ နောင်တယူခြင်းဝိနည်းပါဝင်သော ဘာသာဝါဒမင်္ဂလာအထုံးအဖွဲ့များကို ကျောင်းထိုင်ဘုန်းကြီးနှင့် သူ့လက်အောက်ရဟန်း-ဘုန်းကြီးက စီမံလေ့ရှိသည်။ ရဟန်းများအာပတ်ဖြေခြင်းဝိနည်းနှင့် ပရိသတ်အလိုက်၊ တစ်ဦးချင်းအလိုက် ဝိညာဏလမ်းညွှန်မှုတို့ကိုစံထား၍ လူဝတ်ကြောင်များအတွက်ပါ ထပ်တလဲလဲဝန်ခံခြင်းနှင့် သစ္စာတိုင်တည်ခြင်းအထုံးအဖွဲ့များကို အစပြုလာဟန်ရှိသည်။ . . . သို့ရာတွင် ၁၁ ရာစုနှစ်ရောက်တော့မှ လျှို့ဝှက်အပြစ်များကို ဝန်ခံသည့်အချိန်၌အပြစ်ပလပ်ခြင်း၊ အာပတ်ဖြေမှုမပြီးမြောက်မီ လွတ်ကင်းခွင့်ပေးခြင်း ပြုလာကြသည်။”—(၁၉၆၇)၊ အတွဲ ၆၊ စ. ၇၅။
သမိုင်းသုတေသီ အေ. အိတ်ချ်. စေ့စ်က ဤသို့တင်ပြလိုက်သည်– “ဝတ်ပြုမှုဆိုင်ရာအရေးသားများက ဘေဘီလိုးနီးယားပြည်၌ လူစုလူဝေးအလိုက်၊ ပုဂ္ဂိုလ်အလိုက် အပြစ်ဝန်ခံခြင်းကျင့်ထုံးရှိခဲ့ကြောင်း သာဓကပြ၏။” အမှန်အားဖြင့်၊ တစ်ဦးချင်းအပြစ်ဝန်ခံခြင်းကျင့်ထုံးသည် ပို၍ရှေးနှောင်းပြီး သမားရိုးကျသောဓလေ့ဖြစ်ဟန်ရှိသည်။”—ရှေးအီဂျစ်နှင့်ဘေဘီလိုးနီးယားနိုင်ငံများ၏ဘာသာများ (အက်ဒင်ဘာရာမြို့၊ ၁၉၀၂)၊ စ. ၄၉၇။
ဝန်ခံခြင်းနှင့်ပတ်သက်သော ယေဟောဝါသက်သေများ၏ယုံကြည်ချက်များမှာ မည်သို့နည်း
လူအများရှေ့ကြေညာခြင်းဖြင့် မိမိယုံကြည်ခြင်းကိုဝန်ခံခြင်း
ရော. ၁၀:၉၊ ၁၀– “သင်သည် သခင်ယေရှုကို [“လူအများရှေ့၊” ကဘ] နှုတ်ဖြင့်ဝန်ခံ၍ ဘုရားသခင်သည် သူ့ကိုသေခြင်းမှထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ရောက်ခြင်းငှာ စိတ်နှလုံးဖြင့်ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ရောက်ခြင်းငှာ [“လူအများရှေ့၊” ကဘ] နှုတ်ဖြင့်ဝန်ခံရ၏။”
မ. ၁၀:၃၂၊ ၃၃– “အကြင်သူသည် လူတို့ရှေ့မှာငါ့ကို [ယေရှုခရစ်ကို] ဝန်ခံအံ့၊ ကောင်းကင်ဘုံ၌ရှိသောငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့၊ ကောင်းကင်ဘုံ၌ရှိသောငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါငြင်းပယ်မည်။”
လူတစ်ယောက် ဘုရားသခင်ကိုပြစ်မှားမိသောအခါ
မ. ၆:၆-၁၂– “သင်သည်ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဖကိုဆုတောင်းလော့။ . . . ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသော။ . . . သူတစ်ပါးသည်အကျွန်ုပ်တို့ကိုပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလွှတ်တော်မူပါ။”
ဆာ. ၃၂:၅– “အကျွန်ုပ်သည် ကိုယ်အပြစ်ကို [ဘုရားသခင့်] ရှေ့တော်၌ဝန်ချပါ၏။ ပြုမိသောဒုစရိုက်ကိုဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကိုထာဝရဘုရားအားဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကိုလွှတ်တော်မူ၏။”
