ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ct အခန်း ၄ စာ. ၄၉-၇၂
  • သင်သည် တကယ်ပင် ပြိုင်စံရှားလေစွ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သည် တကယ်ပင် ပြိုင်စံရှားလေစွ!
  • သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်၏ အံ့ချီးဖွယ်ဦးနှောက်
  • အသုံးပြုလျှင်ပြု၊ မပြုလျှင် ဆုံးရှုံးမည်
  • သင်၏ နဖူးပိုင်းမြွှာ
  • ပြိုင်ဘက်ကင်းသော ဆက်သွယ်ပြောဆိုမှုစွမ်းရည်များ
  • မှတ်ဉာဏ်နှင့် အခြားအခြားသောအရာများ!
  • သုခုမအနုပညာနှင့် အလှအပ
  • ကိုယ်ကျင့်တရား တန်ဖိုးများ
  • သင်သည် အနာဂတ်အတွက် တွေးတောပြီး အစီအစဉ်ဆွဲနိုင်၏
  • ဖန်ဆင်းရှင်ထံ ဆွဲဆောင်ခံရခြင်း
  • ထာဝစဉ်သင်ယူရန် ဖန်ဆင်းခံရ
    နိုးလော့!—၂၀၀၅
  • ဦးနှောက်သုတေသီတစ်ဦး သူ့ယုံကြည်ချက်ကို ရှင်းပြ
    နိုးလော့!—၂၀၁၇
  • ထူးဆန်းလှတဲ့ သင့်ခန္ဓာကိုယ်အတွက် ကျေးဇူးတင်ပါ
    နိုးလော့!—၂၀၁၁
  • ဖန်ဆင်းရှင်သည်သင့်ဘဝကို ပို၍အဓိပ္ပာယ်ရှိစေနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
ct အခန်း ၄ စာ. ၄၉-၇၂

အခန်းလေး

သင်သည် တကယ်ပင် ပြိုင်စံရှားလေစွ!

နံနက်တိုင်း လုပ်ငန်းဆောင်တာများ မစတင်မီ သင့်ရုပ်သွင်ကို မှန်ထဲကြည့်မိသလော။ ထိုအခိုက်အတန့်တွင် အသင်စူးစိုက်တွေးတောရန် အချိန်ရှိမည်မဟုတ်ပေ။ သို့ရာတွင် ထိုသို့လွယ်လွယ်လေး ဖျပ်ခနဲ ကြည့်လိုက်ရာတွင် မည်သည့်အရာပါဝင်ကြောင်း ယခု ခေတ္တအချိန်ယူ၍ တွေးတောကြည့်ပါ။

ဆေးရောင်စုံအမြင်အာရုံသည် အသက်ရှင်ရေးအတွက် အရေးမပါသော်လည်း သင့်မျက်စိက သင့်ကိုယ်သင် အရောင်စုံဖြင့် မြင်တွေ့စေသည်။ သင့်နားနှင့်နားပန်တို့၏ တည်နေရာက စတီရီယိုအသံကို ကြားရစေ၏; ဤသို့ဖြင့် ချစ်ခင်သူတစ်ဦး၏ စကားသံကဲ့သို့သော အသံလာရာဇာစ်မြစ်ကို သင်သိရှိနိုင်သည်။ ဤစွမ်းရည်ကို ကျွန်ုပ်တို့ အရေးမထားမိဘဲ နေကောင်းနေမည်၊ သို့သော် အသံလှိုင်းအင်ဂျင်နီယာများအတွက် ရေးသားသောစာအုပ်တစ်အုပ်တွင် ဤသို့မှတ်ချက်ပေးထားသည်– “လူ၏အကြားအာရုံအဖွဲ့အကြောင်းကို ဆင်ခြင်သုံးသပ်ရာတွင် ယင်း၏သိမ်မွေ့သော လုပ်ဆောင်ချက်များနှင့် တည်ဆောက်ဖွဲ့စည်းပုံတို့က ယင်း၏ဒီဇိုင်းပုံစံ၌ စေတနာရှင်တစ်ဦး၏လက်ရာပါရှိကြောင်း ညွှန်ပြနေသည်ကို ရှောင်လွှဲ၍မရပေ။”

