သင်ခန်းစာ ၅၃
ပရိသတ်အားပေးခံရခြင်းနှင့် ခွန်အားရှိစေခြင်း
ပြဿနာများကို မည်သို့ပင်ရင်ဆိုင်ကြရပါစေ ဘုရားသခင့်ကျေးကျွန်များသည် ခရစ်ယာန်အသင်းတော်တွင် အားပေးမှုရရှိသင့်သည်။ ထိုသို့ဖြစ်ရန် အထူးသဖြင့် အကြီးအကဲများသည် မိမိတို့၏ဟောပြောချက်များနှင့် သွန်သင်ချက်တို့သည် အားရှိစရာဖြစ်ကြောင်း သေချာစေရမည်။ အကြီးအကဲများသည် “လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်း” ထင်ရှားစွာ သက်သေထူသင့်သည်။—ဟေရှာ. ၃၂:၂။
သင်သည် အကြီးအကဲတစ်ဦးဖြစ်ပါက သင်၏ဟောပြောချက်များသည် အားသစ်လန်းဆန်းမှုနှင့် နှစ်သိမ့်မှုပေးပါသလော။ ယင်းတို့သည် သစ္စာရှိရှိ ယေဟောဝါထံအမှုထမ်းဆောင်ရန် ကြိုးပမ်းနေကြသူတို့ကို အားတက်လန်းဆန်းစေပါသလော။ လူတို့၏လျစ်လျူရှုမှု သို့မဟုတ် ဆန့်ကျင်မှုရှိလင့်ကစား ဘုရားသခင့်အလိုတော်ကို လုပ်ဆောင်ခြင်း၌ စွဲမြဲရန် ခွန်အားပေးပါသလော။ ပရိသတ်၌ရှိသောသူအချို့တို့သည် စိတ်ဓာတ်ကျနေသူများ၊ ဆိုးဝါးသောစီးပွားရေးအကျပ်အတည်းများအောက် ဝန်ပိနေကြသူများ သို့မဟုတ် ကုရာဆေးမရှိသည့်အတွက်ကြောင့် ဖျားနာမှုကို အပြင်းအထန် တိုက်လှန်နေရကြသူများဖြစ်ပါက အသို့နည်း။ ‘သင့်ညီအစ်ကိုများကို သင့်နှုတ်စကားဖြင့် ခိုင်ခံ့’ စေနိုင်ပါသည်။—ယောဘ ၁၆:၅။
ညီအစ်ကိုများသည် ဘုရားသခင်ထံတော်မှ ခွန်အား၊ မျှော်လင့်ချက်နှင့် ကိုယ်တော့်စီမံပေးချက်များ ရရှိရန် ဟောပြောသူတစ်ဦးအနေနှင့် သင်၌ရှိသည့် အခွင့်အရေးကို အသုံးချပါလေ။—ရော. ၁၅:၁၃; ဧ. ၆:၁၀။
ယေဟောဝါ လုပ်ဆောင်ခဲ့ရာကို သတိရစေပါ။ ရဲစွမ်းသတ္တိရှိစေသည့် အရေးကြီးသောနည်းတစ်နည်းမှာ အတိတ်က အခက်အခဲများတစ်လျှောက် မိမိလူတို့ကို ယေဟောဝါ မည်သို့ကူညီပေးတော်မူခဲ့ကြောင်း တင်ပြပေးခြင်းဖြင့်ဖြစ်သည်။—ရော. ၁၅:၄။
ထိုအချိန်က ရန်သူနိုင်ငံများ သိမ်းပိုက်ထားသည့် ကတိထားရာပြည်တော်ထဲ ဣသရေလလူမျိုးများ မဝင်ရောက်မီ ယောရှုအား “အားပေး” ပြီး “မစထောက်ပင့်” ရန် မောရှေကို ယေဟောဝါမိန့်မှာခဲ့သည်။ ယင်းမိန့်မှာချက်ကို မောရှေ မည်သို့ဆောင်ရွက်ခဲ့သနည်း။ အီဂျစ်ပြည်မှထွက်ခွာလာခဲ့ကြစဉ်က မောရှေသည် ယောရှုရှေ့မှောက်တွင် ဣသရေလတစ်မျိုးသားလုံးအား