ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • od အခန်း ၈ စာ. ၇၁-၈၆
  • သတင်းကောင်း ကြေညာသူများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းကောင်း ကြေညာသူများ
  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြေညာသူသစ်များ
  • တောင်းဆိုချက်တွေကို ပြည့်မီခြင်း
  • လူငယ်တွေကို ကူညီပေးခြင်း
  • ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်း
  • အမှုဆောင်လုပ်ငန်း တိုးတက်မှုကို မှတ်တမ်းပေးခြင်း
  • သင့်ရဲ့ လယ်ကွင်းလုပ်ငန်း မှတ်တမ်း
  • အသင်းတော် ကြေညာသူမှတ်တမ်း
  • လယ်ကွင်းလုပ်ငန်းကို မှတ်တမ်းသွင်းရတဲ့ အကြောင်းရင်း
  • ကိုယ်ပိုင်ပန်းတိုင်များ ချမှတ်ခြင်း
  • ယေဟောဝါ၏သိုးများသည် ကြင်နာယုယသောစောင့်ရှောက်မှုလိုအပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဘုရားဝတ်ကို နေ့ ညမပြတ် ပြုလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ကြေညာသူများရဲ့မေးခွန်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ကောင်းသောအမှုအရာအတွက် စိတ်ထက်သန်မှုရှိလော့!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နောက်ထပ် ကြည့်ပါ
ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
od အခန်း ၈ စာ. ၇၁-၈၆

အခန်း ၈

သတင်းကောင်း ကြေညာသူများ

ကျွန်တော်တို့ တုပဖို့ စံပြပုံနမူနာအဖြစ် သားတော် ယေရှုခရစ်ကို ယေဟောဝါ ပေးထားတယ်။ (၁ ပေ. ၂:၂၁) လူတစ်ယောက်ဟာ ယေရှုရဲ့ နောက်လိုက်ဖြစ်လာတဲ့အခါ ဘုရားသခင့် အမှုတော်ဆောင်အနေနဲ့ သတင်းကောင်း ဟောပြောတယ်။ ဒီလုပ်ငန်းကနေ လန်းဆန်းမှု ရရှိမယ့်အကြောင်း ယေရှု အခုလိုပြောတယ်– “ဝန်ပိလို့ ပင်ပန်းနေသူတို့၊ ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်။ ကျွန်တော့်ထမ်းပိုးကို ထမ်းပြီး ကျွန်တော့်ဆီကနေ သင်ယူကြပါ။ ကျွန်တော်ဟာ နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်။ ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်။” (မ. ၁၁:၂၈၊ ၂၉) အဲဒီဖိတ်ခေါ်ချက်ကို လက်ခံသူတိုင်း ယေရှုရဲ့ ကတိအတိုင်း တွေ့ကြုံခံစားကြရတယ်။

၂ ဘုရားသခင့် အမှုတော်ဆောင် ဦးစီးချုပ်အနေနဲ့ ယေရှုဟာ လူတချို့ကို မိမိနောက် လိုက်ဖို့ ဖိတ်ခေါ်တယ်။ (မ. ၉:၉။ ယော. ၁:၄၃) အမှုဆောင်လုပ်ငန်းမှာ သူတို့ကို လေ့ကျင့်ပေးပြီး သူလုပ်ဆောင်တဲ့ လုပ်ငန်းကိုပဲ လုပ်ဆောင်ဖို့ စေလွှတ်တယ်။ (မ. ၁၀:၁–၁၁:၁။ ၂၀:၂၈။ လု. ၄:၄၃) နောက်ပိုင်း၊ ဘုရားသခင့် နိုင်ငံတော် သတင်းကောင်း ကြေညာဖို့ တပည့် ၇၀ ကို ထပ်စေလွှတ်တယ်။ (လု. ၁၀:၁၊ ၈-၁၁) အဲဒီ တပည့်တွေကို စေလွှတ်ချိန်မှာ ယေရှု အခုလိုပြောတယ်– “ခင်ဗျားတို့ရဲ့ စကားကို နားထောင်တာဟာ ကျွန်တော့်စကားကို နားထောင်တာပဲ။ ခင်ဗျားတို့ကို အရေးမလုပ်တာဟာ ကျွန်တော့်ကို အရေးမလုပ်တာပဲ။ ကျွန်တော့်ကို အရေးမလုပ်တာဟာ ကျွန်တော့်ကို စေလွှတ်တဲ့သူကို အရေးမလုပ်တာပဲ။” (လု. ၁၀:၁၆) ဒီနည်းအားဖြင့် ယေရှုဟာ တပည့်တွေကို ပေးတဲ့ တာဝန် ဘယ်လောက် အရေးကြီးမှန်း အလေးပေး ဖော်ပြခဲ့တယ်။ သူတို့ဟာ ယေရှုနဲ့ အမြင့်ဆုံးဘုရားကို ကိုယ်စားပြုရမယ့်သူတွေ ဖြစ်တယ်။ ဒီနေ့ခေတ်မှာလည်း “ကျွန်တော့်နောက်လိုက် လုပ်ပါ” ဆိုတဲ့ ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို တုံ့ပြန်သူ အားလုံးဟာ အဲဒီလိုပဲ ကိုယ်စားပြုရမယ်။ (လု. ၁၈:၂၂။ ၂ ကော. ၂:၁၇) သူတို့အားလုံးဟာ နိုင်ငံတော် သတင်းကောင်း ဟောပြောပြီး တပည့်ဖြစ်စေဖို့ ဘုရားပေးတာဝန် ရရှိထားကြတယ်။—မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀။

၃ “ကျွန်တော့်နောက်လိုက် လုပ်ပါ” ဆိုတဲ့ ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို တုံ့ပြန်တဲ့အတွက် ကျွန်တော်တို့ဟာ ယေဟောဝါဘုရားနဲ့ ယေရှုခရစ်ကို သိကျွမ်းလာတဲ့ ကောင်းချီး ခံစားကြရတယ်။ (ယော. ၁၇:၃) ယေဟောဝါရဲ့ နည်းလမ်းတွေကို သင်ယူကြရတယ်။ ယေဟောဝါရဲ့ အကူအညီအားဖြင့် ကိုယ့်စိတ်သဘောကို ပြုပြင်ပြောင်းလဲ၊ စရိုက်သစ်ကို ဝတ်ဆင်ပြီး ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေနဲ့အညီ ကိုယ့်အကျင့်တွေကို ပြောင်းလဲနိုင်ခဲ့ကြတယ်။ (ရော. ၁၂:၁၊ ၂။ ဧ. ၄:၂၂-၂၄။ ကော. ၃:၉၊ ၁၀) လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လေးမြတ်စိတ်က ကိုယ့်ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့၊ ဆက်ကပ်အပ်နှံမှုရဲ့ အထိမ်းအမှတ်အနေနဲ့ ရေမှာ နှစ်ခြင်းခံဖို့ လှုံ့ဆော်ပေးတယ်။ နှစ်ခြင်းခံတဲ့အခါ အမှုတော်ဆောင်တွေအဖြစ် ခန့်အပ်ခံရတယ်။

