ကျမ်းစာစောင်နံပါတ် ၅၂—၁ သက်သာလောနိတ်
ကျမ်းရေးသူ– ပေါလု
ရေးရာဒေသ– ကောရိန္သု
ရေးသားပြီးစီးချိန်– အေဒီ ၅၀ ခန့်
အေဒီ ၅၀ ခန့်ကဖြစ်သည်၊ သာသနာပြုဒုတိယခရီးစဉ်တွင် တမန်တော်ပေါလုသည် မာကေဒေါနိပြည်၊ သက်သာလောနိတ်မြို့သို့ရောက်ရှိကာ သက်သာလောနိတ်ခရစ်ယာန်အသင်းတော်ကို တည်ထောင်ခဲ့သည်။ ထိုနှစ်အတွင်း ကောရိန္သုတွင် သိလွာနု (တမန်တော်ကျမ်းတွင် သိလဟုခေါ်သောသူ)၊ တိမောသေတို့နှင့် ရှိနေစဉ် သက်သာလောနိတ်အသင်းသားများကို နှစ်သိမ့်ရန်၊ ယုံကြည်ခြင်းတွင်တည်ဆောက်ရန် ပထမစာကိုရေးရန် ပေါလုစိတ်ကူးပေါက်ခဲ့ပါသည်။ အေဒီ ၅၀ ပြည့်နှစ်နှောင်းပိုင်းတွင် ရေးခြင်းဖြစ်ဟန်တူသည်။ ဤစာသည် သမ္မာကျမ်းစာ၏ကျမ်းစောင်ဖြစ်လာသည့် ပေါလုရေးခဲ့သမျှထဲတွင် အဦးဆုံးစာအနေနှင့်လည်း ထူးခြားလှပါသည်။ မဿဲကျမ်းမှလွဲလျှင်လည်း ခရစ်ယာန်ဂရိကျမ်းတွင် အဦးဆုံးကျမ်းဖြစ်ပါသည်။
၂ ဤကျမ်း၏ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုနှင့် ခိုင်လုံမှုအထောက်အထားတို့သည် အလျှံပယ်ပင်ဖြစ်ပါသည်။ စာရေးသူသည် မိမိဖြစ်ကြောင်း နာမည်နှင့်တကွ ပေါလုဖော်ပြသည်။ မှုတ်သွင်းခံကျမ်းတစ်အုပ်လုံးနှင့်လည်း အတွင်းသဘောချင်းတူညီပြီး သဟဇာတဖြစ်လှသည်။ (၁ သက်. ၁:၁; ၂:၁၈) မူရေတိုရီယန်ကျမ်းအပိုင်းအစအပါအဝင် အစောပိုင်းမှုတ်သွင်းခံကျမ်း ကျမ်းစောင်စာရင်းများစွာတွင် ဤသြဝါဒစာကို နာမည်နှင့် အတိအကျဖော်ပြထားသည်။ အစောပိုင်းခရစ်ယာန်ကျမ်းပညာရှင်များသည် သက်သာလောနိတ်ပထမစောင်ကို ကိုးကားခဲ့ သို့မဟုတ် ရည်ညွှန်းခဲ့ကြသည်။ အိုင်ရင်နီးယပ်စ် (အေဒီ ဒုတိယရာစု) ဆိုသူက ဤကျမ်းကို နာမည်ဖြင့်ကိုးကားခဲ့သည်။ အေဒီ ၂၀၀ ပြည့်နှစ်ခန့်မှ ချက်စတာဘီတီကျူစာနံပါတ် ၂ (P46) တွင် သက်သာလောနိတ်ပထမစာစောင်ပါရှိပြီး ယခု ဘယ်လ်ဂျီယံနိုင်ငံ၊ ဂန့်ထ်မြို့တွင်တွေ့ရသော တတိယရာစုမှ နောက်ကျူစာ (P30) တစ်ခုတွင်မူ သက်သာလောနိတ်ပထမနှင့် ဒုတိယစောင်နှစ်ခုစလုံး၏ အပိုင်းအစများ ပါရှိသည်။a
