ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၈/၁၅ စာ. ၂၅-၂၈
  • “ကောင်းကင်ဆန်စပါး”မှအကျိုးရယူခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကောင်းကင်ဆန်စပါး”မှအကျိုးရယူခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဣသရေလအတွက်သင်ခန်းစာက ခရစ်ယာန်များကိုအကျိုးရှိစေ
  • ဘုရားသခင့်ပြင်ဆင်ပေးရာများအတွက် သင်၏လေးမြတ်မှုကို ခိုင်ခံ့စေ
  • ထာဝရအသက်ပေးသော “မန္န”
  • “ဝှက်ထားသောမန္န” ၏အဓိပ္ပာယ်
  • အစားအစာအသစ်အဆန်းတစ်မျိုး အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • အသက်မုန့်ကို သင် မြည်းကြည့်ဖူးသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၈/၁၅ စာ. ၂၅-၂၈

“ကောင်းကင်ဆန်စပါး”မှအကျိုးရယူခြင်း

အီဂျစ်ပြည်မှ ဣသရေလလူများသည် အံ့ဖွယ်နည်းဖြင့် ကယ်နုတ်ခံရပြီးနောက် မကြာမီ သူတို့၏ကယ်တင်ရှင်ယေဟောဝါအပေါ် ယုံကြည်ခြင်းအလွန်အကျွံကင်းမဲ့ခဲ့ကြသည်။ ရလဒ်ကား၊ ယေဟောဝါသည် သူတို့ကို သိနာတောတွင် အနှစ် ၄၀ လှည့်လည်စေခဲ့ခြင်းဖြစ်သည်။ ထိုအတောအတွင်း ဣသရေလလူများနှင့် သူတို့နောက်လိုက်လာခဲ့ကြသော တိုင်းတစ်ပါးမှ “အမျိုးမျိုးသော လူအများတို့သည်” “ဝပြောစွာ” စားသောက်ခဲ့ကြရသည်။ (ထွက်မြောက်ရာ ၁၂:၃၇၊ ၃၈) ထိုသို့ဖြစ်ပျက်နိုင်ခဲ့ပုံကို ဆာလံ ၇၈:၂၂-၂၅ ကဤသို့ဖော်ပြသည်– “[ယေဟောဝါသည်] အထက်မိုးတိမ်တို့ကို မှာထားလျက်၊ ကောင်းကင်တံခါးတို့ကိုဖွင့်၍၊ သူတို့စားစရာဖို့ မန္နကိုမိုးရွာစေသဖြင့်၊ ကောင်းကင်ဆန်စပါးကို ပေးတော်မူသည်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် ကြီးမြတ်သောသူတို့၏အစာကို သုံးဆောင်၍၊ ဝပြောစွာစားကြမည်အကြောင်းပြုတော်မူ” သည်။

မန္နမုန့်ကိုစားသုံးခဲ့သူတစ်ဦးအနေဖြင့် ဤထူးဆန်းသောအစာအကြောင်း မောရှေဤသို့ဖော်ပြခဲ့၏။ နံနက်ယံတွင် “နှင်းတက်ပြီးသောအခါ၊ နှင်းခဲကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာပေါ်မှာ ရှိရစ်လေ၏။ ထိုအရာကို ဣသရေလအမျိုးသားတို့သည် မြင်သောအခါ၊ ‘အဘယ်အရာနည်း’” သို့မဟုတ် ဟေဗြဲအရ၊ “မာန်ဟူး” ဟူ၍တစ်ယောက်ကို တစ်ယောက်မေးကြ၏။ ယင်းအခေါ်အဝေါ်သည် ဣသရေလလူများက ထိုစားစရာကို အမည်မှည့်ခဲ့သော “မန္န” ၏ပင်ရင်းဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းသည် “ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့်ရောသော မုန့်ကြွပ်နှင့် အရသာတူ၏” ဟူ၍ မောရှေပြောခဲ့သည်။—ထွက်မြောက်ရာ ၁၆:၁၃-၁၅၊ ၃၁၊ အောက်ခြေမှတ်ချက်။

