လေ့လာရန် ဆောင်းပါး ၄၄
သီချင်း ၁၃၈ ဖြူသောဆံပင်ရဲ့ တင့်တယ်မှု
ဇရာအိုအရွယ်မှာ ပျော်ရွှင်နေပါ
“ဇရာအိုအရွယ်မှာတောင် သီးပွင့်ဝေဆာနေလိမ့်မယ်။”—ဆာ. ၉၂:၁၄။
အာရုံစိုက်ရာ
သက်ကြီးသူတွေ ပျော်ရွှင်နေဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဘယ်လို ပျော်ရွှင်နေနိုင်သလဲ။
၁-၂။ သစ္စာရှိ သက်ကြီးသူတွေကို ယေဟောဝါ ဘယ်လို မြင်သလဲ။ (ဆာလံ ၉၂:၁၂-၁၄။ ရုပ်ပုံကိုလည်း ကြည့်ပါ။)
တချို့က အသက်ကြီးလာတာကို ကြိုက်ကြတယ်။ တချို့ကျတော့ အသက်ကြီးလာမှာကို ကြောက်ကြတယ်။ ဆံပင်ဖြူ ထွက်ခါစကဆိုရင် လူမြင်မှာ စိုးပြီး နုတ်လိုက်ရတာ အမောပဲ။ နောက်တော့ ဆံပင်ဖြူတွေ နုတ်လို့ မနိုင်တော့မှန်း လက်ခံလိုက်ရတယ်။ ဇရာကို တတ်နိုင်သမျှ အံတုချင်ကြတာ သိပ်ပေါ်လွင်တယ်။
၂ ကောင်းကင်ဘုံစံအဖကော သစ္စာရှိ သက်ကြီးသူတွေကို ဘယ်လို မြင်သလဲ။ (ပညာ. ၁၆:၃၁) သီးပွင့်ဝေဆာနေတဲ့ သစ်ပင်တွေလို့ မြင်တယ်။ (ဆာလံ ၉၂:၁၂-၁၄ ကို ဖတ်ပါ။) ဘာကြောင့်လဲ။ သက်တမ်းရင့် သစ်ပင်တွေဟာ အရွက်တွေ ဝေဆာပြီး ပန်းတွေ သင်းကြိုင်နေတတ်တယ်။ ဥပမာ၊ ဂျပန်နိုင်ငံက ချယ်ရီပင်တွေကို ကြည့်နိုင်တယ်။ ချယ်ရီပင်တချို့ဟာ သက်တမ်း အနှစ်တစ်ထောင် ကျော်ပြီး သိပ်လှပတင့်တယ်တယ်။ သက်တမ်းရင့် အဲဒီအပင်တွေလိုပဲ သစ္စာရှိ သက်ကြီးသူတွေဟာ ယေဟောဝါဘုရားရဲ့ အမြင်မှာ သိပ်လှပတင့်တယ်တယ်။ သူတို့ ဆံပင်ဖြူလာတာလောက်ကို မဟုတ်ဘဲ နှစ်တွေတစ်လျှောက် ခံနိုင်ရည် ရှိတာ၊ မိမိအပေါ် သစ္စာရှိတာကို ယေဟောဝါ မြင်ပြီး တန်ဖိုးထားတယ်။
သစ္စာရှိ သက်ကြီးသူတွေဟာ အရွက်တွေ ဝေဆာပြီး ပန်းတွေ သင်းကြိုင်နေတဲ့ သက်တမ်းရင့် အပင်တွေနဲ့ တူ (စာပိုဒ် ၂ ကို ကြည့်ပါ)
၃။ မိမိရည်ရွယ်ချက် အထမြောက်ဖို့ သက်ကြီးသူတွေကို ယေဟောဝါ ဘယ်လို သုံးသလဲ။
