ကျမ်းစာစောင်နံပါတ် ၅၄—၁ တိမောသေ
ကျမ်းရေးသူ– ပေါလု
ရေးရာဒေသ– မာကေဒေါနိ
ရေးသားပြီးစီးချိန်– အေဒီ ၆၁ ခန့်-၆၄
ပေါလု၏ ကိုယ်ရေးရာဇဝင်အကြောင်း တမန်တော်ကျမ်းတွင် လုကာဖော်ပြချက်သည် ကဲသာသို့ အယူခံဝင်ထားပြီး ရလဒ်ကို ရောမတွင် ပေါလု စောင့်နေသည့်အထိ ပါရှိသည်။ ပေါလုသည် ငှားထားသည့်အိမ်တွင် နေထိုင်ပြီး အိမ်သို့လာသမျှသူများအား ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ‘အဘယ်သူမျှမမြစ်တားဘဲ အတိအလင်းဟောပြော’ နေသည်ကို ဖော်ပြထားသည်။ (တ. ၂၈:၃၀၊ ၃၁) သို့သော် တိမောသေသို့ရေးသောစာ ဒုတိယစောင်တွင် “ငါသည် လူဆိုးကဲ့သို့ချည်နှောင်ခြင်းတိုင်အောင် ဆင်းရဲဒုက္ခကိုခံ” နေရကြောင်း၊ မကြာမီသေရတော့မည်ဖြစ်ကြောင်း ရေးထားသည်။ (၂ တိ. ၂:၉; ၄:၆-၈) အပြောင်းလဲကြီး ပြောင်းလဲသွားသည်တကား။ ကနဦးအခြေအနေတွင် အသရေရှိ အကျဉ်းသားကဲ့သို့ ဆက်ဆံခံရပြီး နောက်ပိုင်းအခြေအနေတွင် ရာဇဝတ်မှုကြီးကျူးလွန်သူတစ်ဦးအဖြစ် ဆက်ဆံခံရသည်။ ရောမတွင်နေခဲ့သော နှစ်နှစ်တာကာလအကုန်ပိုင်းဖြစ်သည့် ပေါလုအခြေအနေအကြောင်း လုကာဖော်ပြသည့်အချိန် အေဒီ ၆၁ ခုနှစ်နှင့် မိမိ၏အခြေအနေအကြောင်း တိမောသေထံ ပေါလုကိုယ်တိုင် စာရေးခဲ့သည့်အချိန်ဖြစ်သော မိမိမသေဆုံးမီအချိန်လေးစပ်ကြားတွင် အဘယ်အရာ ဖြစ်ပျက်ခဲ့သနည်း။
၂ တမန်တော်ကျမ်းပါအချိန်ကာလ အပိုင်းအခြားနှင့် တိမောသေနှင့်တိတုထံ ပေါလု၏ရေးသားချက်တို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်မရအောင် ကွာခြားနေမှုတို့ကြောင့် ကျမ်းပညာရှင်အချို့က ပေါလုသည် ကဲသာထံအယူခံဝင်ရာတွင် အမှုနိုင်သွားကြောင်း၊ အေဒီ ၆၁ ခုနှစ်လောက်တွင် အကျဉ်းထောင်မှ လွတ်သွားကြောင်း ကောက်ချက်ချခဲ့ကြသည်။ The New Westminster Dictionary of the Bible တွင် ဤသို့ဆိုထား၏– “တမန်တော်ကျမ်းနိဂုံးအခန်းငယ်ကို တမန်တော်သည် ချုပ်နှောင်ခံနေရာမှ သေဒဏ်စီရင်ခံလိုက်ရသည်ဟုပြောခြင်းထက် [နှစ်နှစ်ချုပ်နှောင်ခံရပြီးနောက် ထောင်မှလွတ်လာသည်] ဟုယူမှတ်ခြင်းက ပိုကောင်းသည်။ ပေါလု၏လုပ်ငန်းကို အဘယ်သူမျှမမြစ်တားဟု လုကာအလေးပေးပြောဆိုခြင်းက သူ၏လုပ်ဆောင်မှုမပြီးဆုံးသေးကြောင်း သိရှိစေသည်။”a ထို့ကြောင့် ပထမအကြိမ် ရောမတွင် ထောင်မှလွတ်ချိန်နှင့် နောက်ဆုံးအကြိမ်ထောင်ကျချိန်ကြား သို့မဟုတ် အေဒီ ၆၁-၆၄ ခန့်လောက်တွင် တိမောသေပထမစောင်ကို ရေးခြင်းဖြစ်သည်။
