ဘော်ဒါကျောင်း၌ သင့်ကလေးကို ထားသင့်ပါသလော
သင်သည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုမှ မြို့ငယ်ကလေးတစ်မြို့တွင် နေထိုင်သည်ဟုစိတ်ကူးကြည့်ပါ။ သင့်ကလေးများသည် မူလတန်းကျောင်းတွင် ကျောင်းတက်နေကြသည်။ သို့သော် သူတို့အသက် ၁၂ နှစ်အရွယ်တွင် အလယ်တန်းကျောင်းသို့တက်ရတော့မည်။ သင့်ဒေသရှိ အလယ်တန်းကျောင်းတို့သည် လူပြည့်ကျပ်လွန်းပြီး ကျောင်းပစ္စည်းမှာလည်းမပြည့်စုံသည့်အပြင် ဆရာအလုံအလောက်မရှိချေ။ တစ်ခါတစ်ရံ . . . ကျောင်းများကိုရက်ရှည်လများ ပိတ်ထားတတ်သည်။
တစ်စုံတစ်ဦးက မြို့ကြီးတစ်မြို့၌ရှိသော ဘော်ဒါကျောင်းတစ်ကျောင်းကို သရုပ်ဖော်ထားသည့် ဆွဲဆောင်မှုရှိသောဘရိုရှာတစ်စောင်ကို သင့်အားကမ်းလိုက်သည်။ ပျော်ရွှင်၍ သပ်ရပ်သားနားစွာဝတ်ဆင်ထားသည့် ကျောင်းသားများသည် ပစ္စည်းကိရိယာပြည့်စုံသည့် စာသင်ခန်းများ၊ လက်တွေ့စမ်းသပ်ခန်းများနှင့် စာကြည့်တိုက်များတွင် လေ့လာနေသည့်ပုံများကိုသင်တွေ့ရသည်။ ကျောင်းသားကျောင်းသူများသည် ကွန်ပျူတာများကို အသုံးပြုကြပြီး သန့်ရှင်း၍ဆွဲဆောင်မှုရှိသော စုပေါင်းအိပ်ခန်းများ၌ အနားယူကြသည်။ ထိုကျောင်း၏ရည်ရွယ်ချက်တစ်ခုမှာ တပည့်များကို “သူတို့လိုက်နိုင်သရွေ့ အမြင့်ဆုံးပညာရည်အဆင့်ကိုရရှိဖို့” ထောက်ကူရန်ဖြစ်သည်ဟုသင်ဖတ်မိသည်။ “သာမန်အားဖြင့် မိသားစုတစ်ခု၌ ရည်မွန်ခြင်း၊ ယဉ်ကျေးခြင်း၊ မိဘနှင့် အကြီးအကဲများကိုရိုသေလေးစားခြင်း၊ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ သည်းခံနိုင်စွမ်းရှိခြင်း၊ သနားကြင်နာတတ်ခြင်း၊ ရိုးသားခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အလေးပေးတောင်းဆိုသကဲ့သို့ ကျောင်းသားအားလုံးကို ကျင့်ဝတ်နှင့်အညီ လိုက်နာဖို့တောင်းဆိုထားသည်” ဟူ၍သင်ဆက်လက်ဖတ်မိသည်။
ပြုံးရွှင်နေသည့်လူငယ်တစ်ဦး၏ ပြောဆိုချက်ကို ဤသို့ကိုးကားထားသည်– “ကျွန်တော့်ရဲ့မိဘတွေဟာ အကောင်းဆုံးကျောင်းကိုတက်ဖို့ ကျွန်တော့်ကို အထူးအခွင့်အရေးပေးခဲ့တယ်။” မိန်းကလေးတစ်ဦးက ဤသို့ဆိုသည်– “ဒီကျောင်းဟာ စိန်ခေါ်စရာနဲ့ စိတ်လှုပ်ရှားစရာတွေရှိတယ်။ ဒီမှာဆိုရင် သူ့အလိုလို တတ်မြောက်လာတာပါပဲ။” သင်၏သား သို့မဟုတ် သမီးကို ဤသို့သောဘော်ဒါကျောင်းသို့ သင်ပို့မည်လော။
ပညာရေးနှင့် ဝိညာဉ်ရေး
