ကျမ်းစာစောင်နံပါတ် ၅၅—၂ တိမောသေ
ကျမ်းရေးသူ– ပေါလု
ရေးရာဒေသ– ရောမ
ရေးသားပြီးစီးချိန်– အေဒီ ၆၅ ခန့်
ရောမတွင် ပေါလု နောက်တစ်ကြိမ်ထောင်ကျပြန်သည်။ သို့သော် ပထမအကြိမ်ကအခြေအနေထက် ယခုပို၍ အခြေအနေဆိုးနေသည်။ အေဒီ ၆၅ လောက်ကဖြစ်မည်။ အေဒီ ၆၄၊ ဇူလိုင်လက ရောမမြို့လည်း မီးလောင်ပြာကျခဲ့ရပြီ။ မြို့၏ရပ်ကွက်ကြီး ၁၄ ခုတွင် ၁၀ ခုမှာ လုံးဝပျက်စီးသွားသည်။ ရောမသမိုင်းပညာရှင် တက်စီတပ်စ်က ဤသို့ရေးခဲ့သည်– ဧကရာဇ်နီရိုသည် “ရှင်ဘုရင်အမိန့်ဖြင့် မြို့ကိုမီးရှို့ပစ်ခြင်းဖြစ်သည်ဟူသော အများတကာယုံကြည်ချက်ကို ဖျောက်ပစ်၍မစွမ်းနိုင်ဘဲရှိနေသည်။ ထို့ကြောင့် ၎င်းသတင်းကို ပြည်ဖုံးကားချလိုက်နိုင်ရန် နီရိုသည် တလွဲအပြစ်ဖို့လေတော့သည်။ လူအများက ခရစ်ယာန်များဟုခေါ်ကာ မုန်းနေကြသောသူတို့အပေါ် အပြစ်လွှဲချကာ အကြီးအကျယ်ညှဉ်းဆဲလေသည်။ . . . မြို့ကိုမီးရှို့ခြင်းပြစ်မှုကြောင့်မဟုတ်ဘဲ လူသားထုကို မုန်းခြင်းကြောင့် သူတို့အမြောက်အမြားကို ဖမ်းဆီးလေသည်။ သူတို့မသေမီ အမျိုးမျိုးသော အရှက်ခွဲခြင်းကို ခံရကြသည်။ တိရစ္ဆာန်အရေများကို ခြုံစေကာ ခွေးတို့၏ကိုက်ဖြတ်စားသောက်ပစ်ခြင်းကို ခံစေသည်။ အချို့တို့ကို လက်ဝါးကပ်တိုင်များတွင် သံနှင့်ရိုက်စေသည်၊ ညဉ့်အမှောင်အတွက် မီးတိုင်များအဖြစ် မီးရှို့သတ်ဖြတ်ခြင်းခံစေသည်။ ထိုသတ်ပွဲများကိုကြည့်ဖို့အတွက် နီရိုက သူ၏ဥယျာဉ်များကိုပင် အသုံးပြုခွင့်ပေးခဲ့သည်။ . . . အများပြည်သူတို့ကောင်းကျိုးအတွက်မဟုတ်ဘဲ လူတစ်ဦး၏ရက်စက်မှုကို အာသာပြေစေရေးအတွက် သူတို့အများ သေကြကျေကြဖြစ်နေရသည့်အတွက်ကြောင့် အများတကာမှာ သနားစိတ်ယိုဖိတ်လေတော့သည်။”a
၂ ဤညှဉ်းပန်းခြင်းဂယက်ရိုက်ခတ်ချိန်လောက်တွင် ပေါလုသည် ရောမတွင် တစ်ဖန်အကျဉ်းချခံရခြင်း ဖြစ်ပုံရသည်။ ဤတစ်ချီတွင် သူသည် သံကြိုးများဖြင့် ချည်ခံရသည်။ ပြန်လွတ်ဖို့ မမျှော်လင့်တော့။ နောက်ဆုံးစီရင်ချက်နှင့် သေခြင်းကိုသာ သူစောင့်နေတော့သည်။ သူ့ထံ အလည်လာသူများလည်း အလွန်တရာမှ နည်းလှသည်။ အကြောင်းမှာ မိမိခရစ်ယာန်ဖြစ်ပါသည်ဟု ဗြောင်ပြောမည်ဆိုလျှင် အဖမ်းခံရဖို့၊ သေသည့်အထိ ညှဉ်းဆဲခံရဖို့သေချာသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဧဖက်မြို့မှ သူ့ထံလာလည်သူကို