လောကီစိတ်ဓာတ်
အဓိပ္ပာယ်သတ်မှတ်ချက်– ၎င်းသည် ယေဟောဝါဘုရားသခင့်ကျေးကျွန်များမဟုတ်သူတို့ဖြင့် ဖွဲ့စည်းထားသော လူ့ဘောင်အပေါ် ဩဇာလွှမ်းမိုးသည့် စေ့ဆော်အားဖြစ်၍ လူတို့အား တစ်မူထူးသည့်စရိုက်ပုံစံအတိုင်း ပြုမူပြောဆိုစေသည်။ လူတို့သည် ကိုယ့်အကြိုက်ကိုလိုက်၍ ပြုမူကြသည်မှန်သော်လည်း လောကီစိတ်ဓာတ်ပြသူတို့သည် လက်ရှိစနစ်၌ တွေ့နေကျ မူလကျသောသဘောထား၊ ပြုမူပုံနှင့် ဘဝရည်မှန်းချက်များရှိကြသည်မှာ သိသာ၏။ လက်ရှိစနစ်၏မင်းနှင့်ဘုရားမှာ စာတန်တည်း။
လောကီစိတ်ဓာတ်ဖြင့် ညစ်စွန်းခြင်းသည် အဘယ်ကြောင့် စိုးရိမ်စရာဖြစ်သနည်း
၁ ယော. ၅:၁၉၊ သမ– “တစ်လောကလုံးသည် မာရ်နတ်၏လက်တွင်း၌ရှိနေ [သည်။]” (စာတန်သည် ယေဟောဝါ၏စိတ်တော်တွေ့ကျေးကျွန်များမဟုတ်သော လူသားတို့၏ အကြံအစည်နှင့် လှုပ်ရှားမှုတို့အပေါ် စိုးမိုးသောစိတ်ဓာတ်တစ်မျိုးကို မီးထိုးယပ်ခပ်ပေးသည်။ ၎င်းမှာ ကိုယ်ကျိုးရှာစိတ်နှင့်မာနဖြစ်၍ လူတို့ရှူရှိုက်သောလေပမာ နေရာအနှံ့ ပျံ့လျက်ရှိ၏။ ထိုစိတ်ဓာတ်၏ပုံသွင်းမှုကိုခံ၍ စာတန့်အောက် မကျို့မိရန် သတိကြီးစွာထားအပ်၏။)
ဗျာ. ၁၂:၉– “ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း မြေကြီးသို့ချလိုက်ကြ၏။” (၁၉၁၄ ခု၊ နိုင်ငံတော်တည်ထောင်၍ အထက်ပါအမှုဖြစ်ပျက်ချိန်မှစ၍ စာတန်နှင့်သူ့နတ်ဆိုးများ၏သြဇာသည် လူသားတို့အပေါ် ပို၍ပြင်းထန်လာသည်။ သူ့စိတ်ဓာတ်က လူတို့အား တိုး၍တိုး၍ တစ်ကိုယ်ကောင်းဆန်ပြီး ပို၍ပို၍ ရက်စက်ကြမ်းကြုတ်သောအမှုများပြုရန် လှုံ့ဆော်၏။ အထူးသဖြင့် ယေဟောဝါဝတ်ကိုပြုသူများအား လောက၏အစိတ်အပိုင်းမဖြစ်ဖြစ်အောင်၊ အခြားသူများကဲ့သို့မကျင့်ကျင့်အောင်၊ ဝတ်ပြုမှုအစစ်အမှန်ကိုမစွန့်စွန့်အောင် ဖိနှိပ်နေသည်။)
ကျွန်ုပ်တို့သတိပြုရမည့် လောကီစိတ်ဓာတ်၏ လက္ခဏာအချို့ကား အဘယ်နည်း
၁ ကော. ၂:၁၂– “ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကိုသိခြင်းအလိုငှာ ဘုရားသခင့်ထံမှ ကြွလာသောဝိညာဉ်ကို ခံရကြပြီ။” (လူတစ်ဦး၏အတွေးအခေါ်နှင့် လိုအင်ဆန္ဒများ၌ လောကီစိတ်ဓာတ်အမြစ်တွယ်လာလျှင် မကြာမီ၊ ၎င်း၏လက္ခဏာ အမူအကျင့်များကို တွေ့ရမည်။ ထို့ကြောင့် လောကီစိတ်ဓာတ်နှင့် အဆက်ဖြတ်လိုလျှင် ခရစ်ယာန်မပီသသောအလုပ်များနှင့် လွန်ကြူးမှုတို့ကို ရှောင်ရုံနှင့်မပြီးပါ။ မိမိ၌ ဘုရားသခင့်ဝိညာဉ် ရှိကြောင်း၊ နည်းလမ်းတော်ကို တကယ်မြတ်နိုးကြောင်း သိသာစေသောစိတ်ထားများကို မွေးမြူခြင်းဖြင့် လောကီစိတ်ဓာတ်အား အမြစ်လှန်ပစ်ရန်လိုသည်။ အောက်ပါ လောကီစိတ်ဓာတ်၏လက္ခဏာများကို သုံးသပ်စဉ် ထိုအချက်ကိုစွဲမှတ်သင့်သည်။)
ဘုရားသခင့်အလိုတော်ကိုဘေးချိတ်ပြီး လုပ်လိုရာလုပ်ခြင်း
စာတန်က အကောင်းအဆိုး မိမိဖာသာပိုင်းဖြတ်ရန် ဧဝအား တိုက်တွန်းသည်။ (က. ၃:၃-၅; ယင်းနှင့်ဆန့်ကျင်သော သုတ္တံ ၃:၅၊ ၆ ကိုရှု။) ဧဝလမ်းစဉ်လိုက်သူများစွာတို့သည် လူသားတို့အဖို့ ဘုရားသခင်ဘာရည်ရွယ်ချက်ရှိသည်ကို မသိကြ။ သိလည်းမသိလို။ သူတို့ဆိုသည့်အတိုင်း၊ “ကိုယ်လုပ်ချင်ရာကိုလုပ်” ကြသည်။ ဘုရားသခင့်တောင်းဆိုချက်များကိုသိ၍ လိုက်နာဖို့ကြိုးစားသူတို့သည် ‘အသေးအဖွဲကိစ္စ’ ဟု မိမိတို့ထင်သောအမှုများ၌ လောကီစိတ်ဓာတ်ကြောင့် နှုတ်ကပါဌ်တော်ကို တမင်ဥပေက္ခာမပြုမိရန် သတိချပ်အပ်သည်။—လု. ၁၆:၁၀; “လွတ်လပ်ခြင်း” ကိုလည်းရှု။
အခြေအနေကို မာနစိတ်ဖြင့်တုံ့ပြန်ခြင်း
ပထမဦးစွာ ဘဝင်မြင့်ရာက စိတ်နှလုံးဖောက်ပြန်ခဲ့သူမှာ စာတန်တည်း။ (ယေဇကျေလ ၂၈:၁၇၊ သုတ္တံ ၁၆:၅ တို့နှင့်နှိုင်းယှဉ်။) မာနစိတ်သည် စာတန်စိုးမိုးသောလောက၌ စိတ်ဝမ်းကွဲစေသောအင်အားဖြစ်၍ မိမိနှင့်လူမျိုးချင်း၊ နိုင်ငံချင်း၊ စကားချင်း၊ လူနေမှုအဆင့်ချင်း မတူသူတို့ထက် မိမိသာ၍မြတ်သည်ဟု လူတို့အား ထင်မှတ်စေသည်။ ဘုရားသခင်ကိုဝတ်ပြုသူတို့ပင် ထိုသို့သောခံစားချက်အကြွင်းအကျန်ကို အမြစ်နုတ်ဖို့လိုချင်လိုမည်။ မာနစိတ်ကြောင့် တစ်ဆိတ် တစ်အိတ်လုပ်ခြင်း၊ ကိုယ့်အပြစ်ကိုယ်ဝန်မခံခြင်း၊ အကြံပေးမှုကိုငြင်းပယ်သဖြင့် အဖွဲ့အစည်းတော်မှတစ်ဆင့် မေတ္တာတော်ရှေ့ထား၍ ယေဟောဝါပေးတော်မူသော အကူအညီ၏အကျိုးကိုမရဘဲနေခြင်း မရှိရလေအောင် သတိပြုဖို့လည်းလို၏။—ရော. ၁၂:၃; ၁ ပေ. ၅:၅။
အာဏာကိုပုန်ကန်သောသဘောကိုပြခြင်း
