ဤဖြစ်ရပ်အားလုံး အဘယ်အဓိပ္ပာယ်ရှိသနည်း
ယေရှုခရစ် ဤသို့မိန့်တော်မူခဲ့၏– ‘ဤအစီအစဉ်စနစ်၏ ဆုံးခန်းကာလ’ ကို စစ်၊ အစာခေါင်းပါးမှု၊ ကပ်ရောဂါနှင့် မြေငလျင်တို့အားဖြင့် ခွဲခြားသိမြင်ကြရမည်။—မဿဲ ၂၄:၁-၈; လုကာ ၂၁:၁၀၊ ၁၁။
၁၉၁၄ ခုနှစ်မှစ၍ နိုင်ငံအချင်းချင်းနှင့် လူမျိုးစုအချင်းချင်းဖြစ်ပွားသည့် စစ်ပွဲများကြောင့် ဘဝသည် ရုပ်ပျက်ဆင်းပျက်ဖြစ်လာခဲ့ပြီ၊ ယင်းစစ်ပွဲများသည် အများအားဖြင့် ဓမ္မဆရာများ နိုင်ငံရေးတွင် ကြားဝင်စွက်ဖက်ခြင်းကြောင့် ဖြစ်လေ့ရှိပြီး ယခုဆိုလျှင် နေရာအနှံ့ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုဒဏ်ကို ခံနေကြရသည်။
သိပ္ပံပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများရှိလင့်ကစား ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းရာနှင့်ချီသောသူတို့သည် အကြီးအကျယ် အစာငတ်မွတ်နေကြသည်။ အစာခေါင်းပါးမှုကြောင့် နှစ်စဉ် လူသန်းနှင့်ချီ၍ သေဆုံးကြရသည်။
နေရာအနှံ့တွင် ပြန့်ပွားနေသည့် ကူးစက်ကပ်ရောဂါများသည်လည်း ယေရှုမိန့်တော်မူခဲ့သော နိမိတ်အဝင်ဖြစ်သည်။ ပထမကမ္ဘာစစ်ပြီးနောက် ကမ္ဘာအနှံ့အပြားဖြစ်ခဲ့သော တုပ်ကွေးရောဂါကြောင့် လူပေါင်း ၂၁,၀၀၀,၀၀၀ ကျော်သေဆုံးခဲ့သည်။ ရှေးအချိန်ကကဲ့သို့ ဒေသတစ်ခုအတွင်း၌သာဖြစ်သော ကပ်ရောဂါနှင့်မတူဘဲ ယင်းရောဂါများသည် နိုင်ငံများအပြင် ဝေးလံသောကျွန်းများသို့ပင် ကူးစက်ပျံ့နှံ့ခဲ့သည်။ ယခုအခါ အေအိုင်ဒီအက်စ်ရောဂါသည် ကမ္ဘာတစ်ဝန်းရှိ လူများစွာကို ကူးစက်လျက်ရှိပြီး တီဘီ၊ ငှက်ဖျား၊ မြစ်ကမ်းမျက်စိကွယ်ရောဂါ၊ ရှာဂါရောဂါစသည့် ကပ်ရောဂါများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည်။
ပြင်းထန်မှုအမျိုးမျိုးရှိသည့် ငလျင်များ နှစ်စဉ် သောင်းနှင့်ချီလှုပ်သည်ဟု သတင်းရရှိသည်။ ပစ္စည်းကိရိယာများ၊ တိုးတက်နေသည့် နည်းပညာများရှိနေလင့်ကစား ငလျင်လှုပ်မှုများကြောင့် လူဦးရေထူထပ်သောဒေသများတွင် ကြုံရသည့်ဘေးဆိုးများသည် သတင်းများတွင် မကြာခဏပါလာနေကျဖြစ်သည်။
သမ္မာကျမ်းစာက ဤသို့လည်း ကြိုဟောထား၏– “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။”—၂ တိမောသေ ၃:၁-၅။