ပေါလုကျေးဇူးတင်ချီးမွမ်း ရေးခဲ့ခြင်းဖြစ်သည်။ “ထာဝရဘုရား၏ ကရုဏာတော်သည် သြနေသိဖော်၏အိမ်၌ သက်ရောက်ပါစေသော။ သူသည် ငါ့ကို အဖန်ဖန်သက်သာစေပြီ။ ငါ၌ သံကြိုးချည်နှောင်လျက်ရှိသော်လည်း သူသည် ရှက်ကြောက်ခြင်းမရှိဘဲ ရောမမြို့သို့ရောက်သောအခါ သာ၍ကြိုးစားလျက် ငါ့ကိုရှာ၍တွေ့၏။” (၂ တိ. ၁:၁၆၊ ၁၇) သေခြင်း၏အရိပ်အောက်တွင် ရေးသားရာ၌ ပေါလုသည် သူ့ကိုယ်သူ “ယေရှုခရစ်၌တည်သောအသက်ကို ပေးမည်ဟု ကတိတော်နှင့်အညီ ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏တမန်တော်ဖြစ်သော ငါပေါလု” ဟုအစချီခဲ့ပါသည်။ (၁:၁) ခရစ်တော်နှင့် တပေါင်းတစည်းတည်း အသက်ရှင်ဖို့အခွင့်အရေးသည် သူ့အတွက် စောင့်ကြိုနေကြောင်း သူသိသည်။ ယေရုရှလင်မှအစ ရောမအဆုံး ကမ္ဘာမြို့ကြီးများစွာတွင် သူဟောဖူးပြီ။ စပိန်ပြည်အထိပင် ရောက်ခဲ့ပေမည်။ (ရော. ၁၅:၂၄၊ ၂၈) ပြေးရသောလမ်းကို အဆုံးတိုင်အောင် သစ္စာရှိစွာသူပြေးခဲ့ပေပြီ။—၂ တိ. ၄:၆-၈။
၃ ဤစာကို အေဒီ ၆၅ ခန့်က မိမိယုံကြည်ခြင်းအတွက် ပေါလုအသတ်မခံရမီလေးတွင် ရေးခဲ့ခြင်းဖြစ်ရမည်။ ထိုအချိန်ထိ ဧဖက်တွင်ပင် တိမောသေရှိနေပုံရသည်။ ထိုတွင်နေရန် ပေါလု သူ့ကို တိုက်တွန်းခဲ့၍ဖြစ်သည်။ (၁ တိ. ၁:၄) ယခုတော့ မိမိထံ တိမောသေမြန်မြန်လာရန် ပေါလုနှစ်ကြိမ်ဖော်ပြထားသည်။ မာကုကိုလည်းခေါ်လာဖို့၊ တရောမြို့တွင် သူထားရစ်သော ဝတ်လုံနှင့်ကျမ်းစာလိပ်များကိုလည်း ယူခဲ့ရန် ပေါလုမှာသည်။ (၂ တိ. ၄:၉၊ ၁၁၊ ၁၂၊ ၂၁) ဒုက္ခရောက်နေချိန်တွင် ရေးသောစာဖြစ်လျက်နှင့် စာတွင် တိမောသေအတွက် တန်ခိုးပါသော အားပေးချက်များပါရှိပြီး ယင်းသည် ၎င်းနောက်ပိုင်း ခေတ်အဆက်ဆက်မှ ခရစ်ယာန်များအတွက်လည်း အကျိုးရှိသောအားပေးချက်အဖြစ် ဆက်၍ရှိနေပါသည်။
၄ တိမောသေဒုတိယစောင်သည် ကျမ်းစစ်ကျမ်းမှန်ဖြစ်ပြီး ကျမ်းရင်းဝင်ကျမ်းစောင်ဖြစ်ကြောင်း ကျိုးကြောင်းဖော်ပြချက်များကို တိမောသေပထမစောင်တွင် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ အေဒီဒုတိယရာစုမှ ပေါ်လီကပ်အပါအဝင် အစောပိုင်းစာရေးဆရာများနှင့် ကျမ်းပညာရှင်တို့သည် ဤကျမ်းကို အသိအမှတ်ပြုခဲ့ကြ၊ အသုံးပြုခဲ့ကြသည်။
အဘယ်ကြောင့် အကျိုးရှိကြောင်း