ဂရုစိုက်တတ်သောမိဘများအားလုံး မိမိတို့၏ကလေးများအသက်တာတွင် အခြေခံကောင်းကိုပေးလိုကြပြီး ထိုရည်ရွယ်ချက်အောင်မြင်စေရေးတွင် ပြည့်ဝစုံလင်၍ မျှတမှုရှိသောပညာရေးသည် အရေးကြီးသည်။ လောကီပညာရေးသည် အနာဂတ်တွင်အလုပ်အကိုင်ရရှိဖို့ အခွင့်အရေးတံခါးကိုဖွင့်ပေး၍ လူငယ်များကို မိမိတို့ကိုယ်တိုင်နှင့် မိမိတို့၏အနာဂတ်မိသားစုများကို ကြည့်ရှုစောင့်ရှောက်နိုင်သည့်လူကြီးများအဖြစ်သို့ တိုးတက်လာဖို့ကူညီပေးလေ့ရှိသည်။
‘ဘော်ဒါကျောင်းတစ်ခုဟာ ကောင်းတဲ့ပညာရေးအပြင် စာရိတ္တလမ်းညွှန်ချက်တွေလည်းပေးမယ်ဆိုရင် လက်မခံသင့်ဘူးလား’ ဟူ၍သင်မေးပေမည်။ ယင်းမေးခွန်းကိုဖြေဆိုရာ၌ ခရစ်ယာန်မိဘများသည် မိမိတို့ကလေးများ၏ ဝိညာဏကောင်းကျိုးချမ်းသာတည်းဟူသော အလွန့်အလွန်အရေးကြီးသည့်အကြောင်းကို လေးလေးနက်နက်စဉ်းစားသင့်ပေသည်။ ယေရှုခရစ်တော် ဤသို့မေးခွန်းထုတ်ခဲ့သည်– “လူသည်ဤစကြဝဠာကိုအကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။” (မာကု ၈:၃၆) ယင်းသို့ဖြစ်ပါက လုံးဝအကျိုးမရှိသည်မှာ အမှန်ပင်။ ထို့ကြောင့် ခရစ်ယာန်မိဘများသည် မိမိတို့၏သားသမီးများကို ဘော်ဒါကျောင်းသို့ပို့ရန်မဆုံးဖြတ်မီ မိမိတို့သားသမီးများထာဝရအသက်ရရေးကို မည်သို့ထိခိုက်နိုင်ကြောင်းကို စဉ်းစားသင့်သည်။
အခြားကျောင်းသားများ၏ ဩဇာ
အချို့သောဘော်ဒါကျောင်းများသည် စိတ်စွဲမက်ဖွယ်ဖြစ်သော အဆင့်မြင့်ပညာရေးကိုပေးနိုင်ပေသည်။ သို့သော် ထိုကျောင်းကိုတက်ရောက်ကြသူများ သို့မဟုတ် ယင်းသို့သောကျောင်းတွင်သင်ကြားပေးသူများ၏ စာရိတ္တစံနှုန်းများကော မည်သို့နည်း။ ဤ ‘နောက်ဆုံးသောနေ့ရက်များ’ တွင် ပေါများလာမည့် လူအမျိုးအစားနှင့်စပ်လျဉ်း၍ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟုသိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည်ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတတ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။”—၂ တိမောသေ ၃:၁-၅။
ဤအကျင့်စာရိတ္တနှင့် ဝိညာဏပျက်စီးယိုယွင်းမှုသည် ကမ္ဘာအနှံ့ဖြစ်ပေါ်နေပြီး ကျမ်းစာမူများအတိုင်းအသက်ရှင်နေထိုင်ကြသည့် ယေဟောဝါသက်သေများအတွက် စိန်ခေါ်ချက်တစ်ရပ်ပေါ်ပေါက်လာလေသည်။ နေ့စဉ်အိမ်ပြန်လာသည့်ကျောင်းသားများသည် လောကီကျောင်းနေဖက်များနှင့် အနည်းအကျဉ်းပေါင်းသင်းခြင်းကပင် သူတို့၏ဝိညာဏရေးရာအပေါ် ကြီးမားသည့် အပျက်သဘောသြဇာလွှမ်းမိုးနိုင်ကြောင်း တွေ့ရှိကြသည်။ မိမိတို့၏မိဘများထံမှ အထောက်အကူ၊ အကြံဉာဏ်နှင့် အားပေးမှုများကိုနေ့စဉ်ရရှိလျက်ပင် သက်သေခံသားသမီးများအနေဖြင့် ထိုသြဇာလွှမ်းမိုးမှုများကိုတွန်းလှန်ရန် အတော်အတန်ကြိုးစားရုန်းကန်ရနိုင်သည်။
