အသက်ကို အမှန်တကယ် ကယ်တင်သည့် သွေး
အထက်ပါ အကြောင်းအရာများမှ အချက်အလက်အချို့ကို ရှင်းလင်းနားလည်ခဲ့ကြပြီ။ လူအများက သွေးသွင်းခြင်းကို အသက်ကယ်ခြင်းအဖြစ် ရှုမြင်ကြသော်လည်း ၎င်း၌ ဘေးအန္တရာယ်များ တင်းကျမ်းပြည့်လျက်ရှိသည်။ နှစ်စဉ်နှင့်အမျှ သွေးသွင်းခြင်းကြောင့် လူထောင်ပေါင်းများစွာ သေဆုံးလျက်ရှိကြသည်။ ထိုထက်များပြားသည့်လူတို့သည် အပြင်းအထန်ဖျားနာ၍ ရေရှည်ဆိုးကျိုးများနှင့် ရင်ဆိုင်ရလျက်ရှိကြသည်။ ထို့ကြောင့်၊ ရုပ်ပိုင်းဆိုင်ရာရှုထောင့်မှ ကြည့်လျှင်ပင် ‘သွေးကိုကြဉ်ရှောင်လော့’ ဟူသော သမ္မာကျမ်းစာ အမိန့်တော်ကို နာခံခြင်းသည် ယခုလောလောဆယ်၌ပင် အမြော်အမြင် ရှိရာရောက်ပေသည်။—တမန်တော် ၁၅:၂၈၊ ၂၉။
လူနာများအနေဖြင့် သွေးမဲ့ဆေးကုသမှုကို မေတ္တာရပ်ခံလျှင် ဘေးဥပဒ်များစွာမှ ကင်းဝေးနိုင်သည်။ ယေဟောဝါသက်သေများအား ခွဲစိတ်ကုသရာ၌ သွေးအသုံးမပြုသည့် ကျွမ်းကျင်သော ဆရာဝန်များသည် ဘေးကင်း၍ ထိရောက်သည့် လုပ်ငန်းစဉ်စံနှုန်းတစ်ခုကို တီထွင်နိုင်ခဲ့ကြသည်။ ဤအကြောင်းကို ဆေးပညာ အစီရင်ခံစာ အမြောက်အမြားက သက်သေပြကြသည်။ သွေးအသုံးမပြုဘဲ အရည်အသွေးကောင်းသော ကုသစောင့်ရှောက်မှုပေးကြသည့် ဆရာဝန်များသည် လူတို့တန်ဖိုးထားသည့် ဆေးပညာ အခြေခံမူများကို အလျှော့ပေးလိုက်ခြင်း မဟုတ်ပါ။ သို့အစား သူတို့သည် ကုသမှုတစ်ခု၏ ဘေးအန္တရာယ်များနှင့် အကျိုးကျေးဇူးများအကြောင်း လူနာဘက်မှ သိပိုင်ခွင့်ကို လေးစားလိုက်နာခြင်းသာဖြစ်သည်။ သို့မှသာ လူနာသည် သူ၏ခန္ဓာကိုယ်နှင့် အသက်အတွက် လုပ်ဆောင်ပေးမည့် ကုသမှုနှင့်ပတ်သက်၍ အသိအမြင်ရှိရှိဖြင့် ရွေးချယ်နိုင်မည်ဖြစ်သည်။
ဤကိစ္စတွင် ကျွန်ုပ်တို့သည် ရိုးအသူများ မဟုတ်ပါ၊ အကြောင်းမှာ ဤလုပ်နည်းကိုင်နည်းကို လူတိုင်း သဘောတူလက်ခံမည် မဟုတ်ကြောင်း ကျွန်ုပ်တို့ သဘောပေါက်ပါသည်။ လူတို့သည် ဩတ္တပ္ပစိတ်၊ ကိုယ်ကျင့်သိက္ခာနှင့် ဆေးပညာ အမြင်သဘောထားဘက်တွင် ကွဲပြားကြသည်။ ထို့ကြောင့်၊ ဆရာဝန်အချို့ အပါအဝင် အခြားသူတို့သည် လူနာတစ်ဦး၏ သွေးကိုရှောင်ကြဉ်သည့် ဆုံးဖြတ်ချက်ကို လက်ခံရန် အခက်တွေ့တတ်ကြသည်။ နယူးယောက်မြို့မှ ဆရာဝန်တစ်ဦးက ဤသို့ရေးသားခဲ့သည်– “လွန်ခဲ့သော ၁၅ နှစ်၊ ငယ်ရွယ်သည့် အလုပ်သင်ဆရာဝန်ဘဝက