၄ ဘုရားသခင့် လုပ်ငန်းကို သန့်ရှင်းတဲ့လက်၊ ဖြူစင်တဲ့ စိတ်နှလုံးနဲ့ ထမ်းဆောင်ရမယ်ဆိုတာ အမြဲ သတိရပါ။ (ဆာ. ၂၄:၃၊ ၄။ ဟေရှာ. ၅၂:၁၁။ ၂ ကော. ၆:၁၄–၇:၁) ကျွန်တော်တို့ဟာ ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကြည်လင်တဲ့ သိစိတ် ရရှိကြတယ်။ (ဟီ. ၁၀:၁၉-၂၃၊ ၃၅၊ ၃၆။ ဗျာ. ၇:၉၊ ၁၀၊ ၁၄) တခြားသူတွေအတွက် တိုက်မိလဲစရာ မဖြစ်အောင် ဘာလုပ်လုပ် ဘုရားဘုန်းတော်အတွက် လုပ်ဆောင်ဖို့ ခရစ်ယာန်တွေကို တမန်တော်ပေါလု တိုက်တွန်းတယ်။ စံထားလောက်စရာ အမူအကျင့်ဟာ မယုံကြည်သူတွေကို အမှန်တရားထဲ ရောက်ရှိလာစေနိုင်လောက်အောင် တန်ဖိုးရှိတယ်လို့ တမန်တော် ပေတရု ပြောတယ်။ (၁ ကော. ၁၀:၃၁၊ ၃၃။ ၁ ပေ. ၃:၁) သတင်းကောင်း ကြေညာသူအဖြစ် တစ်ယောက်ယောက် အရည်အချင်း ပြည့်မီလာအောင် သင် ဘယ်လို ကူညီပေးနိုင်သလဲ။

ကြေညာသူသစ်များ

၅ စိတ်ဝင်စားသူတစ်ယောက်နဲ့ စပြီး ကျမ်းစာလေ့လာကတည်းက သိလာတာတွေအကြောင်း တခြားသူတွေကို ပြောပြဖို့ သူ့ကို အားပေးပါ။ ဆွေမျိုး၊ မိတ်ဆွေ၊ အလုပ်ဖော်နဲ့ သွားရင်းလာရင်း တွေ့ဆုံရသူတွေကို အလွတ်သဘော ပြောပြနိုင်တယ်။ သတင်းကောင်း ကြေညာသူတွေအနေနဲ့ ယေရှုခရစ်ရဲ့ နောက်လိုက် ဖြစ်လာအောင် လူသစ်တွေကို သွန်သင်ပေးရာမှာ ဒီအဆင့်ဟာ အရေးပါတဲ့အဆင့် ဖြစ်တယ်။ (မ. ၉:၉။ လု. ၆:၄၀) လူသစ်တွေဟာ ဘုရားရေးရာဘက်မှာ၊ အလွတ်သဘော သက်သေခံရာမှာ တိုးတက်လာတဲ့အခါ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ချင်လာမှာ သေချာပါတယ်။

တောင်းဆိုချက်တွေကို ပြည့်မီခြင်း

၆ လူတစ်ယောက်ကို တစ်အိမ်မှတစ်အိမ် လုပ်ငန်းမှာ ဦးဆုံးအကြိမ် ပါဝင်ဖို့ မဖိတ်ခေါ်ခင် တောင်းဆိုချက်တချို့ကို သူ ပြည့်မီမှန်း သေချာအောင် ပြုလုပ်သင့်တယ်။ အမှုဆောင်လုပ်ငန်းမှာ ကျွန်တော်တို့နဲ့ ပူးပေါင်းလာသူဟာ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါသက်သေအဖြစ် လူသိရှင်ကြား ဖော်ပြနေတာ ဖြစ်တယ်။ ဒါကြောင့် သူဟာ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေနဲ့အညီ အသက်ရှင်နေတာ သေချာပြီး နှစ်ခြင်း မခံရသေးတဲ့ ကြေညာသူတစ်ဦး ဖြစ်နိုင်ပြီဆိုတဲ့ သဘောပါပဲ။

၇ လူတစ်ယောက်နဲ့ ကျမ်းစာလေ့လာပြီး ကျမ်းစာမူတွေအကြောင်း ဆွေးနွေးတဲ့အခါ သူ့အခြေအနေတွေကို သင် သိလာမှာပဲ။ သင်ယူသိရှိလာတာတွေအတိုင်း သူ ကျင့်,မကျင့် ဆိုတာလည်း သိလာနိုင်တယ်။ ဒါပေမဲ့ အကြီးအကဲတွေဟာ သင်သားရဲ့ အသက်တာ ကဏ္ဍတချို့ကို သင်တို့နှစ်ယောက်နဲ့အတူ ဆွေးနွေးလိုပါလိမ့်မယ်။

၈ အဲဒီကိစ္စတွေကို သင်တို့နှစ်ယောက်နဲ့အတူ ဆွေးနွေးဖို့ အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးက အကြီးအကဲနှစ်ယောက် (တစ်ယောက်က လုပ်ငန်းတော် ကော်မတီဝင် ဖြစ်) ကို စီစဉ်ပေးပါလိမ့်မယ်။ အကြီးအကဲ နည်းပါးတဲ့ အသင်းတော်တွေမှာ အကြီးအကဲတစ်ယောက်နဲ့ အရည်အချင်းရှိ အသင်းတော်အမှုထမ်းက ဆွေးနွေးနိုင်တယ်။ ရွေးချယ်ခံရတဲ့ ညီအစ်ကိုတွေဟာ အချိန်မဆွဲဘဲ ချက်ချင်း ဆွေးနွေးနိုင်ဖို့ ကြိုးစားသင့်တယ်။ တကယ်တော့ အကြီးအကဲတွေဟာ သင်သားရဲ့ ဆန္ဒကို အသင်းတော် အစည်းအဝေးတစ်ခုခုမှာ သိလာတယ်ဆိုရင် အစည်းအဝေးပြီးနောက် သင်တို့နှစ်ယောက်နဲ့ စကားပြောဖို့ စီစဉ်နိုင်တယ်။ သက်သောင့်သက်သာ အနေအထား ဖြစ်နေသင့်တယ်။ သင်သားဟာ နှစ်ခြင်း မခံရသေးတဲ့ ကြေညာသူ မဖြစ်နိုင်ခင် အောက်ပါအချက်တွေကို နားလည်လိုက်နာနေရမယ်–

  1. (၁) သူဟာ ကျမ်းစာကို စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးသားထားတဲ့ ဘုရားသခင့် စကားတော် ဖြစ်ကြောင်း ယုံကြည်တယ်။—၂ တိ. ၃:၁၆။

  2. (၂) ကျမ်းစာ အခြေခံသွန်သင်ချက်တွေကို သိပြီး ယုံကြည်တဲ့အတွက် မေးခွန်းတွေ မေးခံရတဲ့အခါ မှားယွင်းတဲ့ သွန်သင်ချက်တွေ ဒါမှမဟုတ် ကိုယ်ပိုင် ထင်မြင်ချက်တွေအတိုင်း ပြန်မဖြေဘဲ ကျမ်းစာနဲ့အညီ ပြန်ဖြေတယ်။—မ. ၇:၂၁-၂၃။ ၂ တိ. ၂:၁၅။

  3. (၃) အသင်းတော် အစည်းအဝေးတွေ တက်ရောက်နိုင်တဲ့ အခြေအနေရှိရင် အစည်းအဝေးတွေမှာ ယေဟောဝါရဲ့ လူမျိုးနဲ့အတူ ပေါင်းသင်းပါ ဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို နာခံနေတယ်။—ဆာ. ၁၂၂:၁။ ဟီ. ၁၀:၂၄၊ ၂၅။

  4. (၄) အိမ်ထောင်ရေး ဖောက်ပြန်တာ၊ မယားအများ ယူတာ၊ လိင်တူချင်း အတူနေတာ အပါအဝင် လိင်အကျင့်ပျက်ခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်ကို သိရှိပြီး အဲဒီသွန်သင်ချက်တွေအတိုင်း နေထိုင်နေတယ်။ ဆွေမျိုးမတော်တဲ့ လိင်ခြားသူတစ်ယောက်နဲ့ တစ်အိမ်တည်းမှာ အတူပေါင်းသင်းနေထိုင်နေတယ်ဆိုရင် သူတို့နှစ်ယောက် တရားဝင် လက်ထပ်ရမယ်။—မ. ၁၉:၉။ ၁ ကော. ၆:၉၊ ၁၀။ ၁ တိ. ၃:၂၊ ၁၂။ ဟီ. ၁၃:၄။