၃ ဤစာမရေးမီက သက်သာလောနိတ်အသင်းတော်အကြောင်းကို အကြမ်းဖျင်းသိထားမည်ဆိုလျှင် ဤမြို့ရှိညီအစ်ကိုများအတွက် ပေါလုအဘယ်ကြောင့် ဤမျှစိုးရိမ်တကြီးနှင့် စာရေးခဲ့ရကြောင်း သဘောပေါက်နိုင်ပါမည်။ အသင်းတော်စတင်ဖြစ်လာကတည်းကပင် သူတို့အပြင်းအထန် နှိပ်စက်ခံရ၊ အတိုက်အခံလုပ်ခံရကြသည်။ တမန်တော်အခန်းကြီး ၁၇ တွင် ပေါလုနှင့်သိလတို့သည် “ယုဒတရားဇရပ်” ရှိသော သက်သာလောနိတ်သို့ ရောက်လာကြောင်း လုကာဖော်ပြထားသည်။ သုံးဥပုသ်တိုင် သူတို့ကို ပေါလုဟောပြောခဲ့သည်။ ကျမ်းစာဖြင့် သူတို့နှင့် ကျိုးကြောင်းဆင်ခြင်ခဲ့သည်။ ထိုထက်ပိုကြာကြာနေခဲ့သည်ဟု ယူဆစရာအကြောင်းရှိသည်၊ အကြောင်းမှာ ဝမ်းရေးအလုပ်လုပ်ရန်နှင့် အဓိကအနေနှင့် အသင်းတော်တစ်ခုကို ပေါလုတည်ထောင်ရန် အချိန်ရခဲ့သောကြောင့်ဖြစ်သည်။—တ. ၁၇:၁; ၁ သက်. ၂:၉; ၁:၆၊ ၇။
၄ တမန်တော် ၁၇:၄-၇ ပါမှတ်တမ်းသည် သက်သာလောနိတ်တွင် ပေါလုဟောပြောခြင်း၏ အကျိုးဆက်ကို ကွက်ကွက်ကွင်းကွင်းဖော်ပြသည်။ ပေါလု၏ ခရစ်ယာန်ဓမ္မအမှုအောင်မြင်ခြင်းကို မနာလိုဖြစ်သော ဂျူးတို့သည် လူအုပ်ဖွဲ့ကာ တစ်မြို့လုံးကို အုတ်အုတ်ကျက်ကျက်ဖြစ်စေတော့သည်။ ယာသုန်၏အိမ်ကို ဝိုင်း၍ ဝင်စီးကြသည်။ ယာသုန်နှင့် အခြားညီအစ်ကိုတို့ကို ဆွဲထုတ်ကြပြီး မြို့မင်းအရာရှိများထံသို့ ပို့ကြကာ “လောကီနိုင်ငံကိုမှောက်လှန်သော ဤသူတို့သည် ဤအရပ်တိုင်အောင် ရောက်ကြပါပြီ။ ယာသုန်သည်လည်း သူတို့ကိုလက်ခံပါပြီ။ ထိုသူအပေါင်းတို့သည် ကဲသာဘုရင်၏အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု၍ ယေရှုအမည်ရှိသော ရှင်ဘုရင်တစ်ပါးရှိသည်ဟု ဆိုတတ်ပါ၏” ဟုဟစ်အော်ကြတော့သည်။ ယာသုန်နှင့် အခြားသူတို့ကို မလွှတ်လိုက်မီ အာမခံအတင်းအကျပ်ထားစေကြသည်။ အသင်းတော်ရှိညီအစ်ကိုများနှင့် မိမိတို့ကိုယ်နှိုက်၏လုံခြုံရေးအလို့ငှာ ပေါလုနှင့်သိလတို့ကို ညဉ့်အချိန်တွင် ဗေရိမြို့သို့ လွှတ်လိုက်ကြသည်။ သို့သော် ထိုအချိန်တွင် သက်သာလောနိတ်အသင်းတော်သည် အခြေခိုင်စွာ တည်ထောင်ပြီးဖြစ်သည်။