၃ ထောင်မှလွတ်လာသောအခါ ပေါလုသည် တိမောသေ၊ တိတုတို့နှင့်အတူ သူ၏သာသနာပြုလုပ်ငန်းကို ပြန်လုပ်ဆောင်ခဲ့ကြောင်း ထင်ရှားသည်။ အချို့သူတို့ယူမှတ်သကဲ့သို့ ပေါလု စပိန်ပြည်သို့ရောက်မရောက်ဆိုသည်မှာ မသေချာပေ။ ရောမမြို့မှ ကလီးမင့်က (အေဒီ ၉၅ လောက်တွင်) ပေါလုအကြောင်း ဤသို့ရေးသည်– “အနောက်တိုင်း၏အစွန်အဖျားသို့ပင် ရောက်ရှိသည်။” အနောက်တိုင်း၏အစွန်အဖျားဟူသော စကားလုံးသည် စပိန်ပြည်ကို ဆိုလိုခြင်းဖြစ်နိုင်သည်။b
၄ တိမောသေထံ ပထမစာကို အဘယ်နေရာမှ ပေါလုရေးခဲ့သနည်း။ မိမိကိုယ်တိုင်မူ မာကေဒေါနိပြည်သို့သွားစဉ် ဧဖက်မြို့အသင်းတော်ကိစ္စရပ်တချို့ကို ဆောင်ရွက်ရန် တိမောသေအား ပေါလု စီစဉ်ခဲ့ကြောင်း တိမောသေပထမစောင် ၁:၃ ကဖော်ပြသည်။ မာကေဒေါနိပြည်မှနေ၍ ဧဖက်မြို့တွင်ရောက်နေသော တိမောသေထံသို့ ဤစာကို လှမ်းရေးလိုက်ခြင်းဖြစ်ပုံရသည်။
၅ တိမောသေကျမ်းနှစ်စောင်စလုံးကို ပေါလုရေးသောကျမ်းများဖြစ်ကြောင်း၊ မှုတ်သွင်းခံသမ္မာကျမ်းစာတွင်အပါအဝင်ဖြစ်ကြောင်း အစောပိုင်းအချိန်ကပင် လက်ခံထားနှင့်ကြသည်။ ပေါ်လီကပ်၊ အစ်ဂ်နေရှပ်စ်၊ ရောမမြို့မှ ကလီးမင့်တို့အပါအဝင် ရှေးခရစ်ယာန်စာရေးဆရာများကလည်း လက်ခံကြသည်။ အစောပိုင်းရာစုနှစ်များကတည်းက ပေါလု၏စာများအဖြစ်စုစည်းထားသော ကျမ်းစောင်စာရင်းများတွင်လည်း ဤကျမ်းနှစ်ကျမ်းကို တွေ့ရပါသည်။ တိမောသေထံ ပေါလုရေးသောစာနှင့် စပ်လျဉ်း၍ အခွင့်အာဏာရှိသူတစ်ဦးက ဤသို့ဆိုသည်– “ဓမ္မသစ်ကျမ်းတွင် ဤမျှအထောက်အထားခိုင်လုံသောကျမ်း မရှိပါလေ။ . . . ထို့ကြောင့် ၎င်း၏ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုကို စောဒကတက်ခြင်းများသည် အစောပိုင်းချာ့ခ်ျ၏ ခိုင်မာသောအထောက်အထားကို ဆန့်ကျင်သော နောက်မှတီထွင်ထားရာများအဖြစ် သဘောထားရပေမည်။”c
၆ အသင်းတော်၏ အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအချို့အကြောင်း ရှင်းလင်းတင်ပြရန် ရည်ရွယ်ချက်ဖြင့် ဤစာကို တိမောသေထံ ပေါလုရေးခဲ့ခြင်းဖြစ်သည်။ မှားယွင်းသောအယူဝါဒများကိုလည်း သတိနှင့်ရှောင်ကာ ညီအစ်ကိုများကိုလည်း ယင်း ‘မှားယွင်းသောအသိပညာ’ များကို တွန်းလှန်နိုင်အောင် အားပေးတည်ဆောက်ဖို့ တိမောသေအား သတိပေးရန်လည်း လိုခဲ့သည်။ (၁ တိ. ၆:၂၀၊ ခမ) စီးပွားရေးမြို့တော် ဧဖက်တွင် နေရကြသောကြောင့်လည်း