အူသိမ်ဦးအနာကြောင့် သွေးထွက်လွန်၍ သေဆုံးသွားသည့် ယေဟောဝါသက်သေတစ်ဦး၏ ခုတင်ဘေးတွင် မတ်တတ်ရပ်နေခဲ့သည့်အဖြစ်ကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပါ။ လူနာ၏ဆန္ဒကို လေးစားလိုက်နာပြီး သွေးသွင်းခြင်းမပြုခဲ့ပါ၊ သို့သော် ဆရာဝန်တစ်ဦးအနေနှင့် ကျွန်ုပ်ခံစားခဲ့ရသည့် ကြီးမားသော ခံပြင်းခြင်းကို အမှတ်ရနေဆဲဖြစ်သည်။”
သွေးသည် အသက်ကို ကယ်တင်နိုင်မည်ဟု သူယုံကြည်ခဲ့ဖွယ်ရှိသည်။ သို့ရာတွင်၊ အထက်ပါစကားများကို သူရေးသား၍ တစ်နှစ်အကြာတွင် ဗြိတိသျှ ခွဲစိတ်ကုသမှု ဂျာနယ် (၁၉၈၆ ခုနှစ်၊ အောက်တိုဘာလ) က သွေးသွင်းကုသမှု မပေါ်မီက အစာအိမ် အူလမ်းကြောင်းဆိုင်ရာ သွေးထွက်ခြင်းကြောင့်ဖြစ်ရသည့် “သေဆုံးမှုနှုန်းမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ” ရှိခဲ့ကြောင်း ဖော်ပြသည်။ သွေးသွင်းကုသမှု ထုံးစံဓလေ့ ဖြစ်လာသည့်အချိန်မှစ၍ ‘အကြီးစား လေ့လာမှု အများက သေဆုံးမှုနှုန်း ၁၀-ရာခိုင်နှုန်း ရှိလာသည်ဟု အစီရင်ခံကြသည်။’ သေဆုံးမှုနှုန်း အဘယ်ကြောင့် လေးဆမြင့်လာရသနည်း။ သုတေသီများက ဤသို့ ထင်မြင်ချက် ပေးကြသည်– “အစောပိုင်း သွေးသွင်းခြင်းက သွေးထွက်ခြင်းကို တုံ့ပြန်သည့် လွန်ကဲသွေးခဲခြင်းဖြစ်စဉ်ကို ပြောင်းပြန်ဖြစ်စေခြင်းဖြင့် သွေးပြန်ထွက်ခြင်းကို အားပေးသကဲ့သို့ ဖြစ်စေပုံရသည်။” ထို့ကြောင့် သွေးထွက်သည့် အနာခွက်ရှိသော သက်သေခံတစ်ဦးက သွေးသွင်းခြင်းကို ငြင်းပယ်သည့်အတွက် စင်စစ်အားဖြင့် သူ၏ရွေးချယ်မှုသည် သူ၏အသက်ရှင်ခွင့် အလားအလာကို တိုးမြှင့်ရာပင် ရောက်စေနိုင်သည်။
ဖော်ပြပါ ခွဲစိတ်ကုဆရာဝန်က ဤသို့ဆက်၍ဆိုသည်– “အချိန်ကုန်လွန်သည်နှင့်အမျှ လူနာများစွာကို ကုသပေးပြီးသည့်နောက်တွင် ဆရာဝန်တစ်ဦး၏ ရှုထောင့်အမြင်သည် ပြောင်းလဲသွားနိုင်သည်။ ယနေ့ဆိုလျှင် လူနာနှင့်ဆရာဝန် အချင်းချင်း ယုံကြည်ကိုးစားမှုနှင့် လူနာ၏ဆန္ဒကို လေးစားလိုက်နာသည့် တာဝန်သည် ကျွန်ုပ်တို့ ပတ်လည်၌ရှိသည့် ဆေးဘက်ဆိုင်ရာ နည်းပညာသစ်ထက် ပို၍အရေးကြီးသည်ကို ကျွန်ုပ်တွေ့ရှိရသည်။ . . . စိတ်ဝင်စားဖွယ်ရာမှာ ကျွန်ုပ်၏ ခံပြင်းစိတ်နေရာတွင် ထိုလူနာ၏ တည်ကြည်ခိုင်မာသော ယုံကြည်ချက်အတွက် အံ့သြလေးစားသည့်စိတ်က နေရာယူလိုက်ပြီဖြစ်သည်။” ထိုဆရာဝန်၏ ကောက်ချက်မှာ ‘ဤအချက်က ကျွန်ုပ်၏ ကိုယ်ပိုင်ခံစားချက်နှင့် အကျိုးဆက် မည်သို့ပင်ဖြစ်ပါစေ လူနာ၏ ပုဂ္ဂိုလ်ရေးနှင့် ဘာသာရေး ဆန္ဒများကို အစဉ် လေးစားလိုက်နာအပ်ကြောင်း ကျွန်ုပ်ကို သတိရစေသည်။’
