အခန်း ၁၀၈
ယေရှုကို အကွက်ဆင်ဖမ်းရာတွင်မအောင်မြင်
ဗိမာန်တော်၌သွန်သင်လျက် ဘာသာရေးရန်သူများ၏ဆိုးယုတ်မှုကို ပုံဥပမာသုံးခုဖြင့် ယေရှုထုတ်ဖော်ပြီးသည်နှင့် ဖာရိရှဲများသည် ဒေါသထွက်ကာ ယေရှုအားအကွက်ဆင်ဖမ်းနိုင်ရန် တိုင်ပင်ကြသည်။ လျှို့ဝှက်ကြံစည်ကြပြီးနောက် ကိုယ်တော့်အမှားကိုထောက်ပြရန် ဟေရုဒ်နောက်လိုက်များနှင့်အတူ သူတို့၏တပည့်များကိုလွှတ်လိုက်သည်။
ဤသူတို့က “ဆရာသည် သစ္စာစောင့်သူဖြစ်သည့်အလျောက် မည်သည်ကိုမျှအမှုမထား၊ လူ့မျက်နှာကိုမထောက်ဘဲ၊ ဘုရားသခင့်နည်းလမ်းတော်ကို သစ္စာနှင့်သွန်သင်ကြောင်း ကျွန်ုပ်တို့သိကြပါသည်။ သို့ဖြစ်၍ မည်သို့ထင်ပါသနည်း။ ကဲသာမင်းအားအခွန်ဆက်အပ်သလော။ မဆက်အပ်သလော၊ အမိန့်ရှိတော်မူပါ” ဟုမေးတော်မူ၏။ [သမ ]
မြှောက်ပင့်ခြင်းဖြင့် ယေရှုလှည့်စားမခံခဲ့ပါ။ ‘ဤကဲ့သို့အခွန်ပေးခြင်းသည်မမှန်၊ ဥပဒေနှင့်မညီ’ ဟုယေရှုဖြေလိုက်လျှင် ရောမကိုပုန်ကန်ရန်လှုံ့ဆော်သောအပြစ်သင့်မည်ကို ကိုယ်တော်သိတော်မူ၏။ သို့သော်၊ ‘အခွန်ပေးသင့်သည်’ ဟုဖြေလျှင် ရောမကိုလက်အောက်မခံလိုသောဂျူးတို့သည် ကိုယ်တော်အားမုန်းလိမ့်မည်။ ထိုကြောင့် ယေရှုက “လျှို့ဝှက်သောသူတို့၊ အဘယ်ကြောင့်ငါ့ကိုစုံစမ်းနှောင့်ယှက်ကြသနည်း။ အခွန်ငွေတစ်ပြားကိုပြပါ” ဟုမိန့်တော်မူသည်။
ဒေနာရိတစ်ပြားကိုသူတို့ယူခဲ့ရာ ယေရှုက “ဤပုံဤလိပ်စာကား၊ အဘယ်သူ၏ပုံ အဘယ်သူ၏လိပ်စာဖြစ်သနည်း” ဟုမေး၏။
“ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်” ဟုပြန်လျှောက်ကြ၏။
“ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့။” ယေရှု၏ကျွမ်းကျင်ပိုင်နိုင်သောအဖြေကိုကြားသောအခါ အံ့သြပြီးထွက်သွားကြသည်။
ယေရှုထံမှစကားအမှားဖမ်းရန် ဖာရိရှဲတို့အောင်မြင်ပုံမရသောအခါ၊ ထမြောက်ခြင်းကို မယုံကြည်သောဇဒ္ဒုကဲတို့က အထံတော်သို့ချဉ်းကပ်၍ “ဆရာ၊ မောရှေက၊ သားမရှိဘဲလူတစ်ဦးသေလျှင်၊ သူ့ညီသည်မုဆိုးမနှင့် မတ် ဝတ်ပြု၍ အစ်ကိုအဖို့အမျိုးအနွယ်ဖြစ်ပွားစေရမည်ဟုဆိုခဲ့ရာ၊ ကျွန်ုပ်တို့တွင် ညီအစ်ကိုခုနစ်ယောက်ရှိဖူးပါသည်။ ပထမလူသည် အိမ်ထောင်ဘက်ပြု၍ သားမရှိဘဲသေဆုံးသဖြင့် မုဆိုးမကိုညီနှင့်ထားခဲ့ပါသည်။ ထိုနည်းတူ ဒုတိယလူ၊ တတိယလူစသည်တို့သည် သတ္တမလူတိုင်အောင်ပြုကြပါသည်။ နောက်ဆုံး၌ မိန်းမလည်းသေပါသည်။ ထိုကြောင့် ရှင်ပြန်ထမြောက်ရာကာလတွင် ထိုမိန်းမသည် ညီအစ်ကိုခုနစ်ယောက်အနက် မည်သူ့မယားဖြစ်ပါမည်နည်း။ အားလုံးယူဖူးကြပါသည်” ဟုမေးကြ၏။ [သမ ]
ယေရှုက “သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသောကြောင့် မှားသောအယူကိုယူကြ၏။ ထမြောက်ရာကာလ၌ စုံဖက်ခြင်းကိုမပြု၊ ထိမ်းမြားပေးစားခြင်းကိုမပြု။ ကောင်းကင်သား ဘုရားသခင်၏တမန်တော်ကဲ့သို့ဖြစ်ကြ၏။ ထိုမှတစ်ပါး၊ သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ ဘုရားသခင်က ‘ငါသည်အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်’ ဟုသင်တို့အားမိန့်မြွက်တော်မူကြောင်းကို သင်တို့သည်မဖတ်ဘူးသလော။ ဘုရားသခင်သည်သေနေသောသူတို့၏ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ဘုရားဖြစ်တော်မူသည်” ဟုမိန့်ဆို၏။
