အခန်း ၆၇
ကိုယ်တော်ကို သူတို့ မဖမ်းဆီးနိုင်ကြ
သကေနေပွဲတော်အတွင်း ယေရှုကိုဖမ်းဆီးရန် တပ်မှူးများကို ဘာသာရေးခေါင်းဆောင်များ စေလွှတ်သည်။ ပုန်းရှောင်ရန်မကြိုးစားဘဲ လူများရှေ့ ယေရှုဆက်၍သာ ဤသို့ဟောပြောသည်။ “ငါသည်သင်တို့နှင့်အတူ ခဏသာနေပြီးလျှင် ငါ့ကိုစေလွှတ်တော်မူသောသူထံသို့သွားရမည်။ ရှာသော်လည်းမတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြ။”
ဂျူးများနားမလည်သဖြင့် အချင်းချင်းဤသို့မေးမြန်းသည်။ “ငါတို့မတွေ့စေခြင်းငှာ သူသည်အဘယ်အရပ်သို့ သွားလိမ့်မည်နည်း။ ဟေလသလူတို့တွင် အရပ်ရပ်သို့ကွဲပြားလျက်နေသောသူတို့ရှိရာသို့သွား၍ ဟေလသလူတို့အား တရားဟောလိမ့်မည်လော။ သင်တို့သည်ငါ့ကိုရှာကြလိမ့်မည်။ ရှာသော်လည်းမတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟူသော စကားသည်အဘယ်သို့ဆိုလိုသနည်း။” အမှန်မှာ မကြာမီယေရှုသေပြီးထမြောက်သည့်အခါ ရန်သူများမလိုက်နိုင်သောကောင်းကင်အရပ်ကို ယေရှုပြောနေခြင်းဖြစ်သည်။
ပွဲတော်၏သတ္တမနေ့နောက်ဆုံးရက် တိုင်လေပြီ။ ပွဲတော်အတွင်း နံနက်တိုင်း ယဇ်ပုရောဟိတ်သည် ရှိလောင်ရေကန်မှယူလာသောရေကို ယဇ်ပလ္လင်ခြေရင်းသို့စီးဆင်းစေရန် သွန်းလောင်းခဲ့သည်။ ဤနေ့စဉ်အခမ်းအနားကို သတိရစေလို၍ ယေရှုဤသို့မိန့်တော်မူသည်။ “ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍သောက်လော့။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာစမ်းရေတွင်းဖြစ်လိမ့်မည်။”
အမှန်မှာ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းသည့်အခါ ကြီးမားသောအကျိုးကျေးဇူးများခံစားရမည့်အကြောင်း ယေရှုပြောဆိုနေခြင်းဖြစ်သည်။ နောက်နှစ် ပင်တေကုတ္တေပွဲနေ့တွင် ဝိညာဉ်တော်ကျရောက်ပါသည်။ ထိုအချိန်တွင်တပည့်တော် ၁၂၀ သည်လူတို့အစေကို စခံသောအခါ အသက်ရေထွက်ရာစမ်းရေစီးဆင်းတော့သည်။ သို့သော်၄င်းအချိန်အထိ ခရစ်တော်၏တပည့်တစ်ဦးတစ်ယောက်မျှ ဝိညာဉ်တော်ဖြင့်ဘိသိက်ပေးသောကောင်းကင်ခေါ်တော်မူခြင်းမခံရသေးသဖြင့် ဝိညာဉ်တော်မရှိသေးချေ။
ယေရှု၏သွန်သင်ချက်ကြောင့် အချို့က “ဤသူသည်လာလတံ့သော ပရောဖက်အမှန်ဖြစ်သည်” ဟုဆိုသည်။ ကြွလာမည်ဟုကတိရှိတော်မူသည့် မောရှေထက်သာ၍ကြီးမြတ်တော်မူသော ပရောဖက်ကိုရည်ညွှန်းနေခြင်းဖြစ်မည်။ အခြားသူတို့က “ဤသူသည်ခရစ်တော်ဖြစ်သည်” ဟုဆိုသော်လည်း အချို့ကဤသို့ပြောသည်။ “ခရစ်တော်သည် ဂါလိလဲပြည်သားဖြစ်ရသလော။ ခရစ်တော်သည်ဒါဝိဒ်အမျိုး၊ ဒါဝိဒ်နေရာဌာန၊ ဗက်လင်ရွာသားဖြစ်ရမည်ဟု ကျမ်းစာလာသည်မဟုတ်လော။”