သူတို့အတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့သည့်အရာများကို ပြန်သတိရစေခဲ့သည်။ (တရား. ၃:၂၈; ၇:၁၈) ယေဟောဝါသည် သူတို့အား အာမောရိအမျိုးသားများအပေါ် အောင်ပွဲဆင်စေတော်မူခဲ့ရာများကိုလည်း မောရှေ ပြန်ပြောပြခဲ့သည်။ ထို့နောက် မောရှေသည် ယောရှုအား ဤသို့တိုက်တွန်းခဲ့သည်– “အားယူ၍ရဲရင့်ခြင်းရှိလော့။” (တရား. ၃၁:၁-၈) သင်၏ညီအစ်ကိုများကို အားပေးရန် ကြိုးစားသည့်အခါ သူတို့အတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့ပြီးဖြစ်သည့်အရာကို သတိရစေခြင်းဖြင့် သူတို့ကို ခွန်အားရှိလာစေပါသလော။
လူတို့သည် မိမိတို့၏ အခက်အခဲများဖြင့် မည်မျှဖိစီးခံနေရသနည်းဟူမူ နိုင်ငံတော်ကောင်းချီးများကို မိမိတို့ခံမှခံစားရပါတော့မလားဟု တွေးတောလာသည့်အခါများလည်းရှိသည်။ ယေဟောဝါ၏ ကတိတော်များအပေါ် ယုံကြည်စိတ်ချနိုင်မှုကို သူတို့အားသတိရစေပါ။—ယောရှု ၂၃:၁၄။
အချို့သောနိုင်ငံများတွင် ကျွန်ုပ်တို့၏ညီအစ်ကိုများသည် သတင်းကောင်းဟောပြောခြင်းကို တားမြစ်သည့် အစိုးရဒီဂရီအမိန့်များနှင့် ရင်ဆိုင်ကြရသည်။ ယင်းသို့သော အခြေအနေမျိုးတွင် မေတ္တာပါသည့် အကြီးအကဲများသည် ယေရှုခရစ်၏ တမန်တော်များ၏တွေ့ကြုံမှုများမှ ခွန်အားယူရန် ယုံကြည်သူချင်းများကို ကူညီပေးနိုင်ပါသည်။ (တ. ၄:၁–၅:၄၂) ထို့အပြင် ဧသတာဝတ္ထုတွင် မှတ်တမ်းတင်ထားသည့်အတိုင်း အဖြစ်အပျက်များကို ဘုရားသခင်စီစဉ်လုပ်ဆောင်ခဲ့ပုံကို ပေါ်လွင်စေခြင်းက ညီအစ်ကိုများတွင် အမှန်ပင် ရဲရင့်စိတ်ရှိလာစေပါလိမ့်မည်။
တစ်ခါတစ်ရံ လူတို့သည် အသင်းတော်အစည်းအဝေးများကို တက်ရောက်ကြသော်လည်း ရှေ့ဆက်မတိုးတက်လာကြပေ။ မိမိတို့၏လမ်းစဉ်ဟောင်းသည် အလွန်ဆိုးညစ်ခဲ့သောကြောင့် ဘုရားသခင်သည် သူတို့ကို ဘယ်တော့မျှ ခွင့်လွှတ်နိုင်မည်မဟုတ်ဟု ခံစားကြပေမည်။ ယေဟောဝါသည် ဘုရင်မနာရှေကို မည်သို့ဆက်ဆံခဲ့ကြောင်း သင်ပြန်ပြောပြနိုင်ပေမည်။ (၆ ရာ. ၃၃:၁-၁၆) သို့မဟုတ် မိမိတို့၏ဘဝလမ်းစဉ်ကို ပြောင်းလဲကာ ခရစ်ယာန်များဖြစ်လာကြပြီး ဘုရားသခင်က ဖြောင့်မတ်သူများဟု ကြေညာခံခဲ့ရကြသည့် ရှေးကောရိန္သုမြို့သားများအကြောင်း သင်ပြောပြနိုင်ပေမည်။—၁ ကော. ၆:၉-၁၁။