အချို့ဆင်ခြေတက်ကြသည့်အတိုင်း မန္နမုန့်သည် သဘာဝအစားအစာမဟုတ်ချေ။ ၎င်းကိုပြင်ဆင်ပေးရာတွင် သဘာဝလွန်စွမ်းအားပါဝင်ပတ်သက်ခဲ့သည်။ ဥပမာ၊ ၎င်းကိုရဖို့ နေရာဒေသ သို့မဟုတ် ရာသီဥတုအပေါ် မူမတည်ခဲ့ပေ။ ၎င်းကို နံနက်တိုင်အောင်ထားလျှင် ပိုးထွက်၍နံစော်ခဲ့သည်; အပတ်စဉ်ဥပုသ်မတိုင်မီနေ့တွင် မိသားစုအသီးသီးစုသိမ်းသည့်အစာနှစ်ဆသည် မပျက်စီးခဲ့သည့်အတွက် ဥပုသ်—မန္နမုန့်မရရှိသည့်နေ့—တွင် စားသုံးနိုင်ခဲ့ကြသည်။ မန္နမုန့်သည် အံ့ဖွယ်နည်းဖြင့် ပြင်ဆင်ပေးရာဖြစ်ခဲ့သည်မှာ ထင်ရှားပါသည်။—ထွက်မြောက်ရာ ၁၆:၁၉-၃၀။

ဆာလံ ၇၈ တွင် “ကြီးမြတ်သောသူတို့” သို့မဟုတ် “ကောင်းကင်တမန်များ” ဟုဖော်ပြထားခြင်းက ယေဟောဝါသည် မန္နမုန့်ကိုပြင်ဆင်ပေးရန် ကောင်းကင်တမန်များကိုအသုံးပြုခဲ့ပေမည်ဟု ဖော်ပြသည်။ (ဆာလံ ၇၈:၂၅၊ အောက်ခြေမှတ်ချက်) မည်သို့ပင်ဆိုစေကာမူ၊ ဘုရားသခင်သနားကြင်နာသည့်အတွက် သူတို့ကျေးဇူးတင်စရာအကြောင်းရှိခဲ့၏။ သို့တိုင် အများစုသည် အီဂျစ်ပြည်၏ ကျွန်သပေါက်အဖြစ်မှ ကယ်နုတ်ပေးခဲ့သူကို ကျေးဇူးတင်စိတ်မပြခဲ့ချေ။ ကျွန်ုပ်တို့သည်လည်း ယေဟောဝါ၏ပြင်ဆင်ပေးချက်များကို အလေးမထားသူများဖြစ်ပေမည် သို့မဟုတ် ကိုယ်တော်၏မေတ္တာကရုဏာကို မတွေးတောမဆင်ခြင်လျှင် ကျေးဇူးကန်းသူများပင်ဖြစ်လာပေမည်။ ထို့ကြောင့် “ငါတို့ကိုဆုံးမ” ဖို့အတွက် ဣသရေလလူများ၏ ကယ်နုတ်ခံရခြင်းနှင့် ၎င်းနောက်ဖြစ်ပျက်ခဲ့သောအမှုများကို မှတ်တမ်းတင်စေခဲ့သည့် ယေဟောဝါအား ကျွန်ုပ်တို့ကျေးဇူးတင်နိုင်သည်။—ရောမ ၁၅:၄။