ထိုကြောင့်လူအုပ်တွင် စိတ်ဝမ်းကွဲပြားလာသည်။ အချို့က ယေရှုကိုဖမ်းဆီးလိုသော်လည်း မည်သူမျှမဖမ်းဆီးကြ။ ယေရှုမပါဘဲ တပ်မှူးများပြန်လာကြသဖြင့် ယဇ်ပုရောဟိတ်များနှင့်ဖာရိရှဲများက “အဘယ်ကြောင့်သူ့ကိုမဆောင်ခဲ့ကြသနည်း” ဟုမေးသည်။
တပ်မှူးများက “ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါ” ဟုလျှောက်ကြသည်။
ဘာသာရေးခေါင်းဆောင်များအမျက်ထွက်ကာ ကဲ့ရဲ့ရှုတ်ချခနဲ့ပြီး “သင်တို့ကိုပင်လှည့်ဖြားပြီလော။ မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူ တစ်စုံတစ်ယောက်မျှရှိသလော။ တရားကိုမသိသောသူ ဤလူများတို့သည် ကျိန်ခြင်းကိုခံရသောသူဖြစ်သည်” ဟုသူတို့ပြောကြသည်။
ဤတွင်ဖာရိရှဲတစ်ဦး (လွှတ်တော်အဖွဲ့ဝင်တစ်ဦး) ဖြစ်သူနိကောဒင်သည် ယေရှုဘက်မှပြောဆိုလေသည်။ နှစ်နှစ်ခွဲက နိကောဒင်သည် ယေရှုထံညအခါလာ၍ ကိုယ်တော်ကိုယုံကြည်ကြောင်း ဝန်ခံခဲ့ဖူးသည်။ ယခုနိကောဒင်က “ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကိုမသိမီကပင် ရှေ့မဆွကဆုံးဖြတ်တတ်သလော။”
မိမိတို့အဝင်ဖြစ်သူတစ်ဦးပင် ယေရှုကိုကာကွယ်ပေးရမည်လောဟု ဖာရိရှဲများ အမျက်ထွက်ကာ “သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော။ စစ်ဦးလော့။ ဂါလိလဲပြည်၌ အဘယ်ပရောဖက်မျှ မပေါ်ထွန်းသည်ကိုမှတ်လော့” ဟုဆိုသည်။
ဂါလိလဲမှ ပရောဖက်တစ်ပါးပေါ်ထွန်းမည်ဟု ကျမ်းစောင်များ တိုက်ရိုက်မဆိုသော်လည်း “ကြီးစွာသောအလင်း” မြင်တွေ့ရမည့်အကြောင်းပြောထားသဖြင့် ၄င်းအရပ်မှ ခရစ်တော်ကြွလာမည်အကြောင်းညွှန်ပြသည်။ ဗက်လင်မြို့တွင် ယေရှုမွေးဖွား၍ ဒါဝိဒ်အမျိုးအနွယ်ဖြစ်ကြောင်း ဖာရိရှဲများသိကြမည်ဖြစ်သော်လည်း ယေရှုနှင့်ပတ်သက်၍ လူတို့အားအထင်လွဲမှားစေကြသည်။ ယောဟန် ၇:၃၂-၅၂။ ဟေရှာယ ၉:၁၊ ၂။ မဿဲ ၄:၁၃-၁၇။
▪ ပွဲနေ့နံနက်တိုင်း ဘာဖြစ်ပျက်သနည်း။ ယင်းကိုယေရှုမည်သို့ အာရုံပြုစေသနည်း။
▪ တပ်မှူးများ ယေရှုကိုအဘယ်ကြောင့် မဖမ်းဆီးနိုင်သနည်း။ ဘာသာရေးခေါင်းဆောင်များ မည်သို့တုံ့ပြန်သနည်း။
▪ နိကောဒင်ကားမည်သူနည်း။ ယေရှုအပေါ်သူ အဘယ်သဘောထားရှိသနည်း။ ဖာရိရှဲအချင်းချင်းတို့က သူ့ကိုမည်သို့ဆက်ဆံသနည်း။
▪ ခရစ်တော်သည် ဂါလိလဲမှ ပေါ်ထွက်လာမည်အကြောင်း အဘယ်သာဓကရှိသနည်း။