တွေ့ဆုံမေးမြန်းခန်း | စတီဗင် တေလာ
ဘဏ္ဍာရေးဆိုင်ရာ ပါမောက္ခတစ်ဦးက ဘုရားသခင်ကို ဘာကြောင့် ယုံကြည်လာ
ပါမောက္ခ စတီဗင် တေလာဟာ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီ နည်းပညာတက္ကသိုလ်က နည်းပြတစ်ဦးဖြစ်ပြီး သုတေသနလည်း လုပ်တယ်။ သူက ငွေကြေးဈေးကွက်တွေနဲ့ ဈေးကွက်ထိန်းညှိနိုင်မယ့်နည်းတွေကို လေ့လာတယ်။ သူ့ရဲ့လေ့လာမှုက ဘာသာရေး ယုံကြည်ချက်အပေါ် ဘယ်လို အကျိုးသက်ရောက်သလဲဆိုတာ နိုးလော့! က မေးမြန်းခဲ့ပါတယ်။
ဘဝနောက်ခံကို ပြောပြနိုင်မလား။
ရိုးသား၊ အလုပ်ကြိုးစားပြီး ချာ့ချ်ပုံမှန် တက်တဲ့ မိဘတွေလက်ထဲမှာ ကြီးပြင်း လာတာပါ။ မိဘတွေက ကျွန်တော့်ကို ပညာတတ်တစ်ယောက်ဖြစ်ဖို့ အားပေးတယ်။ ဒါနဲ့ပဲ နယူးဆောက်ဝေးလ်တက္ကသိုလ်မှာ ကူးသန်းရောင်းဝယ်ရေးပညာကို လေ့လာခဲ့တယ်။ သုတေသနလုပ်ရတာကို ကြိုက်တဲ့အတွက် တက္ကသိုလ်ဆရာ တစ်ယောက်အနေနဲ့ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ဘယ်အပိုင်းကို သုတေသနလုပ်တာလဲ။
စတော့ ရှယ်ယာဈေးကွက် ဘယ်လို လည်ပတ်သလဲဆိုတာ ကျွန်တော်သိချင် ခဲ့တယ်။ လူတွေက စတော့ဈေးကွက်ကနေ ကုမ္ပဏီရှယ်ယာတွေကို ၀ယ်နိုင်တယ်၊ ရောင်းနိုင်တယ်။ အဲဒီငွေနဲ့ စီးပွားရေးလုပ်ကြတယ်။ ကုမ္ပဏီရှယ်ယာပေါက်ဈေး အတက်အကျဖြစ်ရတဲ့အကြောင်းအရင်းတွေသိချင်လို့ ကျွန်တော် သုတေသနလုပ်တာပါ။
ဥပမာတစ်ခုလောက် ပြောပြနိုင်မလား။
ရင်းနှီးမြှုပ်နှံတဲ့သူတွေက ကုမ္ပဏီတွေရဲ့ ဝင်ငွေအကြောင်း ပုံမှန်ထုတ်ပြန်ကြေညာပေးဖို့ မျှော်လင့်ကြတယ်။ ဒါမှသာ ကုမ္ပဏီရဲ့ငွေကြေးအခြေအနေကို သိနိုင်မှာဖြစ်တယ်။ ဒါပေမဲ့ အကျိုးအမြတ်ကို ထုတ်ပြန်ကြေညာတဲ့နည်းတချို့က ပုံသေမဟုတ်ဘူးလို့ ပြောလို့ရတယ်။ အဲဒါကို ဝေဖန်သူတွေက ကုမ္ပဏီရဲ့ အကျိုးအမြတ်ကို မှန်မှန်ကန်ကန် ဖော်ပြ စရာမလိုတဲ့ နည်းစနစ်တစ်ခုဖြစ်တယ်လို့ ပြောကြတယ်။ ရင်းနှီးမြှုပ်နှံသူတွေ ကုမ္ပဏီနဲ့ပတ်သက်တဲ့ မှန်ကန်ပြီး တိကျတဲ့ အချက်အလက်တွေကို ဘယ်လို ရနိုင်မလဲ။ ငွေကြေးဈေးကွက် မျှတစွာ လည်ပတ်နိုင်ဖို့ ထိန်းသိမ်းပေးတဲ့သူတွေဘက်ကကော ဘယ်အချက်အလက်တွေကို သိဖို့ လိုသလဲ။ အခုလောလောဆယ် ကျွန်တော်နဲ့ ကျွန်တော့် အလုပ်ဖော်တွေက အဲဒီမေးခွန်းတွေရဲ့ အဖြေရအောင်ကြိုးစားနေကြတယ်။
ဘာသာရေးနောက်ခံအကြောင်းကော ပြောပြနိုင်မလား။