“အချိန်ကုန်လွန်သည်နှင့်အမျှ လူနာများစွာကို ကုသပေးပြီးသည့်နောက်တွင်” များစွာသော ဆရာဝန်တို့ သဘောပေါက်လာသည့် အချက်ကို သင် သိမြင်ပြီဖြစ်မည်။ အဆင့်အမြင့်ဆုံး ဆေးရုံများ၌ အကောင်းဆုံးသော ဆေးဝါးကုသစောင့်ရှောက်မှု ခံရစေကာမူ လူတို့သည် တစ်ချိန်ချိန်တွင် သေဆုံးရသည်ချည်းဖြစ်သည်။ သွေးသွင်းသည်ဖြစ်စေ၊ သွေးမသွင်းသည်ဖြစ်စေ သေဆုံးကြရသည်။ ကျွန်ုပ်တို့အားလုံးသည် အိုမင်း၍ ဘဝနိဂုံး အဆုံးသတ်ရကြသည်။ ဤသည်ကား ကံစီမံရာကို လက်ခံသည့် အမြင်မဟုတ်။ ယထာဘူတကျသော အမြင်ဖြစ်သည်။ သေခြင်းသည် လောကတံတွာ ဓမ္မတာတရားပင်ဖြစ်သည်။
သွေးနှင့်ပတ်သက်သည့် ဘုရားသခင့် ပညတ်တရားတော်ကို အလေးမထားသူတို့သည် များသောအားဖြင့် ဘေးအန္တရာယ်ကို အနှေးနှင့်အမြန် တွေ့ကြုံရကြသည်၊ အချို့ဆိုလျှင် သွေးသွင်းခြင်းကြောင့် အသက်ပင် ဆုံးရှုံးရကြသည်။ အသက်ရှင်သူတို့မှာလည်း အဆုံးမရှိသောအသက် မရရှိကြချေ။ ထို့ကြောင့် သွေးသွင်းကုသခြင်းသည် အသက်ကို ထာဝစဉ် မကယ်တင်နိုင်ပါ။
ဘာသာရေးနှင့်/သို့မဟုတ် ဆေးပညာ အကြောင်းပြချက်များကြောင့် သွေးသွင်းခြင်းကို လက်မခံကြသော်လည်း အခြားဆေးကုထုံးကို လက်ခံကြသူအများသည် ရွေးချယ်မှု မှန်ကန်ကြသည်။ ဤသို့ဖြင့် သူတို့သည် နှစ်ပေါင်းများစွာ ဆက်လက် အသက်ရှင်နိုင်ပေမည်။ သို့သော် ထာဝစဉ် မဟုတ်ပါ။
လူသားအပေါင်းတို့သည် မစုံလင်ကြသဖြင့် တဖြည်းဖြည်းနှင့် သေဆုံးနေကြရခြင်းက သွေးနှင့်ပတ်သက်၍ သမ္မာကျမ်းစာ ညွှန်ပြသည့် အဓိကကျသော အမှန်တရားဆီသို့ ကျွန်ုပ်တို့အား ဆိုက်ရောက်သွားစေသည်။ ဤအမှန်တရားကို နားလည်၍ တန်ဖိုးထားလေးမြတ်ကြမည်ဆိုလျှင် သွေးသည် အသက်—ကျွန်ုပ်တို့၏အသက်—ကို စင်စစ် မည်သို့ ကယ်တင်နိုင်သည်ကို သိမြင်ပါလိမ့်မည်။
အသက်ကို ကယ်တင်နိုင်သည့် တစ်ခုတည်းသောသွေး
