အခန်း ၇၂
ဟောပြောရန် အခြား ၇၀ ကို ယေရှုစေလွှတ်ခြင်း
အချိန်ကား စီအီး ၃၂ ခုဆောင်းဦးရာသီ၊ ယေရှုနှစ်ခြင်းခံချိန်မှ သုံးနှစ်ကြာခဲ့ပြီ။ ကိုယ်တော်နှင့်တပည့်များ မကြာမီကယေရုရှလင်မြို့တွင် တဲတော်ပွဲတက်ရောက်ခဲ့ပြီး အနီးတစ်ဝိုက်၌ရှိနေသေးပုံရသည်။ အမှန်မှာဓမ္မအမှုဆောင်ရန် ကျန်ရှိသောခြောက်လတာအချိန်အများစုကို ယုဒပြည်၊ ယော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ပေရိယခရိုင်၌ ကုန်ဆုံးစေတော်မူခဲ့၏။ ဤဒေသ၌လည်း ဟောပြောရန်လိုအပ်သည်။
စီအီး ၃၀ ခုပသခါပွဲနောက်ပိုင်း ယုဒပြည်တွင်ရှစ်လခန့် ယေရှုဟောပြောခဲ့သည်မှာမှန်သည်။ သို့သော် စီအီး ၃၁ ခုပသခါပွဲနေ့တွင် ဂျူးများကိုယ်တော်ကိုသတ်ရန် ကြံစည်ခဲ့ပြီးနောက် ဂါလိလဲနယ်၌လုံးလုံးဆိုရမလောက် တစ်နှစ်ခွဲကြာဆုံးမသွန်သင်တော်မူ၏။ ထိုအချိန်အထိ မရှိဖူးခဲ့သောကောင်းစွာလေ့ကျင့်ပြီးသည့်ဟောပြောသူအဖွဲ့အစည်းတစ်ရပ်ကိုဖွဲ့စည်းခဲ့သည်။ သို့နှင့်ယုဒပြည်တွင် နောက်ဆုံးသက်သေခံစီမံချက်ကို အကြိတ်အနယ်စတင်တော်မူ၏။
ယေရှုသည်ဤစီမံချက်ကို တပည့်တော် ၇၀ ရွေးချယ်၍ နှစ်ယောက်တစ်တွဲစီစေလွှတ်ခြင်းဖြင့်စတင်လေ၏။ သို့နှင့်နိုင်ငံတော်ဟောပြောသူစုစုပေါင်း ၃၅ တွဲရှိ၏။ ဤသူတို့သည်ယေရှုနှင့်တမန်တော်များသွားမည့်မြို့တိုင်း၊ နေရာတိုင်းသို့ကြို၍သွားကြ၏။
ထို ၇၀ အား တရားဇရပ်များသို့သွားခိုင်းမည့်အစား ကိုယ်ပိုင်အိမ်များသို့သွားရန် ယေရှုမှာကြား၍ဤသို့ရှင်းပြသည်။ “မည်သည့်အိမ်သို့ဝင်သောအခါ ‘ဤအိမ်၌မင်္ဂလာဖြစ်ပါစေသော’ ဟုရှေးဦးစွာပြောကြလော့။ ထိုအိမ်၌မင်္ဂလာသားရှိလျှင် သင်တို့မြွက်သောမင်္ဂလာသည်တည်လိမ့်မည်။” အဘယ်သတင်းစကားပြောရမည်နည်း။ ယေရှုဤသို့မိန့်တော်မူ၏။ “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌တည်သောအချိန်နီးပြီဟု သူတို့အားဟောပြောကြလော့။” ဤတပည့် ၇၀ တို့၏လုပ်ဆောင်ချက်နှင့်စပ်လျဉ်း၍ Matthew Henry’s Commentary ကဤသို့ဆို၏။ “သူတို့သခင်ကဲ့သို့ရောက်ရာအရပ်တွင် တစ်အိမ်မှတစ်အိမ်ဟောပြောကြ၏။”
တပည့်တော် ၇၀ အားပေးသည့်ညွှန်ကြားချက်သည် လွန်ခဲ့သောတစ်နှစ်ခန့်က ဂါလိလဲပြည်သို့ ဟောပြောခြင်းစီမံချက်အတွက် တမန်တော် ၁၂ ပါးကိုစေလွှတ်ချိန်ကပေးခဲ့သောညွှန်ကြားချက်နှင့်တူ၏။ တပည့်တော် ၇၀ ရင်ဆိုင်ရမည့်အတိုက်အခံအကြောင်းသတိပေး၍ အိမ်ရှင်တို့အားသတင်းစကား မည်သို့မည်ပုံပြောပြရမည်အကြောင်း ပြင်ဆင်ပေးရုံသာမက လူနာကိုပျောက်ကင်းစေနိုင်သောတန်ခိုးကိုလည်းပေး၏။ သို့ဖြင့်ယေရှုရောက်လာသောအခါ အံ့ဖွယ်အမှုများပြုနိုင်သောတပည့်တော်တို့၏သခင်ကို လူအများအားတက်သရောကြိုဆိုအံ့။