မိဘတွေနဲ့အတူ ပရက်ဘီတေးရီးယန်းချာ့ချ်ကို ပုံမှန်တက်ခဲ့ပေမဲ့ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါ မတက်ဖြစ်တော့ဘူး။ ဖန်ဆင်းရှင် ရှိတယ်ဆိုတာကို ယုံတယ်၊ ကျမ်းစာကိုလည်း လေးမြတ်တယ်၊ ဒါပေမဲ့ ဘဝပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘာသာရေးနဲ့ ဘယ်လိုမှဆက်စပ်လို့ မရဖြစ်ခဲ့တယ်။ ဘာသာရေးအုပ်စုတွေဟာ လူမှုရေးအသင်းအဖွဲ့သာသာလောက်ပဲ ရှိတယ်လို့ ကျွန်တော်မြင်တယ်။ ဥရောပရောက်တုန်းက ခမ်းနားကြီးကျယ်တဲ့ ချာ့ချ်တော်တော်များများကို သွားလည်ပတ်ခဲ့တယ်။ လူအများစုက ဆင်းရဲမွဲတေနေချိန်မှာ သူတို့တွေ ဘာကြောင့် ဒီလောက်ချမ်းသာကြွယ်ဝနေတာလဲလို့ စဉ်းစားခဲ့ဖူးတယ်။ အဲဒီကွာဟမှုကို လက်သင့်မခံနိုင်တဲ့အတွက် ဘာသာရေးနဲ့ ဝေးသွားခဲ့တယ်။
ဘာသာရေးနဲ့ပတ်သက်တဲ့သဘောထား ဘာကြောင့် ပြောင်းလဲသွားတာလဲ။
ကျွန်တော့်မိန်းမ ဂျနီဖာဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာပြီး သူတို့ရဲ့အစည်းအဝေးတွေတက်လာတဲ့အခါ ကျွန်တော်က စူးစမ်းချင်တဲ့သဘောနဲ့ ကျွန်တော့်မိန်းမနဲ့အတူ အစည်းအဝေး လိုက်သွားခဲ့တယ်။ ကျွန်တော်ဟာ ကျမ်းစာအကြောင်း ဘာဆိုဘာမှ မသိပါလားဆိုတာ သိလိုက်ရတယ်။ ကျွန်တော် တော်တော် လန့်သွားတယ်။ ဒါနဲ့ပဲ သက်သေခံတွေနဲ့ ကျမ်းစာ စလေ့လာခဲ့တယ်။
သက်သေခံတွေရဲ့သွန်သင်ပေးပုံကို ကျွန်တော် တကယ် လေးစားတယ်ဗျာ။ မေးခွန်းမေးတယ်၊ အထောက်အထားတွေပြပြီး စဉ်းစားခိုင်းတယ်၊ ဆင်ခြင်တုံတရားနဲ့အညီ ကောက်ချက်ချတတ်အောင် ကူညီပေးတယ်။ တက္ကသိုလ်မှာ သုတေသနလုပ်တဲ့အခါ အဲဒီနည်းတွေကိုပဲ ကျွန်တော်သုံးနေတာ။ ဂျနီဖာနှစ်ခြင်းခံပြီးသိပ်မကြာခင်ဖြစ်တဲ့ ၁၉၉၉ ခုနှစ်မှာ ကျွန်တော်လည်း ယေဟောဝါသက်သေ တစ်ယောက်အနေနဲ့ နှစ်ခြင်းခံခဲ့တယ်။
စီးပွားရေးနဲ့ပတ်သက်တဲ့ အသိပညာက သမ္မာကျမ်းစာကို ပိုယုံကြည်လာအောင် ကူညီပေးခဲ့သလား။
သိပ်ကို ကူညီပေးတာပေါ့ဗျာ။ ဥပမာ– ရှေးခေတ်အစ္စရေးတွေကို ဘုရားသခင် ပေးခဲ့တဲ့ ပညတ်ထဲမှာ ဒီနေ့ခေတ် စီးပွားရေး ပါရဂူတွေ အခက်တွေ့နေတဲ့ စီးပွားရေးပြဿနာဖြေရှင်းနည်းတွေ ပါတယ်။ ပညတ်တရားမှာဖော်ပြထားတာက အစ္စရေးတွေဟာ ဆင်းရဲသားတွေအတွက် ဖယ်ထားပေးရတယ် (အခွန်ကောက်တဲ့ပုံစံ၊ အာမခံထားတဲ့ပုံစံ)၊ ဆင်းရဲသားတွေကို အတိုးမယူဘဲ ချေးငှားပေးရတယ် (ငွေချေးကတ်ထုတ်ပေးခြင်း)၊ နှစ် ၅၀ ပြည့်တိုင်း မူလမြေပိုင်ရှင်ကို အမွေမြေပြန်ပေးရတယ် (ပိုင်ဆိုင်မှုကို ကာကွယ်ပေးခြင်း)။ (ဝတ်ပြုရာ ၁၉:၉၊ ၁၀; ၂၅:၁၀၊ ၃၅-၃၇; တရားဟောရာ ၂၄:၁၉-၂၁) အဲဒီပညတ်တွေအပြင် စီးပွားရေးနဲ့ ဆိုင်တဲ့ တခြားပြင်ဆင်ပေးချက်တွေက လူတွေကို အရေးပါတဲ့နည်း သုံး နည်းနဲ့ အကျိုးပြုတယ်– (၁) ငွေကြေးအကျပ်အတည်းကြုံရချိန်မှာ အကူအညီရစေတယ်၊ (၂) ဆင်းရဲမွဲတေနေတဲ့ အခြေအနေကနေ ပြန်နာလန်ထူစေတယ်၊ (၃) ဆင်းရဲချမ်းသာကွာဟမှု လျော့နည်းစေတယ်။ အဲဒီအကျိုးကျေးဇူးတွေကို ခံစားခဲ့ရတာက စီးပွားရေးဟာ သိပ္ပံပညာရပ်တစ်ခုအနေနဲ့မပေါ်လာခင် လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၀၀၀ ကျော်ကတည်းကပါ။
စီးပွားရေးတည်ငြိမ်အောင်ကူညီပေးတဲ့ လုပ်ရပ်တွေ၊ သဘောထားတွေကိုလည်း သမ္မာကျမ်းမှာ အလေးပေးဖော်ပြထားပါတယ်။ ဥပမာ– ရိုးသားဖို့၊ ယုံကြည်စိတ်ချရသူဖြစ်ဖို့၊ ထောက်ထားစာနာဖို့နဲ့ ရက်ရောဖို့ ကျမ်းစာက အားပေးတယ်။ (တရားဟောရာ ၁၅:၇-၁၁; ၂၅:၁၅; ဆာလံ ၁၅) စိတ်ဝင်စားစရာက မကြာသေးခင်ကဖြစ်ခဲ့တဲ့ ကမ္ဘာချီစီးပွားရေးကပ်ဆိုက်ပြီးနောက်မှာ တချို့စီးပွားရေးကျောင်းတွေနဲ့ အဖွဲ့အစည်းတွေက စီးပွားရေးသမားတွေကို တချို့ကျင့်ဝတ်စံနှုန်းကို လိုက်နာဖို့ စပြီးတိုက်တွန်းလာကြတယ်။ ကျွန်တော့်အမြင်ကတော့ သမ္မာကျမ်းစာမှာပါတဲ့ ကျင့်၀တ်စံနှုန်းတွေဟာ လူ့ကျင့်ဝတ်စံနှုန်းတွေထက် အပြတ်အသတ် သာတယ်။
ဘုရားသခင်ကိုယုံကြည်တာက ခင်ဗျားကိုကော အကျိုးရှိစေသလား။
ကျွန်တော့်အတွက်တော့ သမ္မာကျမ်းစာကို လေ့လာခြင်းက အကောင်းဆုံး “ရင်းနှီးမြှုပ်နှံမှု” ပါပဲ
အကျိုးရှိပါတယ်။ ဂျနီဖာက ကျွန်တော်ဟာ ပိုပြီးနားလည်ပေးတတ်လာတယ်လို့ ပြောတယ်။ အရင်ကဆိုရင် ကျွန်တော်က ဒါဆို ဒါ၊ တစ်ထစ်ချသမားပဲ။ အဲဒါကြောင့်လည်း စာရင်းစစ်အလုပ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တာပါ။ ကျမ်းစာလမ်းညွှန်ချက်တွေအတိုင်းနေထိုင်တဲ့အခါ ပိုပြီး ဟန်ချက်ညီလာတယ်။ ကျွန်တော်ရော ကျွန်တော့်မိသားစုပါ ပိုပြီးပျော်ရွှင်လာတယ်။ ကျမ်းစာမှာပါတဲ့ လက်တွေ့ကျတဲ့လမ်းညွှန်ချက်တွေကို တခြားသူတွေကို ဝေမျှခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်နေကြတယ်။ ကျွန်တော့်အတွက်တော့ သမ္မာကျမ်းစာကို လေ့လာခြင်းက အကောင်းဆုံး “ရင်းနှီးမြှုပ်နှံမှု” ပါပဲ။