ထိုသို့ဖြစ်လျှင် မိမိတို့အိမ်မှဘော်ဒါကျောင်းများသို့ ပို့လိုက်သည့်ကလေးများ၏ အခြေအနေကော အသို့နည်း။ သူတို့သည်သီးခြားပစ်ထားခြင်းခံရပြီး မေတ္တာရှိမိဘများထံမှ ဝိညာဏအထောက်အကူကို ပုံမှန်မရသည့်အခြေအနေသို့ ရောက်နေကြသည်။ သူတို့၏အတန်းဖော်များနှင့် ၂၄ နာရီလုံးလုံးနေရသည့်အတွက်ကြောင့် ရွယ်တူများနှင့်လိုက်လျောညီညွတ်ရန် အိမ်တွင်နေသည့်ကျောင်းသားများထက် သူတို့၏နုနယ်သည့်စိတ်နှလုံးသည် သာ၍ပြင်းထန်သည့်သြဇာလွှမ်းမိုးမှုခံရနိုင်သည်။ ကျောင်းသားတစ်ဦးက ဤသို့ဆိုသည်– “ဘော်ဒါကျောင်းသားတစ်ဦးသည် စာရိတ္တရေးအရ နေ့ရောညပါအန္တရာယ်နှင့်ရင်ဆိုင်နေရသည်။”
ပေါလုဤသို့ရေးသားခဲ့သည်– “အလွဲမယူကြနှင့်။ မကောင်းသောသူနှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ယိုယွင်းတတ်၏။” (၁ ကောရိန္သု ၁၅:၃၃) ခရစ်ယာန်မိဘများအနေနှင့် မိမိတို့၏သားသမီးများသည် ဘုရားသခင်ကိုမကိုးကွယ်သောသူများနှင့် တစ်ချိန်လုံးပေါင်းသင်းနေသည့်အတွက် ဝိညာဏအန္တရာယ်ရှိမည်မဟုတ်ဟု တလွဲမတွေးသင့်ချေ။ အချိန်အတော်အတန်ကြာသည့်အခါ ဘုရားတရားကြည်ညိုသည့်ကလေးများသည် ခရစ်ယာန်စံနှုန်းနှင့်ပတ်သက်၍ အကဲမဆတ်တော့ဘဲ ဝိညာဏရေးရာများကိုတန်ဖိုးထားလေးစားမှု လုံးဝပျောက်သွားနိုင်သည်။ တစ်ခါတစ်ရံ မိဘများအနေဖြင့် ၎င်းကိုမိမိတို့၏ကလေးများ ဘော်ဒါကျောင်းမှပြန်လာသည့်အချိန်ကျမှ သိလာကြသည်။ ထိုအချိန်တွင် ကိစ္စရပ်များကိုပြုပြင်ရန် နောက်ကျသွားလေ့ရှိသည်။
ကလဲမန့်တ်၏အတွေ့အကြုံမှာ ထူးခြားသည်။ သူဤသို့ပြန်ပြောပြသည်– “ဘော်ဒါကျောင်းကိုမသွားခင်က ကျွန်တော်ဟာသမ္မာတရားကိုချစ်မြတ်နိုးပြီး ညီအစ်ကိုများနဲ့လယ်ကွင်းလုပ်ငန်းတော်မှာပါဝင်တယ်။ ကျွန်တော်တို့ရဲ့ မိသားစုကျမ်းစာသင်အံမှုနဲ့ အသင်းတော်စာအုပ်ကြီးသင်တန်းမှာပါဝင်ခြင်းကို ကျွန်တော်အထူးနှစ်သက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသက် ၁၄ နှစ်အရွယ်ရောက်တဲ့အခါ ဘော်ဒါကျောင်းမှာသွားနေပြီး သမ္မာတရားကိုလုံးဝစွန့်လွှတ်လိုက်ပါတယ်။ ဘော်ဒါကျောင်းမှာနေတဲ့ငါးနှစ်အတွင်းမှာ ကျွန်တော်စည်းဝေးတစ်ခါမှမတက်ခဲ့ဘူး။ မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ ပေါင်းတဲ့အတွက်ကြောင့် ကျွန်တော်ဟာ မူးယစ်ဆေးဝါး၊ ဆေးလိပ်နဲ့ အရက်ကိုအလွန်အကျွံသောက်သူဖြစ်လာတယ်။”
