ကျမ်းစာစောင်နံပါတ် ၅၃—၂ သက်သာလောနိတ်
ကျမ်းရေးသူ– ပေါလု
ရေးရာဒေသ– ကောရိန္သု
ရေးသားပြီးစီးချိန်– အေဒီ ၅၁ ခန့်
ပထမစာကိုရေးပြီး များမကြာမီအချိန်တွင် သက်သာလောနိတ်သို့ ဒုတိယစာကို တမန်တော်ပေါလုရေးခဲ့သည်။ ပထမစောင်နှင့် ရှေ့ဆင့်နောက်ဆင့်ရေးခဲ့ခြင်း၊ ကောရိန္သုမြို့မှပင် ရေးခဲ့ခြင်းဖြစ်ကြောင်း သိလွာနုနှင့် တိမောသေတို့ သက်သာလောနိတ်အသင်းတော်သို့ ပေါလုနှင့်အတူ နှုတ်ခွန်းဆက်စကားများ ပါးလိုက်ခြင်းမှ သိနိုင်သည်။ သူတို့သုံးဦးစလုံးသည် ရှေးခရစ်ယာန်အသင်းတော်၏ နယ်လှည့်အမှုဆောင်များဖြစ်ကြသည်။ သူတို့သုံးဦးစလုံး ကောရိန္သုတွင် ဤအကြိမ်တွေ့ဆုံပြီးနောက် နောက်တစ်ကြိမ်တွေ့ဆုံသည်ဟူသောမှတ်တမ်း မရှိတော့ချေ။ (၂ သက်. ၁:၁; တ. ၁၈:၅၊ ၁၈) ရေးလိုက်သည့်အကြောင်းအရာနှင့် ရေးပုံရေးနည်းက အသင်းတော်တွင် မှားယွင်းနေသည့်အချက်တစ်ခုကို ချက်ချင်း ပြုပြင်ပေးဖို့လိုသည်ဟု ပေါလုယူမှတ်ကြောင်း ထင်ရှားသည်။
၂ ဤကျမ်း၏ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုသည် သက်သာလောနိတ်ပထမစောင်၏ ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုကဲ့သို့ပင် အထောက်အထားခိုင်လုံသည်။ အိုင်ရင်နီးယပ်စ် (အေဒီဒုတိယရာစု) နှင့် အခြားအစောပိုင်း စာရေးဆရာများသည် ယင်းကျမ်းကို ကိုးကားခဲ့သည်။ (အေဒီဒုတိယရာစုမှ) ဂျတ်စတင်မာတာသည် “ဒုစရိုက်လူ” အကြောင်းရေးရာတွင် ၂ သက်သာလောနိတ် ၂:၃ ကိုရည်ညွှန်းခြင်းဖြစ်ပုံရသည်။ ၁ သက်သာလောနိတ်နှင့်တွဲလျက်ပင် အစောပိုင်းကျမ်းစောင်စာရင်းများတွင် ၎င်းကို တွေ့ရစမြဲဖြစ်သည်။ လောလောဆယ်အချိန်တွင် ချက်စတာဘီတီကျူစာနံပါတ် ၂ (P46) တွင် ၎င်းကို မတွေ့ရသော်လည်း သက်သာလောနိတ်ပထမစောင်နောက်၌ ပျောက်နေသောစာမျက်နှာ ခုနစ်မျက်နှာ၏ ပထမနှစ်မျက်နှာတွင် ၎င်းပါဝင်သည်မှာ သေချာသလောက်ဖြစ်သည်။