ယေရှု၏အဖြေကိုကြားရလျှင် ပရိသတ်တို့သည် တစ်ဖန်အံ့သြကြ၏။ ဇဒ္ဒုကဲအချို့တို့က ‘ဆရာ၊ သင်သည်အပြောကောင်း၏’ ဟုအသိအမှတ်ပြုကြ၏။
ယေရှုသည် ဇဒ္ဒုကဲတို့အားနှုတ်ဆိတ်စေကြောင်း ဖာရိရှဲတို့မြင်သောအခါ၊ အုပ်စုတစ်ခုအနေဖြင့် ကိုယ်တော်ထံလာ၍စုံစမ်းခြင်းအလိုငှာ ကျမ်းတတ်တစ်ဦးက “အရှင်ဘုရား [ဆရာ၊ ကဘ] ပညတ္တိကျမ်း၌ အဘယ်မည်သောပညတ်သည်သာ၍ကြီးသနည်း” ဟုမေး၏။
ယေရှုက “‘သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့်ချစ်လော့။’ ဤပညတ်သည်ပထမပညတ်ဖြစ်၏။ ထိုမှတစ်ပါး ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့’ ဟူသောပညတ်သည် ပထမပညတ်နှင့်သဘောတူ၏။’ ဤပညတ်တို့ထက်သာ၍ကြီးမြတ်သော ပညတ်မရှိဟုပြန်၍မိန့်တော်မူ၏။” ယေရှုကထပ်ဆင့်၍ “ဤပညတ်နှစ်ပါးတို့ကား၊ ပညတ္တိကျမ်းနှင့်အနာဂတ္တိကျမ်းရှိသမျှတို့၏အချုပ်အခြာပင်ဖြစ်သတည်း” ဟုမိန့်ဆို၏။
ကျမ်းတတ်ကလည်း “အရှင်ဘုရား၊ [ဆရာ၊ ကဘ] အကယ်စင်စစ်ကိုယ်တော်သည်လျောက်ပတ်စွာမိန့်တော်မူပြီ။” “ ‘ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်မှတစ်ပါး အခြားသောဘုရားသခင်မရှိ၊’ ထိုဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း ကိုယ်နှင့်အမျှချစ်ခြင်း အကျင့်သည်မီးရှို့သောယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်းအကျင့်ထက်သာ၍မြတ်ပါသည်” ဟုလျှောက်လေ၏။
ထိုကျမ်းတတ်သည် ပညာသတိနှင့်ပြန်လျှောက်သည်ကို ယေရှုသိမြင်လျှင် “သင်သည်ဘုရားသခင်၏နိုင်ငံတော်နှင့်မဝေး” ဟုမိန့်ဆို၏။
ယေရှုသည် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ သုံးရက်တိုင်ဗိမာန်တော်၌ သွန်သင်လျက်ရှိပြီး လူတို့သည်နှစ်ထောင်းအားရစွာဖြင့် ယေရှု၏သြဝါဒကိုနားထောင်ကြ၏။ သို့သော်ဘာသာရေးခေါင်းဆောင်တို့သည် ကိုယ်တော်ကိုသတ်လိုကြသော်လည်း သူတို့အကြံပျက်ပြားခဲ့ရသည်ချည်းသာဖြစ်သည်။ မဿဲ ၂၂:၁၅-၄၀။ မာကု ၁၂:၁၃-၃၄။ လုကာ ၂၀:၂၀-၄၀။
▪ ယေရှုကိုအကွက်ဆင်ဖမ်းရန် ဖာရိရှဲတို့သည် မည်သို့ကြံစည်ကြသနည်း။ အကယ်၍ ကိုယ်တော်ကပေးသင့်သည်၊ သို့မဟုတ် မပေးသင့်ဟုအဖြေပေးလိုက်လျှင် ဘာဖြစ်နိုင်သနည်း။
▪ ကိုယ်တော်ကိုအကွက်ဆင်ဖမ်းရန် ဇဒ္ဒုကဲများ၏ကြိုးပမ်းမှုကို ယေရှုမည်ကဲ့သို့တွန်းလှန်သနည်း။
▪ ဖာရိရှဲတို့သည်ယေရှုကိုစုံစမ်းရန် နောက်ထပ်မည်သို့ကြိုးစားသနည်း။ ရလဒ်ကားအဘယ်နည်း။
▪ ယေရုရှလင်တွင်ယေရှု၏နောက်ဆုံးဓမ္မအမှုဆောင်ချိန်အတွင်း ဗိမာန်တော်၌ရက်ပေါင်းမည်မျှသွန်သင်ပြီး မည်သို့အကျိုးဖြစ်ထွန်းသနည်း။