စောစောပိုင်းက တင်ပြခဲ့သည့်အတိုင်း ဘုရားသခင်က လူသားအပေါင်းတို့အား သွေးမစားရဟု မိန့်မှာတော်မူခဲ့သည်။ အဘယ်ကြောင့်နည်း။ သွေးသည် အသက်ကို ကိုယ်စားပြု၍ဖြစ်သည်။ (ကမ္ဘာဦး ၉:၃-၆) ကိုယ်တော်သည် ဣသရေလလူမျိုးအား ပေးခဲ့သည့်ပညတ် ကိုဓဥပဒေတွင် ဤအကြောင်းကို ထပ်၍ရှင်းပြတော်မူ၏။ ဤပညတ် ကိုဓဥပဒေကို အတည်ပြုခဲ့သည့်အချိန်တွင် ပူဇော်သည့် တိရစ္ဆာန်များ၏သွေးကို ယဇ်ပလ္လင်ပေါ်တွင် အသုံးပြုခဲ့ကြသည်။ (ထွက်မြောက်ရာ ၂၄:၃-၈) ထို ကိုဓဥပဒေမှ ပညတ်ချက်များက လူသားအပေါင်းတို့သည် မစုံလင်သူများဖြစ်ကြသည်ဟူသော အမှန်တရားကို တင်ပြသည်၊ သမ္မာကျမ်းစာ ဖော်ပြသည့်အတိုင်း သူတို့သည် အပြစ်ရှိသူများဖြစ်ကြသည်။ ဘုရားသခင်က ဣသရေလလူမျိုးအနေဖြင့် မိမိထံ တိရစ္ဆာန်ယဇ်များကို ပူဇော်ခြင်းအားဖြင့် သူတို့၏အပြစ်များကို ဖုံးအုပ်ရန်လိုအပ်ကြောင်း အသိအမှတ်ပြုရာရောက်သည်ဟု မိန့်တော်မူ၏။ (ဝတ်ပြုရာ ၄:၄-၇၊ ၁၃-၁၈၊ ၂၂-၃၀) ဘုရားသခင်သည် ရှေးခေတ် ဣသရေလလူမျိုးထံမှ ထိုအတိုင်း တောင်းဆိုခဲ့သည်မှာ မှန်သော်လည်း ယနေ့ မှန်သောကိုးကွယ်သူတို့ထံမှ ထိုသို့ တောင်းဆိုတော်မမူချေ။ သို့သော်လည်း ယင်းသည် ယနေ့ ကျွန်ုပ်တို့အဖို့ အလွန်အရေးပါသော အဓိပ္ပာယ်ပါရှိသည်။
ဘုရားသခင် ကိုယ်တော်တိုင်က ထိုယဇ်များ၏ အခြေခံမူကို ဤသို့ရှင်းပြတော်မူ၏– “ကိုယ်ခန္ဓာ အသက်သည် အသွေး၌တည်၏။ သင်တို့ပြုသောအပြစ် ပြေစေခြင်းငှာ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူ့အပြစ်ကို ဖြေသောအရာကား၊ အသက်ပါသည့်အတွက် အသွေးဖြစ်သတည်း။ ထိုကြောင့် ငါက ‘သင်တို့၌ အဘယ်သူမျှ အသွေးကိုမစားရ’ ဟု ဣသရေလ အမျိုးသားတို့အား ပညတ်ခဲ့ပြီ။”—ဝတ်ပြုရာ ၁၇:၁၁၊ ၁၂၊ သမ္မာ။
အပြစ်ဖြေရာနေ့ဟုခေါ်သော ရှေးခေတ်ပွဲတော်တွင် ဣသရေလလူမျိုး၏ ယဇ်ပုရောဟိတ်မင်းကြီးသည် ပူဇော်သော တိရစ္ဆာန်များ၏သွေးကို ဘုရားသခင့် ကိုးကွယ်ဝတ်ပြုမှု၏ ဗဟိုဖြစ်သည့် ဗိမာန်တော်၏ အထူး အထွတ်အမြတ်ထားသည့် နေရာအတွင်းသို့ ယူဆောင်သွားသည်။ ဤသို့ပြုခြင်းသည် လူတို့၏အပြစ်များကို ဖုံးအုပ်တော်မူရန် ဘုရားသခင်ထံ တောင်းလျှောက်သည့် နည်းလမ်းတစ်ရပ်ဖြစ်သည်။ (ဝတ်ပြုရာ ၁၆:၃-၆၊ ၁၁-၁၆) အဆိုပါယဇ်များသည် အမှန်အားဖြင့် လူတို့၏အပြစ်ကို မဖယ်ရှားနိုင်ပါ၊ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ထပ်ခါထပ်ခါ ပူဇော်ရကြသည်။ သို့ဖြစ်စေကာမူ၊ သွေးကို ဤသို့အသုံးပြုပုံက အဓိပ္ပာယ်ရှိသော စံနမူနာတစ်ရပ် ချမှတ်ခဲ့သည်။