  5. (၅) သောက်ကြူးခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာတားမြစ်ချက်ကို လိုက်နာနေတယ်။ စွဲစေတဲ့၊ စိတ်ကို ပြောင်းလဲစေတဲ့ သဘာဝပစ္စည်းတွေကိုဖြစ်စေ၊ ဓာတုနည်းနဲ့ ဖော်စပ်ထားတဲ့ ပစ္စည်းတွေကိုဖြစ်စေ ဆေးကုသမှုအတွက် မဟုတ်ဘဲ အသုံးပြုခြင်း ကင်းရှင်းတယ်။—၂ ကော. ၇:၁။ ဧ. ၅:၁၈။ ၁ ပေ. ၄:၃၊ ၄။

  6. (၆) မကောင်းတဲ့ အပေါင်းအသင်းကို ရှောင်ခြင်းက ဘယ်လောက် အကျိုး ရှိမှန်း သိတယ်။—၁ ကော. ၁၅:၃၃။

  7. (၇) အရင်က ပူးပေါင်းခဲ့နိုင်တဲ့ မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းအားလုံးရဲ့ အသင်းဝင်အဖြစ်ကနေ လုံးလုံးလျားလျား နုတ်ထွက်ပြီးပြီ။ သူတို့ရဲ့ ဝတ်ပြုမှုတွေကို တက်ရောက်တာ၊ လှုပ်ရှားမှုတွေမှာ ပါဝင်တာဖြစ်စေ၊ ထောက်ခံတာဖြစ်စေ မပြုလုပ်တော့ဘူး။—၂ ကော. ၆:၁၄-၁၈။ ဗျာ. ၁၈:၄။

  8. (၈) လောကနိုင်ငံရေးကိစ္စတွေမှာ လုံးဝ မပါဝင်မပတ်သက်ဘူး။ —ယော. ၆:၁၅။ ၁၅:၁၉။ ယာ. ၁:၂၇။

  9. (၉) လူမျိုးရေး ပဋိပက္ခတွေမှာ ကြားနေတယ်။—ဟေရှာ. ၂:၄။

  10. (၁၀) ယေဟောဝါသက်သေတစ်ယောက် တကယ် ဖြစ်ချင်တယ်။ —ဆာ. ၁၁၀:၃။

၉ အထက်ပါအချက် တစ်ခုခုနဲ့ပတ်သက်တဲ့ ကျမ်းစာသင်သားရဲ့ သဘောထားကို အကြီးအကဲတွေ မသေမချာ ဖြစ်နေရင် သူ့ကို မေးမြန်းနိုင်တယ်။ ညွှန်းထားတဲ့ ကျမ်းချက်တွေကို သုံးပြီး ဆွေးနွေးနိုင်တယ်။ ယေဟောဝါသက်သေတွေနဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်သူတွေဟာ အဲဒီကျမ်းစာတောင်းဆိုချက်တွေနဲ့အညီ နေထိုင်သူတွေ ဖြစ်ရမယ်ဆိုတာ သူ နားလည်ထားဖို့ အရေးကြီးတယ်။ သူ့ဆီက ဘာမျှော်လင့်တယ်ဆိုတာ သိ,မသိ၊ အမှုဆောင်လုပ်ငန်းမှာ စတင်ပါဝင်ဖို့ အတိုင်းအတာတစ်ခုအထိ အရည်အချင်း ပြည့်,မပြည့် အကြီးအကဲတွေ ဆုံးဖြတ်နိုင်ဖို့ သူ့အဖြေတွေက ကူညီပေးပါလိမ့်မယ်။

၁၀ သူ အရည်အချင်း ပြည့်,မပြည့်ဆိုတာ သူ့ကို အကြီးအကဲတွေ ချက်ချင်း အသိပေးသင့်တယ်။ အများအားဖြင့် ဆွေးနွေးမှု ပြီးတာနဲ့ အဖြေထွက်လေ့ရှိတယ်။ အရည်အချင်း ပြည့်မီတယ်ဆိုရင် သူ့ကို ကြေညာသူတစ်ယောက်အဖြစ် အကြီးအကဲတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနိုင်တယ်။ (ရော. ၁၅:၇) ဖြစ်နိုင်တာနဲ့ ချက်ချင်း အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့၊ လကုန်တဲ့အခါ လယ်ကွင်းလုပ်ငန်းမှတ်တမ်း သွင်းဖို့ သူ့ကို အကြီးအကဲတွေ အားပေးသင့်တယ်။ ကျမ်းစာသင်သားတစ်ယောက်ဟာ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူအဖြစ် အရည်အချင်း ပြည့်မီပြီး လယ်ကွင်းလုပ်ငန်းမှတ်တမ်းကို ဦးဆုံးအကြိမ် ပေးသွင်းတဲ့အခါ အသင်းတော် ကြေညာသူမှတ်တမ်းကို သူ့နာမည်နဲ့ ပြုလုပ်ပြီး အသင်းတော်ဖိုင်မှာ ထည့်သွင်းထားမှာ ဖြစ်ကြောင်း သူ့ကို အကြီးအကဲတွေ ရှင်းပြနိုင်တယ်။ အကြီးအကဲတွေက အဲဒီအချက်အလက်တွေကို ကြေညာသူဆီကနေ တောင်းရမယ်။ ဒါမှ အဖွဲ့အစည်းက ကမ္ဘာတစ်ဝန်း ယေဟောဝါသက်သေတွေရဲ့ ဘာသာရေး လုပ်ဆောင်မှုတွေကို ကြည့်ရှုပေးနိုင်မယ်။ ကြေညာသူက ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ ပါဝင်နိုင်ပြီး ဘုရားရေးရာ ထောက်မမှုတွေလည်း ရနိုင်မယ်။ အဲဒီအပြင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို jw.org မှာပါတဲ့ ယေဟောဝါသက်သေများရဲ့ ကမ္ဘာချီ အချက်အလက် ကာကွယ်ရေး ပေါ်လစီနဲ့အညီ ကိုင်တွယ်သွားမှာ ဖြစ်ကြောင်း ကြေညာသူအသစ်တွေကို အကြီးအကဲတွေ အသိပေးနိုင်တယ်။

၁၁ ကြေညာသူသစ်နဲ့ ပိုရင်းနှီးလာအောင် ကျွန်တော်တို့ ကြိုးစားတာ၊ သူ တိုးတက်လာတာတွေကို စိတ်ဝင်စားကြောင်း ပြတာဟာ သူ့အပေါ် ကောင်းကျိုးသက်ရောက်နိုင်တယ်။ ဒါက လယ်ကွင်းလုပ်ငန်းမှတ်တမ်း မှန်မှန် ထည့်ဖို့၊ ယေဟောဝါရဲ့ အမှုတော်မှာ ပိုကြိုးစားပါဝင်ဖို့ သူ့ကို လှုံ့ဆော်ပေးနိုင်တယ်။—ဖိ. ၂:၄။ ဟီ. ၁၃:၂။

၁၂ အကြီးအကဲတွေက လယ်ကွင်းလုပ်ငန်းမှာ ပါဝင်ဖို့ ကျမ်းစာသင်သား အရည်အချင်း ပြည့်မီတယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း ဆိုတဲ့ စာအုပ်ကို သူ့အတွက် ကိုယ်ပိုင်တစ်အုပ် ပေးပါလိမ့်မယ်။ ဦးဆုံးအကြိမ် လယ်ကွင်းလုပ်ငန်းမှတ်တမ်း ထည့်ပြီးတဲ့အခါ သူဟာ နှစ်ခြင်းမခံသေးတဲ့ ကြေညာသူ ဖြစ်ပြီဆိုတာ အသင်းတော်ကို တိုတိုတုတ်တုတ် ကြေညာပါလိမ့်မယ်။