၁၀ ‘ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူခြင်းအားဖြင့်ဖြစ်၍ အကျိုးရှိ၏။’ အဘယ်အတွက် အကျိုးရှိသနည်း။ တိမောသေဒုတိယစောင်၌ ပေါလုဤသို့ဆို၏– “ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း သြဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။” (၃:၁၆၊ ၁၇) သို့နှင့် “သွန်သင်ခြင်း” ကျေးဇူးအကြောင်း ဤစာစောင်တွင် အလေးအနက်တင်ပြထားသည်။ ယနေ့ဖြောင့်မတ်ခြင်းတရား မြတ်နိုးသူအားလုံး ဤသြဝါဒစာပါ ပညာရှိဆုံးမသြဝါဒတို့ကို လိုက်နာ၍ ဘုရားသခင့်နှုတ်ကပါဌ်တော် ပို့ချသင်ပြနိုင်သူများ၊ ‘သမ္မာတရားကို မှန်ကန်စွာကိုင်တွယ်အသုံးပြု’ သောမျက်နှာသာတော်ရ လုပ်ဆောင်သူများဖြစ်ရန် အားကြိုးမာန်တက် လုပ်ကိုင်ကြပေမည်။ တိမောသေခေတ်က ဧဖက်မြို့၌ “မိုက်မဲ၍ ပညာကင်းသောပုစ္ဆာ” တို့ကို စပ်စပ်စုစုလေ့လာသူ၊ “အစဉ်သင်သော်လည်း သမ္မာတရားကိုလေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်” သောသူ၊ “စင်ကြယ်သောသြဝါဒကို” ငြင်းပယ်ပြီး မိမိတပ်မက်ခြင်းအလျောက် မိမိတို့နားယားပြေစေမည့်ဆရာများနောက်သို့ လိုက်သောသူများရှိခဲ့သည်နည်းတူ ယနေ့လည်းရှိ၏။ (၂:၁၅၊ ၂၃; ၃:၇; ၄:၃၊ ၄) ညစ်ညမ်းစေနိုင်သော ဤလောကီသြဇာကိုရှောင်လိုလျှင်၊ “စင်ကြယ်သောတရားစကား . . . ကို . . . ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်း” ရမည်။ ၎င်းပြင် “ဘုရားသခင်၏လူ” တိမောသေကဲ့သို့ အသင်းတော်အတွင်းအပြင် လူတို့အား “သွန်သင်ခြင်းငှာ တတ်စွမ်းနိုင်သော” ပုဂ္ဂိုလ်များ ပို၍ပို၍ အရေးတကြီး လိုအပ်လျက်ရှိ၏။ ‘နူးညံ့သိမ်မွေ့စွာသွန်သင်ရန် အရည်အချင်းရှိ’ လာခြင်းဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်သူ၊ ‘ခပ်သိမ်းသောစိတ်ရှည်ခြင်း၊ သွန်သင်မှုနည်းပညာတို့ဖြင့်’ နှုတ်ကပါဌ်တော်ကို ဟောပြောနိုင်သူအားလုံးအဖို့ ဝမ်းမြောက်ဖွယ်ဖြစ်၏။ ‘နူးညံ့သိမ်မွေ့ခြင်းနှင့်အတူ သွန်သင်နိုင်’ သူလူစားကိုဆိုလို၏။ ‘ခပ်သိမ်းသောစိတ်ရှည်ခြင်းနှင့် ပြသသွန်သင်နည်းပညာတို့ဖြင့်’ နှုတ်ကပါဌ်တော်ဟောပြောနိုင်သူဖြစ်ရန်တည်း။—၁:၁၃; ၂:၂၊ ၂၄၊ ၂၅; ၄:၂။