သမ္မာကျမ်းစာမှ အဓိက သွန်သင်ချက်တစ်ရပ်မှာ ဘုရားသခင်သည် နောက်ဆုံးတွင် ယုံကြည်သူအပေါင်းတို့၏ အပြစ်များကို အပြည့်အဝ ဖြေပေးနိုင်သည့် စုံလင်သော ယဇ်တစ်ခုကို ပြင်ဆင်ပေးတော်မူမည်ဖြစ်သည်။ ယင်းကို ရွေးနုတ်ဖိုးဟုခေါ်ပြီး ကြိုဟောထားသည့် မေရှိယ၊ သို့မဟုတ် ခရစ်တော်၏ ပူဇော်ရာယဇ်ကို အာရုံစူးစိုက်ထားသည်။
သမ္မာကျမ်းစာက မေရှိယ၏ အခန်းကဏ္ဍကို အပြစ်ဖြေရာနေ့တွင် လုပ်ဆောင်သည့်အရာများနှင့် ဤသို့နှိုင်းယှဉ်ပြထားသည်– “ယခုမှာ လူလက်ဖြင့်မလုပ်၊ . . . သာ၍ ကြီးမြတ်စုံလင်သော [ဗိမာန်တော်] ၌၊ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊ ငါတို့အဖို့ ထာဝရရွေးနုတ်ခြင်း ကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာဌာန [ကောင်းကင်ဘုံ] ထဲသို့ တစ်ခါတည်း ဝင်တော်မူ၏။ ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။”—ဟေဗြဲ ၉:၁၁၊ ၁၂၊ ၂၂။
သို့ဖြင့် သွေးနှင့်ပတ်သက်၍ ဘုရားသခင့် အမြင်မျိုးရှိရန် အဘယ်ကြောင့်လိုအပ်ကြောင်း ရှင်းလင်းလာသည်။ ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်သည်နှင့်အညီ သွေး၏ သီးသန့် အသုံးပြုပုံကို ဆုံးဖြတ်ပြဋ္ဌာန်းပိုင်ခွင့် ရှိတော်မူ၏။ ရှေးဣသရေလလူမျိုးသည် တိရစ္ဆာန်သွေး၊ သို့မဟုတ် လူ့သွေးကို ကိုယ်ထဲသို့ အဝင်မခံခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ခံစားခဲ့မည်ဖြစ်သော်လည်း ၎င်းသည် အရေးအကြီးဆုံးအချက် မဟုတ်ပါ။ (ဟေရှာယ ၄၈:၁၇) သူတို့သည် အသက်ရှင်သန်ရေးအတွက် သွေးအသုံးပြုခြင်းကို ရှောင်ကြဉ်ရသည့် အဓိက အကြောင်းရင်းမှာ သွေးသုံးခြင်းသည် ကျန်းမာရေးနှင့် မညီညွတ်၍ မဟုတ်ပါဘဲ ဘုရားသခင့်အမြင်တွင် သန့်စင်မွန်မြတ်ခြင်း မရှိ၍ဖြစ်သည်။ သွေးသည် ညစ်ညမ်းသောကြောင့် မဟုတ်ဘဲ အပြစ်ဖြေလွှတ်ရာ၌ တန်ဖိုးအနဂ္ဃ ထိုက်သောကြောင့် ယင်းကို သူတို့ ရှောင်ကြဉ်ရခြင်းဖြစ်သည်။
ရွေးနုတ်ဖိုးနှင့်ပတ်သက်၍ တမန်တော်ပေါလုက ဤသို့ရှင်းပြခဲ့သည်– “ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော် [ခရစ်တော်] ၏ အသွေး အားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည်ခံရကြ၏။” (ဧဖက် ၁:၇၊ ၈) ဤနေရာ၌တွေ့ရသည့် မူရင်း ဂရိစကားလုံးကို “သွေး” ဟူ၍ မှန်ကန်စွာ ပြန်ဆိုထားသည်။ သို့သော် ဘာသာပြန်ကျမ်း