အရှင်လတ်လတ် ကောင်းကင်တက်ခြင်း
အဓိပ္ပာယ်သတ်မှတ်ချက်– သစ္စာရှိခရစ်ယာန်များ ကမ္ဘာပေါ်မှ ကိုယ်ခန္ဓာနှင့်တကွ ရုတ်တရက် အထက်သို့ချီဆောင်ခံရပြီး “အာကာသကောင်းကင်၌” သခင်ဘုရားနှင့်အစဉ်နေရမည် ဟူသောအယူဖြစ်၏။ လူအားလုံးမဟုတ်သော်လည်း အချို့က “အရှင်လတ်လတ် ကောင်းကင်တက်ခြင်း” သည် ၁ သက်သာလောနိတ် ၄:၁၇ ၏ဆိုလိုချက်ဖြစ်သည်ဟု နားလည်ကြသည်။ မှုတ်သွင်းခံကျမ်းစာ၌ “အရှင်လတ်လတ် ကောင်းကင်တက်ခြင်း” ဟူသောစကားလုံးကို မတွေ့ရချေ။
ခရစ်ယာန်တို့သည်သခင်မြတ်နှင့်အတူနေရန် “ချီဆောင်” ခံရမည်ဟုပေါလုဆိုစဉ် အဘယ်အကြောင်းကို သူဆွေးနွေးနေသနည်း
၁ သက်. ၄:၁၃-၁၈– “ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသောအခြားသူတို့သည် ဝမ်းနည်းသကဲ့သို့ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သောသူတို့ [“သေလွန်သူများ၊” သက] ၏အမှုအရာကို မသိဘဲနေစေခြင်းငှာ ငါတို့အလိုမရှိ။ ယေရှုသည် သေပြီးမှတစ်ဖန်ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌အိပ်ပျော်သောသူတို့ကိုလည်း ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။ သခင်ဘုရား၏ဗျာဒိတ်တော်အားဖြင့် တစ်ဖန်ငါတို့ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အိပ်ပျော်ပြီးသောသူတို့၏အရင်အဦး နေရာကျရကြမည်မဟုတ်။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။ သို့ဖြစ်၍ ဤစကားများအားဖြင့် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သက်သာစေကြလော့။” (သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်အသင်းတော်သားအချို့ သေသွားပုံရ၏။ ကျန်ရစ်သူတို့အား ပေါလုက ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ဖြင့် အချင်းချင်း နှစ်သိမ့်ကြရန် တိုက်တွန်းနေသည်။ ယေရှုသေလွန်သည့်နောက် ထမြောက်တော်မူသည်နည်းတူ သူတို့အထဲမှသစ္စာရှိခရစ်ယာန်များ သေလွန်သော်လည်း အရှင်သခင်ကြွလာသောအခါ ခရစ်တော်နှင့်အတူနေရန် ထမြောက်ခြင်းခံရကြမည်ဖြစ်ကြောင်း ပေါလုက သူတို့ကို ပြန်လည်သတိရစေ၏။)
မည်သူတို့သည် ၁ သက်သာလောနိတ် ၄:၁၇ ဆိုသည့်အတိုင်း ‘မိုးတိမ်ဖြင့်ချီဆောင်ခြင်း’ ခံကြရမည်နည်း
