လူငယ်ညီအစ်ကိုများ၊ ရှေ့ကို တက်လှမ်းနေကြသလား
၁။ ညီအစ်ကိုငယ်တွေဟာ ၁ တိမောသေ ၃:၁ မှာပါတဲ့ လမ်းညွှန်ချက်တွေကို ဘယ်အချိန်ကစပြီး လိုက်လျှောက်သင့်သလဲ။
၁ “ကြိုးစားနေသူတစ်ဦးသည် ကောင်းသောအမှုကို လိုလားသူဖြစ်၏။” (၁ တိ. ၃:၁) အဲဒီကျမ်းစကားတွေက အသင်းတော်မှာ လုပ်ငန်းတော်အခွင့်ထူးတွေရရှိဖို့ ကြိုးစားကြပါလို့ ညီအစ်ကိုတွေကို အားပေးနေတာဖြစ်တယ်။ အရွယ်ရောက်တော့မှ အဲလိုကြိုးစားရမှာလား။ ငယ်ရွယ်ချိန်ကတည်းက ရှေ့ကိုကြိုးစားတက်လှမ်းတာ အကောင်းဆုံးပါပဲ။ ဒီလိုနည်းအားဖြင့် သင်ဟာ လေ့ကျင့်ပေးမှုတွေကို ရရှိနိုင်သလို အရွယ်ရောက်တဲ့အခါ ဓမ္မအမှုထမ်းအဖြစ် ခန့်အပ်ဖို့ သင့်လျော်တယ်ဆိုတာကို ဖော်ပြနိုင်တယ်။ (၁ တိ. ၃:၁၀) သင်ဟာ နှစ်ခြင်းခံပြီးသား ညီအစ်ကိုငယ်တစ်ယောက်ဖြစ်မယ်ဆိုရင် ရှေ့ကို ဘယ်လိုတက်လှမ်းနိုင်မလဲ။
၂။ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ဘယ်လိုမွေးမြူပြီး တင်ပြနိုင်သလဲ။
၂ ကိုယ်ကျိုးစွန့်စိတ်ဓာတ်– သင်ဟာ ရာထူးတစ်ခုအတွက်မဟုတ်ဘဲ ကောင်းသောအမှုအတွက် ကြိုးစားနေတယ်ဆိုတာ သတိရပါ။ ဒါကြောင့် ညီအစ်ကို၊ ညီအစ်မတွေကို ကူညီပေးချင်တဲ့စိတ်ကို ကြိုးစားမွေးမြူပါ။ အဲဒီလိုစိတ်မျိုးရရှိနိုင်တဲ့ နည်းတစ်နည်းက ယေရှုရဲ့ စံနမူနာကောင်းကို စဉ်းစားတွေးတောခြင်းဖြစ်တယ်။ (မ. ၂၀:၂၈; ယော. ၄:၆၊ ၇; ၁၃:၄၊ ၅) သူတစ်ပါးအကျိုးကို သယ်ပိုးလိုတဲ့စိတ်ရှိလာအောင် ယေဟောဝါဆီ အကူအညီတောင်းခံပါ။ (၁ ကော. ၁၀:၂၄) အသင်းတော်မှာရှိတဲ့ အသက်ကြီးတဲ့သူတွေ ဒါမှမဟုတ် မသန်စွမ်းတဲ့သူတွေကို လက်တွေ့ကျတဲ့အကူအညီတွေ သင် ပေးနိုင်သလား။ ခန်းမဝန်းကျင်ကို တံမြက်စည်းလှည်းတာ၊ အိမ်သာရေဖြည့်တာ၊ ပြုပြင်ထိန်းသိမ်းရေးတွေမှာ ဝိုင်းကူပေးတာတွေ လုပ်ဆောင်နိုင်မလား။ ဟောပြောသွန်သင်ခြင်းသင်တန်းမှာ တာဝန်တွေကို အစားထိုးလုပ်ဆောင်နိုင်မလား။ တခြားသူတွေအတွက် ကိုယ်ကျိုးစွန့်လုပ်ဆောင်ပေးတာကနေ ရွှင်လန်းမှုရရှိကြောင်း သင် တွေ့ရှိရပါလိမ့်မယ်။—တ. ၂၀:၃၅။
၃။ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိဖို့ ဘယ်လောက်အရေးကြီးသလဲ။ အဲဒီဆက်ဆံရေးကို ဘယ်လိုတိုးတက်အောင် လုပ်နိုင်သလဲ။
