ကျိုးကြောင်းဆင်ခြင်စာအုပ်ကို သင်အသုံးပြုနေပါသလော
၁။ တမန်တော်ပေါလုနှင့် ယေရှုတို့သည် အခြားသူများကို မည်သို့သွန်သင်ပေးခဲ့ကြသနည်း။
၁ တမန်တော်ပေါလုသည် ‘ကျမ်းစာကိုအခြေခံ၍ ကျိုးကြောင်းဆင်ခြင်’ ရန်ကြိုးစားအားထုတ်ခဲ့သည်။ (တ. ၁၇:၂၊ ၃၊ ကဘ; ၁၈:၁၉) ထိုသို့ပြုလုပ်ခြင်းမှာ ကျမ်းစာကို မကြာခဏကိုးကားခဲ့ပြီး ဘုရားသခင့်အလိုတော်ကို နားထောင်သူများ နားလည်စေရန် ကူညီပေးရာတွင် ပုံဥပမာများအသုံးပြုခဲ့သော ယေရှုကို ပေါလုတုပခဲ့ခြင်းဖြစ်သည်။ (မ. ၁၂:၁-၁၂) အလားတူလုပ်ဆောင်ရာတွင် ကျွန်ုပ်တို့အတွက်အကူအညီဖြစ်စေရန် ရည်ရွယ်၍ ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်ကို ထုတ်ဝေထားသည်။
၂။ ထိရောက်သောနိဒါန်းများကို ပြင်ဆင်ရာတွင် ကျိုးကြောင်းဆင်ခြင်စာအုပ်ကို ကျွန်ုပ်တို့ မည်သို့အသုံးပြုနိုင်သနည်း။
၂ ထိရောက်သောနိဒါန်းများကို ပြင်ဆင်ခြင်း– ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်၏ စာမျက်နှာ ၉-၁၅ တွင် လူတစ်ဦး၏စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်သော နိဒါန်းများပါဝင်သည်။ အထူးသဖြင့် မကြာခဏလုပ်ဆောင်သည့် ရပ်ကွက်ဖြစ်သည်ဆိုလျှင် ကွဲပြားသောနိဒါန်းများကို လေ့လာ၍ အသုံးပြုခြင်းက သင့်ဓမ္မအမှုကို အဘက်ဘက်တွင် နှံ့စပ်တွင်ကျယ်စေကာ ထိရောက်သောစကားစမြည် စတင်ပြောဆိုရာတွင် ပို၍ထိရောက်သူတစ်ဦးဖြစ်လာစေရန် သင့်ကို ကူညီပေးပါလိမ့်မည်။ တယ်လီဖုန်းဖြင့်သက်သေခံသောအခါ သို့မဟုတ် အဆင့်မြင့်လုံခြုံရေးချထားသော အဆောက်အအုံများတွင် မိုက်ကရိုဖုန်းပါသည့် စကားပြောကိရိယာ (intercom) ဖြင့်စကားပြောသောအခါ နိဒါန်းများကို စာအုပ်မှ တိုက်ရိုက်ဖတ်ပြနိုင်ပါသည်။
၃။ ကျိုးကြောင်းဆင်ခြင်စာအုပ်၏ စာမျက်နှာ ၁၆-၂၄ တွင် ဓမ္မအမှု၌ ကျွန်ုပ်တို့ကို အထောက်အကူပေးမည့် အဘယ်အချက်များပါသနည်း။
၃ စကားဆက်ပြတ်စေနိုင်သူများအား အောင်မြင်ကျော်လွှားခြင်း– သင့်ရပ်ကွက်တွင် စကားဆက်ပြတ်စေနိုင်သူများနှင့် ကြုံတွေ့ရနိုင်ကြောင်း ကြိုတင်မျှော်လင့်ထားကာ မည်ကဲ့သို့တုံ့ပြန်ရမည်ကိုသိရှိရန် မဟောပြောမီတွင် အချိန်အနည်းငယ်ယူ၍ စာမျက်နှာ ၁၆-၂၁ ကို ပြန်လည်သုံးသပ်ပါ။ အချို့သောအိမ်ရှင်များသည် ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူများ၊ ဂျူးများ သို့မဟုတ် မွတ်စလင်များ ဖြစ်ပုံရသလော။ ထိုသို့ဖြစ်ပါက စာမျက်နှာ ၂၁-၂၄ တွင်ပါသော အချက်အလက်များက အထောက်အကူပြုပါလိမ့်မည်။
၄။ မေးခွန်းတစ်ခု သို့မဟုတ် အငြင်းပွားဖွယ်အကြောင်းတစ်ခု ပေါ်ပေါက်လာသောအခါ ကျိုးကြောင်းဆင်ခြင်စာအုပ်ကို မည်သို့အသုံးပြုနိုင်သနည်း။