၃ လူတစ်ယောက် အသက်ကြီးလာလို့ ယေဟောဝါရှေ့ တန်ဖိုးလျော့မသွားပါဘူး။a မိမိရည်ရွယ်ချက် အထမြောက်ဖို့ သက်ကြီးသူတွေကို ယေဟောဝါ သုံးလေ့ရှိတယ်။ ဥပမာ၊ စာရာ သားတစ်ယောက် မွေးမယ်၊ အဲဒီသားကနေ လူမျိုးကြီး ဆင်းသက်လာမယ်၊ မေရှိယ ပေါ်ထွန်းလာမယ်လို့ ယေဟောဝါ အသိပေးချိန်မှာ စာရာ အရွယ်လွန်နေပြီ။ (က. ၁၇:၁၅-၁၉) မောရှေဟာ အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာဖို့ အသက်ကြီးခါမှ တာဝန်ရတာ။ (ထွ. ၇:၆၊ ၇) ကျမ်းငါးစောင် ရေးဖို့ စွမ်းအားတော်နဲ့ လမ်းညွှန်ခံရချိန်မှာ တမန်တော် ယောဟန် တော်တော်အသက်ရနေပြီ။
၄။ ပညာအလိမ္မာ ၁၅:၁၅ အရ ဘာက ဇရာအိုဒုက္ခတွေကို ခံရပ်စေနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၄ “ဇရာကာလမှာ ဆရာကျမနေရင် အဆင်မပြေဘူး” လို့ သက်ကြီး ညီအစ်မတစ်ယောက် အရွှန်းဖောက်တယ်။ ဇရာနဲ့အတူ ဒုက္ခတွေ တွဲပါလာလို့ပဲ။ ဒါပေမဲ့ စိတ်ရွှင်လန်းနေတာကb ဇရာအိုဒုက္ခတွေကို ခံရပ်စေနိုင်တယ်။ (ပညာအလိမ္မာ ၁၅:၁၅ ကို ဖတ်ပါ။) သက်ကြီးသူတွေ ပျော်ရွှင်နေဖို့ ဘာလုပ်နိုင်သလဲ၊ တခြားသူတွေကော အသင်းတော်က သက်ကြီးသူတွေကို ဘယ်လို ကူညီပေးနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ ဇရာအိုအရွယ်မှာ ပျော်ရွှင်နေဖို့ ဘာကြောင့် ခက်နိုင်သလဲဆိုတာ အရင် သုံးသပ်ကြရအောင်။
စိတ်ရွှင်လန်းနေတာက ဇရာအိုဒုက္ခတွေကို ခံရပ်စေနိုင် (စာပိုဒ် ၄ ကို ကြည့်ပါ)
ဇရာအိုအရွယ် အခက်အခဲများ
၅။ သက်ကြီးသူတွေ ဘာကြောင့် စိတ်ဓာတ်ကျမိနိုင်သလဲ။
၅ သက်ကြီးသူတွေ ဘာကြောင့် စိတ်ဓာတ်ကျမိနိုင်သလဲ။ အရင်က လုပ်ခဲ့တာတွေ မလုပ်နိုင်တော့လို့ ဖြစ်နိုင်တယ်။ စိတ်သွားတိုင်း ကိုယ်ပါတဲ့ အရွယ်ကို ပြန်တမ်းတမိမှာပဲ။ (ဒေ. ၇:၁၀) “ကိုယ်လက် နာကျင်ကိုက်ခဲလို့၊ အကွေးအဆန့် ကောင်းကောင်းမလုပ်နိုင်လို့ အဝတ်အစား ဝတ်ရတာတောင် မလွယ်တော့ဘူး။ ခြေအိတ်စွပ်ဖို့ ခြေထောက် မနည်းကြွရတယ်။ လက်ချောင်းတွေ ထုံပြီး အဆစ်တွေ ရောင်နေတော့ သေးသေးမွှားမွှား အလုပ်တွေ လုပ်ဖို့ကအစ ခက်လာတယ်” လို့ ညီအစ်မ ရူဘီ ပြောတယ်။ ဗေသလမှာ အမှုဆောင်ခဲ့တဲ့ ညီအစ်ကို ဟယ်ရိုလည်း ဒီလိုပြောတယ်– “‘ငါ ဒီလိုကြီး ဖြစ်လာပါကောလား’ ဆိုပြီး ယုံတောင် မယုံနိုင်ဘူး။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်မိတယ်။ ကျွန်တော် ငယ်ငယ်က အားကစားသမား။ ဘေ့စ်ဘော ကစားရတာ သိပ်ကြိုက်တယ်။ ‘ဟယ်ရိုဆီသာ ဘောလုံး ရောက်အောင် ပေး။ ဒါဆိုရင် ပွဲသိမ်းပြီ’ ဆိုပြီး ချီးကျူးခံရတာ။ အခုတော့ ဘောလုံးတောင် မြှောက်နိုင်မယ် မထင်တော့ပါဘူးဗျာ။”