သင့်နှာခေါင်းသည်လည်း အံ့ချီးဖွယ်ဒီဇိုင်းပုံစံကို ဖော်ကျူးလျက်ရှိ၏။ နှာခေါင်းဖြင့် အသက်ဆက်ပေးသည့်လေကို သင်ရှူရှိုက်နိုင်သည်။ ၎င်းပြင် နှာခေါင်းတွင် အနံ့ပေါင်း ၁၀,၀၀၀ ခန့်ကိုခွဲခြားသိရှိစေသည့် အာရုံခံပစ္စည်း သန်းချီပါရှိသည်။ သင် ထမင်းစားကောင်းနေစဉ် အခြားအာရုံတစ်ပါး အကျုံးဝင်လာသည်။ ထောင်နှင့်ချီသော ရသာဖုများက သင့်အား အရသာများကို သိရှိစေသည်။ သင့်လျှာပေါ်မှ အခြားသောအာရုံခံပစ္စည်းများက သွားများ သန့်ရှင်းခြင်းရှိမရှိ သိရှိစေသည်။

မှန်ပါသည်၊ သင့်မှာအာရုံငါးပါးရှိသည်— ၎င်းတို့မှာ အကြား၊ အမြင်၊ အထိအတွေ့၊ အနံ့၊ အရသာ တို့ဖြစ်သည်။ အချို့သောတိရစ္ဆာန်များသည် ညအမြင်အာရုံ ပိုသန်သည်၊ အနံ့ခံအာရုံ ပိုထက်မြက်သည်၊ သို့မဟုတ် အကြားအာရုံ ပိုစူးရှကြသည် မှန်သော်လည်း လူ၌ရှိသောဤအာရုံများ၏ ဟန်ချက်ညီပုံကား ပြိုင်ဘက်ကင်းသည်။ ဤကဏ္ဍတွင် ကျွန်ုပ်တို့သည် ပြိုင်စံရှား၏။

သို့ရာတွင် ဤအစွမ်းအစများနှင့် အရည်အချင်းများမှ ကျွန်ုပ်တို့ အဘယ်ကြောင့် အကျိုးခံစားနိုင်ရခြင်းအကြောင်းကို သုံးသပ်ကြည့်ကြပါစို့။ ဤအရာအားလုံးသည် ကျွန်ုပ်တို့၏ဦးခေါင်းအတွင်း သုံးပေါင်မျှအလေးချိန်ရှိသည့် ဦးနှောက်ပေါ်တွင် မူတည်သည်။ တိရစ္ဆာန်များ၌လည်း အလုပ်လုပ်သောဦးနှောက် ရှိကြသည်။ သို့တိုင် လူ့ဦးနှောက်မှာ တစ်မူထူးခြားသောကြောင့် ကျွန်ုပ်တို့သည် အမှန်တကယ် ပြိုင်စံရှားရခြင်းဖြစ်သည်။ မည်သို့အားဖြင့်နည်း။ ဤပြိုင်စံရှားမှုသည် အဓိပ္ပာယ်ပြည့်ဝပြီး တည်မြဲသောအသက်တာကို ကျွန်ုပ်တို့စိတ်ဝင်စားရခြင်းနှင့် မည်သို့ဆက်စပ်သနည်း။