လူငယ်တွေကို ကူညီပေးခြင်း

၁၃ ကလေးတွေလည်း သတင်းကောင်း ကြေညာသူတွေအဖြစ် အရည်အချင်း ပြည့်မီနိုင်တယ်။ ကလေးတွေကို ယေရှု လက်ခံကြိုဆိုပြီး ကောင်းချီးပေးခဲ့တယ်။ (မ. ၁၉:၁၃-၁၅။ ၂၁:၁၅၊ ၁၆) သားသမီးတွေအတွက် မိဘတွေမှာ အဓိက တာဝန် ရှိပေမဲ့ အသင်းတော်မှာ ရှိတဲ့ တခြားသူတွေလည်း နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ လှုံ့ဆော်ခံရတဲ့ လူငယ်လေးတွေကို ကူညီပေးနိုင်တယ်။ သင်ဟာ မိဘတစ်ယောက် ဖြစ်တယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ သင့်ရဲ့ ပုံသက်သေကောင်းက သားသမီးတွေကို အမှုဆောင်လုပ်ငန်းမှာ စိတ်ထက်သန်လာဖို့ အများကြီး အားပေးမှု ဖြစ်စေပါလိမ့်မယ်။ အပြုအမူပိုင်းမှာ ပုံသက်သေကောင်းတဲ့ ကလေးတစ်ယောက်ဟာ တခြားသူတွေကို ယုံကြည်ချက်အကြောင်း ပြောပြချင်စိတ် ပြင်းပြနေတယ်ဆိုရင် သူ့ကို ဘယ်လို ထပ်ဆင့် ကူညီပေးနိုင်သလဲ။

၁၄ မိဘတွေဟာ အသင်းတော် လုပ်ငန်းတော် ကော်မတီမှာ ပါတဲ့ အကြီးအကဲတစ်ယောက်ဆီ သွားပြောပြသင့်တယ်။ ဒါမှ ကြေညာသူအဖြစ် ကလေးဖြစ်သူ အရည်အချင်း ပြည့်,မပြည့် ဆွေးနွေးဖို့ စီစဉ်နိုင်မယ်။ အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးက ကလေးနဲ့ ယုံကြည်သူ မိဘ(များ) ဒါမှမဟုတ် အုပ်ထိန်းသူကို အကြီးအကဲနှစ်ယောက် (တစ်ယောက်က လုပ်ငန်းတော်ကော်မတီဝင် ဖြစ်) နဲ့ တွေ့ဆုံဖို့ စီစဉ်ပေးပါလိမ့်မယ်။ ကလေးဖြစ်သူဟာ အခြေခံ ကျမ်းစာအမှန်တရား အသိပညာ ရှိပြီး အမှုဆောင်လုပ်ငန်းမှာ ပါဝင်ချင်စိတ် ရှိမှန်း ထင်ရှားတယ်ဆိုရင် ကောင်းကောင်း တိုးတက်နေတဲ့ လက္ခဏာပဲ။ အဲဒီအချက်တွေ၊ လူကြီးတွေနဲ့လည်း သုံးသပ်တဲ့ တခြားအချက်တွေကို ဆွေးနွေးပြီးနောက် အကြီးအကဲနှစ်ယောက်ဟာ ကလေး ဖြစ်သူကို နှစ်ခြင်း မခံရသေးတဲ့ ကြေညာသူအဖြစ် အသိအမှတ် ပြုနိုင်,မနိုင် ဆုံးဖြတ်နိုင်တယ်။ (လု. ၆:၄၅။ ရော. ၁၀:၁၀) လူကြီးတစ်ယောက်နဲ့ သုံးသပ်လေ့ရှိပေမဲ့ ကလေးနဲ့ သက်ဆိုင်ပုံမရတဲ့ ကိစ္စတချို့ကိုတော့ ဆွေးနွေးဖို့ မလိုပါဘူး။

၁၅ အကြီးအကဲတွေဟာ တွေ့ဆုံချိန်အတွင်း ကလေးရဲ့ တိုးတက်မှုအတွက် ချီးမွမ်းပြီး နှစ်ခြင်းခံတဲ့အထိ ပန်းတိုင်ထားဖို့ အားပေးသင့်တယ်။ သားသမီးရဲ့ စိတ်ထဲ အမှန်တရား သွတ်သွင်းပေးဖို့ မိဘတွေ အတတ်နိုင်ဆုံး ကြိုးစားခဲ့တဲ့အတွက် သူတို့ကိုလည်း ချီးမွမ်းထိုက်တယ်။ သားသမီးတွေကို ထပ်ဆင့် ကူညီပေးရာမှာ မိဘတွေကို ထောက်ကူပေးဖို့ စာမျက်နှာ ၁၇၉-၁၈၁ မှာ ပါတဲ့ “ခရစ်ယာန်မိဘများအတွက် အမှာစကား” ကို အကြီးအကဲတွေ ညွှန်ပြပေးသင့်တယ်။

ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်း

၁၆ သင်ဟာ ယေဟောဝါကို သိကျွမ်းလာပြီး ချစ်မြတ်နိုးလာပြီ၊ ဘုရားတောင်းဆိုချက်တွေကို ပြည့်မီလာပြီး အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေပြီဆိုရင် သင်နဲ့ ဘုရားရဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေးကို ခိုင်မာအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်။ ဘယ်နည်းအားဖြင့်လဲ။ သင့်ဘဝကို ဘုရားဆီ ဆက်ကပ်အပ်နှံပြီး အဲဒါကို ရေမှာ နှစ်ခြင်းခံပြီး ဖော်ပြခြင်းအားဖြင့် ဖြစ်တယ်။—မ. ၂၈:၁၉၊ ၂၀။

၁၇ ဆက်ကပ်အပ်နှံခြင်းဆိုတာ မြင့်မြတ်တဲ့ ရည်ရွယ်ချက်တစ်ခုအတွက် သီးသန့်ဖယ်ထားတဲ့ သဘောကို ဆိုလိုတယ်။ ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံတယ်ဆိုတာ ဆုတောင်းပြီး သင့်ဘဝကို အမှုတော်မှာ အသုံးပြုဖို့၊ နည်းလမ်းတော်တွေအတိုင်း လိုက်လျှောက်ဖို့ အလေးအနက် ကတိပေးတာ ဖြစ်တယ်။ ဆိုလိုတာက ယေဟောဝါတစ်ပါးတည်းကိုပဲ ထာဝစဉ် အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်တာ ဖြစ်တယ်။ (တရား. ၅:၉) ဒါဟာ ကိုယ်တစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ သီးသန့်ကိစ္စဖြစ်တယ်။ သင့်ကိုယ်စား ဘယ်သူမှ အစားထိုး လုပ်ပေးလို့ မရနိုင်ဘူး။