အခန်းငယ် ၁၅ က “သခင်ဘုရားကြွလာတော်မူသောအခါ အသက်ရှင်၍ကျန်ကြွင်းသော” သစ္စာရှိများဖြစ်ကြောင်း ရှင်းပြ၏။ ဆိုလိုသည်မှာ သူတို့သည် ခရစ်တော်ကြွလာစဉ် အသက်ရှင်လျက်ရှိကြမည်။ သူတို့ တစ်နေ့ သေကြမည်လော။ (စာမျက်နှာ ၄၀၃ ၌ကိုးကားထားသော) ရောမ ၆:၃-၅ နှင့် ၁ ကောရိန္သု ၁၅:၃၅၊ ၃၆၊ ၄၄ အရ၊ သူတို့သည် ကောင်းကင်အသက်တာမရမီ သေရလိမ့်မည်။ သို့တစေ၊ ခရစ်တော်ပြန်ကြွလာခြင်းကို သေလျက်စောင့်မျှော်ရန်မလို။ “မျက်စိတစ်မှိတ်၊” တစ်မုဟုတ်ချင်း “ချီဆောင်ခြင်း” ခံရ၍ သခင်မြတ်ထံ ရောက်ရှိသွားကြမည်။—၁ ကော. ၁၅:၅၁၊ ၅၂; ဗျာဒိတ် ၁၄:၁၃ ကိုလည်းရှု။
ခရစ်တော်သည် မိုးတိမ်၌ ပေါ်ထွန်း၍ လောကသားတို့မျက်စိရှေ့တွင် သစ္စာရှိခရစ်ယာန်တို့ကို ဆောင်ယူသွားမည်လော
လောကသည် ပကတိမျက်စိဖြင့် မိမိကို နောက်တစ်ဖန် ပြန်တွေ့မည် မတွေ့မည်နှင့်ပတ်သက်၍ယေရှုမိန့်ဆိုချက်ရှိသလော
ယော. ၁၄:၁၉၊ သက– “ကာလအနည်းငယ်ကြာလျှင် ဤလောကသားတို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ်သော်လည်း သင်တို့ [သစ္စာရှိတပည့်တော်များ] မူကား မြင်ကြရလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။” (ဖြည့်စွက်စာလုံးစောင်း။) (၁ တိမောသေ ၆:၁၆ နှင့်နှိုင်းယှဉ်။)
သခင်မြတ် ‘ကောင်းကင်မှဆင်းသက်ခြင်း’ ၏အဓိပ္ပာယ်ကား အဘယ်နည်း
၁ သက်သာလောနိတ် ၄:၁၆ ဆိုသည့်အတိုင်း သခင်မြတ်သည် လူ့ပကတိမျက်စိ မမြင်နိုင်သည့်နည်းဖြင့် ကောင်းကင်မှ ‘ဆင်းသက်’ လာနိုင်သလော။ ရှေးသောဒုံနှင့်ဂေါမောရမြို့တို့လက်ထက်၌ ယေဟောဝါက လူတို့ဘာပြုနေသည်ကို ငါ ‘ဆင်းသွား၍ကြည့်ရှုမည်’ ဟု မိန့်တော်မူသည်။ (က. ၁၈:၂၁၊ သမ္မာ) သို့သော် စစ်ဆေးရန်ကြွလာသောအခါ စေလွှတ်တော်မူသောကိုယ်စားလှယ် ကောင်းကင်တမန်များကို လူတို့တွေ့ကြရသော်လည်း ကိုယ်တော့်အားမဖူးမြင်ကြချေ။ (ယော. ၁:၁၈) ထို့နည်းတူ ယေရှုလည်း အသွေးအသားဖြင့် ပြန်ကြွလာရန်မလိုဘဲ ကမ္ဘာပေါ်မှသစ္စာရှိနောက်တော်လိုက်များအား အာရုံပြု၍ ဆုချနိုင်ပေသည်။
သို့ဖြစ်လျှင် သခင်မြတ် “မိုးတိမ်နှင့်တကွကြွလာ” သည်ကို လူသားတို့ အဘယ်သဘောဖြင့် “မြင်” ရကြမည်နည်း