သင်၏ အံ့ချီးဖွယ်ဦးနှောက်

လူ့ဦးနှောက်ကို ကွန်ပျူတာနှင့် နှိုင်းယှဉ်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သော်လည်း များမကြာမီ ရှာဖွေတွေ့ရှိချက်များက ထိုသို့နှိုင်းယှဉ်၍ လုံးဝမရနိုင်ကြောင်း ပြဆိုသည်။ “ခန့်မှန်းခြေအားဖြင့် နဗ်ကြောဆဲလ်ပေါင်း ၅၀ ဘီလီယံနှင့် နဗ်ကြောဆုံ (အဆက်) ပေါင်း ဘီလီယံတစ်သန်းမျှရှိပြီး တစ်စက္ကန့်လျှင် ခြုံငုံလှုံ့ဆော်နှုန်း ဘီလီယံဆယ်သန်းခန့်ရှိသည့် အင်္ဂါတစ်ခု၏လုပ်ဆောင်မှုအကြောင်းကို မည်သို့စတင် နားလည်နိုင်မည်နည်း” ဟူ၍ ဒေါက်တာ ရစ်ချတ် အမ်. ရက်စ်တက္ခက မေးခွန်းထုတ်ခဲ့သည်။ သူမည်သို့အဖြေပေးသနည်း။ “အလွန့်အလွန် အဆင့်မြင့်သော နဗ်ကြောကွန်ရက်ကွန်ပျူတာများ၏ ဆောင်ရွက်မှုသည် . . . ယင်ကောင်တစ်ကောင်၌ရှိသည့် အသိဉာဏ်၏ တစ်သောင်းပုံတစ်ပုံခန့်သာရှိသည်။” သို့ဖြစ်လျှင် ကွန်ပျူတာတစ်လုံးသည် ထူးထူးခြားခြား သာလွန်ထူးကဲသော လူ့ဦးနှောက်နှင့်ယှဉ်လိုက်လျှင် မည်မျှနိမ့်ကျနေမည်ကို ဆင်ခြင်သုံးသပ်ကြည့်ပါ။

အဘယ်လူလုပ် ကွန်ပျူတာသည် မိမိဘာသာ ပြုပြင်ခြင်း၊ မိမိ၏ပရိုဂရမ်ကို ပြန်လည်ရေးသားခြင်း၊ သို့မဟုတ် နှစ်များတစ်လျှောက် တိုးတက်ကောင်းမွန်လာခြင်း ရှိနိုင်သနည်း။ ကွန်ပျူတာစနစ်တစ်ခု ချိန်ညှိရန်လိုအပ်လာသည့်အခါ ပရိုဂရမ်မာတစ်ဦးက အသစ်သော သင်္ကေတညွှန်ကြားချက်များကို ရေးသား၍ ထည့်သွင်းပေးရသည်။ ကျွန်ုပ်တို့၏ဦးနှောက်မူကား ကျွန်ုပ်တို့ ငယ်ရွယ်စဉ်ရော အသက်ကြီးလာသည့်အခါပါ ထိုလုပ်ငန်းများကို အလိုအလျောက်လုပ်ဆောင်သည်။ အလွန့်အလွန် အဆင့်မြင့်သည့် ကွန်ပျူတာများသည် လူ့ဦးနှောက်နှင့်ယှဉ်လိုက်လျှင် အလွန်ရှေးကျသော အကြမ်းထည်တစ်ခုမျှသာဖြစ်သည်ဟု ဆိုလိုက်ခြင်းသည် ပုံကြီးချဲ့ရာမရောက်ပေ။ သိပ္ပံပညာရှင်တို့က လူ့ဦးနှောက်ကို “သိရှိခဲ့သမျှတွင် နားလည်ရအခက်ဆုံး အဆောက်အအုံ”၊ “စကြဝဠာအတွင်း အရှုပ်ထွေးဆုံးအရာဝတ္ထု” ဟူ၍ခေါ်ဝေါ်ကြသည်။ လူ့ဦးနှောက်သည် ဂရုစိုက်စောင့်ရှောက်သော ဖန်ဆင်းရှင်တစ်ပါး၏ လက်ရာဖြစ်သည်ဟူ၍ လူအများ ကောက်ချက်ချခဲ့ရသည့် ရှာဖွေတွေ့ရှိမှုအချို့ကို သုံးသပ်ကြည့်ပါလေ။