၆။ (က) တခြားဘယ်အကြောင်းရင်းတွေကြောင့် သက်ကြီးသူတွေ စိတ်ဓာတ်ကျမိနိုင်သလဲ။ (ခ) ကား၊ ဆိုင်ကယ် မောင်းသင့်သေးသလားဆိုတာ သက်ကြီးသူတွေ ဘယ်လို အကဲဖြတ်နိုင်သလဲ။ (ဒီစာစောင်မှာ ပါတဲ့ “ငါ ကားမောင်းသင့်သေးသလား” ဆောင်းပါးကို ကြည့်ပါ။)
၆ တခြားသူတွေကို ပိုမှီခိုလာရလို့လည်း စိတ်ဓာတ်ကျမိနိုင်တယ်။ အထူးသဖြင့် ကိုယ့်ကို တစ်ယောက်ယောက် လာပြုစုပေးနေရတယ် ဒါမှမဟုတ် သားသမီးအိမ်မှာ နေရတယ်ဆိုရင်ပေါ့။ အရင်လို မဖျတ်လတ်တော့လို့၊ မျက်စိမှုန်လာလို့ တစ်ယောက်တည်း မသွားလာနိုင်တော့တာ ဒါမှမဟုတ် ကိုယ့်ကားလေး၊ ဆိုင်ကယ်လေး၊ စက်ဘီးလေးနဲ့ ရွှတ်ခနဲ မသွားလာနိုင်တော့တာကိုလည်း စိတ်ပျက်မိနိုင်တယ်။ ကိုယ့်တာဝန်ကိုယ် ယူနိုင်သလား၊ တစ်ယောက်တည်း နေနိုင်သလား၊ ကား၊ ဆိုင်ကယ် မောင်းနိုင်သလားဆိုတာတွေ ကြည့်ပြီး သင့်တန်ဖိုးကို ယေဟောဝါနဲ့ တခြားသူတွေ မပိုင်းဖြတ်ပါဘူး။ သင့်ခံစားချက်ကို ယေဟောဝါ နားလည်တယ်။ မိမိနဲ့ ယုံကြည်သူချင်းတွေကို သင် ဘယ်လောက် ချစ်သလဲဆိုတာ သိတယ်။ ယေဟောဝါ တန်ဖိုးထားတာ အဲဒါပဲ။—၁ ရှ. ၁၆:၇။
၇။ အာမဂေဒုန် ရောက်တာ မြင်ခွင့်မရလောက်တော့ဘူးဆိုတဲ့ အတွေးနဲ့ စိတ်ဓာတ်ကျနေရင် ဘာသတိရသင့်သလဲ။
၇ အာမဂေဒုန် ရောက်တာ မြင်ခွင့်မရလောက်တော့ဘူးဆိုတဲ့ အတွေးနဲ့လည်း စိတ်ဓာတ်ကျမိနိုင်တယ်။ ဒါဆိုရင် ဒီလောကစနစ်ဆိုးကို အဆုံးတိုင်ပေးဖို့ ယေဟောဝါ ဘာကြောင့် စိတ်ရှည်ရှည် စောင့်နေသလဲဆိုတာ သတိရလိုက်ပါ။ (ဟေရှာ. ၃၀:၁၈) အကြောင်းမဲ့ စိတ်ရှည်နေတာ မဟုတ်ဘူး။ မိမိကို နောက်ထပ် လူအများကြီး သိကျွမ်းပြီး ဝတ်ပြုလာဖို့ အခွင့်အရေး ပေးချင်လို့ စိတ်ရှည်နေတာ။ (၂ ပေ. ၃:၉) ဒါကြောင့် စိတ်ဓာတ်ကျလာပြီဆိုရင် ယေဟောဝါရဲ့ စိတ်ရှည်မှုကြောင့် အဆုံးမရောက်ခင် နောက်ထပ် လူဘယ်နှယောက် အကျိုးရလာဦးမလဲဆိုတာ စဉ်းစားလိုက်ပါ။ အကျိုးရမယ့်သူတွေထဲမှာ သင့်မိသားစုဝင်တချို့ မပါဘူးလို့ ပြောနိုင်မလား။