ဆရာ၊ ဆရာမများ၏သြဇာ
မည်သည့်ကျောင်းတွင်မဆို မိမိတို့၏အခွင့်အာဏာကိုအလွဲသုံးစားပြုသည့် အကျင့်စာရိတ္တပျက်စီးယိုယွင်းသူ . . . များရှိနိုင်သည်။ အချို့သူတို့မှာရက်စက်၍ ခက်ထန်ကြမ်းကြုတ်ကာ အခြားသူတို့မူ မိမိတို့၏ကျောင်းသားများကို လိင်ဆိုင်ရာအတွက်အသုံးချကြသည်။ ဘော်ဒါကျောင်းများရှိ ဤကဲ့သို့သော သူ . . . များ၏အပြုအမူသည် သတင်းမထွက်ပေ။
သို့သော် ဆရာဆရာမအများစုမှာ ကလေးများကို လူ့အသိုင်းအဝိုင်းနှင့် လိုက်လျောညီထွေမှုရှိပြီး လူ့ဘောင်အဖွဲ့အစည်းကိုအကျိုးပြုသည့်အဖွဲ့ဝင်များဖြစ်လာရန် စိတ်ရင်းမှန်နှင့်ကြိုးစားလေ့ကျင့်ပေးကြသည်။ သို့သော် ဤတွင်လည်း သက်သေခံသားသမီးများအတွက် အခြားပြဿနာရှိပေသည်။ လောကစံနှုန်းများသည် ခရစ်ယာန်မူများနှင့် အစဉ်တူညီမည်မဟုတ်ပေ။ ဆရာ၊ ဆရာမများက ကျောင်းသားများအား ဤလောကနှင့် လိုက်လျောညီထွေမှုရှိဖို့အားပေးသော်လည်း ယေရှုကမိမိ၏နောက်တော်လိုက်များသည် ‘လောကအဝင်မဟုတ်’ သူများဖြစ်မည်ဟုမိန့်ဆိုခဲ့သည်။—ယောဟန် ၁၇:၁၆။
သားသမီးများက ကျမ်းစာမူများကို လိုက်လျှောက်သည့်အခါ ပြဿနာများပေါ်ပေါက်လာလျှင်ကော အသို့နည်း။ သားသမီးများသည် အိမ်တွင်နေ၍ဒေသခံကျောင်းကို တက်ရောက်နေပါက ယင်းသို့သောကိစ္စရပ်များကို သူတို့၏မိဘများနှင့် ဆွေးနွေးနိုင်ပေသည်။ ထို့နောက် မိဘများသည် မိမိတို့၏သားသမီးများကို လမ်းညွှန်ပေးနိုင်ပြီး ဆရာ၊ ဆရာမများနှင့် စကားပြောဆိုနိုင်ပေသည်။ အကျိုးဆက်အနေနှင့် ပြဿနာများနှင့် အထင်အမြင်လွဲမှားခြင်းများ အလျင်အမြန်ပြေလည်သွားလေ့ရှိသည်။
ဘော်ဒါကျောင်းများ၌မူ ထိုသို့မဟုတ်ဘဲကွာခြားသည်။ ထိုကျောင်းသားများသည် မိမိတို့၏ဆရာ၊ ဆရာမများ၏ အဆက်မပြတ်ထိန်းချုပ်မှုအောက်တွင်ရှိကြသည်။ကလေးများက ခရစ်ယာန်မူများအတိုင်းရပ်တည်မည်ဆိုလျှင် မိမိတို့မိဘများ၏နေ့စဉ်အထောက်အကူမပါဘဲ သူတို့ရပ်တည်ရပေမည်။ တစ်ခါတစ်ရံ ကလေးများသည် ယင်းသို့သောအခြေအနေများအောက်တွင် ဘုရားသခင်ကိုသစ္စာရှိစွာရပ်တည်နိုင်ကြသည်။ သို့သော်လည်း အများအားဖြင့် သူတို့မရပ်တည်နိုင်ကြချေ။ ကလေးတစ်ဦးသည် ဆရာ၊ ဆရာမတို့၏အလိုကျ လိုက်လျောလိုက်လေ့ရှိသည်။
လှုပ်ရှားမှုများကို ကန့်သတ်ချုပ်ချယ်ခြင်း