အသုံးပြုလျှင်ပြု၊ မပြုလျှင် ဆုံးရှုံးမည်

မော်တော်ကားနှင့် ဂျက်လေယာဉ်များအစရှိသော အသုံးဝင်သည့် တီထွင်မှုများသည် လူတို့ပုံစံဆွဲ၍တပ်ဆင်သော အသေစွဲ စက်ယန္တရားများနှင့် လျှပ်စစ်စနစ်များကြောင့် အဓိကအားဖြင့် ကန့်သတ်ခံရကြသည်။ ကျွန်ုပ်တို့၏ဦးနှောက်မူကား ယုတ်စွအဆုံး အဆင့်မြင့်မြင့် ပြောင်းလွယ်ပြင်လွယ်သော ဇီဝယန္တရား သို့မဟုတ် ဇီဝစနစ်ဖြစ်သည်။ ယင်းကိုအသုံးပြုပုံ၊ သို့မဟုတ် အလွဲအသုံးပြုပုံကိုလိုက်၍ အစဉ်မပြတ်ပြောင်းလဲနိုင်စွမ်းရှိ၏။ ဘဝတစ်လျှောက် ကျွန်ုပ်တို့၏ဦးနှောက်ဖွံ့ဖြိုးပုံကို အဓိကအချက်နှစ်ချက်—ကျွန်ုပ်တို့၏အာရုံများမှတစ်ဆင့် ဦးနှောက်ထဲသို့ ဝင်ခွင့်ပြုသည့်အရာနှင့် စဉ်းစားတွေးခေါ်ရန် ကျွန်ုပ်တို့ရွေးချယ်သည့်အရာ—ကထိန်းချုပ်ပုံရှိသည်။

ဉာဏ်ရည်စွမ်းဆောင်ပုံအပေါ် အကျိုးသက်ရောက်နိုင်သော်လည်း ကျွန်ုပ်တို့၏ဦးနှောက်သည် သန္ဓေတည်ချိန်၌ ဗီဇအားဖြင့် သတ်မှတ်ခံရခြင်းမရှိကြောင်း ခေတ်သစ်သုတေသနပြုချက်က ပြဆိုသည်။ “ဦးနှောက်သည် သိပ္ပံပညာ ယခုသိရှိသည့်အတိုင်း ပြောင်းလဲနိုင်သောအရာဖြစ်သည်ကို မည်သူမျှ မထင်မှတ်ခဲ့ချေ” ဟူ၍ ပူလစ်ဇာဆုရှင် စာရေးဆရာ ရော်နယ် ကိုတူးလတ်ခ်က ရေးသားသည်။ သုတေသီ ၃၀၀ ကျော်ကို တွေ့ဆုံမေးမြန်းပြီးနောက် သူကဤသို့ကောက်ချက်ချခဲ့သည်– “ဦးနှောက်သည် တည်ငြိမ်သောအင်္ဂါတစ်ခု မဟုတ်။ အတွေ့အကြုံ၏ ဩဇာလွှမ်းမိုးမှုကို နက်ရှိုင်းစွာခံရသည့် အစဉ်ပြောင်းလဲလျက်ရှိသော ဆဲလ်ကြားဆက်အစုအပုံဖြစ်သည်။”—ဦးနှောက်၏အတွင်းပိုင်း။