အခက်အခဲများ သူတို့တွေ့ကြုံနေရခြင်းသည် ဘုရားသခင့်မျက်နှာသာတော်မရ၍ဖြစ်သည်ဟု အချို့သောသူများ ခံစားနေပါသလော။ ယောဘတွေ့ကြုံခဲ့ရာနှင့် ယေဟောဝါအပေါ် မိမိ၏တည်ကြည်ဖြောင့်မတ်မှုကို သူစွဲကိုင်ခဲ့သောကြောင့် ကြွယ်ဝစွာကောင်းချီးခံစားခဲ့ရပုံကို သူတို့အား ပြန်အမှတ်ရစေနိုင်သည်။ (ယောဘ ၁:၁-၂၂; ၁၀:၁; ၄၂:၁၂၊ ၁၃; ဆာ. ၃၄:၁၉) ယောဘသည် အပြစ်တစ်ခုခုပြုမိခဲ့ရမည်ဟု သူ၏အယောင်ဆောင် နှစ်သိမ့်မှုပေးသူများက မှားယွင်းစွာ အချေအတင်ငြင်းခုံခဲ့ကြသည်။ (ယောဘ ၄:၇၊ ၈; ၈:၅၊ ၆) ယင်းနှင့်ဆန့်ကျင်လျက် တပည့်တော်များကို ခွန်အားပေးပြီး “ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးဆော်တိုက်တွန်း” ရာတွင် ပေါလုနှင့်ဗာနဗက ဤသို့ဆိုခဲ့သည်– “ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရကြမည်။” (တ. ၁၄:၂၁၊ ၂၂၊ သမ္မာ) ယနေ့လည်း ထိုနည်းထပ်တူပင်၊ ခရစ်ယာန်မှန်သမျှ ဆင်းရဲဒုက္ခအောက် ခံနိုင်ရည်ရှိဖို့တောင်းဆိုထားပြီး ဘုရားသခင့်အမြင်တွင် တန်ဖိုးကြီးမားကြောင်း ညွှန်ပြပေးခြင်းအားဖြင့် စမ်းသပ်မှုများကို ရင်ဆိုင်နေရသူတို့အား ခွန်အားပေးနိုင်သည်။—သု. ၂၇:၁၁; မ. ၂၄:၁၃; ရော. ၅:၃၊ ၄; ၂ တိ. ၃:၁၂။
သူတို့၏ဘဝအသက်တာတွင် မိမိကတိတော်များကို ယေဟောဝါပြည့်စုံစေတော်မူခဲ့သည့် နည်းလမ်းများကို စဉ်းစားရန် နားထောင်နေသူများအား အားပေးပါ။ အနည်းငယ် နှိုးဆော်ပေးလိုက်ရုံဖြင့် မိမိကတိတော်အတိုင်း ယေဟောဝါကိုယ်တော်တိုင် သူတို့တစ်ဦးချင်းအပေါ် မည်သို့လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း တွေ့မြင်လာကြပေမည်။ ဆာလံ ၃၂:၈ [သမ္မာ] တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “သင့်ကိုငါသွန်သင်မည်၊ သင်သွားရမည့်လမ်းကိုပြညွှန်မည်၊ သင့်ကိုငါကြည့်ရှု၍ အကြံပေးမည်။” သူတို့အား ယေဟောဝါ မည်သို့လမ်းညွှန်ပေးခဲ့ပုံ သို့မဟုတ် ခွန်အားပေးခဲ့ပုံကို နားထောင်နေသူများအား ပြန်လည်သတိရစေခြင်းအားဖြင့် သူတို့ကို ယေဟောဝါကြည့်ရှုစောင့်ရှောက်နေကြောင်း၊ လက်ရှိတွင် အဘယ်စမ်းသပ်မှုမျိုးမဆို သူတို့တွေ့ကြုံနေရပါစေ ကိုယ်တော်အမှန်တကယ် ကူညီမစပေးမည်ဖြစ်ကြောင်း သူတို့အား ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်စေနိုင်မည်။—ဟေရှာ. ၄၁:၁၀၊ ၁၃; ၁ ပေ. ၅:၇။