အများအားဖြင့် ကျောင်းသားများသည် မိမိတို့အလိုရှိသလိုသွားလာကာ လွတ်လပ်မှုရှိကြသည့် တက္ကသိုလ်များနှင့်မတူဘဲ ဘော်ဒါကျောင်းများသည် ကလေးများ၏လှုပ်ရှားမှုများကို ကန့်သတ်ချုပ်ချယ်ကြသည်။ ဤသို့သောကျောင်းအများစုမှာ ကျောင်းသားများကို တနင်္ဂနွေနေ့မှလွဲ၍ ကျောင်းဝင်းအတွင်းမှထွက်ခွင့်မပြုကြဘဲ အချို့ကျောင်းများမူ ထိုသို့ပင်ခွင့်မပြုကြချေ။ အေးရူ အမည်ရှိအသက် ၁၁ အရွယ်ဘော်ဒါကျောင်းသူတစ်ဦးက ဤသို့ဆိုသည်– “ကျောင်းမှာအာဏာရှိတဲ့လူတွေဟာ ကျွန်မတို့လယ်ကွင်းလုပ်ငန်းတော်မှာပါဝင်ဖို့မဆိုထားနဲ့ အစည်းအဝေးတွေတက်ဖို့ကိုတောင် လုံးဝခွင့်မပြုဘူး။ ကျောင်းထဲမှာဆိုရင် ကက်သလစ်နဲ့ မွတ်စလင်ဘာသာရေးအခမ်းအနားတွေပဲရှိတယ်။ ကျောင်းသားကျောင်းသူတိုင်းဟာ အဲဒီနှစ်ခုထဲကတစ်ခုခုကို ရွေးချယ်ရတယ်၊ ဒါမှမဟုတ်ရင် ဆရာ၊ ဆရာမများနဲ့ ကျောင်းသားတွေနဲ့ အကြီးအကျယ်ပြဿနာတက်နိုင်တယ်။ ကျောင်းသားတွေကို အမျိုးသားသီချင်းနဲ့ ဓမ္မသီချင်းတွေကိုလည်း ဇွတ်အတင်းသီဆိုခိုင်းပါတယ်။”
မိဘများသည် မိမိတို့သားသမီးများကို ကျောင်းအပ်လိုက်သည့်အခါ မိမိတို့၏ကလေးများကို မည်သို့နားလည်စေသနည်း။ လောကီပညာရေးသည် ဝတ်ပြုကိုးကွယ်ဖို့စုရုံးခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင်ပါဝင်ခြင်း—ဘုရားသခင်ကိုသမာဓိရှိခြင်းထက်ပင် သာ၍အရေးကြီးကြောင်း နားလည်ထင်မှတ်စေနိုင်သည်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; ၂ ကောရိန္သု ၆:၁၄-၁၈; ဟေဗြဲ ၁၀:၂၄၊ ၂၅။
အချို့သောဘော်ဒါကျောင်းများ၌ သက်သေခံကျောင်းသားကျောင်းသူများသည် သမ္မာကျမ်းစာကိုအတူတကွ လေ့လာဖို့စီစဉ်ကြသော်လည်း ယင်းသည်ပင် အခက်တွေ့လေ့ရှိပြန်သည်။ သူမတက်ရောက်နေသည့် ဘော်ဒါကျောင်းနှင့်ပတ်သက်၍ ဘလက်စင်းအမည်ရှိ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးက ဤသို့ဆိုသည်– “ခရစ်ယာန်လို့အခေါ်ခံကြတဲ့သူတွေဟာ ဆုတောင်းဖို့နေ့တိုင်းစုစည်းကြတယ်။ ကျွန်မတို့သက်သေခံတွေလည်း ကျမ်းစာလေ့လာမှုပြုလုပ်နိုင်ဖို့အတွက် ကြိုးစားတောင်းဆိုကြပေမဲ့ အတန်းကြီးတဲ့ကျောင်းသားတွေက ကျွန်မတို့အဖွဲ့အစည်းဟာ အသိအမှတ်ပြုခြင်းမခံရဘူးလို့ပြောကြပါတယ်။ ပြီးတော့ သူတို့နဲ့အတူဆုတောင်းဖို့ ဇွတ်အတင်းခိုင်းပါတယ်။ တကယ်လို့ ကျွန်မတို့ငြင်းမယ်ဆိုရင် ကျွန်မတို့ကိုအပြစ်ပေးပါတယ်။ ဆရာ၊ ဆရာမများကို အကူအညီတောင်းဆိုခြင်းက အခြေအနေကိုပိုပြီးဆိုးစေပါတယ်။ သူတို့ကကျွန်မတို့ကို နာမည်အမျိုးမျိုးသမုတ်ကြပြီး ကျွန်မတို့ကိုအပြစ်ပေးဖို့ အတန်းကြီးတဲ့ကျောင်းသားတွေကိုခိုင်းပါတယ်။”
ခြားနားစွာရပ်တည်ခြင်း