၃ ဘုရားသခင်နဲ့ဆက်ဆံရေး– အသင်းတော်မှာ အမှုထမ်းတစ်ယောက်ဖြစ်ဖို့ အထူးအရည်အချင်းတွေ၊ ပင်ကိုစွမ်းရည်တွေထက် ဘုရားသခင်နဲ့ သင့်ရဲ့ဆက်ဆံရေးကောင်းရှိဖို့ ပိုအရေးကြီးပါတယ်။ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့သူက ကိစ္စရပ်တွေကို ယေဟောဝါနဲ့ ယေရှု ရှုမြင်သလို ရှုမြင်ဖို့ ကြိုးစားတယ်။ (၁ ကော. ၂:၁၅၊ ၁၆) “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသော အရည်အသွေး” တွေကို တင်ပြတယ်။ (ဂလ. ၅:၂၂၊ ၂၃) နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားပြီး ဟောပြောခြင်းလုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်တယ်။ (မ. ၆:၃၃) သင်ဟာ ဘုရားသခင်နှစ်သက်တဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ဖို့ ကိုယ်ပိုင်လေ့လာမှု အလေ့အကျင့်ကောင်း ရှိရမယ်။ အဲဒီထဲမှာ ကျမ်းစာကို နေ့စဉ်ဖတ်တာ၊ ကင်းမျှော်စင် နဲ့ နိုးလော့! တိုင်းကို ဖတ်တာ၊ အစည်းအဝေးတွေကို ပြင်ဆင်တက်ရောက်တာတွေ ပါဝင်တယ်။ (ဆာ. ၁:၁၊ ၂; ဟေဗြဲ ၁၀:၂၄၊ ၂၅) ပေါလုက လူငယ်တိမောသေကို ဘုရားရေးရာမှာ တိုးတက်ဖို့ အားပေးတဲ့အခါ ဒီစကားတွေကို ရေးသားခဲ့တယ်– “ကိုယ့်သွန်သင်ခြင်းကို . . . အမြဲဂရုပြုလျက်နေလော့။” (၁ တိ. ၄:၁၅၊ ၁၆) ဒါကြောင့် ဟောပြောသွန်သင်ခြင်းသင်တန်းမှာ တာဝန်ရတဲ့အခါ ကြိုးစားလုပ်ဆောင်ပါ။ အမှုဆောင်လုပ်ငန်းအတွက် ပြင်ဆင်ပြီး အမြဲပါဝင်ပါ။ ရှေ့ဆောင်၊ ဗေသလ၊ တစ်ကိုယ်ရေညီအစ်ကိုများအတွက် ကျမ်းစာသင်တန်းစတဲ့ ဘုရားရေးရာပန်းတိုင်တွေကို ချမှတ်ပြီး ကြိုးစားတက်လှမ်းပါ။ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိခြင်းက “လူငယ်များတွင် ဖြစ်ပေါ်တတ်သည့် အလိုဆန္ဒများကို ရှောင်ကြဉ်” ဖို့ သင့်ကို ထောက်ကူပါလိမ့်မယ်။—၂ တိ. ၂:၂၂။
၄။ ယုံကြည်စိတ်ချရပြီး သစ္စာရှိသူဖြစ်ခြင်းရဲ့ အကျိုးကျေးဇူးက ဘာဖြစ်မလဲ။
၄ ယုံကြည်စိတ်ချရမှုနဲ့ သစ္စာစောင့်သိမှု– ပထမရာစုတုန်းက ဆင်းရဲတဲ့ခရစ်ယာန်တွေကို အစားအစာဝေပေးဖို့ တာဝန်ရတဲ့ ညီအစ်ကိုတွေဟာ “ဂုဏ်အသရေ” ရှိတဲ့သူတွေဖြစ်တဲ့အတွက် ယုံကြည်စိတ်ချရသူ၊ သစ္စာရှိသူတွေဖြစ်မှာ ထင်ရှားတယ်။ ဒါကြောင့် ဒီလုပ်ငန်း ပြီးစီးပါ့မလားဆိုပြီး တမန်တော်တွေ စိတ်ပူစရာမလိုဘဲ အရေးကြီးတဲ့ တခြားအလုပ်တွေကို အာရုံစိုက်နိုင်ခဲ့တယ်။ (တ. ၆:၁-၄) ဒါကြောင့် အသင်းတော်မှာ သင် တာဝန်ရတဲ့အခါ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်ပါ။ သင်္ဘောဆောက်ဖို့ ပေးလာတဲ့ ညွှန်ကြားချက်ကို အသေးစိတ် လိုက်လျှောက်ခဲ့တဲ့ နောဧကို တုပပါ။ (က. ၆:၂၂) သစ္စာရှိမှုကို ယေဟောဝါ တန်ဖိုးထားပါတယ်။ ဒါဟာ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိတယ်ဆိုတဲ့ အမှတ်အသားဖြစ်ပါတယ်။—၁ ကော. ၄:၂; “လေ့ကျင့်ပေးမှုရဲ့အကျိုး” လေးထောင့်ကွက်ကို ကြည့်ပါ။