တော်တော်များများက “သေခြင်း” ဟူသောစကားလုံးဖြင့် မှားယွင်းစွာ အစားထိုးထားကြသည်။ သို့နှင့် စာဖတ်ပရိသတ်တို့သည် သွေးနှင့်ပတ်သက်သည့် ကျွန်ုပ်တို့ ဖန်ဆင်းရှင်၏ အမြင်နှင့် ယဇ်ပူဇော်သည့်ကိစ္စ၌ သွေး၏တန်ဖိုးအကြောင်း သမ္မာကျမ်းစာ အလေးအနက် ဖော်ပြသည့်အချက်ကို နားမလည်ဘဲ ဖြစ်သွားနိုင်သည်။
သမ္မာကျမ်းစာ၏ အဓိကဆိုလိုရင်းမှာ စုံလင်သော ရွေးနုတ်ဖိုး ယဇ်သကာအဖြစ် ခရစ်တော် အသေခံသော်လည်း ထာဝစဉ် သေဆုံးသွားခြင်းမဟုတ် ဟူသောအချက်ကို မဏ္ဍိုင်ပြုထားသည်။ အပြစ်ဖြေရာနေ့တွင် ဘုရားသခင် ချမှတ်တော်မူသည့် စံနမူနာကိုလိုက်၍ ယေရှုသည် ကောင်းကင်ဘုံသို့ ရှင်ပြန်ထမြောက်ကာ “ငါတို့အတွက်ကြောင့် . . . ဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကိုပြ” တော်မူ၏။ ကိုယ်တော်သည် ထိုနေရာတွင် မိမိ ပူဇော်ရာ အသွေး၏တန်ဖိုးကို ပေးဆက်ခဲ့လေသည်။ (ဟေဗြဲ ၉:၂၄) ‘ဘုရားသခင်၏သားတော်ကို ခြေဖြင့်ကျော်နင်းလျက်၊ ကိုယ်တော်၏အသွေးကို သာမန်အရာအဖြစ် သဘောထား’ ရာရောက်သည့် မည်သည့်လမ်းစဉ်ကိုမဆို ရှောင်ကြဉ်ရမည်ဟု သမ္မာကျမ်းစာက အလေးအနက်ဆိုထားသည်။ သို့ပြုမှသာလျှင် ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးနှင့် ငြိမ်သက်ခြင်းကို ထိန်းသိမ်းထားနိုင်ပေမည်။—ဟေဗြဲ ၁၀:၂၉; ကောလောသဲ ၁:၂၀။
သွေးဖြင့်ကယ်တင်ခံရသည့်အသက်ကို ခံစားလော့
သွေးနှင့်စပ်လျဉ်း၍ ဘုရားသခင် မိန့်ဆိုချက်များကို နားလည်လာသည့်အခါ အသက်ကယ်နိုင်သည့် သွေး၏တန်ဖိုးကို ကျွန်ုပ်တို့ အလွန့်အလွန် အလေးထားလာကြသည်။ ကျမ်းစာက ခရစ်တော်အား ‘ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဖြေလွှတ်တော်မူသော’ အရှင်အဖြစ် ဖော်ပြထားသည်။ (ဗျာဒိတ် ၁:၅; ယောဟန် ၃:၁၆) မှန်ပါသည်၊ ယေရှု၏ အသွေးတော်အားဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်များမှ လုံးလုံးလျားလျား ထာဝစဉ် ခွင့်လွှတ်ခံရကြသည်။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သဖြင့်၊ ထိုအရှင်ကြောင့် အမျက်တော်မှ ကယ်ချွတ်တော်မူခြင်းသို့ သာ၍ရောက်ကြလိမ့်မည်။” ဤသည်မှာ အသွေးအားဖြင့် ထာဝရအသက် ကယ်တင်ခံရပုံ ဖြစ်ပေသည်။—ရောမ ၅:၉; ဟေဗြဲ ၉:၁၄။