ဘော်ဒါကျောင်းသားများကို ယေဟောဝါသက်သေများအဖြစ် အတိအကျသိထားကြသည့်အခါ သူတို့အတွက်အကျိုးဖြစ်ထွန်းစေနိုင်သည်။ ကျောင်းအာဏာပိုင်များသည် ယေဟောဝါသက်သေများ၏ယုံကြည်ချက်နှင့်ဆန့်ကျင်သော မဖြစ်မနေလုပ်ရမည့် ဗာဗုလုန်ဘာသာရေးလှုပ်ရှားမှုများတွင်ပါဝင်ခြင်းမှ ကင်းလွတ်ခွင့်ပေးပေမည်။ အကျိုးမပြုသောလှုပ်ရှားမှုများနှင့် အပြောအဆိုများတွင်ပါဝင်စေရန်ကြိုးစားခြင်းကို အတန်းဖော်များက ရှောင်ကြပေမည်။ အတန်းဖော်များနှင့် ဆရာ၊ ဆရာမများကိုသက်သေခံဖို့ အခွင့်အရေးရရှိနိုင်သည်။ ထို့အပြင် ခရစ်ယာန်မူများအတိုင်းနေထိုင်သူများသည် ကြီးလေးသောအပြစ်ပြုစရာ အကြောင်းမရှိသည့်အပြင် တစ်ခါတစ်ရံသူတို့သည် ဆရာ၊ ဆရာမများနှင့် အတန်းဖော်များ၏လေးစားမှုကိုရရှိကြသည်။
သို့သော်လည်း တစ်ချိန်လုံးယင်းသို့ဖြစ်မနေပါ။ ခြားနားစွာရပ်တည်ခြင်းက လူငယ်တစ်ဦးကို အခြားကျောင်းသားများ၊ ဆရာ၊ ဆရာမများထံမှ ဖိနှိပ်မှုနှင့် ပြက်ရယ်ပြုခြင်းကို ခံရလေ့ရှိသည်။ ရင်ကာအမည်ရှိ အသက် ၁၅ နှစ်အရွယ် ဘော်ဒါကျောင်းတက်ရောက်နေသူလူငယ်တစ်ဦးက ဤသို့ပြောပြသည်– “ကျွန်တော်တို့ကို ယေဟောဝါသက်သေတစ်ဦးအဖြစ် ကျောင်းကသိထားမယ်ဆိုရင် ကျွန်တော်တို့ဟာ ပစ်မှတ်တစ်ခုဖြစ်လာတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ ဝိညာဏရေးရာနဲ့ စာရိတ္တဆိုင်ရာရပ်တည်မှုတွေကို သိထားတဲ့အတွက်ကြောင့် ကျွန်တော်တို့ကိုအကွက်ဆင်ဖမ်းကြတယ်။”
မိဘများ၏တာဝန်
မည်သည့်ဆရာ၊ ဆရာမ၊ ကျောင်း သို့မဟုတ် မည်သည့်ကောလိပ်မှ ကလေးငယ်များကို ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန်များဖြစ်အောင် ပုံသွင်းပေးနိုင်စွမ်းမရှိချေ။ ယင်းသည် သူတို့၏အလုပ်မဟုတ်သကဲ့သို့ သူတို့၏တာဝန်လည်းမဟုတ်ပေ။ မိဘများကိုယ်တိုင် မိမိတို့၏သားသမီးများ၏ ဝိညာဏလိုအပ်ရာများကို ကြည့်ရှုစောင့်ရှောက်ဖို့ ဘုရားသခင့်နှုတ်ကပါဌ်စကားတော်က လမ်းညွှန်ထားသည်။ “အဘတို့ ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သူတို့ကိုမွေးမြူကြလော့” ဟူ၍ ပေါလုရေးသားခဲ့သည်။ (ဧဖက် ၆:၄၊ ကဘ) တစ်လလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ အလည်အပတ်လာရန် ကန့်သတ်ထားသည့်ဘော်ဒါကျောင်းတွင် မိမိတို့၏သားသမီးများနေထိုင်နေပါက ဤမြင့်မြတ်သောအကြံပေးချက်ကို မိဘများမည်သို့လိုက်နာနိုင်မည်နည်း။