ယခုပင် ဘုရားသခင်လုပ်ဆောင်နေသည့်အရာ၌ နှစ်ခြိုက်မှုကိုပြပါ။ ညီအစ်ကိုများကို အားပေးရန် ကြိုးစားသည့်အခါ ယခုတွင်ပင် ယေဟောဝါလုပ်ဆောင်နေသည့်အရာကို အာရုံစူးစိုက်စေပါ။ ထိုအရာများသည် သင့်အား နှစ်ခြိုက်စေကြောင်းပြသည့်နည်းဖြင့် ပြောဆိုခြင်းက နားထောင်သူများ၏နှလုံးတွင် အလားတူခံစားမှုများကို ဖြစ်ပေါ်လာစေပါမည်။
ဘဝ၏ဖိစီးမှုများကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့အား ယေဟောဝါ မည်သို့ကူညီပေးပုံကို သုံးသပ်ပါ။ အကောင်းဆုံးအသက်ရှင်နေထိုင်နည်းကို ကျွန်ုပ်တို့အား ကိုယ်တော်ပြသတော်မူသည်။ (ဟေရှာ. ၃၀:၂၁) ရာဇဝတ်မှု၊ တရားမမျှတမှု၊ ဆင်းရဲမှု၊ ဖျားနာမှုနှင့် သေခြင်း၏အကြောင်းရင်းများကို ရှင်းပြပေးကာ ထိုအရာအားလုံးတို့ကို မည်သို့အဆုံးတိုင်စေမည်ဖြစ်ကြောင်း ဖော်ပြတော်မူသည်။ ကိုယ်တော်သည် မေတ္တာရှိသော ညီအစ်ကိုအသင်းအပင်းဖြင့် ကျွန်ုပ်တို့အား ဝန်းရံထားတော်မူသည်။ တန်ဖိုးရှိလှသော ဆုတောင်းခြင်းအခွင့်ထူးကို ကျွန်ုပ်တို့အား ပေးအပ်တော်မူသည်။ ကိုယ်တော်၏သက်သေများ ဖြစ်ခြင်းအခွင့်ထူးကို ကျွန်ုပ်တို့အား အပ်နှင်းထားသည်။ ခရစ်တော်သည် ကောင်းကင်၌ နန်းထိုင်ပြီဖြစ်ကြောင်းနှင့် စနစ်ဟောင်း၏နောက်ဆုံးနေ့ရက်များသည် လျင်မြန်စွာပင် အဆုံးတိုင်နေကြောင်း တွေ့မြင်ရန် ကျွန်ုပ်တို့၏မျက်စိကို ဖွင့်လှစ်ပေးတော်မူသည်။—ဗျာ. ၁၂:၁-၁၂။
ထိုကောင်းချီးများအပြင် ကျွန်ုပ်တို့၏ အသင်းတော်အစည်းအဝေးများ၊ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများကို ထပ်ဆင့်လိုက်ပါ။ ဤပြင်ဆင်ပေးချက်များကို တကယ်တန်ဖိုးထားသည့်နည်းဖြင့် သင်ပြောဆိုသည့်အခါ မိမိတို့၏ညီအစ်ကိုများနှင့်အတူ စုဝေးခြင်းကို လျစ်လျူမရှုရန်ဟူသည့် အခြားသူများ၏ဆုံးဖြတ်ချက်ကို ခိုင်ခံ့စေပါမည်။—ဟေဗြဲ ၁၀:၂၃-၂၅။