“ထိုအခါ လူသား [ယေရှုခရစ်] သည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်ကိုစီးလျက်ကြွလာသည်ကို မြင်ရကြလိမ့်မည်” ဟု ယေရှုတင်ကူးမိန့်ဆို၏။ (လု. ၂၁:၂၇) ဤအချက်မှစ၍ အခြားကျမ်းချက်ပါ အလားတူစကားများသည် ယောဟန် ၁၄:၁၉ ပါစကားနှင့် ဆန့်ကျင်ခြင်းလုံးဝမရှိ။ စဉ်းစားကြည့်ပါ။ ထွက်မြောက်ရာ ၁၉:၉ ဆိုသည့်အတိုင်း သိနာတောင်ပေါ်တွင် ‘မိုးတိမ်တိုက်၌ လူတို့ထံသို့ ဘုရားသခင်ကြွလာ’ သောအခါ ဘာဖြစ်ပျက်သနည်း။ အရူပနည်းဖြင့် ရောက်ရှိတော်မူ၏; ဣသရေလလူတို့သည် ရောက်ရှိတော်မူခြင်း၏သာဓကကို မြင်ရတွေ့ရသော်လည်း ဘုရားသခင်ကို တစ်ယောက်မျှ မျက်ဝါးထင်ထင် မြင်လိုက်ရသည်မဟုတ်။ ထိုနည်းတူ “မိုးတိမ်နှင့်တကွ” မိမိကြွလာမည်ဟု ယေရှုဆိုစဉ် မိမိသည် လူ့မျက်စိရှေ့အရူပ ဖြစ်သော်လည်း ရောက်ရှိတော်မူခြင်းကို လူတို့သတိပြုမိကြမည်ဟု ဆိုလိုခြင်းဖြစ်မည်။ ဉာဏ်မျက်စိဖြင့် ကိုယ်တော်ကို “မြင်” ၍ ကိုယ်တော်ရောက်ရှိကြောင်းကို သိမြင်ကြလိမ့်မည်။ (“ခရစ်တော်ပြန်ကြွလာခြင်း” ဟူသောအဓိကခေါင်းစဉ်၌ ထပ်မံရှင်းလင်းချက်များကိုရှု။)
ခရစ်ယာန်များသည် အသွေးအသားခန္ဓာနှင့်တကွ ကောင်းကင်သို့တက်နိုင်မည်လော
၁ ကော. ၁၅:၅၀– “ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်။ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင်။”
ပရောဖက်ဧလိယ၏အတွေ့အကြုံသည် ဤအချက်နှင့်ဆန့်ကျင်သလော။ ဆန့်ကျင်ခြင်း လုံးဝမရှိ။ ရာစုနှစ်များစွာကုန်လွန်သည့်နောက်၌ ယေရှုမိန့်ဆိုသောအောက်ပါအချက်နှင့်အညီ နားလည်ရန်ဖြစ်သည်။ “ကောင်းကင်ဘုံမှ ဆင်းသက်လာသော လူသားမှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့ မရောက်ဖူးကြ။” (ယော. ၃:၁၃၊ သက) ဧလိယ “လေဘွေအားဖြင့် ကောင်းကင်သို့တက်” သည်ကို မြင်သူရှိသော်လည်း ဝိညာဏဘုံသို့ ရောက်သွားသည်ဟုမဆိုလို။ အဘယ်ကြောင့်နည်း။ နောက်ပိုင်း၌ သူသည် ယုဒဘုရင်ထံ ဆုံးမစာတစ်စောင်ရေးပို့လိုက်ကြောင်း ကျွန်ုပ်တို့သိရ၏။ (၄ ရာ. ၂:၁၁; ၆ ရာ. ၂၁:၁၊ ၁၂-၁၅) လူသားများ လေယာဉ်မတီထွင်မီကတည်းက ယေဟောဝါသည် မိမိနည်း မိမိဟန် (မီးလျှံရထားနှင့်လေဘွေ) ဖြင့် ဧလိယကို မြေပေါ်မှချီဆောင်၍ ငှက်များပျံသန်းရာ ကောင်းကင်ယံဆီသို့တက်စေပြီး အခြားတစ်နေရာသို့ ပို့ဆောင်တော်မူသည်။—ကမ္ဘာဦး ၁:၆-၈၊ ၂၀ နှင့်နှိုင်းယှဉ်ပါ။