ကျွန်ုပ်တို့သည် “ခဲယဉ်းသောကာလ” တွင် အသက်ရှင်နေရသည်ကို သင်သဘောတူသည်မဟုတ်လော။
ကိုယ်ကိုယ်ကိုချစ်သူများ၊ ငွေကိုတပ်မက်သူများ၊ မာနကြီးသူများ အလွန်များလာသည်ကို သင်သတိပြုမိပါသလော။
ကမ္ဘာပေါ်တွင် ကိုယ်ကျိုးကိုသာကြည့်ပြီး ကျေးဇူးမသိတတ်သူ၊ ရန်ငြိုးဖွဲ့သောသူ၊ သန့်ရှင်းခြင်းမရှိသောသူတို့နှင့် ပြည့်နေသည်ကို မည်သူငြင်းချက်ထုတ်မည်နည်း။
မိဘစကားနားမထောင်ခြင်း၊ ချစ်ခင်စုံမက်မှုကင်းခြင်းတို့သည် ဒေသအချို့လောက်တွင်သာမဟုတ်ဘဲ ကမ္ဘာတစ်ဝန်းလုံးတွင် သိသာထင်ရှားစွာ တိုးများလာနေသည်ကို သင်သတိပြုမိပါသလော။
ကောင်းမှုကို မနှစ်သက်ဘဲ အပျော်အပါးကိုသာနှစ်သက်လိုက်စားကြသည့် လောကတွင် ကျွန်ုပ်တို့ အသက်ရှင်နေကြောင်း သင်အသိအမှတ်ပြုမည်မှာ သေချာသည်။ ‘နောက်ဆုံးသောကာလ’ တွင် ပျံ့နှံ့မည့်သဘောထားများကို သမ္မာကျမ်းစာက ထိုအတိုင်း ဖော်ပြထားသည်။
ကျွန်ုပ်တို့အသက်ရှင်နေသည့် အချိန်ကာလကို ခွဲခြားသိနိုင်ရန် တခြားအထောက်အထား လိုသေးသလော။ ဤနောက်ဆုံးသောကာလအတွင်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လူမျိုးအပေါင်းတို့အား ဟောပြောရမည်ဟူ၍လည်း ယေရှုကြို၍မိန့်တော်မူခဲ့သည်။ (မဿဲ ၂၄:၁၄) ယင်းသို့ ဟောပြောနေကြပါသလော။
ကျမ်းစာအခြေပြုဂျာနယ်ဖြစ်သော ကင်းမျှော်စင်သည် ယေဟောဝါ၏ နိုင်ငံတော်သတင်းကောင်း ကြေညာခြင်းကို အဓိကလုပ်ဆောင်ပြီး အခြားမည်သည့်စာစောင်ထက်မဆို ဘာသာစကားများစွာဖြင့် ပုံမှန်ပုံနှိပ်ထုတ်ဝေလျက်ရှိသည်။
ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်အကြောင်း အခြားသူများအား ကိုယ်တိုင်သက်သေခံရာတွင် နှစ်စဉ် နာရီပေါင်းသန်းတစ်ထောင်ကျော် အသုံးပြုကြသည်။
သမ္မာကျမ်းစာအကြောင်း ရှင်းပြပေးသောစာပေများကို ယခုလောလောဆယ်အထိ ဘာသာစကား ၄၀၀ ခန့်ဖြင့် ပုံနှိပ်ထုတ်ဝေလျက်ရှိရာ ဝေးလံသီခေါင်သောဒေသများရှိ လူနည်းစုသာအသုံးပြုသည့် ဘာသာစကားဖြင့်ပင် ရရှိကြသည်။ ယေဟောဝါသက်သေများသည် သတင်းကောင်းကို လူမျိုးအပေါင်းထံ ရောက်ရှိစေခဲ့ကြပြီ; နိုင်ငံရေးလောကတွင် မသိသာလောက်အောင် သေးငယ်သည့် ကျွန်းများစွာနှင့် နယ်မြေဒေသများစွာတွင်လည်း ဟောပြောခဲ့ကြပြီ။ သူတို့သည် ဒေသအများစုတွင် ကျမ်းစာပညာပေးအစီအစဉ်ကို ပုံမှန်ဆောင်ရွက်နေကြသည်။