သို့ရာတွင် ကျွန်ုပ်တို့၏အတွေ့အကြုံများ တစ်ခုတည်းက ဦးနှောက်ကိုပုံဖော်သည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ စဉ်းစားတွေးခေါ်ပုံကလည်း ဩဇာသက်ရောက်မှုရှိသည်။ စိတ်ပိုင်းအရ ပျင်းရိသူတို့၏ဦးနှောက်ထက် စိတ်ပိုင်းအရ တက်ကြွသူတို့၏ဦးနှောက်တွင် နဗ်ကြောဆဲလ်များ (neurons) ကြားတွင် ကြားဆက်များ (နဗ်ကြောဆုံများ၊ synapses) ၄၀ ရာခိုင်နှုန်းအထိ ပိုများကြောင်း သိပ္ပံပညာရှင်တို့ တွေ့ရှိခဲ့ကြသည်။ ဦးနှောက်ကို အသုံးပြုရန်လိုသည်။ မသုံးလျှင် ဦးနှောက်စွမ်းရည် ဆုံးရှုံးပျက်စီးသွားနိုင်သည်ဟု နဗ်ကြောဆိုင်ရာသိပ္ပံပညာရှင်များက ကောက်ချက်ချကြသည်။ သို့ဖြစ်လျှင် သက်ကြီးရွယ်အိုများကော အသို့နည်း။ လူတစ်ဦး အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်ဆဲလ်အချို့ ပျက်စီးသွားပုံရပြီး အသက်ကြီးရင့်ခြင်းက မှတ်ဉာဏ်ကိုလည်း ဆုံးရှုံးစေနိုင်သည်။ သို့သော် တစ်ချိန်ကယူမှတ်ခဲ့သည်ထက် များစွာလျော့နည်းသည်။ “အသက်ကြီးသူများသည် . . . ဦးနှောက်ကိုအသုံးပြုခြင်းအားဖြင့် ကြားဆက်အသစ်များကို ထုတ်လုပ်၍ အဟောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်စွမ်း ရှိကြသည်” ဟူ၍ လူ့ဦးနှောက်နှင့်ပတ်သက်၍ နေရှင်နယ် ပထဝီဝင် စာအုပ်မှ သတင်းတစ်ပုဒ်ကဆို၏။

ကျွန်ုပ်တို့ဦးနှောက်၏ ပြောင်းလွယ်ပြင်လွယ်ခြင်းနှင့်ပတ်သက်၍ များမကြာမီက ရှာဖွေတွေ့ရှိချက်များသည် သမ္မာကျမ်းစာတွင် တွေ့ရှိရသည့် အကြံပေးချက်နှင့်ကိုက်ညီသည်။ ၎င်းဉာဏ်ပညာစာအုပ်က ဖတ်ရှုသူတို့အား “တိကျမှန်ကန်သောအသိပညာ” ကို စိတ်ထဲသွင်းခြင်းအားဖြင့် “အသစ်ပြုပြင်” ရန်၊ သို့မဟုတ် ‘သူတို့၏စိတ်ကို အသစ်ပြုပြင်၍ ပုံသဏ္ဌာန်ပြောင်းလဲ’ ရန်တိုက်တွန်းထားသည်။ (ရောမ ၁၂:၂; ကောလောသဲ ၃:၁၀၊ ကဘ) လူတို့ ကျမ်းစာလေ့လာ၍ ဆုံးမစကားကို လက်တွေ့ကျင့်သုံးသည့်အခါ ဤအတိုင်းပင်ဖြစ်လာသည်ကို ယေဟောဝါသက်သေများ တွေ့မြင်ကြရသည်။ လူမှုရေးနှင့် ပညာရေးနောက်ခံအသီးသီးမှ ထောင်ပေါင်းများစွာသောသူတို့သည် ဤအတိုင်းပြုခဲ့ကြပြီ။ သူတို့သည် နဂိုမူလ ပုဂ္ဂိုလ်များပင်ဖြစ်ကြသော်လည်း ပို၍ပျော်ရွှင်ပြီး ပို၍သမာသမတ်ရှိသူများ ဖြစ်လာကြကာ ပထမရာစု စာရေးဆရာတစ်ဦးဆိုသည့် “ကောင်းသောစိတ်” မျိုးကိုတင်ပြကြသည်။ (တမန်တော် ၂၆:၂၄၊ ၂၅) ဤကဲ့သို့သော တိုးတက်မှုများသည် အဓိကအားဖြင့် ဦးခေါင်း၏ရှေ့ပိုင်း၌တည်ရှိသည့် ဦးနှောက်ကြီးအပြင်သား (cerebral cortex) ၏ တစ်စိတ်တစ်ပိုင်းကို လူတစ်ဦးကောင်းစွာအသုံးချခြင်းမှ ရရှိသည့်ရလဒ်ဖြစ်သည်။