၈။ အသက်ကြီးလာတဲ့အခါ၊ ကျန်းမာရေး မကောင်းတဲ့အခါ ဘယ်လို ဖြစ်လာနိုင်သလဲ။
၈ အသက်ကြီးသူဖြစ်ဖြစ်၊ ငယ်သူဖြစ်ဖြစ် နေထိုင်မကောင်းတဲ့အခါ မပြောသင့်မလုပ်သင့်တာတွေ ပြောမိလုပ်မိတတ်ကြတယ်။ (ဒေ. ၇:၇။ ယာ. ၃:၂) ဥပမာ၊ သစ္စာရှိ ယောဘဟာ ရောဂါဖိစီးနေချိန်မှာ “မဆင်မခြင်” ပြောဆိုမိတယ်။ (ယောဘ ၆:၁-၃) ဒီ့အပြင် ရောဂါအခြေအနေ၊ သောက်ရတဲ့ ဆေးတွေကြောင့် သက်ကြီးသူတွေဟာ ပင်ကိုစရိုက်နဲ့မလိုက် ပြောဆိုပြုမူလာတတ်ကြတာ နားလည်နိုင်ပါတယ်။ အသက်ကြီးတာ၊ ကျန်းမာရေး မကောင်းတာကို အကြောင်းပြပြီး တခြားသူတွေကို မထောက်ထားတာ၊ ဇွတ်တရွတ်နိုင်တာတော့ မဖြစ်သင့်ဘူး။ တစ်ယောက်ယောက်ကို စိတ်ထိခိုက်အောင် ပြောမိမှန်း သိရင် ချက်ချင်း တောင်းပန်သင့်တယ်။—မ. ၅:၂၃၊ ၂၄။
ပျော်ရွှင်နေနိုင်ပုံ
ဇရာအိုအရွယ်မှာ ဘယ်လို ပျော်ရွှင်နေနိုင်သလဲ (စာပိုဒ် ၉-၁၃ ကို ကြည့်ပါ)
၉။ တခြားသူတွေ ကူညီပေးတာကို ဘာကြောင့် လက်ခံသင့်သလဲ။ (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)
၉ တခြားသူတွေ ကူညီပေးတာကို လက်ခံပါ။ (ဂလ. ၆:၂) အကူအညီ လက်ခံဖို့ အစပိုင်းမှာ အခက်တွေ့နိုင်တယ်။ “ကိုယ့်ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်မှာ စိုးလို့ တစ်ခါတလေ အကူအညီ သိပ်မယူချင်ဘူး။ ကိုယ့်အတွေးအခေါ်ကို ပြောင်းလဲနိုင်ဖို့၊ အကူအညီ လိုအပ်ပါတယ်ဆိုတာ မာန်ချပြီး လက်ခံနိုင်ဖို့ အချိန် တော်တော်ယူလိုက်ရတယ်” လို့ ညီအစ်မ ဂရက်တယ် ပြောတယ်။ တခြားသူတွေ ကူညီပေးတာကို လက်ခံတာဟာ ပေးကမ်းခြင်းကနေ ရတဲ့ ပျော်ရွှင်မှုကို သူတို့ ခံစားရအောင် အခွင့်အရေး ပေးလိုက်တာပါပဲ။ (တ. ၂၀:၃၅) သင့်ကို သူတို့ ဘယ်လောက် ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာ တွေ့ရလို့ သင်လည်း ပျော်ရွှင်လာမယ်။
(စာပိုဒ် ၉ ကို ကြည့်ပါ)