သစ္စာရှိခရစ်ယာန်များ ကောင်းကင်သို့ တိတ်တဆိတ် ဆောင်ယူတော်မူခြင်းခံရ၍ အရှင်လတ်လတ် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားမည်လော
ရော. ၆:၃-၅– “ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့မသိသလော။ . . . အသေခံတော်မူခြင်း၏ပုံသဏ္ဌာန်ကိုဆောင်၍ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည်မှန်လျှင် ထမြောက်တော်မူခြင်း၏ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။” (ယေရှု၏အဖြစ်က နမူနာပင်။ ကိုယ်တော်သေခဲ့ကြောင်း တပည့်တော်များနှင့်အခြားသူများ သိကြသည်။ သေ၍ထမြောက်တော်မူသည့်နောက်မှ ကောင်းကင်အသက်တာကို ပြန်လည်ရရှိတော်မူသည်။)
၁ ကော. ၁၅:၃၅၊ ၃၆၊ ၄၄– “သေလွန်သောသူတို့သည် အဘယ်သို့ထမြောက်ကြမည်နည်း။ အဘယ်သို့သောကိုယ်နှင့်ပေါ်လာကြမည်နည်းဟု တစ်စုံတစ်ယောက်သောသူ မေးလိမ့်မည်။ အချင်းလူမိုက်၊ သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ်။ စိုက်သောအခါ ဇာတိပကတိကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏။” (ထို့ကြောင့် ဦးစွာသေပြီးမှ ဝိညာဏကိုယ်ကိုရ၏။ မဟုတ်ပေလော။)
သခင်မြတ်သည် ကြီးစွာသောဒုက္ခမတိုင်မီ သစ္စာရှိခရစ်ယာန်များအား အံ့ဖွယ်တန်ခိုးဖြင့် ကမ္ဘာပေါ်မှ ခေါ်ဆောင်သွားမည်လော
မ. ၂၄:၂၁၊ ၂၂– “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလိုငှာ ထိုကာလသည် တိုလိမ့်မည်။” (“ရွေးချယ်သောသူတို့” အားလုံး ကြီးစွာသောဒုက္ခမတိုင်မီ ကောင်းကင်တက်နှင့်မည်ဟု မဆိုပါ။ သူတို့အား အသွေးအသားရှိသောအပေါင်းအဖော်များနှင့်အတူ ကမ္ဘာပေါ်တွင် ကြီးစွာသောဒုက္ခကိုကပ်ကျော်နိုင်သော မျှော်လင့်ချက်ကိုသာ ပေးသည်။)
ဗျာ. ၇:၉၊ ၁၀၊ ၁၄၊ သက– “ထိုနောက် ငါကြည့်လိုက်သောအခါ အဘယ်သူမျှ မရေမတွက်နိုင်သော လူအုပ်ကြီးကိုတွေ့ရ၏။ သူတို့သည် ဘာသာစကားအမျိုးမျိုးကိုပြောဆိုသော လူအမျိုးအနွယ်ခပ်သိမ်းတို့မှ လာရောက်ကြသူများဖြစ်ကြ၏။ သူတို့သည် ဝတ်လုံဖြူများကိုဝတ်လျက် စွန်ပလွံခက်များကိုကိုင်ကာ ပလ္လင်တော်နှင့် သိုးသငယ်တော်၏ရှေ့တွင် ရပ်လျက်နေကြ၏။ သူတို့က ‘ကယ်တင်ခြင်းကျေးဇူးသည် ပလ္လင်တော်ပေါ်မှာစံတော်မူသော ငါတို့ထာဝရဘုရားနှင့် သိုးသငယ်တော်ထံမှ သက်ရောက်လာ၏’ ဟု ကြွေးကြော်ကြ၏။ . . . ‘သူတို့သည် ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသူများဖြစ်၏။’” (တစ်စုံတစ်ခုထဲမှ “လွတ်မြောက်လာ” သည်ဆိုလျှင် ဦးစွာ ယင်းအထဲသို့ ဝင်ရောက်ခဲ့၍ဖြစ်မည်။ သို့မဟုတ် ယင်းအတွင်း၌ရှိ ခဲ့ရပေမည်။ ထို့ကြောင့် လူအုပ်ကြီးသည် ကြီးစွာသောဒုက္ခကို ကိုယ်တွေ့ကြုံပြီးမှ ကပ်ကျော်လာကြသူများဖြစ်ရပေမည်။) (သူတို့ ကမ္ဘာပေါ်မှာရှိခြင်းနှင့်ပတ်သက်၍ စာမျက်နှာ ၄၄ ကိုရှု။)
ကြီးစွာသောဒုက္ခအတွင်း ခရစ်ယာန်စစ်များ အဘယ်ကာကွယ်မှုကိုရကြမည်နည်း
ရော. ၁၀:၁၃၊ သမ္မာ– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နာမတော်ကိုအမှီပြု၍ ပတ္ထနာပြုသောသူရှိသမျှသည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတ္တံ့။”
ဇေ. ၂:၃– “တရားတော်အတိုင်းကျင့်၍ စိတ်နှိမ့်ချသော ပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့်စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။ ထာဝရဘုရား အမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။” (ဟေရှာယ ၂၆:၂၀ ကိုလည်းရှု။)
ကြီးစွာသောဒုက္ခလွန်သည့်နောက် ခရစ်ယာန်စစ်အားလုံး ကောင်းကင်တက်ကြမည်လော
မ. ၅:၅– “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကို အမွေခံရကြလတ္တံ့။”
ဆာ. ၃၇:၂၉– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (အခန်းငယ် ၁၀၊ ၁၁၊ ၃၄ တို့ကိုလည်းရှု။)
၁ ကော. ၁၅:၅၀– “လူအသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်။”
“ကောင်းကင်” ဟူသော အဓိကခေါင်းစဉ်ကိုလည်းရှု။
အချို့ခရစ်ယာန်များအား အဘယ်ကြောင့် ခရစ်တော်နှင့်အတူနေစေရန် ကောင်းကင်သို့ ခေါ်ဆောင်တော်မူသနည်း
ဗျာ. ၂၀:၆– “[သူတို့သည်] ဘုရားသခင်၏ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။” (သူတို့သည် ခရစ်တော်နှင့်အတူ အုပ်စိုးမည်ဖြစ်ရကား၊ အုပ်စိုးခံသူများရှိရပေမည်။ မည်သူများနည်း။ မဿဲ ၅:၅ နှင့် ဆာလံ ၃၇:၂၉ တို့ကိုရှု။)
“ဒုတိယမွေးခြင်း” ဟူသော အဓိကခေါင်းစဉ်ကိုလည်းရှု။
ကောင်းကင်တက်သူများသည် ကမ္ဘာပေါ်သို့ပြန်လာပြီး ပရဒိသု၌ ထာဝစဉ်နေထိုင်ကြမည်လော