၅။ လူငယ်ညီအစ်ကိုတွေဟာ ဘာကြောင့် ရှေ့ကိုတက်လှမ်းသင့်သလဲ။
၅ ကြိုဟောထားတဲ့အတိုင်း ယေဟောဝါက စုသိမ်းခြင်းလုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ (ဟေရှာ. ၆၀:၂၂) နှစ်စဉ် နှစ်ခြင်းခံတဲ့သူ အရေအတွက်က ပျမ်းမျှ နှစ်သိန်းခွဲရှိတယ်။ လူများစွာ အမှန်တရားသိလာတာနဲ့အမျှ အသင်းတော်တာဝန်တွေကို ထမ်းဆောင်ဖို့ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိပြီး အရည်အချင်းပြည့်မီတဲ့ အမျိုးသားတွေ လိုအပ်လာပါတယ်။ ဒီနေ့အချိန်မှာ တစ်ချိန်တစ်ခါနဲ့မှမတူအောင် ယေဟောဝါရဲ့အမှုတော်မှာ လုပ်စရာတွေ အများကြီးရှိနေပါတယ်။ (၁ ကော. ၁၅:၅၈) လူငယ်ညီအစ်ကိုများ၊ ရှေ့ကို တက်လှမ်းနေသလား။ တက်လှမ်းနေတယ်ဆိုရင် ကောင်းသောအမှုကို လိုလားနေခြင်းဖြစ်တယ်။
[စာမျက်နှာ ၂ ပါ အကျဉ်းဖော်ပြချက်]
လူများစွာ အမှန်တရားသိလာတာနဲ့အမျှ အသင်းတော်တာဝန်တွေကို ထမ်းဆောင်ဖို့ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိပြီး အရည်အချင်းပြည့်မီတဲ့ အမျိုးသားတွေ လိုအပ်လာ
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]
လေ့ကျင့်ပေးမှုရဲ့အကျိုး
အကြီးအကဲတွေဟာ အရည်အချင်းပြည့်မီတဲ့ လူငယ်ညီအစ်ကိုတွေကို တာဝန်ပေးအပ်ပြီး လေ့ကျင့်ပေးတဲ့အခါ လူငယ်တွေ အကျိုးရရှိကြတယ်။ စည်းဝေးပြီးတဲ့နောက် တိုက်နယ်ကြီးကြပ်မှူးက စင်မြင့်ရှေ့မှာထိုင်ပြီး ကြေညာသူတစ်ယောက်ကို အားပေးစကားပြောနေတယ်။ အဲဒီအချိန် အနားမှာ လူငယ်ညီအစ်ကိုတစ်ယောက် ရပ်နေတာကို သတိပြုမိတဲ့အတွက် ပြောစရာရှိလို့လားဆိုပြီး သူ့ကို မေးလိုက်တယ်။ လူငယ်ညီအစ်ကိုက စည်းဝေးပြီးတိုင်း စင်မြင့်ကို ဖုန်စုပ်ဖို့ တာဝန်ရထားတယ်လို့ ပြန်ဖြေတယ်။ မိဘတွေက အိမ်ပြန်ဖို့ အသင့်ဖြစ်နေပေမဲ့ အဲဒီညီအစ်ကိုက တာဝန်မပြီးဘဲ အိမ်မပြန်ချင်ဘူး။ တိုက်နယ်ကြီးကြပ်မှူးက လိုလိုလားလားပဲ နေရာရွှေ့ပေးခဲ့တယ်။ သူခုလို ချီးကျူးတယ်– “အဲဒီအသင်းတော်မှာရှိတဲ့ အကြီးအကဲတွေက အရည်အချင်းရှိတဲ့ ညီအစ်ကိုငယ်လေးတွေကို တာဝန်တွေပေးပြီး လေ့ကျင့်ပေးကြတယ်။ ဒါကြောင့် သူတို့အသင်းတော်ကို ကျွန်တော် လည်ပတ်တဲ့အခါ ဓမ္မအမှုထမ်းတွေအဖြစ် ထောက်ခံမှုရတဲ့ ညီအစ်ကိုငယ်လေးတွေ ရှိနေတာကို ကျွန်တော် မအံ့သြပါဘူး။”