၁၀။ ကျေးဇူးတင်ကြောင်း ပြဖို့ ဘာကြောင့် မမေ့သင့်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၀ ကျေးဇူးတင်ကြောင်း ပြပါ။ (ကော. ၃:၁၅။ ၁ သက်. ၅:၁၈) တခြားသူတွေ တစ်ခုခု လုပ်ပေးတဲ့အခါ ကျေးဇူးတင်ပေမဲ့ ကျေးဇူးတင်ကြောင်း မပြောမိတာမျိုး ဖြစ်တတ်တယ်။ ဒါပေမဲ့ ကျေးဇူးတင်ပါတယ်လို့ ပြုံးပြုံးလေး ပြောလိုက်ရုံနဲ့တောင် သူတို့ သိပ်ပျော်သွားကြမှာ။ ဗေသလမှာ သက်ကြီးသူတွေကို ပြုစုပေးရတဲ့ ညီအစ်မ လေအာ ဒီလိုပြောတယ်– “ကျွန်မ ပြုစုပေးရတဲ့ အဘွားတစ်ယောက်ဆိုရင် ကျေးဇူးတင်စာ အမြဲရေးပေးတယ်။ ဘာလေးများ ရေးထားမလဲဆိုပြီး ဖတ်ချင်စိတ် တဖွားဖွား ဖြစ်နေတာ။ စာတွေက တိုတိုလေး ဆိုပေမဲ့ ရင်ထဲ သိပ်ထိတယ်။ ကျွန်မ ကူညီပေးတာကို သူ ဘယ်လောက် တန်ဖိုးထားမှန်း သိရလို့ သိပ်ပျော်တာပဲ။”
(စာပိုဒ် ၁၀ ကို ကြည့်ပါ)
၁၁။ တခြားသူတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၁ တခြားသူတွေကို တတ်နိုင်သလောက် ကူညီပေးပါ။ တခြားသူတွေကို ထည့်တွေးပေးရင်၊ တတ်နိုင်သလောက် ကူညီပေးရင် ကိုယ့်ဒုက္ခတွေကို သိပ်အာရုံမစိုက်ဖြစ်တော့ဘူး။ သက်ကြီးသူတွေဟာ စာကောင်းပေမြတ်တွေ အပြည့်ရှိတဲ့ စာကြည့်တိုက်ကြီးနဲ့ တူတယ်ဆိုတဲ့ အာဖရိကဆိုရိုး ရှိတယ်။ စာအုပ်တစ်အုပ်ဟာ စင်ပေါ်မှာပဲ ရှိနေရင် ဘာမှ အကျိုးမပြုဘူး။ ဒါကြောင့် “သက်ရှိ စာကြည့်တိုက်ကြီး” သဖွယ် လူငယ်တွေကို ကိုယ့်အသိပညာတွေ၊ အတွေ့အကြုံတွေ ဝေမျှပါ။ သူတို့အကြောင်း သိရအောင် မေးခွန်းတွေ မေးပါ။ သူတို့ ပြောတာ နားထောင်ပေးပါ။ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း နေထိုင်လို့ ကိုယ် ဘယ်လို အကျိုးရတယ်၊ သူတို့လည်း ဘယ်လို အကျိုးရနိုင်တယ်ဆိုတာ ပြောပြပါ။ သင့်ကြောင့် လူငယ်တွေ အားရှိသွားတာ တွေ့ရင် သင်လည်း ပျော်ရွှင်လာမယ်။—ဆာ. ၇၁:၁၈။
(စာပိုဒ် ၁၁ ကို ကြည့်ပါ)
၁၂။ ဟေရှာယ ၄၆:၄ အရ သက်ကြီးသူတွေကို ယေဟောဝါ ဘာကတိပေးထားသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၂ ယေဟောဝါဆီက ခွန်အားတောင်းခံပါ။ ယေဟောဝါဟာ “ဘယ်တော့မှ မမောဘူး။ မပင်ပန်းဘူး။” (ဟေရှာ. ၄၀:၂၈) မကုန်ခန်းနိုင်တဲ့ အားအင်တွေကို ယေဟောဝါ ဘယ်လို သုံးသလဲ။ တစ်နည်းအနေနဲ့ သစ္စာရှိ သက်ကြီးသူတွေကို အားဖြည့်ပေးဖို့ သုံးတယ်။ (ဟေရှာ. ၄၀:၂၉-၃၁) သင် စိတ်ကော လူပါ လေးလံထိုင်းမှိုင်းလာတဲ့အရွယ် ရောက်တဲ့အထိ ထောက်မမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဟေရှာယ ၄၆:၄ ကို ဖတ်ပါ။) ယေဟောဝါဟာ အမြဲကတိတည်တယ်။ (ယောရှု ၂၃:၁၄။ ဟေရှာ. ၅၅:၁၀၊ ၁၁) ဆုတောင်းလို့ ယေဟောဝါရဲ့ မေတ္တာ၊ ထောက်မမှု ခံစားရတဲ့အခါ သင် ပျော်ရွှင်လာမယ်။
(စာပိုဒ် ၁၂ ကို ကြည့်ပါ)
၁၃။ ၂ ကောရိန္သု ၄:၁၆-၁၈ အရ ဘာကို သတိရသင့်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၃ ဇရာအိုအရွယ်ဟာ နောက်ဆုံးဘဝမှတ်တိုင် မဟုတ်ဘူးဆိုတာ သတိရပါ။ အခြေအနေတစ်ခုဟာ ဘယ်လောက်ခက်ခက် ခဏပဲဆိုတာ သိထားရင် ခံရပ်ဖို့ ပိုလွယ်တယ်။ ရောဂါဒဏ်တွေ၊ ဇရာအိုဒုက္ခတွေဟာလည်း ခဏတာပဲလို့ ကျမ်းစာမှာ အာမခံတယ်။ (ယောဘ ၃၃:၂၅။ ဟေရှာ. ၃၃:၂၄) သင့်ဘဝရဲ့ အကောင်းဆုံး နေ့ရက်တွေဟာ ကုန်လွန်သွားတာ မဟုတ်ဘဲ ရောက်မလာသေးတာပါ။ ဒါကို သတိရရင် ပျော်ရွှင်နေနိုင်မယ်။ (၂ ကောရိန္သု ၄:၁၆-၁၈ ကို ဖတ်ပါ။) ပျော်ရွှင်နေဖို့ တခြားသူတွေကော ဘယ်လို ကူညီပေးနိုင်သလဲ။
(စာပိုဒ် ၁၃ ကို ကြည့်ပါ)
တခြားသူတွေ ကူညီပေးနိုင်ပုံ
၁၄။ သက်ကြီးသူတွေဆီ သွားလည်ဖို့၊ ဖုန်းဆက်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
၁၄ သက်ကြီး ညီအစ်ကို/မတွေဆီ မှန်မှန် သွားလည်ပါ၊ ဖုန်းဆက်ပါ။ (ဟီ. ၁၃:၁၆) သက်ကြီးသူတွေဟာ အထီးကျန်နေနိုင်တယ်။ “မိုးလင်းမိုးချုပ် အိမ်ထဲမှာပဲဆိုတော့ တအားပျင်းလာတယ်။ ကျွန်တော့်အဖြစ်က လှောင်အိမ်ထဲက ခြင်္သေ့အိုကြီးလိုပဲ။ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်မိတယ်” လို့ ညီအစ်ကို ခမီးလ် ပြောတယ်။ သက်ကြီးသူတွေဆီ သွားလည်တာဟာ သူတို့ကို အလေးထားကြောင်း၊ ချစ်ကြောင်း ပြတာပဲ။ ကိုယ့်အသင်းတော်က သက်ကြီးသူတစ်ယောက်ဆီ ဖုန်းဆက်မယ်၊ သွားလည်မယ်လို့ စိတ်ကူးမိပေမဲ့ ဖုန်းမဆက်မိတာ၊ သွားမလည်မိတာမျိုး ဖြစ်ဖူးကြမှာပါ။ ကျွန်တော်တို့အားလုံး အလုပ်များကြတာ မှန်ပါတယ်။ ဒါပေမဲ့ သက်ကြီးသူတွေဆီ သွားလည်တာလိုမျိုး “ပိုအရေးကြီးတဲ့အရာတွေကို” လုပ်ဖြစ်အောင် လုပ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ (ဖိ. ၁:၁၀) ကြုံမှ ဝင်လည်မယ်လို့ မတွေးဘဲ တကူးတက သွားလည်ဖို့ စီစဉ်နိုင်တယ်။ သူတို့ဆီ စာပို့ဖို့၊ ဖုန်းဆက်ဖို့ ပြက္ခဒိန်မှာ မှတ်ထားနိုင်တယ်။
၁၅။ သက်ကြီးသူတွေနဲ့ လူငယ်တွေ အတူတူ ဘာလုပ်နိုင်သလဲ။
၁၅ သက်ကြီးသူတွေနဲ့ ဘာများ ပြောရမလဲ၊ ဘာများ အတူတူ လုပ်ရမလဲလို့ လူငယ်တွေ တွေးမိနိုင်တယ်။ အများကြီး မတွေးပါနဲ့။ မိတ်ဆွေကောင်းပဲ ဖြစ်ပေးပါ။ (ပညာ. ၁၇:၁၇) အစည်းအဝေး မတိုင်ခင်နဲ့ ပြီးနောက်မှာ သက်ကြီးသူတွေနဲ့ စကားပြောပါ။ အကြိုက်ဆုံးကျမ်းပိုဒ် ဒါမှမဟုတ် ငယ်ဘဝက ရယ်စရာ အမှတ်တရတစ်ခုခု ပြောပြခိုင်းပါ။ JW ရုပ်သံထုတ်လွှင့်မှု အတူတူ ကြည့်ပါ။ သူတို့ မလုပ်တတ်တာတွေ လုပ်ပေးပါ။ ဥပမာ၊ ဖုန်း၊ တက်ဘလက် အပ်ဒိတ်လုပ်ပေးနိုင်တယ်။ နောက်ဆုံးထုတ် စာစောင်တွေ ကူးယူပေးနိုင်တယ်။ “လူကြီးတွေကို ပေါင်းပေးဖို့ ထွေထွေထူးထူး မလိုပါဘူး။ ကိုယ် လုပ်နေကျ ပျော်စရာကောင်းတာလေးတွေ အတူတူ လုပ်ရုံပါပဲ။ ကျွန်မဆိုရင် အသက်ကြီးလာပေမဲ့ ပျော်ပျော်နေချင်တုန်းပဲ။ ဈေးဝယ်ထွက်ချင်တယ်၊ အပြင်ထွက်စားချင်တယ်၊ နေရာကောင်းလေးတွေ သွားလည်ချင်တယ်” လို့ ညီအစ်မ ကယ်ရို ပြောတယ်။ ညီအစ်မ မိုင်ရာလည်း ဒီလိုပြောတယ်– “အသက် ၉၀ အရွယ် အဘွားတစ်ယောက်နဲ့ ကျွန်မ သူငယ်ချင်း ဖြစ်နေတာ။ ကျွန်မတို့နှစ်ယောက် အသက် ၅၇ နှစ် ကွာတယ်။ ဒါပေမဲ့ အတူတူ ရယ်မောလိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့ဆိုတော့ အသက်ကွာတာတောင် တစ်ခါတလေ မေ့သွားတယ်။ အခက်အခဲ ရှိရင် အချင်းချင်း တိုင်ပင်ကြတယ်။”
၁၆။ သက်ကြီးသူတွေနဲ့ ဆေးရုံဆေးခန်း အဖော်လိုက်ပေးတာ ဘာကြောင့် အကူအညီ ဖြစ်နိုင်သလဲ။