၁၈ ဒါပေမဲ့ ယေဟောဝါရဲ့ ပိုင်ဆိုင်ရာ ဖြစ်ချင်ပါတယ်ဆိုပြီး ဘုရားသခင်ကို သီးသန့်ပြောရုံထက်မက လုပ်ဆောင်ရမယ်။ ဘုရားသခင်ဆီ သင် ဆက်ကပ်အပ်နှံထားမှန်း တခြားသူတွေသိအောင် ဖော်ပြဖို့ လိုတယ်။ ယေရှု လုပ်ခဲ့သလို ရေမှာ နှစ်ခြင်းခံခြင်းအားဖြင့် ဖော်ပြရမယ်။ (၁ ပေ. ၂:၂၁။ ၃:၂၁) သင်ဟာ ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်ပြီးပြီ၊ နှစ်ခြင်းခံချင်ပြီဆိုရင် ဘာလုပ်သင့်သလဲ။ သင့်ဆန္ဒကို အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးကို ပြောပြသင့်တယ်။ နှစ်ခြင်းခံဖို့ ဘုရားသခင့် တောင်းဆိုချက်တွေကို သင် ပြည့်မီသလားဆိုတာ အသေအချာ သိအောင် အကြီးအကဲတွေနဲ့ ဆွေးနွေးဖို့ သူ စီစဉ်ပေးပါလိမ့်မယ်။ ထပ်ဆင့် သိချင်တယ်ဆိုရင် ဒီစာအုပ် စာမျက်နှာ ၁၈၂-၁၈၄ မှာပါတဲ့ “နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူအတွက် အမှာစကား” နဲ့ စာမျက်နှာ ၁၈၅-၂၀၇ မှာပါတဲ့ “နှစ်ခြင်းခံချင်သူတွေအတွက် မေးခွန်းများ” ကို ပြန်သုံးသပ်ပါ။

အမှုဆောင်လုပ်ငန်း တိုးတက်မှုကို မှတ်တမ်းပေးခြင်း

၁၉ နှစ်တွေတစ်လျှောက် စစ်မှန်တဲ့ ဝတ်ပြုရေး တိုးချဲ့တာနဲ့ပတ်သက်တဲ့ ကမ္ဘာချီ မှတ်တမ်းတွေဟာ ယေဟောဝါရဲ့ လူမျိုးကို အကြီးအကျယ် အားရှိစေခဲ့တယ်။ သတင်းကောင်းကို မြေတစ်ပြင်လုံးမှာ ဟောရမယ်လို့ တပည့်တွေကို ဦးဆုံးအကြိမ် ယေရှုခရစ် မိန့်မှာတုန်းက ဒီလုပ်ငန်း ဘယ်လို ပြီးမြောက်မလဲဆိုတာ ခရစ်ယာန်စစ်တွေ သိပ်သိချင်ခဲ့တယ်။—မ. ၂၈:၁၉၊ ၂၀။ မာ. ၁၃:၁၀။ တ. ၁:၈။

၂၀ ယေရှုရဲ့ အစောပိုင်း နောက်လိုက်တွေဟာ ဟောပြောခြင်းလုပ်ငန်း အောင်မြင်မှုနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေ ကြားရတဲ့အခါ ဝမ်းသာကြတယ်။ (မာ. ၆:၃၀) အေဒီ ၃၃၊ ပင်တေကုတ္တေပွဲမှာ တပည့်တွေအပေါ် သန့်ရှင်းသော စွမ်းအားတော် သွန်းလောင်းတုန်းက တပည့် ၁၂၀ လောက် ရှိခဲ့တာကို တမန်တော်ကျမ်းက ဖော်ပြတယ်။ မကြာခင်မှာပဲ တပည့်အရေအတွက် ၃,၀၀၀ လောက် ဖြစ်လာပြီး ၅,၀၀၀ လောက်အထိ ဆက်တိုးလာတယ်။ “ယေဟောဝါက ကယ်တင်ခံရမယ့်သူ အရေအတွက်ကို နေ့တိုင်း တိုးများစေ” ပြီး “ပုရောဟိတ် အတော်များများလည်း ယုံကြည်သူတွေ ဖြစ်လာတယ်” လို့ မှတ်တမ်းက ဖော်ပြတယ်။ (တ. ၁:၁၅။ ၂:၅-၁၁၊ ၄၁၊ ၄၇။ ၄:၄။ ၆:၇) ဒီတိုးတက်မှု မှတ်တမ်းတွေက တပည့်တွေကို သိပ်အားရှိစေမှာပဲ။ ဂျူးဘာသာရေး ခေါင်းဆောင်တွေရဲ့ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုကြား ဘုရားပေးတာဝန်ကို ဆက်ထမ်းဆောင်ဖို့ ဒီစိတ်လှုပ်ရှားစရာ မှတ်တမ်းတွေက တပည့်တွေကို အကြီးအကျယ် လှုံ့ဆော်ပေးခဲ့မှာပဲ။

၂၁ အေဒီ ၆၀-၆၁ လောက်မှာ ကောလောသဲ ခရစ်ယာန်တွေကို ပေါလု စာရေးပြီး သတင်းကောင်းဟာ ကမ္ဘာအရပ်ရပ်မှာ “သီးပွင့်ဖြစ်ထွန်း” နေပြီး “ကမ္ဘာမြေအရပ်ရပ်မှာ ရှိတဲ့ လူတိုင်းကို သတင်းကောင်း ဟောပြောခဲ့ပြီ” လို့ အသိပေး ပြောခဲ့တယ်။ (ကော. ၁:၅၊ ၆၊ ၂၃) အစောပိုင်း ခရစ်ယာန်တွေဟာ ကျမ်းစာမိန့်မှာချက်ကို နာခံကြတယ်။ ဂျူးအစီအစဉ်စနစ် ကုန်ဆုံးတဲ့ အေဒီ ၇၀ မရောက်ခင် ကြီးကျယ်တဲ့ ဟောပြောခြင်းလုပ်ငန်းကို သန့်ရှင်းသော စွမ်းအားတော်ရဲ့ ခွန်အားပေးမှုကြောင့် ပြီးမြောက်နိုင်ခဲ့ကြတယ်။ ပြီးမြောက်ခဲ့တဲ့ မှတ်တမ်းတွေကို ဒီသစ္စာရှိ ခရစ်ယာန်တွေ ကြားတဲ့အခါ သိပ်အားရှိခဲ့ကြတယ်။

အဆုံး မရောက်ခင် အမှုဆောင်လုပ်ငန်း စေ့စေ့စပ်စပ် ပြီးစီးရေးကို သင် စိတ်ဝင်တစား ရှိသလား

၂၂ အဲဒီလိုပဲ ဒီနေ့ခေတ် ယေဟောဝါရဲ့ အဖွဲ့အစည်းလည်း မဿဲ ၂၄:၁၄ မှာ ကြိုဟောထားတဲ့ လုပ်ငန်းကို လုပ်ဆောင်ရာမှာ မှတ်တမ်းထားရှိနိုင်ဖို့ ကြိုးစားနေတယ်။ အဲဒီကျမ်းချက်မှာ “လူမျိုးအားလုံးအတွက် သက်သေ ဖြစ်စေဖို့ နိုင်ငံတော် သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်” လို့ ပြောထားတယ်။ ဘုရားသခင့် ဆက်ကပ်အပ်နှံကျေးကျွန်တွေအနေနဲ့ အရေးကြီး လုပ်ငန်းတစ်ခုကို ကျွန်တော်တို့ ရရှိထားတယ်။ အဆုံး မရောက်ခင် အမှုဆောင်လုပ်ငန်း စေ့စေ့စပ်စပ် ပြီးစီးရေးကို ယောက်တိုင်း စိတ်ဝင်တစား ရှိရမယ်။ ဒီလုပ်ငန်း အသေအချာ ပြီးစီးအောင် ယေဟောဝါ လုပ်ဆောင်ပါလိမ့်မယ်။ ဒီလုပ်ငန်းမှာ ပါဝင်မယ်ဆိုရင် ယေဟောဝါရဲ့ နှစ်သက်လက်ခံမှုကို ရရှိပါလိမ့်မယ်။—ယေဇ. ၃:၁၈-၂၁။

သင့်ရဲ့ လယ်ကွင်းလုပ်ငန်း မှတ်တမ်း

၂၃ ဘာတွေကို ကျွန်တော်တို့ တိတိကျကျ မှတ်တမ်းပေးကြမလဲ။ ဘယ်အချက်အလက်တွေ ထည့်သွင်းရမယ်ဆိုတာကို အဖွဲ့အစည်း ပြင်ဆင်ပေးထားတဲ့ လယ်ကွင်းလုပ်ငန်းမှတ်တမ်း စာရွက်မှာ ဖော်ပြထားတယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကလည်း ထပ်ဆင့် အထောက်အကူ ပြုပါလိမ့်မယ်။