၄ မေးခွန်းများကို ဖြေဆိုခြင်း– ကျိုးကြောင်းဆင်ခြင်စာအုပ်သည် မေးခွန်းတစ်ခု သို့မဟုတ် အငြင်းပွားဖွယ်အကြောင်းတစ်ခု ပေါ်ပေါက်လာသောအခါ၌လည်း ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပါသည်။ သင့်တွင် ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ်အကြောင်းတချို့ရှိသည့်အတွက် ပြသလိုကြောင်း ထိုသူအား ရိုးရှင်းစွာပြောပြနိုင်ပြီး သင့်ကျိုးကြောင်းဆင်ခြင်စာအုပ်ကို ထုတ်လိုက်ပါ။ အကြောင်းအရာများကို အက္ခရာစဉ်လိုက်စီထားသောကြောင့် သင်လိုအပ်သောအချက်အလက်များကို ရရှိနိုင်မည်ဟုသင်ထင်သော ခေါင်းစဉ်ကြီးကို လှန်လိုက်ပါ။ ထို့နောက် စာလုံးမည်းဖြင့် ရေးသားဖော်ပြထားသော မေးခွန်းများကို လျင်မြန်စွာကြည့်ပါ။ အကယ်၍ သင်ရှာနေသည့်အကြောင်းကို လျင်မြန်စွာမတွေ့လျှင် နောက်ဘက်မှအညွှန်းကို လှန်လိုက်ပါ။ သင့်တော်သည့်အချက်ကို သင်ရှာတွေ့သည်နှင့် ယင်းကို စာအုပ်မှတိုက်ရိုက်ဖတ်ပြပါ။ သင်သည် သတ်သတ်မှတ်မှတ် ကျမ်းချက်တစ်ချက်ကို ဆွေးနွေးနေသည်ဆိုလျှင် စာမျက်နှာ ၄၄၅ မှ “အလွဲသုံးလေ့ရှိသော ကျမ်းချက်များ” အောက်တွင် သင်လိုအပ်ရာကို ရှာတွေ့နိုင်ပါသည်။
၅။ ကျိုးကြောင်းဆင်ခြင်စာအုပ်ကို အကျိုးရှိရှိအသုံးပြုပုံအချို့မှာ အဘယ်နည်း။
၅ အခြား အသုံးပြုပုံများ– အချို့သူများသည် “ခင်ဗျားတို့ ဘာကြောင့် အခါကြီးရက်ကြီးတွေကို မကျင်းပတာလဲ” ကဲ့သို့သော မေးခွန်းများကို ပြန်ဖြေရာတွင် အကူအညီဖြစ်စေရန် သူတို့၏အလုပ် သို့မဟုတ် ကျောင်းသို့ ကျိုးကြောင်းဆင်ခြင်စာအုပ်ကို ယူဆောင်သွားကြသည်။ လူငယ်များသည် ကျောင်းသင်ခန်းစာများကို ပြင်ဆင်ရာတွင် အထောက်အကူဖြစ်စေရန် “ဖန်ဆင်းခြင်း” နှင့် “ဆင့်ကဲဖြစ်စဉ်ဝါဒ” ခေါင်းစဉ်အောက်တွင် အချက်အလက်များကို တွေ့ရှိနိုင်ပါသည်။ သင်သည် ဖျားနာသူ သို့မဟုတ် ချစ်ရသူတစ်ဦးအား သေခြင်းတွင် ဆုံးရှုံးလိုက်ရသူတစ်ဦးဦးထံ သွားရောက်လည်ပတ်တော့မည်လော။ “အားပေးခြင်း” ခေါင်းစဉ်အောက်ရှိ အကြောင်းအရာသည် ကျမ်းဆိုင်ရာနှစ်သိမ့်မှုပေးရန် သင့်ကိုအထောက်အကူပြုနိုင်ပါသည်။ ကျိုးကြောင်းဆင်ခြင်စာအုပ်တွင် ဟောပြောချက်ပြင်ဆင်သူများနှင့် လယ်ကွင်းလုပ်ငန်းစုဆုံမှုများတွင် ဦးဆောင်သူများကို အထောက်အကူပြုမည့် အချက်အလက်များလည်း ပါဝင်သည်။
၆။ ဟောပြောသောအခါ ကျွန်ုပ်တို့၏ပန်းတိုင်မှာ အဘယ်နည်း။
၆ ဟောပြောသောအခါ ကျွန်ုပ်တို့၏ပန်းတိုင်မှာ အချေအတင်ပြောဆိုမှုများတွင် အနိုင်ရရှိရန်မဟုတ်သကဲ့သို့ အချက်အလက်များကို အသိပေးရုံသက်သက်မျှသာလည်း မဟုတ်ပါ။ ကျွန်ုပ်တို့သည် ကျမ်းစာဖြင့် ကျွမ်းကျင်စွာ ကျိုးကြောင်းဆင်ခြင်လိုကြပါသည်။ ကျိုးကြောင်းဆင်ခြင်စာအုပ်ကို ကောင်းစွာအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိတို့၏သွန်သင်ခြင်းကို အမြဲအာရုံစိုက်နေကြောင်း ပြသရာရောက်သည်။—၁ တိ. ၄:၁၆။