၁၆ ဆေးရုံဆေးခန်း အဖော်လိုက်ပေးပါ။ အကြိုအပို့ လုပ်ပေးရုံ မဟုတ်ဘဲ အတူတူ ရှိနေပေးပါ။ ဒါမှ သူတို့ကို ဆရာဝန်တွေ၊ သူနာပြုတွေ ကောင်းကောင်းဆက်ဆံကြမှာ၊ ဂရုစိုက်ကြမှာ။ (ဟေရှာ. ၁:၁၇) ဆရာဝန် မှာတာတွေ ကူမှတ်ပေးပါ။ “တစ်ယောက်တည်း ဆေးရုံဆေးခန်း သွားရင် ကျွန်မ ပြောတာတွေကို ဆရာဝန်တွေ ပေါ့ပေါ့ပဲ သဘောထားကြတယ်။ ‘အဘွားရေ၊ စိတ်ရောဂါကုဆရာဝန်ဆီသာ သွားပြတော့’ လို့တောင် ပြောလွှတ်ကြတာ။ အဖော်ပါလာရင်တော့ ဆက်ဆံပုံ ပြောင်းသွားကြတယ်။ အချိန်ပေးပြီး လိုက်လာပေးတဲ့ ညီအစ်ကို/မတွေကို သိပ်ကျေးဇူးတင်တာပဲ” လို့ သက်ကြီး ညီအစ်မ ရုသ် ပြောတယ်။
၁၇။ သက်ကြီးသူတွေနဲ့ ဘယ်လို အတူတူ အမှုဆောင်နိုင်သလဲ။
၁၇ အတူတူ အမှုဆောင်ပါ။ သက်ကြီးသူတချို့ဟာ တစ်အိမ်တက်ဆင်း အမှုဆောင် မသွားနိုင်ကြဘူး။ ဒါဆိုရင် လက်တွန်းစင်သက်သေခံခြင်းမှာ အတူတူ ပါဝင်ဖို့ စီစဉ်နိုင်တယ်။ သူ့အတွက် ထိုင်ခုံ ယူသွားပေးနိုင်တယ်။ ကျမ်းစာသင်အံမှု ခေါ်သွားနိုင်တယ် ဒါမှမဟုတ် သူ့အိမ်ကို ကျမ်းစာသင်သား ခေါ်သင်နိုင်တယ်။ အကြီးအကဲတွေအနေနဲ့ သက်ကြီးသူတွေ အမှုဆောင် လိုက်ထွက်ရတာ ပိုလွယ်အောင် သူတို့အိမ်မှာ လယ်ကွင်းစုဆုံမှု စီစဉ်ပေးနိုင်တယ်။ ဒီနည်းတွေနဲ့ သက်ကြီးသူတွေကို ဂုဏ်တင်တာ ယေဟောဝါ သိပ်နှစ်သက်တယ်။—ပညာ. ၃:၂၇။ ရော. ၁၂:၁၀။
၁၈။ နောက်ဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။
၁၈ ဆွေးနွေးခဲ့တဲ့အတိုင်း သက်ကြီးသူတွေကို ယေဟောဝါ ချစ်တယ်၊ တန်ဖိုးထားတယ်။ အသင်းတော်က ညီအစ်ကို/မအားလုံးလည်း သူတို့ကို ချစ်ခင်တန်ဖိုးထားကြပါတယ်။ ဇရာအိုအရွယ်ဟာ မလွယ်လှပေမဲ့ ယေဟောဝါရဲ့ အကူအညီနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါတယ်။ (ဆာ. ၃၇:၂၅) ဘဝရဲ့ အကောင်းဆုံး နေ့ရက်တွေဟာ ကုန်လွန်သွားတာ မဟုတ်ဘဲ ရောက်မလာသေးတာ ဖြစ်ကြောင်း သိရတာကလည်း အားရှိစရာပါပဲ။ ဒါပေမဲ့ သက်ကြီးသူ၊ ကလေး၊ မကျန်းမာတဲ့ မိတ်ဆွေတစ်ယောက်ယောက်ကို ပြုစုပေးနေရသူတွေကော ဘယ်လို ပျော်ရွှင်နေနိုင်သလဲ။ ဒီအကြောင်း နောက်ဆောင်းပါးမှာ သုံးသပ်ကြရအောင်။
သီချင်း ၃၀ ကျွန်တော့်ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ
a အသက်ကြီးသူတို့၊ သင်တို့ အရေးကြီးပါတယ် ဆိုတဲ့ ဗီဒီယိုကို jw.org နဲ့ JW Library® မှာ ကြည့်ပါ။