ရုပ်ဝါဒလိုက်စားရန် သွေးဆောင်မှုများ၊ “ငွေကိုတပ်မက်” ခြင်းများရှိနိုင်သောကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍လည်း အကြံဉာဏ်တချို့ပေးရန် အခန့်သင့်ဖြစ်ခဲ့ပေမည်။ (၆:၁၀) ယင်းကိုလုပ်ဆောင်ရန် တိမောသေသည် နောက်ခံအတွေ့အကြုံကောင်းရှိသူ၊ လေ့ကျင့်မှုကောင်းရရှိထားသူတစ်ဦး အမှန်ပင်ဖြစ်ပါသည်။ သူ့ဖခင်မှာ ဂရိလူမျိုးဖြစ်ပြီး မိခင်မှာ ဘုရားကိုကြောက်ရွံ့သော ဂျူးအမျိုးသမီးတစ်ဦးဖြစ်သည်။ ခရစ်ယာန်ဘာသာနှင့် တိမောသေစပေါင်းသင်းသည့်အချိန် အတိအကျကို မသိရချေ။ အေဒီ ၄၉ နောက်ပိုင်း သို့မဟုတ် အေဒီ ၅၀ အစောပိုင်းလောက်တွင် ဒုတိယသာသနာပြုခရီးစဉ်၌ လုတ္တရမြို့သို့ ပေါလုရောက်လာချိန်တွင် တိမောသေ (ဆယ်ကျော်သက်နှောင်းပိုင်း သို့မဟုတ် အသက် ၂၀ ကျော်ဖြစ်နိုင်) သည် “လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့တွင် အသရေရှိသူ” တစ်ဦးပင် ဖြစ်နေပေပြီ။ ထို့ကြောင့် တိမောသေကို မိမိ၊ သိလတို့နှင့် တစ်ပါတည်းခေါ်သွားရန် ပေါလုစီစဉ်ခဲ့သည်။ (တ. ၁၆:၁-၃) ပေါလု၏စာ ၁၄ စောင်တွင် ၁၁ စောင်၌ တိမောသေကို နာမည်နှင့် ဖော်ပြသည်။ တမန်တော်ကျမ်းတွင်လည်း သူ့နာမည်ပါသည်။ ပေါလုသည် ဖခင်တစ်ဦးသဖွယ် သူ့ကို အမြဲချစ်ခင်ခဲ့သည်။ မကြာခဏဆိုသလိုပင် အသင်းတော်များသို့ လည်ပတ်ရန်နှင့် အသင်းတော်များတွင် အမှုဆောင်ရန် တာဝန်ပေးခြင်းခံရသည်ကိုထောက်ခြင်းဖြင့် သာသနာပြုလုပ်ငန်းတွင် ကောင်းစွာလုပ်ဆောင်ခဲ့ကြောင်း၊ ကြီးလေးသောတာဝန်များဆောင်ရွက်ရန် လုပ်ရည်ကိုင်ရည်ရှိသူဖြစ်ကြောင်း သိရသည်။—၁ တိ. ၁:၂; ၅:၂၃; ၁ သက်. ၃:၂; ဖိ. ၂:၁၉။
အဘယ်ကြောင့်အကျိုးရှိကြောင်း
၁၅ ဤသြဝါဒစာသည် အချည်းနှီးဖြစ်သောမှန်းဆခြင်း၊ အတွေးအခေါ်နှင့်ပတ်သက်၍ငြင်းခုံသော ပုဂ္ဂိုလ်များကို ကျပ်တည်းစွာသတိပေးထားသည်။ ‘စကားကြောင့် ငြင်းခုံ’ ခြင်းသည် မာန်မာနနှင့်ဆက်နွှယ်သဖြင့် ရှောင်ရှားအပ်၏။ အကြောင်းမှာ ၎င်းသည် ခရစ်ယာန်ကြီးရင့်ခြင်းကို တားဆီးကြောင်း၊ “ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက် အချင်းချင်းငြင်းခုံခြင်းကိုသာပြုစု” ကြောင်းပေါလုဆို၏။ (၆:၃-၆; ၁:၄) ၎င်းသည် အခြားဇာတိအကျင့်များနှင့်အတူ ‘ဘုရားသခင်၏ဘုန်းတော်နှင့်ပြည့်စုံသည့် ဝမ်းမြောက်ဖွယ်သတင်းတရားနှင့်ညီသော’ ‘စင်ကြယ်သောသြဝါဒနှင့် ဆန့်ကျင်သောအရာ’ ဖြစ်သည်။—၁:၁၀၊ ၁၁။