သင်၏ နဖူးပိုင်းမြွှာ

ဦးနှောက်၏အပြင်လွှာဖြစ်သည့် ဦးနှောက်ကြီးအပြင်သားတွင်ရှိသော နဗ်ကြောဆဲလ်အများစုမှာ ကြွက်သားများ၊ အာရုံခံအင်္ဂါများနှင့် တိုက်ရိုက်ဆက်သွယ်လျက် မရှိကြပေ။ သာဓကအားဖြင့်၊ နဖူးပိုင်းမြွှာ (frontal lobe) အဖြစ်ဖွဲ့စည်းသည့် သန်းပေါင်းများစွာသော နဗ်ကြောဆဲလ်များကို သုံးသပ်ကြည့်ပါ။ (စာမျက်နှာ ၅၆ မှရုပ်ပုံ ရှု။) စာလုံးတစ်လုံးကို စဉ်းစားလိုက်သည့်အခါ၊ သို့မဟုတ် မှတ်ဉာဏ်ကို နှိုးဆွလိုက်သည့်အခါ၌ နဖူးပိုင်းမြွှာသည် လှုပ်ရှားတက်ကြွလာကြောင်း ဦးနှောက်စစ်ဆေးချက်များက သက်သေထူသည်။ ဦးနှောက်၏အရှေ့ပိုင်းသည် သင့်အား သီးခြားပုဂ္ဂိုလ်တစ်ဦးဖြစ်စေရာ၌ အထူးကဏ္ဍမှ ပါဝင်လှုပ်ရှားသည်။

“နဖူးပိုင်းရှေ့အပြင်သား (prefrontal cortex) သည် . . . စဉ်းစားတွေးတောခြင်း၊ ဉာဏ်ရည်၊ စေ့ဆော်မှု၊ ကိုယ်ရည်ကိုယ်သွေးတို့ အနုစိတ်ဖြစ်ပေါ်ပုံနှင့် အထူးပတ်သက်သည်။ ယင်းသည် သဘောတရားဆိုင်ရာ စိတ်ကူးအတွေး၊ ချင့်ချိန်ခြင်း၊ မဆုတ်မနစ်သောဇွဲ၊ စီမံကိန်းရေးဆွဲခြင်း၊ သူတစ်ပါးအတွက် စိုးရိမ်ကြောင့်ကြခြင်းနှင့် မှန်မှားသိစိတ်တို့ကို မွေးထုတ်ရေးအတွက် လိုအပ်သော အတွေ့အကြုံများနှင့် ဆက်စပ်သည်။ . . . ဤအပိုင်း၏ အနုစိတ်ဖြစ်ပေါ်ပုံကြောင့်သာ လူသားသည် အခြားတိရစ္ဆာန်များနှင့် ခြားနားရခြင်းဖြစ်သည်။ (မေရီအဘ်၏ လူ့ခန္ဓာဗေဒနှင့် ဇီဝကမ္မဗေဒ) နဖူးပိုင်းရှေ့အပြင်သားနှင့် အဓိကပတ်သက်သော သင်္ချာ၊ အတွေးအခေါ်နှင့် တရားမျှတမှု အစရှိသောနယ်ပယ်များတွင် လူသားတို့ အောင်မြင်ပြီးမြောက်ခဲ့ရာများကို ကြည့်ခြင်းအားဖြင့် ဤကွဲပြားခြားနားချက်၏ သက်သေအထောက်အထားကို အမှန်တွေ့မြင်ကြရသည်။