သု. ၂:၂၁၊ သမ္မာ– “ဖြောင့်မတ်သူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ၌နေ၍ စုံလင်သူတို့သည် ကျန်ကြွင်း [“မြဲ၊” သမ; “နေရစ်၊” ကဘ] ကြရလိမ့်မည်။” (ကျမ်းချက်က ဖြောင့်မတ်သူတို့သည် ကမ္ဘာပေါ်ပြန်လာ ကြမည်ဟုမဆို၊ ကမ္ဘာပေါ် နေရစ်ကြမည်ဟုဆိုကြောင်း သတိပြုပါ။)
၁ သက်. ၄:၁၇– “ငါတို့ [ကောင်းကင်သို့ချီဆောင်ခံရသောခရစ်ယာန်များ] သည် . . . သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။”
တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်—
‘အရှင်လတ်လတ် ကောင်းကင်တက်တာကို ခင်ဗျားယုံသလား’
ဤသို့ပြန်ပြောနိုင်သည်– ‘အရှင်လတ်လတ် ကောင်းကင်တက်ခြင်း’ ရဲ့အဓိပ္ပာယ်နဲ့ပတ်သက်လို့ တစ်ယောက်တစ်မျိုးစီယုံကြည်ကြတာကို ကျွန်တော်တွေ့ရပါတယ်။ မိတ်ဆွေရဲ့ယူဆချက်ကိုသိပါရစေ။ ဘယ်ကိစ္စကိုမဆို ကျွန်တော်တို့ယုံကြည်ချက်ကို ကျမ်းစာအဆိုနဲ့တိုက်ကြည့်ရင် အကျိုးရှိပါတယ်။ (အထက်အကြောင်းမှ သက်ဆိုင်ရာအပိုင်းများကို သုံးပါ။)’
သို့မဟုတ် ဤသို့ဆိုနိုင်သည်– ‘ကျွန်တော်ကြားရတဲ့အတိုင်းဆိုရင် အရှင်လတ်လတ် ကောင်းကင်တက်ခြင်းဟာ ခရစ်ယာန်များအတွက်လွတ်လမ်းဖြစ်တယ်လို့သိရတယ်။ လူအတော်များများက အဲဒီနည်းနဲ့ သူတို့ ကြီးစွာသောဒုက္ခကနေ လွတ်မြောက်ကြမယ်လို့ ယူဆကြပါတယ်။ မိတ်ဆွေကော။ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘အဲဒီအချိန်မှာ ဘုရားသခင့်ကာကွယ်မှုကို ကျွန်တော်တို့အမှန်ရလိုပါတယ်။ အင်မတန်အားရစရာကောင်းတဲ့ ကျမ်းချက်တချို့ ကျွန်တော်တွေ့ရပါတယ်။ ကျွန်တော်တို့ ဘယ်လိုအကျိုးရနိုင်မယ်ဆိုတာ တင်ပြထားတယ်။ (ဇေ. ၂:၃)’ (၂) ‘စိတ်ဝင်စားစရာကောင်းတာက သစ္စာရှိတဲ့လူတချို့ကို ဒီကမ္ဘာပေါ်မှာပဲ ဘုရားသခင် အကာအကွယ်ပေးမယ်ဆိုပြီးကျမ်းစာဆိုတယ်။ (သု. ၂:၂၁၊ ၂၂) ဒါဟာ ဘုရားသခင်ရဲ့ရည်ရွယ်ချက်နဲ့ကိုက်ညီတယ်။ အာဒံကိုဖန်ဆင်းပြီးတဲ့နောက် သူ့ကိုပရဒိသုမှာထားတယ်။ ဟုတ်တယ်မဟုတ်လား။’
အဖြေနောက်တစ်မျိုး– ‘အရှင်လတ်လတ် ကောင်းကင်တက်ခြင်းလို့ဆိုတဲ့အခါ ကမ္ဘာဆုံးခန်းချိန်မှာ အသက်ရှင်နေကြတဲ့ခရစ်ယာန်တွေ ကောင်းကင်တက်ကြမယ်လို့ဆိုလိုတယ်မဟုတ်လားခင်ဗျာ။ . . . ကောင်းကင်မှာ သူတို့ဘာလုပ်ကြမယ်ဆိုတာကို စဉ်းစားဖူးသလား။ . . . ဗျာဒိတ် ၂၀:၆ (အပြင် ၅:၉၊ ၁၀) က ဒီလိုဆိုတယ်။ . . . ဘယ်သူတွေပေါ်မှာ အုပ်စိုးကြမှာလဲ။ (ဆာ. ၃၇:၁၀၊ ၁၁၊ ၂၉)’