အခန်း ၄၅
ဖြစ်နိုင်ဖွယ်မရှိသော တပည့်တော်
ယေရှုကမ်းပေါ်တက်သည်နှင့် ကြောက်စရာမြင်ကွင်းကြီးပါတကား။ အနီးရှိသင်္ချိုင်းကုန်းမှ ကိုယ်တော်ထံသို့ လူနှစ်ဦးသွေးရူးသွေးတန်းနှင့် ဒလကြမ်းပြေးထွက်လာသည်။ နတ်ဆိုးစွဲနေသူများဖြစ်သည်။ တစ်ဦးသည်အခြားတစ်ဦးထက် ပိုမိုကြမ်းတမ်းကာ နတ်ပူးချိန်ပိုကြာသဖြင့် သူ့ကိုအာရုံပို၍စူးစိုက်ကြသည်။
ဤသနားစရာကောင်းသူသည် ဝတ်လစ်စလစ်နှင့် သင်္ချိုင်းဂူများအကြားနေသည်မှာ ကြာမြင့်လေပြီ။ နေ့ညမပြတ်အော်ဟစ်လျက် ကျောက်စောင်းနှင့်ကိုယ်ကိုရှစေသည်။ အလွန်ကြမ်းတမ်းသဖြင့် ထိုလမ်းပေါ်မည်သူမျှမသွားဝံ့။ သံကြိုးနှင့်အဖန်ဖန်ချည်သော်လည်း သံကြိုးကိုဆွဲဖြတ်၍ခြေချင်းအားချိုးဖြတ်လေသည်။ မည်သူမျှသူ့ကိုမယှဉ်နိုင်ကြ။
ထိုသူသည် ယေရှုရှေ့ပြေးလာပြီး ပျပ်ဝပ်စဉ် နတ်ဆိုးတို့က ဤသို့အော်ဟစ်စေ၏။ “အမြင့်ဆုံးသော ဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်သည်အကျွန်ုပ်နှင့် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်တောင်းပန်ပါသည်။”
“ညစ်ညူးသောနတ်၊ ထိုလူမှထွက်သွားလော့” ဟုမိန့်တော်မူပြီးမှ “သင်သည်အဘယ်အမည်ရှိသနည်း” ဟုယေရှုမေးသည်။
“အကျွန်ုပ်အမည်ကား လေဂေါင်ဖြစ်၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏” ဟုအဖြေရသည်။ သူတို့ပူးကပ်သူများ ဒုက္ခခံရသည်ကို နတ်ဆိုးများတွေ့မြင်လိုကြသည်။ အုပ်လိုက်ဝင်နှောင့်ယှက်ရသည်ကိုလည်း ပျော်ကြသည့်ပုံပင်။ သို့သော်ဤတစ်ကြိမ် ယေရှုနှင့်တိုးသည့်အခါ အနက်ဆုံးသောအရပ်သို့မနှင်ရန် တောင်းပန်သည်။ နတ်ဆိုးများကိုပင် ယေရှုအနိုင်ရကြောင်း တစ်ဖန်တွေ့ရပြန်သည်။ ယင်းကသူတို့၏ခေါင်းဆောင် စာတန်မာရ်နတ်နှင့်အတူ နတ်ဆိုးများကို တွင်းနက်ထဲပစ်ချခြင်းအားဖြင့် ဘုရားသခင်တရားစီရင်လိမ့်မည်ကို သူတို့သိထားကြောင်း ထင်ရှားစေသည်။
တောင်ပေါ်တွင် ဝက် ၂,၀၀၀ ခန့်ကျက်စားနေသည်။ ထိုကြောင့် “ကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါ” ဟုနတ်ဆိုးများကတောင်းဆိုသည်။ သွေးသားရှိသတ္တဝါများ၌ ဝင်ပူးရသည်ကို နတ်ဆိုးများကျေနပ်သဘောကျပုံရသည်။ သူတို့အားဝက်ထဲသို့ ယေရှုဝင်ခွင့်ပြုလိုက်သောအခါ ဝက် ၂,၀၀၀ စလုံး အိုင်ကမ်းစောက်ကို တစ်ဟုန်ထိုးပြေးဆင်း၍ ပင်လယ်ထဲကျသေလေသည်။