အလားတူပင် လယ်ကွင်းဓမ္မအမှု၌ ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများအပေါ် ယေဟောဝါ ကောင်းချီးပေးနေကြောင်း သက်သေထူသည့် မှတ်တမ်းများက ခွန်အားရင်းမြစ်တစ်ခုဖြစ်သည်။ ပထမရာစုတွင် ပေါလုနှင့်ဗာနဗတို့သည် ယေရုရှလင်မြို့သို့အသွား လူတို့ ဘာသာပြောင်းလာခြင်းကိစ္စကို အသေးစိတ် ပြောပြခြင်းအားဖြင့် “ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြသည်။” (တ. ၁၅:၃) အသင်လည်း ညီအစ်ကိုများအား တည်ဆောက်မှုဖြစ်စေသော တွေ့ကြုံမှုများ ဝေမျှပေးခြင်းဖြင့် သူတို့ကို ရွှင်လန်းစေနိုင်ပါသည်။
လူတို့သည် သူတို့လုပ်ဆောင်ရာ၏တန်ဖိုးကို တွေ့မြင်ရန် ကူညီပေးခံရခြင်းက နောက်ထပ်အားပေးမှုတစ်ခု ဖြစ်စေမည်။ ခရစ်ယာန်ဓမ္မအမှုတွင် သူတို့ပါဝင်နေကြသည့်အတွက် သူတို့ကို ချီးမွမ်းပါ။ မိမိတို့၏လုပ်ဆောင်မှုသည် အသက်အရွယ်ကြီးရင့်မှုနှင့် ဖျားနာမှုကြောင့် အလွန်အမင်း ကန့်သတ်ခံရသော်လည်း သစ္စာရှိရှိ ခံနိုင်ရည်တင်ပြကြသူများကို ချီးမွမ်းပါ။ ကိုယ်တော့်နာမအတွက် သူတို့တင်ပြခဲ့ကြသည့်မေတ္တာကို ယေဟောဝါမမေ့ကြောင်း သူတို့ကို ပြန်သတိရစေပါ။ (ဟေဗြဲ ၆:၁၀) စမ်းသပ်မှုအောက် သက်သေထူခဲ့သော ယုံကြည်ခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့် ပိုင်ဆိုင်ရာတစ်ခုဖြစ်သည်။ (၁ ပေ. ၁:၆၊ ၇) ကျွန်ုပ်တို့၏ညီအစ်ကိုများအား ယင်းကို ပြန်သတိရစေဖို့လိုအပ်သည်။
ရှေ့တွင်ရှိမျှော်လင့်ချက်ကို ခံစားမှုဖြင့် ပြောဆိုပါ။ ပြည့်စုံလာမည့် မှုတ်သွင်းခံကတိတော်များသည် ဘုရားသခင်အား ချစ်မြတ်နိုးကြသူမှန်သမျှအတွက် အဓိက အားပေးရာရင်းမြစ်တစ်ခုဖြစ်သည်။ ပရိသတ်တွင်ရှိကြသူအများစုသည် ဤအသုံးအနှုန်းများကို မကြာခဏ ကြားခဲ့ကြပေမည်။ သို့ရာတွင် ဤကတိတော်များအကြောင်း သင်ပြောဆိုသည့်အခါ သင်တင်ပြသောလေးမြတ်မှုအားဖြင့် ၎င်းတို့ကို အသက်ဝင်စေနိုင်၍၊ ယင်းတို့၏ပြည့်စုံမှုကို ယုံကြည်စိတ်ချစေကာ နှလုံးတွင် ကျေးဇူးတင်စိတ်ဖြင့် ပြည့်လျှံစေသည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် သင်ယူခဲ့ရာကို လက်တွေ့ကျင့်သုံးခြင်းသည် ယင်းကိုလုပ်ဆောင်ရန် ကူညီပေးနိုင်ပါသည်။
ယေဟောဝါကိုယ်တော်တိုင်သည် မိမိလူမျိုးတော်၏ ကြီးမြတ်သောအားပေးရှင်နှင့် ခွန်အားပေးရှင် ဖြစ်တော်မူ၏။ သို့တိုင် ထိုသို့သောကောင်းချီးများကို ဖော်ပြရာတွင် ကိုယ်တော်နှင့်အတူ သင်ပူးပေါင်းဆောင်ရွက်နိုင်သည်။ အသင်းတော်၌ ဟောပြောသည့်အခါ ယင်းအခွင့်အရေးကို ကောင်းစွာအသုံးချပါ။