၅ ဂျူးတို့၏အပြင်းအထန်အတိုက်အခံလုပ်မှုသည် ပေါလုနောက်သို့ ဗေရိမြို့တိုင် လိုက်ပါလာလေသည်။ ဗေရိတွင်လည်း သတင်းကောင်းဟောပြောခြင်းရပ်တန့်အောင်လုပ်မည့်ဟန် ရှိနေသည်။ ပေါလုလည်း ဂရိပြည်၊ အာသင်မြို့သို့ ခရီးဆက်လေသည်။ သို့တိုင် သက်သာလောနိတ်ရှိညီအစ်ကိုများ ဒုက္ခဆင်းရဲကြားမှာ မည်သို့နေမည်ကို သူသိလိုစိတ် ပြင်းပြခဲ့သည်။ သက်သာလောနိတ်သို့ပြန်သွားရန် သူနှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့သည်။ နှစ်ကြိမ်စလုံး “စာတန်ဆီးတား” လေသည်။ (၁ သက်. ၂:၁၇၊ ၁၈) သူတို့ခံနေရသောဒုက္ခများကို သိထားရကား သက်တမ်းနုနယ်သေးသော အသင်းတော်လေးအတွက် ရတတ်မအေးနိုင်အောင်ဖြစ်ကာ သူတို့ကို နှစ်သိမ့်အားပေးဖို့ တိမောသေကို သက်သာလောနိတ်သို့ ပေါလုလွှတ်လိုက်လေသည်။ ညီအစ်ကိုတို့ကို ယုံကြည်ခြင်းတွင် ပို၍ခိုင်မာစိမ့်သောငှာ ရည်ရွယ်သည်။ အားတက်စရာသတင်းနှင့် တိမောသေပြန်လာသောအခါ ဒလကြမ်း ညှဉ်းပန်းမှုကြားမှ သမာဓိစောင့်သိကြသော ညီအစ်ကိုများအတွက် ပေါလုဝမ်းသာလုံးဆို့လေတော့သည်။ သူတို့၏သတင်းသည် ယခုလောက်ဆိုလျှင် မာကေဒေါနိပြည်၊ အခါယပြည်တစ်လျှောက်လုံးမှ ယုံကြည်သူများအတွက် စံပြဖြစ်နေပေပြီ။ (၁ သက်. ၁:၆-၈; ၃:၁-၇) သူတို့သစ္စာမပျက်တမ်း ကြံ့ကြံ့ခံကြသည့်အတွက် ယေဟောဝါဘုရားသခင်ကို ပေါလုကျေးဇူးတင်ခဲ့သည်။ သို့သော် သူတို့ပါရမီရင့်ကျက်မှုသို့တက်လှမ်းနေစဉ် လမ်းညွှန်ပဲ့ပြင်မှု လိုမည်ဖြစ်ကြောင်း ပေါလုသိလေသည်။ ထို့ကြောင့် တိမောသေ၊ သိလွာနုတို့နှင့် ကောရိန္သုမြို့၌ရှိနေစဉ် ပေါလုသည် သက်သာလောနိတ်သို့ ပထမစာကို ရေးပို့လိုက်လေသည်။
အဘယ်ကြောင့်အကျိုးရှိကြောင်း
၁၃ ဤသြဝါဒစာ၌ မိမိညီအစ်ကိုများအပေါ် မေတ္တာဖြင့်စိုးရိမ်မကင်းရှိကြောင်း ပေါလုတင်ပြ၏။ မိမိနှင့် မိမိအမှုဆောင်ဖက်တို့သည် ကြင်နာမြတ်နိုးခြင်း စိတ်သဘောတွင် စံတင်လောက်သည့် နမူနာထားခဲ့၏။ သက်သာလောနိတ်ရှိ သူတို့၏ချစ်လှစွာသောညီအစ်ကိုများအဖို့ ဘုရားသခင့် သတင်းကောင်းမက၊ မိမိတို့အသက်ကိုပင်ပေးရန် အသင့်ရှိခဲ့ကြသည်။ ကြီးကြပ်မှူးအားလုံးသည် အသင်းတော်နှင့် ယင်းသို့မေတ္တာနှောင်ကြိုး ခိုင်မြဲစွာချည်နှောင်ရန် ကြိုးစားနိုင်ကြပါစေ။ ယင်းသို့သောမေတ္တာပြမှုကြောင့် ပေါလုပြောခဲ့သကဲ့သို့ပင် ကျန်လူအားလုံးလည်း တစ်ယောက်ပေါ်တစ်ယောက် မေတ္တာပြရန် နှိုးဆော်ပေးမည်ဖြစ်သည်။ “ငါတို့သည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည် အချင်းချင်းကိုလည်းကောင်း၊ သူတစ်ပါးအပေါင်းတို့ကိုလည်းကောင်း ချစ်၍ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ဘုရားပြုတော်မူပါစေသော။” ဘုရားသခင့်လူမျိုးဘောင်အတွင်း ယင်းသို့သောမေတ္တာကို အားလုံးတလိုတလားတင်ပြခြင်းသည် အလွန်ဆောက်တည်မှုဖြစ်စေသည်။ “သခင် [ယေရှု] သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့မှာ အပြစ်တင်ခွင့်နှင့်ကင်းလွတ်သော . . . စိတ်နှလုံးကို မြဲမြံခိုင်ခံ့” စေ၏။ ခရစ်ယာန်များအား ဖောက်ပြန်ယိုယွင်းသောလောကနှင့် သီးခြားဖြစ်စေ၏။ သို့ဖြင့် သန့်ရှင်းမြင့်မြတ်ခြင်း၌ သွားလာစေနိုင်ကာ ဘုရားသခင့်စိတ်တော်ကိုလည်း ရွှင်လန်းစေမည်ဖြစ်၏။—၃:၁၂; ၂:၈; ၄:၁-၈။
၁၄ ခရစ်ယာန်အသင်းတော်အတွင်း အလိမ္မာသုံးပြီး မေတ္တာရှေ့ထားလျက် ဆုံးမနိုင်ရန် အလွန်ကောင်းသောစံနမူနာကို ဤစာ၌ တွေ့ရှိရပေသည်။ သက်သာလောနိတ်ညီအစ်ကိုများ စိတ်ထက်သန်ပြီး သစ္စာရှိသော်လည်း ပြုပြင်ရန်အချက်များနှင့်ကား မကင်းပေ။ သို့ရာတွင် ညီအစ်ကိုတို့ကို ပေါလုဆုံးမတိုင်း သူတို့၏အရည်အသွေးကောင်းများကို ချီးမွမ်းသည်။ ဥပမာ၊ အကျင့်ယိုယွင်းညစ်ညမ်းမှု သတိပြုရန် သူတို့ကို သတိပေးသောအခါ ဘုရားသခင်နှစ်သက်စေရန် သူတို့လိုက်လျှောက်ခဲ့သည်တို့ကို ဦးစွာပေါလုချီးကျူးပြီးမှ တစ်ဦးစီသည် မိမိကိုယ်မိမိသန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းရှိဖို့ ‘သာ၍အပြည့်အဝ’ လုပ်ကိုင်ကြိုးစားကြရန် အားပေးလိုက်သည်။ ၎င်းနောက်၊ သူတို့၏ညီအစ်ကိုချင်းမေတ္တာကို အမွှမ်းတင်ပြီးနောက် “တိုးပွား၍ကြွယ်ဝပြည့်စုံ” စွာထိုသို့မေတ္တာထားကြပါရန်၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အပြင်လူတို့ရှေ့ တင့်တယ်လျောက်ပတ်စွာ နေထိုင်ကြရန် အားပေးဆော်သြလိုက်လေ၏။ “အချင်းချင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသောသူတို့၌လည်းကောင်း ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြု” ရန်အလိမ္မာသုံးပြီး ညီအစ်ကိုများအား ပေါလုဆုံးမခဲ့သည်။—၄:၁-၇၊ ၉-၁၂; ၅:၁၅။
၁၅ ယေရှုခရစ်၏ ‘ရောက်ရှိခြင်း’ အကြောင်းကို ပေါလုလေးကြိမ်ဖော်ပြထားသည်။ သက်သာလောနိတ်မြို့ရှိ ဘာသာဝင်စ ခရစ်ယာန်များ ယင်းအကြောင်းကို အလွန်စိတ်ဝင်စားကြဟန်တူသည်။ သက်သာလောနိတ်မြို့၌ ပေါလုရှိစဉ် ခရစ်တော်၏လက်တွင်ရှိသော ဘုရားသခင့်နိုင်ငံတော်အကြောင်း မုချရဲရင့်စွာဟောပြောခဲ့ပေမည်။ ယင်းကို သူနှင့်သူ့အပေါင်းအဖော်တို့အပေါ်တင်သော ဤစွဲချက်ကိုထောက်၍ သိသာနိုင်သည်။ “ထိုသူအပေါင်းတို့သည် ကဲသာဘုရင်၏အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု၍ ယေရှုအမည်ရှိသော ရှင်ဘုရင်တစ်ပါးရှိသည်ဟုဆိုတတ်ပါ၏။” (တ. ၁၇:၇; ၁ သက်. ၂:၁၉; ၃:၁၂; ၄:၁၅; ၅:၂၃) သက်သာလောနိတ်ညီအစ်ကိုများသည် နိုင်ငံတော်အပေါ်မျှော်လင့်ပြီး ဘုရားသခင်ကိုယုံကြည်လျက် “ရောက်လတ္တံ့သော ဘေးဒဏ်မှ ငါတို့ကို ကယ်နုတ်သော သခင်ယေရှုတည်းဟူသော သေခြင်းမှ ဘုရားသခင်ထမြောက်စေတော်မူသောသားတော်” ကိုငံ့လင့်လျက်နေကြ၏။ ယနေ့လည်း ဘုရားသခင့်နိုင်ငံတော်ကို မျှော်လင့်သောသူအားလုံး၊ မေတ္တာနှင့်ကြွယ်ဝပြည့်စုံရန်၊ မြဲမြံသောနှလုံး၊ အပြစ်တင်ခွင့်နှင့်ကင်းသော စိတ်သဘောရှိရန်၊ ဤနည်းအားဖြင့် ‘မိမိနိုင်ငံနှင့် ဘုန်းစည်းစိမ်တော်သို့ ခေါ်သွင်းတော်မူသော ဘုရားသခင်နှင့် ထိုက်လျောက်စွာ ဆက်လက်ကျင့်ကြံနေ’ ကြရန်ဟူသော သက်သာလောနိတ်ပထမစောင်ပါ သြဝါဒမွန်ကို လိုက်နာစောင့်ထိန်းအပ်ပေသည်။—၁ သက်. ၁:၈၊ ၁၀; ၃:၁၂၊ ၂:၁၀-၁၂။
[အောက်ခြေမှတ်ချက်]
a အီး. အက်ဖ်. ရုဒ်စ် ဘာသာပြန်သော The Text of the New Testament, by Kurt and Barbara Aland, ၁၉၈၇၊ စာမျက်နှာ ၉၇၊ ၉၉။