ပုန်ကန်မှုသည် စာတန်မှအစပြုသည်။ သူ့အမည်လည်း “ခုခံသူ” ဟု အဓိပ္ပာယ်ရှိသည်။ “ပုန်ကန်ကြစို့” ဟုအဓိပ္ပာယ်ရှိဟန်တူသောအမည်ပိုင်ရှင် နိမ်ရောဒက ယေဟောဝါကိုအန်တုခြင်းဖြင့် မိမိကိုယ်ကို စာတန့်သားဖြစ်ကြောင်း ပြ၏။ ဘုရားကိုကြောက်ရွံ့သူတို့ ထိုစိတ်ဓာတ်ကိုရှောင်လျှင် လောကီမင်းများကို အာခံအန်တုမည်မဟုတ်။ (ရော. ၁၃:၁) လူငယ်များလည်း မိဘတို့၏ဘုရားပေးအာဏာကို ဝန်ခံကြမည်။ (ကော. ၃:၂၀) မျက်မြင်ရအဖွဲ့အစည်း၌ ယေဟောဝါကိုယုံကြည်၍ တာဝန်အပ်နှင်းတော်မူသောသူတို့အပေါ် မခန့်လေးစားပြုသည့် ဖောက်ပြန်သင်းခွဲရေးသမားများကိုလည်း စာနာတော့မည်မဟုတ်။—ယု. ၁၁; ဟေဗြဲ ၁၃:၁၇။
အပြစ်ရှိသောအသွေးအသား၏ရမ္မက်ကို ဇက်ကုန်လွှတ်ခြင်း
၎င်း၏သြဇာကို နေရာတကာ မြင်နိုင်ကြားနိုင်သည်။ ၎င်းကို တစ်ချိန်လုံး ခုခံနေရန်လိုသည်။ (၁ ယော. ၂:၁၆; ဧ. ၄:၁၇၊ ၁၉; ဂလ. ၅:၁၉-၂၁) လူတစ်ယောက်၏အပြောအဆို၊ သူပြောသောဟာသ၊ နားထောင်သောတေးသား၊ ကသောအက၊ ကြည့်သောလိင်သီလပျက်ဇာတ်ကွက် စသည်တို့က သူ့အတွေးနှင့်အလိုရမ္မက်ကို လှစ်ဟရုံမက ထို့ထက်ဆိုးသောအမှုကို သူပြုချင်ပြုမည်ဖြစ်ကြောင်း ပြ၏။ ဆေးဝါးအလွဲသုံးမှု၊ သောက်ကြူးမှု၊ ဖောက်ပြားမှု၊ မတရားမေထုန်နှင့် လိင်တူမေထုန်ပြုမှုတို့၌ လောကီစိတ်ဓာတ်၏ဤအပိုင်းကို တွေ့နိုင်သည်။ ကျမ်းစာနှင့်မညီညွတ်စေကာမူ အစိုးရဥပဒေအရ မိမိခင်ပွန်းကိုကွာရှင်းပြီး နောက်တစ်ယောက်ကိုယူလျှင်လည်း ထိုစိတ်ဓာတ်ကိုပြ၏။—မာလ. ၂:၁၆။
မြင်ရာကိုပိုင်ဆိုင်လိုသောရမ္မက်ဖြင့် ဘဝကိုစိုးမိုးစေခြင်း
၎င်းသည် ဧဝစိတ်၌ စာတန်ပျိုးလိုက်သောအလိုရမ္မက်ပင်ဖြစ်၍ ဘုရားသခင်နှင့် မိတ်ပျက်စေသောအမှုကိုပြုရန် သူမအား သွေးဆောင်၏။ (က. ၃:၆; ၁ ယော. ၂:၁၆) ယင်းသို့သောသွေးဆောင်မှုကို ယေရှု ပြတ်ပြတ်သားသား ငြင်းပယ်တော်မူသည်။ (မ. ၄:၈-၁၀) ယေဟောဝါစိတ်တော်ကို ရွှင်လန်းစေလိုသူတို့သည် စီးပွားရေးလောက၏မြှူဆွယ်မှုကြောင့် ထိုစိတ်ဓာတ် ဝင်မလာအောင် သတိပြုဖို့လိုသည်။ ထိုစိတ်ဓာတ်ဖြင့်ကျော့မိသူတို့သည် ပူဆွေးသောကပင်လယ်ဝေ၍ ဝိညာဉ်ရေးပျက်စီးကြရချေသည်။—မ. ၁၃:၂၂; ၁ တိ. ၆:၇-၁၀။
မိမိ၏ဥစ္စာစည်းစိမ်နှင့် တတ်ကျွမ်းအောင်မြင်မှုများကို ကြွားပြခြင်း
ဤအကျင့်လည်း “လောကမှအစပြု” သည်ဖြစ်၍ ဘုရားသခင့်ကျေးကျွန်ဖြစ်လာသူတို့အနေနှင့် ၎င်းကိုစွန့်ပစ်ရမည်။ (၁ ယော. ၂:၁၆၊ ကဘ) ၎င်းသည် ဘဝင်မြင့်မှုမှပေါက်ဖွားလာသဖြင့် သူတစ်ပါးအား ဝိညာဉ်ရေးဘက် မဆောက်တည်ဘဲ လူတို့မျက်စိရှေ့ ရုပ်ပစ္စည်း၏စွဲမက်စရာများနှင့် လောကီအောင်မြင်မှုရူပါရုံများကို တွဲလဲဆွဲ၍ မြှူဆွယ်၏။—ရော. ၁၅:၂။