၁၆ ငွေရမ္မက်ကြီးသော ဧဖက်မြို့၌နေထိုင်သည့် ခရစ်ယာန်များအနေနှင့် ဥစ္စာသာ ပဓာနဟူသောအယူနှင့် ၎င်း၏ဆွဲဆောင်မှုကို တွန်းလှန်နိုင်ရေးအတွက် သြဝါဒလိုအပ်ခဲ့ပုံရသည်။ ပေါလုသည် ဆုံးမသြဝါဒပေးခဲ့သည်။ ‘ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်၏’ ဟူသော ပေါလုအဆိုကို လောက,က လွယ်လွယ်ကူကူပြောဆိုကြသော်လည်း လိုက်နာသူနည်းလှသည်။ သို့သော် ခရစ်ယာန်စစ်များမူ အခါခပ်သိမ်း ဤသြဝါဒကိုလိုက်နာအပ်သည်။ မိမိတို့အသက်ရေးဖြစ်သည်။ စည်းစိမ်ဥစ္စာအဓိကထားသောဝါဒ၏ကျော့ကွင်းနှင့် လွတ်အောင်ရှောင်ဖို့လိုပြီး “မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ ငါတို့ခံစားဖို့ရာ အလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်မူသော အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားရမည်။”—၆:၆-၁၂၊ ၁၇-၁၉။
၁၇ ပေါလု၏စာတွင် ခရစ်ယာန်လူငယ်တစ်ဦးဖြစ်သင့်သည့်အရာဖြစ်သော ပုံသက်သေကောင်းသူတစ်ဦးအဖြစ် တိမောသေကို ဖော်ပြထားသည်။ အသက်ငယ်ပင် ငယ်သော်ငြား ဝိညာဉ်ရေးတွင်ရင့်ကျက်ပေ၏။ ကြီးကြပ်မှူးအဖြစ် တက်လှမ်းနိုင်ခဲ့သူဖြစ်ပေသည်။ မိမိရသောအခွင့်အရေးများကြောင့်လည်း များစွာသောကောင်းချီး ခံစားရသူဖြစ်သည်။ သို့သော် ယနေ့စိတ်ထက်သန်သော လူငယ်ဓမ္မအမှုဆောင်အားလုံးနည်းတူ တိမောသေအနေနှင့် ယင်းအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လျက် ၎င်းတို့၌ နှစ်မြှုပ်နေရမည်။ သို့မှသာ ဆက်လက်တိုးပွားမည်ဖြစ်သည်။ ခရစ်ယာန်တိုးပွားခြင်းဘက် ဝမ်းမြောက်လိုသူအပေါင်းအတွက် ပေါလု၏အောက်ပါသြဝါဒမှာ အလွန်အခါသင့်ပေသည်။ “ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမသြဝါဒကိုလည်းကောင်း သတိပြု၍အမြဲတည်နေလော့။ ထိုသို့ပြုလျှင် ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူကိုလည်းကောင်း ကယ်တင်လိမ့်မည်။”—၄:၁၅၊ ၁၆။
၁၈ ဤမှုတ်သွင်းခံသြဝါဒစာသည် ဘုရားသခင့် စည်းစနစ်ကျသော အစီအစဉ်များကို လေးမြတ်စေ၏။ ယောက်ျားမိန်းမအသီးသီး အသင်းတော်အတွင်း မိမိတို့ဆိုင်ရာအပိုင်းကို ထမ်းရွက်ခြင်းဖြင့် သီအိုကရက်တစ်စည်းလုံးရေးကို ထိန်းသိမ်းနိုင်ကြောင်း တင်ပြထားသည်။ (၂:၈-၁၅) ၎င်းနောက် ကြီးကြပ်မှူးနှင့် ဓမ္မအမှုထမ်းတို့၏အရည်အချင်းများအကြောင်း ဆက်လက်တင်ပြဆွေးနွေး၏။ ဤနည်းအားဖြင့် ယင်းအထူးအခွင့်အရေးကို ထမ်းဆောင်သူတို့ ပြည့်မီရမည့်တောင်းဆိုချက်များကို သန့်ရှင်းသောဝိညာဉ်တော်က ဖော်ပြသည်။ ထို့ပြင် ဆက်ကပ်အပ်နှံထားသော ဓမ္မအမှုဆောင်အားလုံးသည် ဤစံနှုန်းကိုပြည့်မီဖို့လည်း အားပေးထားသည်– “သင်းအုပ်အရာ [ကြီးကြပ်မှူးအရာ] ကိုတောင့်တသောသူသည် ကောင်းသောအမှုအရာကို တောင့်တသည်ဟူသောစကားသည် မှန်သောစကားဖြစ်၏။” (၃:၁-၁၃) အသင်းတော်ရှိ သက်ကြီးသက်ငယ်၊ ယောက်ျားမိန်းမတို့အပေါ်ထားရှိအပ်သော ကြီးကြပ်မှူးတို့၏ စိတ်သဘောကိုလည်းကောင်း၊ သက်သေခံများရှေ့စွပ်စွဲချက် ကြားနာကိုင်တွယ်သည့်ကိစ္စကိုလည်းကောင်း ဆွေးနွေးတင်ပြထားသည်။ ဟောပြောသွန်သင်ခြင်းအမှုကို ကြိုးစားအားထုတ်သော အသက်ကြီးသူတို့ကို နှစ်ဆသောရိုသေသမှုပြုအပ်သည်ဟူသောအချက်ကို အလေးအနက်ဖော်ပြရာ၌ ပေါလုသည် ဟေဗြဲကျမ်းကို နှစ်ကြိမ်ကိုးကား၍ ဤသို့ဆိုခဲ့သည်– “စပါးနင်းနယ်သောနွား၏နှုတ်ကို မချုပ်တည်းရဟု ကျမ်းစာလာ၏။ တစ်ချက်ကား လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေသည်ဟုလာပြန်၏။”—၁ တိ. ၅:၁-၃၊ ၉၊ ၁၀၊ ၁၉-၂၁၊ ၁၇၊ ၁၈; တရား. ၂၅:၄; ဝတ်. ၁၉:၁၃။
၁၉ အထက်ပါသြဝါဒကိုပေးပြီးနောက် တမန်တော်ပေါလုက ‘ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်အဖြစ် သခင်ယေရှုခရစ်ပေါ်ထွန်းချိန်တိုင်အောင်’ ပညတ်တော်ကို အညစ်အကြေးနှင့်ကင်းစင်၍ အပြစ်ဆိုဖွယ်မရှိသည်တိုင်အောင် လိုက်နာစောင့်ထိန်းရမည်ဟု ထပ်လောင်းဆုံးမလိုက်သည်။ ဤနိုင်ငံတော်မျှော်လင့်ချက်ကို အခြေခံပြီး ယင်းသြဝါဒစာစောင်က ခရစ်ယာန်များအတွက် အောက်ပါတိုက်တွန်းချက်ဖြင့် နိဂုံးချုပ်လိုက်သည်။ “သူတစ်ပါးအား ကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သောစေတနာစိတ်ရှိခြင်း၊ အချင်းချင်းဆက်ဆံခြင်း၊ မှန်သောအသက်ကိုဝင်စားလိုသောငှာ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူးခြင်းတို့ကို ပြုရမည်။” (၁ တိ. ၆:၁၃-၁၅၊ ၁၈၊ ၁၉) တိမောသေပထမစောင်ပါ မွန်မြတ်သောသြဝါဒသည် တကယ်ပင် အကျိုးထူးလှပေသည်။
[အောက်ခြေမှတ်ချက်များ]
a 1970, edited by H. S. Gehman, page 721.
b The Ante-Nicene Fathers, Vol. I, page 6, “The First Epistle of Clement to the Corinthians,” chap. V.
c New Bible Dictionary, second edition, 1986, edited by J. D. Douglas, page 1203.