ဣသရေလအတွက်သင်ခန်းစာက ခရစ်ယာန်များကိုအကျိုးရှိစေ

ယေဟောဝါသည် မန္နမုန့်ကိုပြင်ဆင်ပေးသောအခါ သုံးသန်းခန့်သောဣသရေလလူတို့ လိုအပ်သောကာယအစာကို ထောက်ပံ့ပေးရုံမက ကိုယ်တော်ရည်ရွယ်တော်မူခဲ့သည်။ ကိုယ်တော်သည် သူတို့အကျိုးအတွက် သူတို့ကို သန့်စင်ဆုံးမရန်အလို့ငှာ ‘သူတို့ကို နှိမ့်ချစုံစမ်းရန်’ အလိုရှိခဲ့၏။ (တရားဟောရာ ၈:၁၆; ဟေရှာယ ၄၈:၁၇) ထိုသန့်စင်ပေးခြင်းနှင့် ဆုံးမခြင်းတို့ကို သူတို့ခံယူကြမည်ဆိုလျှင် ယေဟောဝါသည် သူတို့ကို ကတိထားရာပြည်တွင် ငြိမ်သက်ခြင်း၊ ကြီးပွားချမ်းသာခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကိုပေးသနားခြင်းအားဖြင့် ‘နောက်ဆုံးတွင် ကျေးဇူးပြုရန်’ ဝမ်းမြောက်ပါလိမ့်မည်။

သူတို့သိရှိရမည့် အရေးကြီးသောအချက်တစ်ချက်မှာ “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်” ဟူ၍ဖြစ်သည်။ (တရားဟောရာ ၈:၃) ဘုရားသခင်သည် ထိုမန္နမုန့်ကို မကျွေးမွေးခဲ့ပါက လူတို့သည် ငတ်မွတ်ခဲ့ကြရလိမ့်မည်ကို သူတို့ချက်ချင်းဝန်ခံခဲ့ကြသည်။ (ထွက်မြောက်ရာ ၁၆:၃၊ ၄) ကျေးဇူးတင်တတ်သောဣသရေလများသည် ယေဟောဝါအပေါ် မိမိတို့လုံးဝမှီခိုအားထားနေခဲ့ရသည်ကို နေ့စဉ်သတိရကြသောကြောင့် သူတို့နှိမ့်ချခံခဲ့ကြရသည်။ ကြီးပွားချမ်းသာသော ကတိထားရာပြည်သို့ ရောက်သွားကြသည့်အခါ သူတို့သည် ယေဟောဝါကိုလည်းကောင်း၊ ကိုယ်တော့်အား သူတို့မှီခိုနေကြရသည်ကိုလည်းကောင်း မေ့လျော့ကြလိမ့်မည်မဟုတ်ပေ။

ဣသရေလလူများနည်းတူ ခရစ်ယာန်များသည် ဘဝလိုအပ်ရာများဖြစ်သည့် ကာယရေးနှင့်ဝိညာဉ်ရေးတို့အတွက် ဘုရားသခင်ကို မှီခိုအားထားနေရကြောင်း သတိပြုလျက်နေကြရမည်။ (မဿဲ ၅:၃; ၆:၃၁-၃၃) စာတန်၏သွေးဆောင်မှုတစ်ခုကို ဖြေကြားရာ၌ ယေရှုခရစ်သည် တရားဟောရာ ၈:၃ တွင်ဖတ်ရသည့် မောရှေ၏ဤစကားများကို ကိုးကားခဲ့သည်– “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်ဟု ကျမ်းစာလာသတည်း။” (မဿဲ ၄:၄) မှန်သည်၊ ယေဟောဝါအား စစ်မှန်စွာဝတ်ပြုသူများသည် ဘုရားသခင်၏နှုတ်မြွက်စကားတော်တွင်တွေ့ရသည့် ကိုယ်တော်၏ဖော်ပြချက်များကို ဖတ်ရှုခြင်းအားဖြင့် အားရှိလာခဲ့ကြသည်။ ထို့ပြင် သူတို့သည် ဘုရားသခင်နှင့်လျှောက်လှမ်း၍ ကိုယ်တော်၏နိုင်ငံတော်အကျိုးစီးပွားများကို ရှေ့ဦးထားကြစဉ် အဆိုပါဖော်ပြချက်များ၏အကျိုးသက်ရောက်မှုများကို သူတို့ခံစားကြရသောအခါ သူတို့၏ယုံကြည်ခြင်းသည် ခိုင်ခံ့လာသည်။