ဤလောကကြီးကို ပြောင်းလဲပစ်ရန်မဟုတ်ဘဲ သက်သေဖြစ်စေရန် ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို လူမျိုးအပေါင်းတို့အား ဟောပြောလျက်ရှိသည်။ နေရာတိုင်းရှိလူတို့သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသောအရှင်ကို အလေးထားခြင်းရှိမရှိ တင်ပြရန်နှင့် ကိုယ်တော်၏ပညတ်တော်များကို ရိုသေလေးစားခြင်းရှိမရှိ၊ လူသားချင်းကို မေတ္တာပြခြင်းရှိမရှိ တင်ပြရန် အခွင့်အရေးရရှိနေကြသည်။—လုကာ ၁၀:၂၅-၂၇; ဗျာ. ၄:၁၁။
များမကြာမီ ဘုရားသခင့်နိုင်ငံတော်သည် မြေကြီးပေါ်ရှိ ဆိုးသွမ်းမှုအားလုံးကို ပယ်ရှင်းပြီး ကမ္ဘာ့ပရဒိသုအဖြစ် ပြုလုပ်ပေးမည်။—လုကာ ၂၃:၄၃။
[စာမျက်နှာ ၆ လေးထောင့်ကွက်]
အဘယ်အရာ၏ နောက်ဆုံးသောကာလနည်း
လူသားတို့အတွက် နောက်ဆုံးသောကာလမဟုတ်ပါ။ ဘုရားသခင့်အလိုတော် ဆောင်သောသူတို့အတွက် ထာဝစဉ်အသက်ရှင်ခွင့် အလားအလာရှိသည်ဟု သမ္မာကျမ်းစာက ဖော်ပြသည်။—ယောဟန် ၃:၁၆၊ ၃၆; ၁ ယောဟန် ၂:၁၇။
မြေကြီးအတွက် နောက်ဆုံးသောကာလမဟုတ်ပါ။ ဘုရားသခင့် နှုတ်မြွက်တော်က မြေကြီးသည် ထာဝစဉ်တည်ရှိမည်ဟု ကတိပြုထား၏။—ဆာလံ ၃၇:၂၉; ၁၀၄:၅; ဟေရှာယ ၄၅:၁၈။
အကြမ်းဖက်မှုပြည့်နေပြီး မေတ္တာခေါင်းပါးသော ဤအစီအစဉ်စနစ်နှင့် ယင်း၏လမ်းစဉ်ကို နှစ်သက်စွဲလမ်းသူများအတွက် နောက်ဆုံးသောကာလ ဖြစ်သည်။—သု. ၂:၂၁၊ ၂၂။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
သမ္မာကျမ်းစာသည် ဘုရားသခင့် နှုတ်မြွက်တော် အမှန်ဖြစ်သလော
ကျမ်းစာပါပရောဖက်များက “ထာဝရဘုရား မိန့်တော်မူသည်ကား” ဟူသည့်စကားကို အထပ်ထပ်ရေးသားခဲ့ကြသည်။ (ဟေရှာယ ၄၃:၁၄; ယေရမိ ၂:၃) ဘုရားသခင်၏သားတော်ဖြစ်သော ယေရှုခရစ်ပင်လျှင် “ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်” ဟုအလေးအနက်ဖော်ပြခဲ့သည်။ (ယောဟန် ၁၄:၁၀) သမ္မာကျမ်းစာကိုယ်နှိုက်ကလည်း “ကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်” သည်ဟု ရှင်းလင်းစွာဆိုထား၏။—၂ တိမောသေ ၃:၁၆။