အခြေအနေများက အကြီးအကျယ်ခြားနားမှုရှိသော်လည်း ခရစ်ယာန်မိဘများသည် ဤမှုတ်သွင်းခံဖော်ပြချက်နှင့်အညီ ပြုမူရန်ကြိုးစားကြသည်– “မိမိလူတို့ကိုမပြုစု၊ ထိုမျှမကမိမိအိမ်သူအိမ်သားတို့ကိုမပြုစုသောသူမည်သည်ကား ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက်သာ၍ ယုတ်မာ၏။”—၁ တိမောသေ ၅:၈။
အခြားရွေးချယ်စရာရှိသေးသလော
ဘော်ဒါကျောင်း သို့မဟုတ် ညံ့ဖျင်းသောဒေသခံကျောင်း နှစ်မျိုးကိုသာရွေးချယ်စရာရှိမည်ဆိုလျှင် မိဘများမည်သို့ပြုမည်နည်း။ ထိုသို့သောအခြေအနေမျိုး၌ရှိသူအချို့သည် ဒေသခံကျောင်းရှိ မိမိတို့သားသမီးများ၏ပညာရေးအတွက် ကိုယ်ပိုင်စာသင်ချိန်များကို ဖြည့်စွက်ပေးကြသည်။ အခြားမိဘများကမူ မိမိတို့၏သားသမီးများကို ကိုယ်တိုင်စာသင်ပေးရန် အချိန်သတ်မှတ်ထားကြသည်။
တစ်ခါတစ်ရံ မိဘများသည် မိမိတို့၏သားသမီးများ အလယ်တန်းကျောင်းတက်သည့် အရွယ်မရောက်ခင်၌ ကြိုတင်စီစဉ်ထားခြင်းအားဖြင့် ပြဿနာများကိုရှောင်ရှားကြသည်။ သင်၌ငယ်ရွယ်သောသားသမီးများရှိမည် သို့မဟုတ် မိသားစုတစ်ခုကိုပြုစုပျိုးထောင်ရန်အစီအစဉ်ရှိလျှင် သင့်ဒေသ၌အရည်အချင်းပြည့်မီသော အလယ်တန်းကျောင်းရှိမရှိစစ်ဆေးကြည့်ပေမည်။ ထိုသို့သောကျောင်းမရှိပါက အနီးအနားရှိနေရာသို့ ပြောင်းရွှေ့နိုင်ပေသည်။
မိဘများကောင်းစွာသိထားသည့်အတိုင်း ကလေးတစ်ဦးတွင် ယေဟောဝါကိုချစ်မြတ်နိုးသည့်စိတ် စိမ့်ဝင်စေရန် ကျွမ်းကျင်မှု၊ စိတ်ရှည်မှုနှင့် အချိန်များစွာလိုအပ်ပေသည်။ ကလေးတစ်ဦး အိမ်၌ရှိစဉ်အခါပင် ယင်းသို့ပြုလုပ်ရန်ခဲယဉ်းသည်ဆိုလျှင် အဝေးတွင်နေထိုင်ပါက မည်မျှသာ၍ခက်ခဲလိုက်မည်ဖြစ်ခြင်း! ကလေး၏ထာဝရအသက်နှင့် ပတ်သက်နေသည့်အတွက် မိဘများသည် မိမိတို့၏ကလေးများကို ဘော်ဒါကျောင်းသို့အပ်ခြင်းသည် ကြုံရမည့်အန္တရာယ်နှင့်တန်မတန် လေးလေးနက်နက် ဆုတောင်းဆုံးဖြတ်ရမည်။ ဘော်ဒါကျောင်းမှပညာရေးအတွက် ကလေးတစ်ဦး၏ဝိညာဏရေးရာကို အနစ်နာခံခြင်းသည် မည်မျှအမြော်အမြင် နည်းပါးရာကျလိုက်မည်ဖြစ်ခြင်း! ယင်းသို့ပြုလုပ်ခြင်းသည် အဖိုးမတန်သည့်လက်ဝတ်လက်စားအတွက် မီးလောင်နေသည့် အိမ်တစ်လုံးအတွင်းသို့ပြေးဝင်ခြင်းဖြင့်—မီးတောက်၏ဝါးမျိုခြင်းကို ခံလိုက်ရသည်နှင့်တူပေမည်။
ဘုရားသခင်၏နှုတ်ကပါဌ်တော်က ဤသို့ဆိုထားသည်– “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။” (သု. ၂၂:၃) အခြေအနေဆိုးတစ်ခုကို နောက်မှပြုပြင်ခြင်းထက် ကြိုတင်ကာကွယ်ခြင်းက သာ၍ကောင်းသည်။ ‘ကျွန်ုပ်၏ကလေးကို ဘော်ဒါကျောင်း၌ထားသင့်ပါသလော’ ဟုမိမိကိုယ်ကိုမေးသည့်အခါ ယင်းတို့ကို ထည့်သွင်းစဉ်းစားခြင်းက ပညာရှိရာကျပေမည်။