လူသားများ၌ အဆင့်မြင့်သော စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များကို အထောက်အကူပြုသည့် ကြီးမား၍ ပြောင်းလွယ်ပြင်လွယ်သော နဖူးပိုင်းရှေ့အပြင်သားရှိပြီး တိရစ္ဆာန်များ၌မူကား ဤအပိုင်းသည် အဘယ်ကြောင့် ဖွံ့ဖြိုးခြင်းမရှိ၊ သို့မဟုတ် လုံးဝမရှိဘဲဖြစ်ရသနည်း။ ဤခြားနားချက်သည် အလွန်ကြီးမားလှသဖြင့် ကျွန်ုပ်တို့သည် ဆင့်ကဲဖြစ်ပေါ်လာသည်ဟုဆိုကြသော ဇီဝဗေဒပညာရှင်တို့က “ထူးဆန်းစွာ ရုတ်တရက် ကြီးထွားလာသည့်ဦးနှောက်” အကြောင်း ပြောလာကြသည်။ ကျွန်ုပ်တို့၏ ဦးနှောက်ကြီးအပြင်သား ထူးထူးခြားခြား ကြီးမားနေသည်ကို သတိပြုမိသော ဇီဝဗေဒပါမောက္ခ ရစ်ချတ် အက်ဖ်. သောမ်ဆင်က “ယခုအချိန်အထိ ဤသို့အဘယ်ကြောင့်ဖြစ်ရသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ” ဟုဝန်ခံထားသည်။ ဤသို့ဖြစ်ရသည့်အကြောင်းမှာ လူသားသည် ဤပြိုင်ဘက်ကင်းသော ဦးနှောက်စွမ်းရည်နှင့်အတူ ဖန်ဆင်းခံရ ခြင်းကြောင့်ဖြစ်နိုင်သလော။

ပြိုင်ဘက်ကင်းသော ဆက်သွယ်ပြောဆိုမှုစွမ်းရည်များ

ဦးနှောက်၏ အခြားအစိတ်အပိုင်းများကလည်း ကျွန်ုပ်တို့၏ ပြိုင်စံရှားမှုကို ပံ့ပိုးပေးသည်။ နဖူးပိုင်းရှေ့အပြင်သား၏ အနောက်တွင် လှုပ်မှုဦးနှောက်အပြင်သား (motor cortex) ခေါ် ဦးနှောက်အပေါ်ပိုင်းကို ပတ်လျက်ရှိသည့် အပိုင်းရှည်တစ်ခုရှိသည်။ ဤအပိုင်းတွင် ကျွန်ုပ်တို့၏ကြွက်သားများနှင့်ဆက်သွယ်သော နဗ်ကြောဆဲလ် ဘီလီယံနှင့်ချီ၍ ပါရှိသည်။ ဤအပိုင်းတွင် ကျွန်ုပ်တို့အား လူဝံ၊ သို့မဟုတ် အခြားတိရစ္ဆာန်များနှင့် ကြီးမားစွာခြားနားစေသည့် ကြန်အင်လက္ခဏာများလည်း ပါရှိသည်။ မူလ လှုပ်မှုဦးနှောက်အပြင်သား (primary motor cortex) က ကျွန်ုပ်တို့အား “(၁) လက်မှုပညာလုပ်ငန်းများကို အဆင့်မြင့်မြင့် ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်နိုင်ရန် လက်၊ လက်ချောင်းများနှင့် လက်မတို့ကို ထူးကဲစွာ အသုံးပြုစေသည့်အပြင် (၂) စကားပြောရန် ပါးစပ်၊ နှုတ်ခမ်း၊ လျှာနှင့် မျက်နှာကြွက်သားများကို အသုံးပြုနိုင်” စေသည်။—ဂိုင်တန်ရေးသားသော ဆေးပညာ ဇီဝကမ္မဗေဒ ပြဋ္ဌာန်းစာအုပ်။