၂၄ “စာပေများ (ပုံနှိပ်စာပေပုံစံနဲ့ အီလက်ထရောနစ်ပုံစံ)” ဆိုတဲ့ အကွက်မှာ နှစ်ခြင်းခံပြီးသား သက်သေခံ မဟုတ်သူတွေကို သင် ဝေငှခဲ့တဲ့ ပုံနှိပ်စာပေတွေ၊ အီလက်ထရောနစ်စာပေတွေရဲ့ စုစုပေါင်း အရေအတွက်ကို ရေးသွင်းပါ။ “ဗီဒီယို ပြသမှုများ” အကွက်မှာ ဗီဒီယို ပြသနိုင်ခဲ့တဲ့ အကြိမ်ကို ရေးပါ။

၂၅ အရင်တစ်ခေါက် စိတ်ဝင်စားမှု ပြခဲ့သူဆီ စိတ်ဝင်စားမှု တိုးများအောင် လုပ်ဖို့ ရည်ရွယ်ချက်နဲ့ သင် ပြန်လည်ပတ်တဲ့ ခေါက်ရေ စုစုပေါင်းကို “ပြန်လည်ပတ်မှုများ” အကွက်မှာ ဖြည့်ပါ။ အဲဒီလူဟာ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံထားတဲ့ သက်သေခံ မဟုတ်သူ ဖြစ်တယ်။ ကိုယ်တိုင်ကိုယ်ကျ သွားလည်ပတ်တာ၊ စာရေးတာ၊ ဖုန်းဆက်တာ၊ မက်ဆေ့ချ်ပို့တာ၊ အီးမေးလ်ပို့တာ ဒါမှမဟုတ် စာပေတွေ ပို့ပေးတာဟာ ပြန်လည်ပတ်မှု ဖြစ်တယ်။ ကျမ်းစာသင်အံမှုတစ်ခု ကျင်းပတိုင်း ပြန်လည်ပတ်မှုတစ်ခုအဖြစ် ရေတွက်နိုင်တယ်။ နှစ်ခြင်း မခံရသေးတဲ့ သားသမီးတစ်ယောက် ပါဝင်တဲ့ မိသားစုဝတ်ပြုမှုကို ကျင်းပတဲ့အခါ ဦးဆောင်တဲ့ မိဘဟာ တစ်ပတ်ကို ပြန်လည်ပတ်မှုတစ်ခု ရေတွက်နိုင်တယ်။

၂၆ ကျမ်းစာသင်အံမှုတစ်ခုကို အပတ်တိုင်း ကျင်းပပေမဲ့ တစ်လကို တစ်ခုအဖြစ်ပဲ မှတ်တမ်းသွင်းရတယ်။ ကြေညာသူတွေဟာ တစ်လအတွင်း ကျင်းပခဲ့တဲ့ ကျမ်းစာသင်အံမှု အသီးသီးရဲ့ စုစုပေါင်း အရေအတွက်ကို ဖော်ပြသင့်တယ်။ ကျမ်းစာသင်အံမှု မှတ်တမ်းမှာ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသား သက်သေခံ မဟုတ်သူတွေနဲ့ ကျင်းပတဲ့ ကျမ်းစာသင်အံမှုတွေ ပါဝင်နိုင်တယ်။ လုပ်ငန်းတော် ကော်မတီရဲ့ ညွှန်ကြားမှုအရ မလှုပ်မရှား ဖြစ်နေတဲ့ ညီအစ်ကို ညီအစ်မတစ်ယောက်နဲ့ ကျင်းပတဲ့ ကျမ်းစာသင်အံမှုကိုလည်း ထည့်သွင်းရေတွက်နိုင်တယ်။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်နဲ့ လေ့လာလို့ မပြီးသေးတဲ့ နှစ်ခြင်းခံပြီးခါစ လူသစ်နဲ့ ကျင်းပတဲ့ ကျမ်းစာသင်အံမှုကိုလည်း ထည့်သွင်းရေတွက်နိုင်တယ်။

၂၇ “နာရီ” ကို တိတိကျကျ မှတ်တမ်းသွင်းဖို့ အရေးကြီးတယ်။ ဒါဟာ အခြေခံအားဖြင့် တစ်အိမ်မှတစ်အိမ် လုပ်ငန်း၊ ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှု၊ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံထားတဲ့ သက်သေခံ မဟုတ်သူတွေကို အလွတ်သဘော ဒါမှမဟုတ် ပုံမှန်သက်သေခံခြင်းတွေမှာ အသုံးပြုတဲ့အချိန် ဖြစ်တယ်။ ကြေညာသူနှစ်ယောက် အတူအမှုဆောင်မယ်ဆိုရင် နှစ်ယောက်စလုံး အချိန်ယူနိုင်တယ်။ ဒါပေမဲ့ သွားတဲ့ ဘယ်ပြန်လည်ပတ်မှုကိုမဆို၊ ကျင်းပတဲ့ ဘယ်ကျမ်းစာသင်အံမှုကိုမဆို တစ်ယောက်ကပဲ မှတ်တမ်း ယူပါလိမ့်မယ်။ မိသားစုဝတ်ပြုမှုညချမ်းမှာ သားသမီးတွေကို သွန်သင်တဲ့ မိဘနှစ်ယောက်စလုံး တစ်ပတ်ကို တစ်နာရီအထိ မှတ်တမ်းယူနိုင်တယ်။ ညီအစ်ကိုတွေဟာ လူထုဟောပြောချက် ပေးတဲ့ အချိန်ကို မှတ်တမ်းယူနိုင်တယ်။ လူထုဟောပြောချက်ကို ဘာသာပြန်ပေးသူလည်း အချိန်ယူနိုင်တယ်။ လယ်ကွင်းလုပ်ငန်းအတွက် ပြင်ဆင်တာ၊ လယ်ကွင်းလုပ်ငန်းစုဆုံမှု တက်ရောက်တာ၊ ဟိုသွားဒီသွား လုပ်တာ စတဲ့အချိန်တွေကို ထည့်သွင်း မရေတွက်ရဘူး။

၂၈ ကြေညာသူယောက်တိုင်းဟာ အချိန် ဘယ်လောက် မှတ်ရမယ်ဆိုတာကို ဆုတောင်းသုံးသပ်ရာမှာ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ သိစိတ် ပြောတာကို နားထောင်ရမယ်။ ကြေညာသူတချို့ဟာ လူထူထပ်တဲ့ ဒေသတွေမှာ ဟောပြောရတယ်။ တချို့ကတော့ လူနေကျဲပြီး တော်တော် သွားရတဲ့ ရပ်ကွက်တွေမှာ ဟောပြောရတယ်။ ရပ်ကွက်တွေ ကွဲပြားသလို အမှုဆောင်လုပ်ငန်းအပေါ် ကြေညာသူတွေရဲ့ ရှုမြင်ပုံတွေလည်း ကွဲပြားတယ်။ လယ်ကွင်းလုပ်ငန်းအတွက် သုံးတဲ့အချိန်ကို ဘယ်လို ရေတွက်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးအဖွဲ့က မိမိတို့ရဲ့ သိစိတ်အတိုင်း ကမ္ဘာချီအသင်းတော်ကို အတင်းအကျပ် မလိုက်နာစေပါဘူး။ ဒီကိစ္စကို ဝေဖန်အကဲဖြတ်ဖို့ ဘယ်သူ့ကိုမှလည်း မခန့်အပ်ထားပါဘူး။—မ. ၆:၁။ ၇:၁။ ၁ တိ. ၁:၅။