၃ ဤစာရေးရသည့် ရည်ရွယ်ချက်ကားအဘယ်နည်း။ သက်သာလောနိတ်အသင်းသားများအား ပေါလု၏ဆုံးမစကားအရ သခင်သည် ချက်ချင်းလက်ငင်းပင် ကြွလာလိမ့်မည်အကြောင်း အသင်းတော်တွင် အခိုင်အမာဆိုနေသူတချို့ရှိကြောင်း၊ ထိုသို့ထင်ကြေးပေးမှန်းဆသူတို့သည် မိမိတို့ကိုယ်ပိုင်အယူအဆများကို ဝါဒဖြန့်ကာ အသင်းတော်တွင် ရုတ်ရုတ်သဲသဲဖြစ်အောင် ဖန်တီးနေကြကြောင်း ကျွန်ုပ်တို့သိရှိရသည်။ ၎င်းကိုအကြောင်းပြပြီး ကိုယ့်ဝမ်းစာရေးအတွက်ပင် အလုပ်မလုပ်တော့သူများရှိကြသည်။ (၂ သက်. ၃:၁၁) မိမိ၏ပထမစာတွင် သခင်ဘုရားကြွလာခြင်းအကြောင်းကို ပေါလုရည်ညွှန်းခဲ့သည်။ ယင်းစာကိုဖတ်ချိန်တွင် ကြားခဲ့ကြသော ထိုထင်ကြေးပေးမှန်းဆသူတို့သည် ပေါလု၏စကားကိုလှည့်ရန် မြန်ဆန်ခဲ့ကြပြီး အဓိပ္ပာယ်တလွဲကောက်ခဲ့ကြသည်။ ပေါလုရေးသားသည်ဟု မှားယွင်းစွာယူမှတ်ထားသော စာတစ်စောင်၌ ‘ယေဟောဝါ၏နေ့ရက်သည် ရောက်ပြီ’ ဟုဖော်ပြထားခြင်းလည်း ဖြစ်နိုင်သည်။—၂:၁၊ ၂၊ ကဘ။
၄ ဤအခြေအနေများအကြောင်းကို ပေါလု သတင်းရရှိပြီးဖြစ်နိုင်သည်။ သူ၏ပထမစာကို အသင်းတော်သို့ပို့ဆောင်ပေးသူထံမှ ဖြစ်နိုင်သည်။ ထို့ကြောင့် သူတွယ်တာလှသော ညီအစ်ကိုတို့၏ အတွေးများကို ပြုပြင်ပေးရန် ပေါလုစိတ်စောနေတော့သည်။ ထို့ကြောင့် အေဒီ ၅၁ ခုနှစ်တွင် အဖော်နှစ်ဦးနှင့်အတူ ကောရိန္သုမှ သက်သာလောနိတ်အသင်းတော်သို့ စာတစ်စောင်ကို ပေါလုရေးပို့လိုက်လေသည်။ ခရစ်တော်ရောက်ရှိခြင်းနှင့်ပတ်သက်သော အယူမှားကို ပဲ့ပြင်ပေးသည့်အပြင် သမ္မာတရားတွင် ခိုင်မာစွာရပ်တည်ဖို့လည်း ပေါလုလှိုက်လှိုက်လှဲလှဲ အားပေးခဲ့ပါသည်။
အဘယ်ကြောင့်အကျိုးရှိကြောင်း
၁၀ သက်သာလောနိတ်သို့ရေးသော ဤမှုတ်သွင်းခံစာတိုလေးတွင် ခရစ်ယာန်သမ္မာတရားကို ကျယ်ကျယ်ပြန့်ပြန့်တင်ပြထားသည်။ အားလုံးသည် သုံးသပ်ရန် အကျိုးရှိသောအရာဖြစ်၏။ အောက်ပါအခြေခံသွန်သင်ချက်နှင့် မူများကို စဉ်းစားကြည့်ပါ။ ယေဟောဝါသည် ကယ်တင်ခြင်းအရှင် ဘုရားသခင်ဖြစ်၍ ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ သမ္မာတရားကို ယုံကြည်ခြင်းဖြင့်လည်းကောင်း သန့်ရှင်းစေတော်မူ၏ (၂:၁၃)။ ဘုရားသခင့်နိုင်ငံတော်ကို ဝင်စားထိုက်သူအဖြစ်ယူမှတ်ခံရစေရန် ခရစ်ယာန်များအနေနှင့် ဒုက္ခဆင်းရဲကို