ဝက်ကျောင်းသောသူတို့သည် ပြေး၍မြို့ ရွာတို့၌ သတင်းကြားပြောလျှင် လူတို့သည် ထိုအမှုအရာတို့ကို ကြည့်ရှုအံ့သောငှာ ထွက်လာကြ၏။ ရောက်လာသောအခါ နတ်ဆိုးစွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့်ယေရှုခြေတော်ရင်း၌ထိုင်နေသည်ကို တွေ့မြင်ကြလေသည်။
မျက်မြင်ကိုယ်တွေ့သိမြင်သူတို့သည် ထိုသူမည်သို့ ပကတိလူကောင်းဖြစ်လာသည်ကို ပြောဆိုကြသည်။ ဝက်များထူးဆန်းစွာသေပုံကိုလည်း ပြောပြသည်။ ဤအကြောင်းကိုကြားကြသောအခါ လူတို့သည်အလွန်ကြောက်လန့်ပြီး မိမိတို့ရပ်နယ်မှယေရှုကို ထွက်ခွာသွားရန်တိုက်တွန်းလေသည်။ ထိုကြောင့်လှေပေါ်တက်၍ ခွာလုဆဲရှိစဉ် နတ်ဆိုးစွဲခဲ့သူက ကိုယ်တော်နှင့်လိုက်ခွင့်တောင်းသည်။ သို့သော်ယေရှုက “သင်သည်အိမ်သို့သွားလော့။ [ယေဟောဝါ] သည်သနားခြင်းစိတ်တော်နှင့် သင်၌အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့” ဟုမိန့်တော်မူသည်။
ခါတိုင်းဆိုလျှင်ကုသခံရသူတို့အား မည်သူကိုမျှမပြောနှင့်ဟု ယေရှုမှာကြားလေ့ရှိသည်။ ထူးခြားသောသတင်းများအားဖြင့် ဆုံးဖြတ်ချက်ချခြင်းကို ယေရှုအလိုမရှိချေ။ သို့သော်ဤတစ်ကြိမ်တွင် ဤသို့အမိန့်ပေးခြင်းကသင့်တော်သည်။ အကြောင်းမှာ ယေရှုပြန်လာစရာအကြောင်းမရှိတော့၍ သူတို့ထံနတ်ဆိုးစွဲသူအား သက်သေခံစေလိုတော်မူသည်။ ထို့ပြင်သူတို့အလယ်တွင် နတ်ဆိုးစွဲဖူးသူရှိနေခြင်းက ဝက်အုပ်ပျောက်ဆုံးခြင်းနှင့်ပတ်သက်၍ မဟုတ်မမှန်သတင်းကိုချေပခွင့်ရစေပြီး ကောင်းကျိုးအတွက်တန်ခိုးတော်ကို ယေရှုအသုံးပြုတော်မူကြောင်း သက်သေထူသည်။
ယေရှုညွှန်ကြားသည့်အတိုင်း နတ်ဆိုးစွဲဖူးသူသည် အထံတော်မှသွားပြီး ဒေကာပေါလိပြည်တစ်ပြည်လုံးတွင် မိမိအတွက်ယေရှုပြုလေသမျှအကြောင်း ကြွေးကြော်သောအခါ လူတို့အံ့အားသင့်ကြပါသည်။ မဿဲ ၈:၂၈-၃၄။ မာကု ၅:၁-၂၀။ လုကာ ၈:၂၆-၃၉။ ဗျာဒိတ် ၂၀:၁-၃။
▪ နတ်ပူးသည်နှစ်ဦးရှိလျက်နှင့် အဘယ်ကြောင့်တစ်ဦးအကြောင်း အထူးပေါ်လွင်သနည်း။
▪ အနာဂတ်တွင်းနက်အကြောင်း နတ်ဆိုးများသိကြသည်ကို အဘယ်အချက်ကတင်ပြသနည်း။
▪ လူနှင့်တိရစ္ဆာန်များကို နတ်ဆိုးများ အဘယ်ကြောင့်ပူးကပ်ချင်ပုံရှိသနည်း။
▪ ချွင်းချက်အနေနှင့် နတ်ဆိုးစွဲဖူးသူအား သူ့အတွက် ကိုယ်တော်ပြုခဲ့ရာတို့ကိုပြောဆိုရန် ယေရှုအဘယ်ကြောင့်မှာကြားသနည်း။