၁ ယော. ၂:၁– “တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင် ဖြောင့်မတ်တော်မူသောအရှင် ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည်ခမည်းတော်ထံ၌ရှိတော်မူ၏။”
လူချင်းပြစ်မှားမိသောအခါ၊ သို့မဟုတ် ပြစ်မှားခံရသောအခါ
မ. ၅:၂၃၊ ၂၄– “ထိုကြောင့်သင်သည် ပူဇော်သကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့်တစ်စုံတစ်ခုရှိသည်ဟုအောက်မေ့သတိရလျှင် ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သကာကိုထား၍သွားလော့။ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်သကာကိုတင်လော့။”
မ. ၁၈:၁၅– “သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ဆုံးမလော့။”
လု. ၁၇:၃– “သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်သူ့ကိုဆုံးမလော့။ သူသည် နောင်တရလျှင် သူ၏အပြစ်ကိုလွှတ်လော့။”
ဧ. ၄:၃၂– “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်းရှိကြလော့။”
ကြီးလေးသောအပြစ်လွန်ကျူးသည့်နောက် ဝိညာဉ်ရေးဘက်အကူအညီအလိုရှိသောအခါ
ယာ. ၅:၁၄-၁၆– “[ဝိညာဉ်ရေးဘက်] နာသောသူရှိလျှင် သင်းအုပ်တို့ကိုခေါ်၍ သူတို့သည် [“ယေဟောဝါ၊” ကဘ] ၏နာမတော်ကိုအမှီပြုလျက် လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာဆုတောင်းကြစေ။ ထိုသို့ပြုလျှင် ယုံကြည်ခြင်း၏ပတ္ထနာသည် လူနာကိုကယ်ဆယ်၍ [“ယေဟောဝါ၊” ကဘ] သည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကို [ဘုရားသခင်] လွှတ်တော်မူမည်။ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် ကိုယ်အပြစ်ကိုဖော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည်အကြောင်း အချင်းချင်းတို့အဖို့ဆုတောင်းကြလော့။”
သု. ၂၈:၁၃– “မိမိအပြစ်ကိုဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား ကရုဏာတော်ကိုခံရလိမ့်မည်။”
အပြစ်ကျူးလွန်ခဲ့ပါလျက် အကူအညီမယူဘဲနေလျှင်မည်သို့နည်း
ဂလ. ၆:၁– “ညီအစ်ကိုတို့ လူသည် သတိလစ်၍ တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိလျှင် ဝိညာဉ်ဆုကျေးဇူးကိုခံရသောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့်ကိုယ်တိုင်လွတ်မည်အကြောင်း ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍ သူ၏နေရာ၌တည်မြဲတည်စေပြန်ကြလော့။”
၁ တိ. ၅:၂၀– “ကြွင်းသောသူတို့ [အား] ကြောက်စေခြင်းငှာ အပြစ်ရှိသောသူတို့ကို [“အပြစ်ပြုလေ့ပြုထရှိသောသူတို့ကို၊” ကဘ] လူအပေါင်းတို့ [ထိုအမှုကိုကိုယ်တိုင်သိသူများ] ရှေ့မှာ အပြစ်တင်၍ဆုံးမလော့။”
၁ ကော. ၅:၁၁-၁၃၊ သမ– “ညီအစ်ကိုအခေါ်ခံရသူသည် မတရားမေထုန်ပြုသူ၊ လောဘရှိသူ၊ ရုပ်ပွားဆင်းတုကိုးကွယ်သူ၊ ကဲ့ရဲ့သူ၊ သောက်ကြူးသူ၊ လုယက်သူဖြစ်လျှင် ထိုသို့သောသူနှင့်မပေါင်းဖော်ရ။ အတူမစားမသောက်ရ။ . . . ထိုလူဆိုးကို သင်တို့ဘောင်မှနှင်ထုတ်ကြလော့။”