ခံရပ်ရမည် (၁:၄၊ ၅)။ သခင်ယေရှုခရစ်ရောက်ရှိတော်မူသောအခါ ခရစ်ယာန်များ ကိုယ်တော်ထံစုသိမ်းခြင်းခံရမည် (၂:၁)။ သတင်းကောင်းမနာခံသူတို့ကို တရားသဖြင့် ယေဟောဝါစီရင်တော်မူမည် (၁:၅-၈)။ ခေါ်တော်မူခြင်းခံရသူတို့သည် ဘုရားသခင်၏မခံစားထိုတ်သော ကရုဏာတော်နှင့်အညီ ခရစ်တော်ယေရှုနှင့်အတူ တပေါင်းတစည်းတည်း ဘုန်းဝင်စားကြရလိမ့်မည် (၁:၁၂)။ သတင်းကောင်းဟောပြောခြင်းအားဖြင့် သူတို့ကို ခေါ်တော်မူခြင်းဖြစ်သည် (၂:၁၄)။ ယုံကြည်ခြင်းသည် အရေးပါသော လိုအပ်ချက်ဖြစ်သည် (၁:၃၊ ၄၊ ၁၀-၁၂; ၂:၁၃; ၃:၂၊ ကဘ)။ အမှုဆောင်လုပ်ငန်း၌ လုပ်ကိုင်ရင်း မိမိဝမ်းရေးအတွက် မိမိအလုပ်လုပ်အပ်သည်။ သို့မဟုတ်လျှင် ပျင်းရိ၍ မိမိနှင့်မဆိုင်သောအရာများတွင် ဝင်စွက်ဖက်သူဖြစ်လာနိုင်သည် (၃:၈-၁၂)။ ဘုရားသခင်ကိုချစ်ခြင်းနှင့် ခံနိုင်ရည်ရှိခြင်းသည် ဆက်စပ်နေသည် (၃:၅၊ ကဘ)။ ဤမှုတ်သွင်းခံစာတိုတစ်စောင်တွင် ဆောက်တည်မှုများစွာပေးသော အသိပညာဘဏ္ဍာ သိုထားသည်တကား။
၁၁ ဤစာ၌ ပေါလုသည် သက်သာလောနိတ်ညီအစ်ကိုများ၏ ဝိညာဏအရေးအတွက်၊ ၎င်းတို့၏အသင်းတော်စည်းလုံးကြီးပွားရေးအတွက် ကြောင့်ကြသောစိတ်ရှိကြောင်း ပေါ်လွင်သည်။ ယေဟောဝါ၏နေ့ရောက်ရှိချိန်နှင့်ပတ်သက်၍ အမြင်မှန်ရှိအောင် ပြဆိုသွန်သင်ရာတွင် “ဒုစရိုက်လူ” အရင်ပေါ်မည်၊ ‘ဘုရားသခင့်ဗိမာန်၌ထိုင်ပြီး မိမိကိုယ်ကို ဘုရားဟု အများသိအောင်ပြမည်’ ဟုတင်ပြထားသည်။ သို့ရာတွင် ‘ဘုရားသခင့် နိုင်ငံတော်ကိုဝင်စားထိုက်သည်ဟု ယူမှတ်ခံရသောသူတို့’ သည်အချိန်တန်သောအခါ သခင်ယေရှုသည် ကောင်းကင်မှပေါ်ထွန်းတော်မူမည်ဖြစ်ကြောင်း အကြွင်းမဲ့စိတ်ချနိုင်သည်။ ထိုသို့ ပေါ်ထွန်းတော်မူသောအခါ “မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော်ထင်ရှားခြင်းကိုလည်းကောင်း၊ . . . ယုံကြည်သောသူအပေါင်းတို့အားဖြင့် အံ့သြချီးမွမ်းခြင်းကိုလည်းကောင်း ခံအံ့သောငှာ ကြွလာတော်မူသောနေ့ရက်၌” မီးလျှံအားဖြင့် ဒဏ်ပေးတော်မူလိမ့်မည်။—၂:၃၊ ၄; ၁:၅၊ ၉၊ ၁၀။