ဒေါသအိုးပေါက်၍ ဆဲဆိုရိုက်ပုတ်ခြင်း
၎င်းတို့သည် “ဇာတိပကတိအကျင့်” များဖြစ်၍ လူများစွာတို့သည် ၎င်းနှင့်နပန်းလုံးနေရသည်။ ယုံကြည်ခြင်းအစစ်နှင့် ဘုရားသခင့်ဝိညာဉ်တော်အကူအညီကိုယူလျှင် လောကကိုအောင်၍ ၎င်း၏စိတ်ဓာတ်စိုးမိုးခြင်းကို ခံစရာမလိုတော့ချေ။—ဂလ. ၅:၁၉၊ ၂၀၊ ၂၂၊ ၂၃; ဧ. ၄:၃၁; ၁ ကော. ၁၃:၄-၈; ၁ ယော. ၅:၄။
လူ့ စွမ်းဆောင်ချက်ကိုအခြေပြု၍ မျှော်လင့်ခြင်း၊ ကြောက်လန့်ခြင်း
ဇာတိလူသည် မြင်နိုင် ထိတွေ့နိုင်သောအရာကိုမှ အရေးထား၏။ သူ၏မျှော်လင့်ခြင်းနှင့် ကြောက်စိတ်တို့သည် အခြားလူတို့၏ကတိပေါ်ဖြစ်စေ၊ ခြိမ်းခြောက်မှုပေါ်ဖြစ်စေ မူတည်သည်။ လူသားမင်းများကိုအားထား၍ ထိုသူတို့ကျရှုံးသောအခါ သူလည်းစိတ်အပျက်ကြီးပျက်၏။ (ဆာ. ၁၄၆:၃၊ ၄; ဟေရှာ. ၈:၁၂၊ ၁၃) သူ့အဖို့ ဤဘဝ ဤမျှသာတည်း။ သေခြင်း၏ခြိမ်းခြောက်မှုကို လွယ်လင့်တကူအညံ့ခံ၏။ (၎င်းနှင့်ဆန့်ကျင်သော မဿဲ ၁၀:၂၈ နှင့် ဟေဗြဲ ၂:၁၄၊ ၁၅ တို့ကိုရှု။) သို့သော် လူတို့သည် ယေဟောဝါကိုသိကျွမ်းလာ၍ ကတိတော်များကို စိတ်နှလုံးသွင်းလျက် အခက်ကြုံတိုင်း ကိုယ်တော့်မစမှုကိုတောင်းခံလျှင် စိတ်ထဲ၌ အင်အားသစ်တစ်ခု ရရှိကြ၏။—ဧ. ၄:၂၃၊ ၂၄; ဆာ. ၄၆:၁; ၆၈:၁၉။
ဘုရားသခင်သာပိုင်ဆိုင်သော ဝတ်ပြုမှုကို လူနှင့်အရာဝတ္ထုများအား ပေးဆက်ခြင်း
“ဤစနစ်၏ဘုရား” စာတန်မာရ်နတ်က လူ့ကိုယ်တွင်းရှိ ဘုရားပေး ကိုးကွယ်လိုစိတ်ကို လမ်းလွဲစေလို၍ အမျိုးမျိုးသော အကျင့်ဓလေ့များကိုလိုက်စားရန် အားပေး၏။ (၂ ကော. ၄:၄) အချို့မင်းစိုးရာဇာများကို ဘုရားဟုသဘောထားကြ၏။ (တ. ၁၂:၂၁-၂၃) လူသန်းပေါင်းများစွာတို့သည် ရုပ်တုရှေ့ပျပ်ဝပ်ကြ၏။ ဇာတ်ဆောင်နှင့် ထူးချွန်သည့်အားကစားသမားများကို ဘုရားတစ်ဆူလို ကိုးကွယ်သူများလည်း သန်းနှင့်ချီရှိ၏။ ပွဲအခမ်းအနားများဖြင့် လူပုဂ္ဂိုလ်များကို အဆမတန်ဂါရဝပြုလေ့ရှိကြ၏။ ယင်းစိတ်ဓာတ် အလွန်နှံ့ပြားရကား ယေဟောဝါကိုချစ်၍ ကိုယ်တော်အား အကြွင်းမဲ့ဝတ်ပြုလိုသူတို့အနေနှင့် နေ့စဉ်ပင် ၎င်း၏သြဇာကို သတိထားရသည်။