တပည့်တော် ၇၀ တို့၏ဟောပြောခြင်းနှင့် ယေရှု၏နောက်ဆက်တွဲလုပ်ငန်းသည် သိပ်မကြာလှပေ။ မကြာမီနိုင်ငံတော်သတင်းဟောပြောသူ ၃၅ ဖွဲ့ယေရှုထံပြန်လာ၍ “သခင်၊ ကိုယ်တော်၏နာမတော်အားဖြင့် အကျွန်ုပ်တို့သည်နတ်ဆိုးတို့ကိုနိုင်ပါသည်” ဟုဝမ်းမြောက်စွာလျှောက်သော် “စာတန်သည်လျှပ်စစ်ကဲ့သို့ကောင်းကင်မှကျသည်ကိုငါမြင်၏။ သင်တို့သည်မြွေ၊ ကင်းမြီးကောက်တို့ကိုနိုင်သောအခွင့်တန်ခိုးကို ငါပေး၏” ဟုဖြေဆိုခြင်းမှ ယေရှုအမှန်ဝမ်းသာကြောင်းသိရသည်။
ဆုံးခန်းချိန်တွင် ဘုရားသခင်နိုင်ငံတော်ဖွားမြင်ပြီးနောက် စာတန်နှင့်သူ၏နတ်ဆိုးများကိုကောင်းကင်မှနှင်ချမည်အကြောင်း ယေရှုသိမြင်တော်မူ၏။ လူတို့မမြင်နိုင်သောနတ်ဆိုးများကိုနှင်ထုတ်နိုင်ခြင်းက ထိုလာလတံ့သောအရာအမှန်ဖြစ်ပျက်မည်အကြောင်း ထပ်လောင်းအာမခံသည်။ သို့နှင့်အနာဂတ်တွင် စာတန်ကောင်းကင်မှကျမည်သေချာကြောင်း ယေရှုမိန့်ဆို၏။ ထိုကြောင့်တပည့် ၇၀ တို့အား မြွေနှင့်ကင်းမြီးကောက်တို့ကိုနိုင်သောတန်ခိုးပေးသည်ဆိုရာ၌ ပုံဆောင်သဘောဖြစ်၍ ယေရှုဤသို့ဆို၏။ “နတ်ဆိုးတို့ကိုနိုင်သောကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌ဝင်သည်ကိုဝမ်းမြောက်ခြင်းရှိကြလော့။”
မိမိ၏နှိမ့်ချသောကျေးကျွန်များကို ဤမျှတန်ခိုးပါသောနည်းဖြင့် အသုံးပြုတော်မူခြင်းအတွက် ယေရှုသည်အလွန်ဝမ်းမြောက်၍ လူပရိသတ်ရှေ့တွင် ခမည်းတော်အားချီးမွမ်းပြီးနောက် တပည့်များဘက်လှည့်၍ “သင်တို့မြင်သောအရာတို့ကို သင်တို့မြင်သောကြောင့် သင်တို့မျက်စိသည်မင်္ဂလာရှိ၏။ ငါဆိုသည်ကား သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့်ရှင်ဘုရင်များတို့သည် မြင်ခြင်းငှာအလိုရှိသော်လည်းမမြင်ရကြ။ သင်တို့ကြားရသောအရာတို့ကိုကြားခြင်းငှာအလိုရှိသော်လည်း မကြားရကြ” ဟုဆို၏။ လုကာ ၁၀:၁-၂၄။ မဿဲ ၁၀:၁-၄၂။ ဗျာဒိတ် ၁၂:၇-၁၂။
▪ ပထမသုံးနှစ်ဓမ္မအမှုဆောင်စဉ် အဘယ်ဒေသ၌ ယေရှုဟောပြောတော်မူသနည်း။ နောက်ဆုံးခြောက်လ၌ အဘယ်ဒေသတွင်ဟောပြောတော်မူသနည်း။
▪ တပည့်တော် ၇၀ အား အဘယ်နေရာတွင်လူတို့ကို ရှာဖွေရန်ယေရှုညွှန်ကြားသနည်း။
▪ စာတန်ကောင်းကင်မှကျသည်ကို မြင်ပြီဟုယေရှုအဘယ်ကြောင့် မိန့်ဆိုတော်မူသနည်း။
▪ အဘယ်သဘောနှင့်တပည့်တော် ၇၀ သည်မြွေနှင့်ကင်းမြီးကောက်တို့ကိုနိုင်ခွင့်ရသနည်း။