၂၉ လယ်ကွင်းလုပ်ငန်းမှာ သုံးတဲ့အချိန်ကို မှတ်တမ်းသွင်းတဲ့အခါ စက္ကန့်တွေ၊ မိနစ်တွေ ထည့်စရာ မလိုဘဲ နာရီကိုပဲ အပြည့်ရေးသွင်းသင့်တယ်။ ကြေညာသူတစ်ယောက်ဟာ အသက်အရွယ် အိုမင်းလို့၊ အိပ်ရာထဲ လဲနေလို့၊ ဘိုးဘွားရိပ်သာမှာ နေရလို့ ဒါမှမဟုတ် တခြားမသန်စွမ်းမှုတွေကြောင့် အကန့်အသတ်ပဲ လုပ်နိုင်တဲ့အခါမှာတော့ ခြွင်းချက် ဖြစ်တယ်။ အဲဒီလိုကြေညာသူဟာ လယ်ကွင်းလုပ်ငန်းမှာ ၁၅ မိနစ် အထိ မှတ်တမ်းသွင်းနိုင်တယ်။ တစ်လလုံးမှာ ၁၅ မိနစ်ပဲ သက်သေခံရင်တောင် အဲဒီအချိန်ကို မှတ်တမ်းသွင်းသင့်တယ်။ သူ့ကို နိုင်ငံတော်သတင်း မှန်မှန်ကြေညာသူအဖြစ် ဆက်ယူမှတ်ပါလိမ့်မယ်။ တစ်လအတွင်း မလှုပ်ရှားနိုင်တာ၊ အကြီးအကျယ် ဖျားနာတာ၊ ထိခိုက်ဒဏ်ရာရတာကြောင့် ယာယီအကန့်အသတ် ဖြစ်နေတဲ့ ကြေညာသူနဲ့လည်း ဒီအစီအစဉ် သက်ဆိုင်တယ်။ ဒီအစီအစဉ်ဟာ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ တော်တော် အကန့်အသတ် ဖြစ်နေသူတွေအတွက်သာ ဖြစ်တယ်။ ကြေညာသူတစ်ယောက် ဒီအစီအစဉ်နဲ့ ဘောင်ဝင်,မဝင်ကို လုပ်ငန်းတော်ကော်မတီက ဆုံးဖြတ်ပါလိမ့်မယ်။

အသင်းတော် ကြေညာသူမှတ်တမ်း

၃၀ သင့်ရဲ့ လစဉ် လယ်ကွင်းလုပ်ငန်းမှတ်တမ်းကို အသင်းတော် ကြေညာသူမှတ်တမ်းမှာ ရေးသွင်းတယ်။ အဲဒီမှတ်တမ်းတွေကို ဒေသခံအသင်းတော်က ထိန်းသိမ်းတယ်။ တခြားအသင်းတော်ကို ပြောင်းရွှေ့ဖို့ အစီအစဉ် ရှိတယ်ဆိုရင် အကြီးအကဲတွေကို အသေအချာ အသိပေးပါ။ အတွင်းရေးမှူးက အသင်းတော်သစ်ဆီ သင့်မှတ်တမ်းတွေ ပို့ပေးပါလိမ့်မယ်။ ဒီနည်းအားဖြင့် အသင်းတော်သစ်ရဲ့ အကြီးအကဲတွေက သင့်ကို ကြိုဆိုပြီး ဘုရားရေးရာ အကူအညီတွေ ပေးဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေပါလိမ့်မယ်။ သင်ဟာ အနည်းဆုံး သုံးလ ခရီးသွားမယ်ဆိုရင် သင့်ရဲ့ လယ်ကွင်းလုပ်ငန်း မှတ်တမ်းတွေကို မိခင်အသင်းတော်ဆီ ဆက်ပို့ပေးပါ။

လယ်ကွင်းလုပ်ငန်းကို မှတ်တမ်းသွင်းရတဲ့ အကြောင်းရင်း

၃၁ သင်ဟာ တစ်ခါတလေ လယ်ကွင်းလုပ်ငန်းမှတ်တမ်း ပေးဖို့ မေ့တတ်သလား။ ကျွန်တော်တို့အားလုံး မကြာမကြာ သတိပေးခံရဖို့ လိုအပ်ကြတယ်။ ဒါပေမဲ့ မှတ်တမ်းသွင်းခြင်းနဲ့ပတ်သက်ပြီး သဘောထားမှန် ရှိမယ်၊ မှတ်တမ်း သွင်းရခြင်းရဲ့ အရေးကြီးမှုကို နားလည်မယ်ဆိုရင် လယ်ကွင်းလုပ်ငန်းမှတ်တမ်း ပေးရမှာကို မမေ့ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။

၃၂ “အမှုဆောင်လုပ်ငန်းမှာ ကိုယ်လုပ်တာကို ယေဟောဝါ သိတဲ့အတွက် အသင်းတော်ကို မှတ်တမ်းပေးဖို့ ဘာကြောင့် လိုအပ်ရတာလဲ” လို့ တချို့ မေးကြတယ်။ ကိုယ့်လုပ်ဆောင်မှုကို ယေဟောဝါ သိတာ မှန်ပါတယ်။ စိတ်နှလုံး အကြွင်းမဲ့ လုပ်တာလား၊ စတိလောက် လုပ်တာလားဆိုတာကိုလည်း ယေဟောဝါ သိတယ်။ ဒါပေမဲ့ သင်္ဘောထဲမှာ နောဧ နေခဲ့တဲ့ နေ့ရက်အရေအတွက်နဲ့ တောကန္တာရမှာ အစ္စရေးတွေ ခရီးသွားခဲ့တဲ့ နှစ်အရေအတွက်ကို ယေဟောဝါ မှတ်တမ်းတင်ထားတယ်ဆိုတာ သတိရပါ။ သစ္စာရှိသူ ဦးရေနဲ့ မနာခံသူ ဦးရေကိုလည်း ယေဟောဝါ မှတ်ထားတယ်။ ခါနန်ပြည်ကို အဆင့်ဆင့် အနိုင်ရမှု၊ အစ္စရေး သစ္စာရှိ တရားသူကြီးတွေရဲ့ အောင်မြင်မှုတွေကိုလည်း မှတ်တမ်းတင်ထားတယ်။ မှန်ပါတယ်။ မိမိကျေးကျွန်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှု အသေးစိတ်အချက် အတော်များများကို ယေဟောဝါ မှတ်တမ်းတင်ထားတယ်။ ဖြစ်ခဲ့တာတွေကို မှတ်တမ်းတင် ရေးသားဖို့ စွမ်းအားတော်နဲ့ လမ်းညွှန်ခဲ့ခြင်းက တိကျတဲ့မှတ်တမ်း ထားရှိတာနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ရှုမြင်တယ်ဆိုတာ ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်း သိရှိစေတယ်။

၃၃ ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ သမိုင်းဖြစ်ရပ်တွေက ယေဟောဝါရဲ့ လူမျိုး ထိန်းသိမ်းခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေရဲ့ တိကျမှုကို ဖော်ပြတယ်။ ကိစ္စအတော်များများမှာ တိကျတဲ့ ကိန်းဂဏန်း အရေအတွက်မှတ်တမ်း မရှိဘူးဆိုရင် ကျမ်းစာဖြစ်ရပ်တွေကို လုံးစေ့ပတ်စေ့ ဖော်ပြဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဥပမာအနေနဲ့ ကမ္ဘာဦး ၄၆:၂၇။ ထွက်မြောက်ရာ ၁၂:၃၇။ တရားသူကြီး ၇:၇။ ၂ ဘုရင်များ ၁၉:၃၅။ ၂ ရာဇဝင်ချုပ် ၁၄:၉-၁၃။ ယောဟန် ၆:၁၀။ ၂၁:၁၁။ တမန်တော် ၂:၄၁။ ၁၉:၁၉ တို့ကို သုံးသပ်ကြည့်ပါ။