[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်]
ဘော်ဒါကျောင်းအပေါ် သက်သေခံလူငယ်များ၏ပြန်ပြောင်းသုံးသပ်ချက်
“ဘော်ဒါကျောင်းမှာဆိုရင် သက်သေခံသားသမီးများဟာ ဝိညာဏပေါင်းသင်းမှု ဖြတ်တောက်ထားခြင်းခံရတယ်။ မကောင်းမှုကိုပြုလုပ်ဖို့ အကြီးအကျယ်ဖိအားပေးပြီး သိပ်ရန်မူတတ်တဲ့ဝန်းကျင်တစ်ခုဖြစ်တယ်။”—အသက် ၁၁ နှစ်မှ ၁၄ နှစ်အတွင်းဘော်ဒါကျောင်းတက်ခဲ့သူ၊ ရော်တီမီ။
“ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ဖို့အရမ်းခက်ခဲပါတယ်။ တနင်္ဂနွေနေ့တစ်ရက်ပဲ ကျွန်မအစည်းအဝေးတက်နိုင်ပြီး အဲလိုတက်နိုင်ဖို့အတွက် ကျောင်းသူကျောင်းသားတွေက ချာ့ချ်တက်ဖို့တန်းစီနေတဲ့အခါမှာ ခိုးကြောင်ခိုးဝှက်ထွက်ရပါတယ်။ ကျွန်မတစ်ခါမှမပျော်ခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ ကျွန်မအိမ်ကိုပြန်တဲ့အခါ အသင်းတော်အစည်းအဝေးအားလုံးတက်ရောက်ပြီး စနေနဲ့ တနင်္ဂနွေနေ့မျိုးတွေမှာ လယ်ကွင်းဓမ္မအမှုမှာပါဝင်လေ့ရှိတဲ့အတွက်ပါပဲ။ အဲဒီကျောင်းတက်ခဲ့ရလို့ တည်ဆောက်မှုမရခဲ့ဘူး။ ကျွန်မအများကြီးဆုံးရှုံးခဲ့ရတယ်။”—ဘော်ဒါကျောင်းမှ ချာ့ချ်ဝတ်ပြုဆုတောင်းပွဲတွင် မပါဝင်သောကြောင့် ဆရာ၊ ဆရာမများ၏ ရိုက်နှက်ခြင်းကိုခံရသူ၊ အက်စတာ။
“ဘော်ဒါကျောင်းက အတန်းဖော်တွေကို ဟောပြောရတာမလွယ်ပါဘူး။ ကွဲပြားခြားနားစွာ ရပ်တည်ဖို့သိပ်ခက်ပါတယ်။ ကျွန်မဟာ အုပ်စုလိုက် လုပ်သလိုလိုက်လုပ်ချင်ပါတယ်။ တကယ်လို့များ ကျွန်မသာအစည်းအဝေးတွေနဲ့ လယ်ကွင်းလုပ်ငန်းတော်မှာပါဝင်နိုင်ခဲ့ရင် ပိုပြီးသတ္တိရှိလာနိုင်တယ်။ ဒါပေမဲ့ တစ်နှစ်မှာသုံးကြိမ်သာရှိတဲ့ အားလပ်ရက်အတွင်းမှာပဲ ကျွန်မပါဝင်နိုင်ခဲ့တယ်။ မီးအိမ်တစ်ခုကို ဆီထပ်မဖြည့်ပေးရင် အလင်းရောင်ကမှိန်သွားတတ်တယ်။ ကျောင်းမှာလည်း အဲဒီလိုပါပဲ။”—အသက် ၁၁ နှစ်မှ ၁၆ နှစ်အတွင်း ဘော်ဒါကျောင်းတက်ခဲ့သူ၊ လာရာ။
“အခု ကျွန်မဟာ ဘော်ဒါကျောင်းမှာ မနေတော့တဲ့အတွက် အစည်းအဝေးအားလုံးတက်နိုင်တယ်၊ လယ်ကွင်းလုပ်ငန်းမှာပါဝင်နိုင်ပြီး ကျန်တဲ့မိသားစုဝင်တွေနဲ့ နေ့စဉ်ကျမ်းချက်ကိုအတူဖတ်ရှုခွင့်ရတဲ့အတွက် ပျော်ရွှင်ရပါတယ်။ ဘော်ဒါကျောင်းမှာနေရတာ အကျိုးအမြတ်တချို့ရှိပေမဲ့ ယေဟောဝါရှင်နဲ့ကျွန်မရဲ့ဆက်ဆံရေးထက် ဘယ်အရာကမှပိုပြီးအရေးမကြီးပါဘူး။”—ဘော်ဒါကျောင်းမှပြန်ခေါ်ရန် သူမ၏ဖခင်ကို နားဝင်အောင်ပြောဆိုခဲ့သူ၊ နေအိုမီ။