မစုံလင်သောလူသားများသည် ယေဟောဝါ၏မေတ္တာကရုဏာဆိုင်ရာ ကျေးဇူးများကို ခံစားနေကြရကြောင်း ထင်ရှားလျက်ပင် ၎င်းတို့သည် သူတို့ဘဝ၏ပုံမှန်အရာတစ်ခုဖြစ်လာရာ တန်ဖိုးထားလေးမြတ်မှု ပျောက်ဆုံးနိုင်သည်။ ဥပမာ၊ သဘာဝလွန်ပြင်ဆင်ချက်ဖြစ်သောမန္နမုန့်သည် အစတွင် ဣသရေလလူများအတွက် အလွန်အံ့အားသင့်စရာဖြစ်ပြီး အားရကျေနပ်ဖွယ်ဖြစ်ခဲ့သော်လည်း အတန်ကြာသော် သူတို့ထဲမှအများသောသူတို့သည် ညည်းညူမြည်တမ်းခဲ့ကြလေသည်။ “ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည် အလွန်ရွံရှာ၏” ဟုမထီလေးစားစွာဖြင့် ညည်းညူခဲ့ကြရာ သူတို့သည် ‘အသက်ရှင်တော်မူသော ဘုရားသခင့်အထံတော်မှ စတင်ထွက်သွား’ နေကြခြင်း၏သာဓကဖြစ်သည်။ (တောလည်ရာ ၁၁:၆; ၂၁:၅; ဟေဗြဲ ၃:၁၂) ထို့ကြောင့် သူတို့၏ပုံနမူနာသည် “ကပ်ကာလအဆုံးတွင်ဖြစ်သော ငါတို့ကိုဆုံးမစရာ” ဖြစ်သင့်ပါသည်။—၁ ကောရိန္သု ၁၀:၁၁။

သတိပေးချက်ဖြစ်သည့် ဤပုံနမူနာကို မည်သို့အလေးထားနိုင်သနည်း။ တစ်နည်းမှာ သစ္စာနှင့်သတိပညာရှိကျေးကျွန်အတန်းအစားမှတစ်ဆင့် ကျွန်ုပ်တို့ရရှိသော ကျမ်းစာသွန်သင်ချက်များ သို့မဟုတ် အခြားပြင်ဆင်ချက်များကို သာမန်သာဖြစ်သည်ဟူ၍ မည်သည့်အခါမျှမယူမှတ်ကြခြင်းအားဖြင့်ဖြစ်သည်။ (မဿဲ ၂၄:၄၅) ယေဟောဝါ၏ဆုကျေးဇူးများကို ကျွန်ုပ်တို့စတင်အလေးမထားသည်နှင့် သို့မဟုတ် ၎င်းတို့ကို ငြီးငွေ့သည်နှင့် ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးသည် အေးစက်လာပါလိမ့်မည်။

ယေဟောဝါသည် စိတ်လှုပ်ရှားဖွယ်အသစ်သောအကြောင်းများကို တရစပ်မဖော်ပြရခြင်းအတွက် အကြောင်းကောင်းရှိသည်။ ယင်းအစား၊ ကိုယ်တော်၏နှုတ်မြွက်စကားတော်ကို တဖြည်းဖြည်းတိုး၍တိုး၍ သဘောပေါက်စေသည်။ (သု. ၄:၁၈) ဤသို့အားဖြင့် ကိုယ်တော်၏လူတို့သည် သူတို့သိရှိလာသော အကြောင်းအရာများကိုလက်ခံယူပြီး အချို့ဘာသာပြန်ကျမ်းများဆိုသကဲ့သို့ လက်တွေ့ကျင့်သုံးစေသည်။ ယေရှုသည် မိမိ၏အစောပိုင်းတပည့်တော်များကို သွန်သင်သောအခါ ခမည်းတော်၏ပုံသက်သေကို လိုက်လျှောက်ခဲ့သည်။ ကိုယ်တော်သည် အခြားဘာသာပြန်ကျမ်းများဆိုသည့်အတိုင်း သူတို့ “နားထောင်နိုင်သည်အတိုင်း” သို့မဟုတ် “နားလည်” နိုင်သလောက် ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုရှင်းပြခဲ့သည်။—မာကု ၄:၃၃; ယောဟန် ၁၆:၁၂ နှိုင်းယှဉ်။