၁၁ ပေါလုဆိုသည့်အတိုင်း တိမောသေသည် လောဣနှင့် ဥနိတ်တို့၏ မေတ္တာရှေ့ထား သင်ကြားပေးမှုကြောင့် ‘နို့စို့အရွယ်’ ကတည်းက ကျမ်းစာကိုသိရှိခဲ့သည်။ ‘နို့စို့အရွယ်’ ဟူသည့်စကားက ယနေ့ကလေးများကို အဘယ်အရွယ်မှစ၍ ကျမ်းစာပို့ချရမည်ကို အရိပ်အမြွတ်ပြနေခြင်းဖြစ်သည်။ သို့သော် နောက်ပိုင်းကြီးပြင်းလာသောအခါ ယခင်ကဇွဲမီး တစစငြိမ်းသွားပါက မည်သို့နည်း။ ဟန်ဆောင်မှုနှင့်ကင်းသော ယုံကြည်ခြင်းနှင့်တကွ “တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ် [တည်ကြည်မြဲမြံသောစိတ်]” ကိုအခြေခံပြီး အဆိုပါဇွဲမီး ပြန်မွေးရန် ပေါလုအကြံပေး၏။ ‘နောက်ဆုံးနေ့ရက်များ၌’ သက်ငယ်ပြစ်မှုနှင့် မှောက်မှားသောသွန်သင်ခြင်းဆိုင်ရာ ပြဿနာရပ်များနှင့် ခဲယဉ်းသောကာလဖြစ်မည်ဟု ပေါလုဆို၏။ ယင်းအကြောင်းကြောင့် လူတိုင်း၊ အထူးသဖြင့် လူငယ်များ ‘အရာရာ၌ သတိဝီရိယရှိပြီး အမှုတော်ကို အပြီးဆောင်ရွက်’ ရန်လိုအပ်သည်။—၃:၁၅; ၁:၅-၇; ၃:၁-၅; ၄:၅။
၁၂ ဆိုင်ပြိုင်တိုက်လှန်ရကျိုးနပ်ပါသည်။ (၂:၃-၇) ဤကိစ္စနှင့်ပတ်သက်၍ ပေါလုက နိုင်ငံတော်မျိုးနွယ်အကြောင်း အာရုံစိုက်စေကာ ဤသို့တင်ပြ၏– “ဒါဝိဒ်အမျိုးဖြစ်သော ယေရှုခရစ်သည် . . . ဧဝံဂေလိတရားအတိုင်း သေခြင်းမှထမြောက်တော်မူသည်ဟု အောက်မေ့လော့။” ပေါလု၏မျှော်လင့်ခြင်းသည် ထိုမျိုးနွယ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်ရန်တည်း။ ၎င်းနောက် မိမိအသတ်ခံရတော့မည့်အကြောင်းကို အောင်မြင်ခြင်းစကားလုံးများဖြင့် ထုတ်ဖော်ရေးသားလိုက်သည်။ “ယခုမှစ၍ ဓမ္မသရဖူသည် ငါအဖို့ သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့်စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။” (၂:၈; ၄:၈) နှစ်ပေါင်းများစွာ သစ္စာရှိရှိအမှုဆောင်လာခဲ့သည့်အဖြစ်ကို နောက်ပြန်လှည့်ကြည့်ပြီး ပေါလုနည်းတူ ပြောနိုင်သောပုဂ္ဂိုလ်များအနေနှင့် ဝမ်းမြောက်ဖွယ်ဖြစ်ပေသည်။ သို့ရာတွင် ယင်းသို့ဝမ်းမြောက်နိုင်ရန် ယေရှုခရစ်၏ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောစိတ်နှင့်တကွ ပေါလု၏အောက်ပါကဲ့သို့သောစိတ်ချမှုနှင့်အတူ ယခုကတည်းက အမှုတော်ကို ထမ်းရွက်ရမည်ဖြစ်၏။ “သခင်ဘုရားသည် မကောင်းသောအမှုရှိသမျှတို့မှ ငါ့ကိုကယ်နုတ်၍ မိမိကောင်းကင်နိုင်ငံတော်သို့တိုင်အောင် မစပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။”—၄:၁၈။
[အောက်ခြေမှတ်ချက်]
a The Complete Works of Tacitus, 1942, edited by Moses Hadas, pages 380-1.