အခြားမည်သည့်စာအုပ်မျှ ဘာသာစကား ဤမျှများစွာဖြင့် ထုတ်ဝေခြင်းမရှိပါ—အမေရိကန်ကျမ်းစာအသင်း၏ မှတ်တမ်းအရ ကျမ်းစာကို ဘာသာစကား ၂,၂၀၀ ကျော်ဖြင့် ထုတ်ဝေခဲ့သည်။ အခြားမည်သည့်စာအုပ်မျှ ဤမျှများစွာ ထုတ်ဝေခြင်းမရှိပါ—ယခုအထိ စောင်ရေ သန်းပေါင်းလေးထောင်ကျော် ထုတ်ဝေခဲ့ပြီ။ လူသားအားလုံးအတွက် ဘုရားသခင်ထံတော်မှ သတင်းစကားသည် ထိုသို့ပင်ဖြစ်ရမည်ဟု သင်မျှော်လင့်သည်မဟုတ်လော။
သမ္မာကျမ်းစာကို ဘုရားသခင် မှုတ်သွင်းတော်မူကြောင်း သက်သေအထောက်အထားများစွာဖြင့် ဆွေးနွေးထားသည့် ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော်လော၊ လူ့နှုတ်ထွက်လော စာအုပ် [လိပ်] ကိုကြည့်ပါ။
သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်ကပါဌ်တော် အမှန်ဖြစ်သည်ဟု အသိအမှတ်ပြုကာ ယင်းကိုဖတ်ရှုပါက သင်အကျိုးများစွာ ခံစားရမည်။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ဘုရားသခင့်နိုင်ငံတော်ဟူသည် အဘယ်နည်း
ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောအရှင်၊ စစ်မှန်သောဘုရားသခင်၊ ယေဟောဝါ၏ အထူးအုပ်ချုပ်ရေးဖြစ်သော ကောင်းကင်အစိုးရဖြစ်သည်။ —ယေရမိ ၁၀:၁၀၊ ၁၂။
ဘုရားသခင်သည် အဆိုပါအုပ်ချုပ်ခွင့်အာဏာကို ယေရှုခရစ်အား ပေးသနားတော်မူသည်ဟု သမ္မာကျမ်းစာ၌ ဖော်ပြထား၏။ (ဗျာ. ၁၁:၁၅) ယေရှု မြေကြီးပေါ်ရှိစဉ် မိမိသည် ဘုရားသခင်ထံမှ အံ့ဖွယ်အခွင့်အာဏာရရှိထားကြောင်း ဖော်ပြခဲ့သည်—သဘာဝအင်အားစုများကို ထိန်းချုပ်နိုင်စွမ်း၊ ဖျားနာမှုအမျိုးမျိုးကို ကုသနိုင်စွမ်းနှင့် သေသောသူများကိုပင် ရှင်ပြန်ထမြောက်ပေးနိုင်စွမ်းရှိသည့် အခွင့်အာဏာဖြစ်သည်။ (မဿဲ ၉:၂-၈; မာကု ၄:၃၇-၄၁; ယောဟန် ၁၁:၁၁-၄၄) မှုတ်သွင်းခံ ကျမ်းစာပရောဖက်ပြုချက်၌ ဘုရားသခင်သည် ယေရှုကို “အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ . . . နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကို” လည်းပေးတော်မူမည်ဖြစ်ကြောင်း ကြို၍မိန့်တော်မူခဲ့သည်။ (ဒံယေလ ၇:၁၃၊ ၁၄) ထိုအစိုးရကို ကောင်းကင်နိုင်ငံတော်ဟုခေါ်သည်; ယေရှုခရစ်သည် ယခု ကောင်းကင်မှ အုပ်ချုပ်နေပြီဖြစ်သည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သတင်းကောင်းကို ကမ္ဘာချီဟောပြောခြင်း