ခရစ်တော်အားဖြင့် “လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟု ရှေးရှေးကတည်းက ယေဟောဝါ အာမခံချက် ပေးတော်မူခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၈) ထိုကောင်းချီးမင်္ဂလာထဲတွင် ကမ္ဘာမြေကြီးကို ပရဒိသုဘုံအဖြစ် ပြန်လည်တည်ထောင်ခြင်း ပါဝင်သည်။ ထိုအခါ ယုံကြည်သော လူသားများသည် အိုခြင်း၊ နာခြင်းအပြင် သေခြင်း၏ နှိပ်စက်ခြင်းကိုပင် ခံစားရတော့မည်မဟုတ်ဘဲ ယခုအခါ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ပေးနိုင်သည့် ယာယီအကူအညီထက် အလွန့်အလွန် သာလွန်သော ကောင်းချီးများကို ခံစားကြရပေမည်။ အံ့ချီးဖွယ်ကောင်းသော ဤကတိတော်ကို ကျွန်ုပ်တို့ ရရှိထားသည်– “ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်လည်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ရှေးဟောင်းနှောင်းဖြစ်များလည်း လွန်သွားလေပြီ။”—ဗျာဒိတ် ၂၁:၄၊ ကဘ။
ထို့ကြောင့် ဘုရားသခင့် တောင်းဆိုချက်အားလုံးကို နှလုံးသွင်းခြင်းသည် မည်မျှ အမြော်အမြင်ရှိရာ ရောက်ပါသည်တကား။ ၎င်းတွင် သွေးနှင့်ပတ်သက်သော အမိန့်တော်ကို နာခံခြင်းလည်း ပါဝင်ပါသည်။ ဆေးဝါးကုသမှု အခြေအနေများ၌ပင် သွေးကို အလွဲသုံးခြင်း လုံးဝမပြုရပါ။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ခဏတာမျှသာ အသက်ရှင်မည် မဟုတ်ဘဲ အနာဂတ်တွင် စုံလင်သော လူသားများအနေနှင့် ထာဝစဉ် အသက်ရှင်ခြင်း မျှော်လင့်ချက်အပါအဝင် အသက်ကို အလွန့်အလွန် အလေးထားကြောင်း ပြသကြပါမည်။
[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်]
ဘုရားသခင့် လူမျိုးတော်သည် အသက်ရှင်သန်ရေးအတွက် သွေးအသုံးပြုခြင်းကို ရှောင်ကြဉ်ကြသည်၊ သွေးအသုံးပြုခြင်းသည် ကျန်းမာရေးနှင့် မညီညွတ်၍ မဟုတ်ဘဲ သန့်စင်မွန်မြတ်ခြင်း မရှိ၍ဖြစ်သည်၊ သွေးသည် ညစ်ညမ်းသောကြောင့် မဟုတ်ဘဲ တန်ဖိုးအနဂ္ဃ ထိုက်သောကြောင့်ဖြစ်သည်။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
“ထိုသားတော် [ယေရှု] ၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏။”—ဧဖက် ၁:၇၊၈
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ယေရှု၏ အသွေးတော်အားဖြင့် အသက်ကယ်ခြင်းသည် မြေကြီး ပရဒိသုဘုံတွင် အဆုံးမရှိ ကျန်းမာသော အသက်တာအတွက် လမ်းဖွင့်ပေးသည်