၃၄ ကျွန်တော်တို့ရဲ့ မှတ်တမ်းမှာ ယေဟောဝါရဲ့ ဝတ်ပြုရေးအတွက် လုပ်ဆောင်ခဲ့တာအားလုံး မပါဝင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီမှတ်တမ်းတွေက ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ လက်တွေ့ကျ ရည်ရွယ်ချက်တစ်ခုကို ပြီးမြောက်စေတယ်။ ပထမရာစုတုန်းက ဟောပြောခြင်း ကင်ပိန်းတစ်ခုကနေ တမန်တော်တွေ ပြန်လာပြီး “သူတို့ လုပ်ခဲ့တာတွေ၊ သွန်သင်ခဲ့တာတွေကို” ယေရှုဆီ ကြားလျှောက်ကြတယ်။ (မာ. ၆:၃၀) တစ်ခါတလေ အမှုဆောင်လုပ်ငန်းမှာ သတ်သတ်မှတ်မှတ် အာရုံစိုက်ဖို့ လိုနေတဲ့ ကဏ္ဍတွေကို မှတ်တမ်းတွေက ဖော်ပြနိုင်တယ်။ ကဏ္ဍတချို့မှာ တိုးတက်မှု ရှိပေမဲ့ ကြေညာသူ အရေအတွက် တိုးတက်နှုန်း စတဲ့ ကဏ္ဍတချို့မှာတော့ တိုးတက်မှု ကျဆင်းနေတာကို ကိန်းဂဏန်းတွေက ဖော်ပြနိုင်တယ်။ အားပေးမှု လိုအပ်နေတာ ဒါမှမဟုတ် ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေတာ ဖြစ်နိုင်တယ်။ တာဝန်ရှိ ကြီးကြပ်မှူးတွေက မှတ်တမ်းတွေကို ကြည့်ရှုစစ်ဆေးပြီး တစ်ဦးချင်းရဲ့ တိုးတက်မှုကိုဖြစ်စေ၊ အသင်းတော်တစ်ခုလုံးရဲ့ တိုးတက်မှုကိုဖြစ်စေ ဟန့်တားနေတဲ့ ဘယ်အခြေအနေကိုမဆို ပြုပြင်ပေးဖို့ ကြိုးစားသွားပါလိမ့်မယ်။

၃၅ အဖွဲ့အစည်းအနေနဲ့ လယ်ကွင်းလုပ်ငန်းမှာ လုပ်သား ပိုလိုအပ်တဲ့ နေရာတွေကို ပိုင်းဖြတ်နိုင်ဖို့လည်း မှတ်တမ်းတွေက ကူညီပေးတယ်။ ဘယ်ဒေသတွေမှာ ပိုဖြစ်ထွန်းနေသလဲ။ ဘယ်ဒေသတွေမှာ တိုးတက်မှု နည်းနေသလဲ။ လူတွေကို အမှန်တရား သင်ပေးဖို့ ဘယ်စာပေတွေ လိုအပ်နေသလဲ။ မှတ်တမ်းတွေက ကမ္ဘာ့ဒေသအသီးသီးရဲ့ ဟောပြောခြင်းလုပ်ငန်းမှာ စာပေလိုအပ်မှုကို ခန့်မှန်းနိုင်ဖို့၊ လိုအပ်မှုနဲ့အညီ ဆက်ဆောင်ရွက်နိုင်ဖို့ အဖွဲ့အစည်းကို ထောက်ကူပေးတယ်။

၃၆ မှတ်တမ်းတွေက ကျွန်တော်တို့ကို အားတက်စေတယ်။ ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းမှာ ညီအစ်ကိုတွေရဲ့ လုပ်ဆောင်မှုကို ကြားရတဲ့အခါ ကျွန်တော်တို့ စိတ်လှုပ်ရှားတယ် မဟုတ်လား။ တိုးတက်မှု မှတ်တမ်းတွေက ယေဟောဝါ အဖွဲ့အစည်းရဲ့ ကျယ်ပြန့်လာမှုကို ခြုံငုံသိမြင်စေတယ်။ တွေ့ကြုံမှုတွေက နှလုံးနွေးထွေးစေပြီး ဇွဲထက်သန်စေတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ အပြည့်အဝ ပါဝင်ဖို့ လှုံ့ဆော်ပေးတယ်။ (တ. ၁၅:၃) လယ်ကွင်းလုပ်ငန်းမှတ်တမ်း ပေးရာမှာ ပူးပေါင်းလုပ်ဆောင်ဖို့ အရေးကြီးတယ်။ ဒါက နေရာတိုင်းမှာရှိတဲ့ ညီအစ်ကိုတွေကို စိတ်ဝင်စားကြောင်း ဖော်ပြတယ်။ ဒီနည်းအားဖြင့် ယေဟောဝါရဲ့ အဖွဲ့အစည်း အစီအစဉ်တွေကို လက်အောက်ခံကြောင်း ကျွန်တော်တို့ ဖော်ပြကြတယ်။—လု. ၁၆:၁၀။ ဟီ. ၁၃:၁၇။

ကိုယ်ပိုင်ပန်းတိုင်များ ချမှတ်ခြင်း

၃၇ ကိုယ့်ရဲ့ လယ်ကွင်းလုပ်ငန်းကို တခြားသူတွေရဲ့ လယ်ကွင်းလုပ်ငန်းနဲ့ နှိုင်းယှဉ်စရာအကြောင်း မရှိပါဘူး။ (ဂလ. ၅:၂၆။ ၆:၄) တစ်ယောက်စီရဲ့ အခြေအနေတွေ ကွာခြားတယ်။ ဒါပေမဲ့ အမှုဆောင်လုပ်ငန်းမှာ ကိုယ့်တိုးတက်မှုကို တိုင်းတာဖို့ လက်တွေ့ကျတဲ့ ကိုယ်ပိုင်ပန်းတိုင်တွေ ချမှတ်တာကနေ ကျွန်တော်တို့ အကျိုးများစွာ ရရှိနိုင်တယ်။ အဲဒီပန်းတိုင်တွေကို ပြည့်မီတဲ့အခါ ပြီးမြောက်အောင်မြင်တယ်ဆိုတဲ့ စိတ်ကျေနပ်မှုကို ခံစားရနိုင်တယ်။

၃၈ “ကြီးစွာသောဒုက္ခ” အတွင်း ကာကွယ်ခံရမယ့်သူတွေကို စုသိမ်းတဲ့လုပ်ငန်းကို ယေဟောဝါ အရှိန်မြှင့် လုပ်ဆောင်နေတာ သေချာတယ်။ “လူနည်းစုလေးဟာ လူတစ်ထောင် ဖြစ်လာမယ်။ အရေးမပါတဲ့သူဟာ အားကြီးတဲ့လူမျိုး ဖြစ်လာမယ်။ အချိန်တန်တဲ့အခါ ဒီလိုဖြစ်လာအောင် ငါယေဟောဝါကိုယ်တိုင် အရှိန်အဟုန် မြှင့်မယ်” ဆိုတဲ့ ဟေရှာယ ပရောဖက်ပြုချက် ပြည့်စုံချိန်မှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ (ဗျာ. ၇:၉၊ ၁၄။ ဟေရှာ. ၆၀:၂၂) သိပ်အရေးပါတဲ့ ဒီနောက်ဆုံးကာလအတွင်း သတင်းကောင်း ကြေညာသူတွေ ဖြစ်ခွင့်ရတာဟာ တကယ့်အခွင့်ထူးကြီးပါပဲ။—မ. ၂၄:၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