ဘုရားသခင့်ပြင်ဆင်ပေးရာများအတွက် သင်၏လေးမြတ်မှုကို ခိုင်ခံ့စေ

ယေရှုသည် ထပ်ခါတလဲလဲပြောဆိုနည်းကိုလည်း အသုံးပြုခဲ့သည်။ အချက်တစ်ချက်—ဥပမာ၊ ကျမ်းစာမူတစ်ခု—ကိုအလွယ်တကူနားလည်သဘောပေါက်သော်လည်း ယင်းကို နှလုံးသွင်းပြီး ခရစ်ယာန် “လူသစ်” ၏တစ်စိတ်တစ်ပိုင်းဖြစ်စေရန်မှာ အထူးသဖြင့် စနစ်ဟောင်းလမ်းစဉ်များနှင့် စိတ်နေသဘောထားများ အမြစ်စွဲနေမည်ဆိုလျှင် ကြန့်ကြာပေမည်။ (ဧဖက် ၄:၂၂-၂၄) မာနစိတ်ကိုချိုးပြီး နှိမ့်ချသောသဘောကို မွေးမြူခြင်းနှင့်ပတ်သက်၍ ယေရှု၏တပည့်တော်များအလယ်တွင် ထိုသို့ပင်ဖြစ်ခဲ့သည်။ ယေရှုသည် သူတို့ကို နှိမ့်ချမှုအကြောင်း မကြာခဏသွန်သင်ပေးခဲ့ရသည်။ သူတို့နှလုံးထဲစိမ့်ဝင်သဘောပေါက်သွားစေရန် အကြောင်းတစ်မျိုးတည်းကို အခြားရှုထောင့်ဘက်မှ အကြိမ်တိုင်းတွင်တင်ပြပေးခဲ့ရာ နောက်ဆုံး၌ နှလုံးထဲစိမ့်ဝင်သွားခဲ့သည်။—မဿဲ ၁၈:၁-၄; ၂၃:၁၁၊ ၁၂; လုကာ ၁၄:၇-၁၁; ယောဟန် ၁၃:၅၊ ၁၂-၁၇။

မျက်မှောက်ခေတ်အချိန်တွင် ခရစ်ယာန်အစည်းအဝေးများနှင့် ကင်းမျှော်စင်စာပေများသည် ယေရှု၏အသေအချာစဉ်းစားပြီး ထပ်ခါတလဲပြောဆိုနည်းကို လိုက်လျှောက်၏။ ယင်းကို ဘုရားသခင့်မေတ္တာပြနည်းတစ်ခုအဖြစ် ကျေးဇူးတင်လေးမြတ်ကာ ဣသရေလလူများသည် မန္နမုန့်ကိုငြီးငွေ့ခဲ့သကဲ့သို့ ကျွန်ုပ်တို့ရရှိသမျှကျေးဇူးများကို ဘယ်သောအခါမျှ မငြီးငွေ့ကြပါလေနှင့်။ အမှန်မှာ၊ ယေဟောဝါ၏အချိန်မှန်သတိပေးချက်များကိုခံယူ၍ စိတ်ရှည်စွာဖြင့်ကျင့်သုံးသောအခါ ကျွန်ုပ်တို့၏အသက်တာတွင် ကောင်းသောအသီးများသီးလာပါလိမ့်မည်။ (၂ ပေတရု ၃:၁) ဤကဲ့သို့သောကျေးဇူးတင်လေးမြတ်သောစိတ်ထားသည် ကျွန်ုပ်တို့၏စိတ်တွင်သာမက နှလုံးထဲတွင်လည်း ဘုရားသခင့်နှုတ်မြွက်စကားတော်၏ ‘အဓိပ္ပာယ်ကိုသိရှိ’ ကြောင်းအမှန်ပင်ပြသရာရောက်ပါသည်။ (မဿဲ ၁၃:၁၅၊ ၁၉၊ ၂၃) ၎င်းနှင့်ပတ်သက်၍ ယနေ့ ကျွန်ုပ်တို့ရရှိသည့် ဝိညာဉ်အစာအမျိုးမျိုး မရရှိခဲ့သော်လည်း ယေဟောဝါ၏ပညတ်တော်သည် “ပျားရည်ထက်မက၊ ပျားလပို့ထက်ချို” ၏ဟုပြောခဲ့သော ဆာလံဆရာဒါဝိဒ်၏ပုံသက်သေကောင်းရှိသည်။—ဆာလံ ၁၉:၁၀။

ထာဝရအသက်ပေးသော “မန္န”

“ငါသည် အသက်မုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများသည် တော၌မန္နကိုစားလျက် သေရကြ၏။ . . . ငါသည် ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဖို့အလိုငှာစွန့်သော ငါ၏အသားပေတည်း” ဟူ၍ ဂျူးများကို ယေရှုမိန့်တော်မူခဲ့သည်။ (ယောဟန် ၆:၄၈-၅၁) ပကတိပေါင်မုန့် သို့မဟုတ် မန္နမုန့်သည် ထာဝရအသက်ကို မပေးခဲ့သည့်အပြင် ပေးလည်းမပေးနိုင်ချေ။ သို့သော် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်ခြင်းတင်ပြသူများသည် နောက်ဆုံး၌ ထာဝရအသက်ကောင်းချီးခံစားရပါလိမ့်မည်။—မဿဲ ၂၀:၂၈။

ယေရှု၏ရွေးနုတ်ဖိုးအကျိုးကျေးဇူးကိုခံစားရသူအများသည် မြေကြီးပရဒိသုတွင် ထာဝရအသက်ရကြလိမ့်မည်။ အီဂျစ်ပြည်မှထွက်လာခဲ့သည့် ဣသရေလလူများနောက်သို့ လိုက်လာခဲ့ကြသော တိုင်းတစ်ပါးမှ “အမျိုးမျိုးသောလူအများ” ဖြင့်ကြိုတင်ပုံဆောင်သည့် “မရေတွက်နိုင်သော လူများအပေါင်းတို့” သည်မြေကြီးပေါ်မှ ဆိုးသွမ်းမှုရှိသမျှကိုရှင်းပစ်မည့် လာလတ္တံ့သော “ကြီးစွာသောဆင်းရဲဒုက္ခ” ကိုကပ်ကျော်လိမ့်မည်ဖြစ်သည်။ (ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄; ထွက်မြောက်ရာ ၁၂:၃၈) ဣသရေလလူများနှင့်ပုံဆောင်သည့်သူများမူကား ထိုထက်မကကြီးမားသောဆုကျေးဇူးကိုပင် ခံစားရမည်ဖြစ်သည်။ တမန်တော်ပေါလုက အရေအတွက်အားဖြင့် ၁၄၄,၀၀၀ ပါဝင်သော အဆိုပါသူတို့သည် ဘုရားသခင်၏ဝိညာဉ်ရေးဣသရေလဖြစ်၏ဟု ဖော်ပြခဲ့သည်။ သူတို့၏ဆုကျေးဇူးမှာ သေပြီးနောက် ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်။ (ဂလာတိ ၆:၁၆; ဟေဗြဲ ၃:၁; ဗျာဒိတ် ၁၄:၁) ထိုတွင် ယေရှုသည် သူတို့ကို အထူးမန္နမုန့်ကျွေးမည်ဖြစ်သည်။

“ဝှက်ထားသောမန္န” ၏အဓိပ္ပာယ်

“အကြင်သူသည် အောင်မြင်၏၊ ဝှက်ထားသောမန္နကို . . . ထိုသူအား ငါပေးမည်” ဟူ၍ ဝိညာဉ်ရေးဣသရေလကို ရှင်ပြန်ထမြောက်ခဲ့သောယေရှုက မိန့်တော်မူခဲ့သည်။ (ဗျာဒိတ် ၂:၁၇) ၎င်းပုံဆောင်ဝှက်ထားသောမန္နသည် သန့်ရှင်းမြင့်မြတ်သော ပဋိညာဉ်သေတ္တာထဲရှိ ရွှေအိုးတွင်ထည့်ထားရန် မောရှေအား ယေဟောဝါမိန့်မှာခဲ့သည့်မန္နကို သတိရစေသည်။ တဲတော်၏အသန့်ရှင်းဆုံးအခန်းတွင် ထိုသေတ္တာကိုထားခဲ့၏။ ၎င်းကို ဝှက်ထားသကဲ့သို့ လူတို့ကွယ်ရာတွင်ထားခဲ့သည်။ အမှတ်တရတစ်ခုအဖြစ်ထားရှိသော ဤမန္နမုန့်အနည်းငယ်သည် သေတ္တာထဲတွင်ရှိနေသမျှကာလတွင် မပုပ်သိုးခဲ့ချေ။ ထို့ကြောင့် ယင်းသည် မပုပ်သိုးသောအစားအစာ၏ ဆီလျော်သောအမှတ်သင်္ကေတတစ်ခုဖြစ်ပေလိမ့်မည်။ (ထွက်မြောက်ရာ ၁၆:၃၂; ဟေဗြဲ ၉:၃၊ ၄၊ ၂၃၊ ၂၄) ၁၄၄,၀၀၀ အားဝှက်ထားသောမန္နမုန့်ကိုပေးခြင်းဖြင့် ဘုရားသခင်၏ဝိညာဉ်ရေးသားများအဖြစ် သူတို့သည် မပုပ်မပျက်မသေနိုင်သောအဖြစ်သို့ ရောက်ရှိကြမည်ဟု ယေရှုအာမခံခဲ့သည်။—ယောဟန် ၆:၅၁; ၁ ကောရိန္သု ၁၅:၅၄။

“ကိုယ်တော် [ယေဟောဝါ] ထံမှာ အသက်စမ်းရေတွင်းရှိပါ၏” ဟူ၍ ဆာလံဆရာပြောခဲ့သည်။ (ဆာလံ ၃၆:၉) ပကတိနှင့်ပုံဆောင်မန္နမုန့်ကျွေးမွေးခြင်းသည် ထိုအခြေခံကျသောအမှန်တရားကို အလွန်သင့်တော်စွာထောက်ခံပါသည်တကား! ရှေးဣသရေလကို ဘုရားသခင်ကျွေးမွေးသောမန္နမုန့်၊ ကျွန်ုပ်တို့၏အကျိုးအတွက် ကိုယ်တော်ပြင်ဆင်ပေးသော ပုံဆောင်မန္နမုန့်ဖြစ်သည့် ယေရှု၏သွေးသားခန္ဓာကိုယ်နှင့် ယေရှုမှတစ်ဆင့် ၁၄၄,၀၀၀ ကိုပေးခဲ့သည့် ပုံဆောင်ဝှက်ထားသောမန္နမုန့်တို့သည် ကျွန်ုပ်တို့အားလုံး အသက်ရှင်ရေးအတွက် ဘုရားသခင်အပေါ် လုံးဝအားထားမှီခိုကြရမည်ကို သတိရစေသည်။ (ဆာလံ ၃၉:၅၊ ၇) ဤသို့ကျွန်ုပ်တို့မှီခိုအားထားနေရကြောင်းကို နှိမ့်ချစွာ၊ ရှက်ကြောက်တွန့်ဆုတ်မှုမရှိ ပုံမှန်ဝန်ခံကြစို့လေ။ သို့ပြုလျှင် ယေဟောဝါသည် ‘နောက်ဆုံး၌ ကျွန်ုပ်တို့ကို ကျေးဇူးပြု’ ပါလိမ့်မည်။—တရားဟောရာ ၈:၁၆။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ထာဝရအသက်ရရှိရန် လူသားအားလုံးသည်“ကောင်းကင်မှ ဆင်းသက်သော အသက်မုန့်” ကိုမှီခိုအားထားကြရ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ခရစ်ယာန်အစည်းအဝေးအားလုံးကို တက်ရောက်ခြင်းသည် ယေဟောဝါ၏သတိပေးချက်များကို ကျွန်ုပ်တို့ကျေးဇူးတင်လေးမြတ်ကြောင်း ထင်ဟပ်ပြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