လှုပ်မှုဦးနှောက်အပြင်သားသည် သင့်စကားပြောစွမ်းရည်အပေါ် မည်သို့အကျိုးသက်ရောက်မှုရှိကြောင်း အကျဉ်းချုပ် သုံးသပ်ကြည့်ပါ။ ယင်း၏ထက်ဝက်ကျော်သည် ဆက်သွယ်မှုဆိုင်ရာ အင်္ဂါများအတွက်ဖြစ်သည်။ ဤအချက်က လူသားတို့၏ ပြိုင်ဘက်ကင်းသည့် ဆက်သွယ်ပြောဆိုခြင်းစွမ်းရည်အကြောင်း ရှင်းလင်းစွာနားလည်ရန် အထောက်အကူပြုသည်။ ကျွန်ုပ်တို့၏လက်သည် ဆက်သွယ်ရေး၌ (စာရေးခြင်း၊ သာမန်ခြေဟန်လက်ဟန်ပြခြင်း သို့မဟုတ် လက်ဟန်ပြဘာသာစကား ပြောခြင်းတို့၌) တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်သော်လည်း ပါးစပ်သည် အဓိကအခန်းကဏ္ဍမှ အများအားဖြင့် ပါဝင်လေ့ရှိသည်။ နို့စို့ကလေးတစ်ဦး၏ ပထမစကားလုံးမှစ၍ သက်ကြီးရွယ်အိုတစ်ဦး၏ စကားသံအထိ လူ့စကားသည် အမှန်ပင် အံ့ချီးဖွယ်ကောင်းလှပေသည်။ လျှာ၊ နှုတ်ခမ်း၊ လည်ချောင်းနှင့် ရင်ဘတ်ရှိ ကြွက်သား ၁၀၀ ခန့်သည် မရေမတွက်နိုင်သည့်အသံများ ထွက်ပေါ်စေရန် ပူးပေါင်းဆောင်ရွက်ကြသည်။ ဤကွာခြားချက်ကို ဂရုပြုပါ– ဦးနှောက်ဆဲလ်တစ်ခုသည် အားကစားသမားတစ်ဦး၏ ခြေသလုံးကြွက်သားအမျှင်ပေါင်း ၂,၀၀၀ ကိုညွှန်ကြားနိုင်သော်လည်း အသံအိုးကိုထိန်းချုပ်သည့် ဦးနှောက်ဆဲလ်များမူကား ကြွက်သားအမျှင် နှစ်မျှင်သုံးမျှင်လောက်ကိုသာ စူးစိုက်နိုင်သည်။ ဤအချက်က ကျွန်ုပ်တို့၏ဦးနှောက်သည် စကားပြောဆိုဆက်သွယ်ရန်အတွက် အထူးဖန်တီးထားရာဖြစ်ကြောင်း ဖော်ညွှန်းမနေပေလော။

သင်ပြောလိုက်သည့် စကားစုကလေးတိုင်းအတွက် တိကျသော ကြွက်သားလှုပ်ရှားမှုပုံစံတစ်မျိုး လိုအပ်သည်။ ကြွက်သားအသီးသီး၏ လှုပ်ရှားမှုပမာဏနှင့် စက္ကန့်အပိုင်းအခြားပေါ်မူတည်၍ စကားတစ်ခွန်း၏အဓိပ္ပာယ်သည် ပြောင်းလဲသွားနိုင်သည်။ “ပုံမှန်နှုန်းအရ ကျွန်ုပ်တို့သည် တစ်စက္ကန့်လျှင် အသံ ၁၄ သံပြုနိုင်သည်” ဟု ဘာသာစကားကျွမ်းကျင်သူ ဒေါက်တာ ဝီလျမ် အိတ်ချ်. ပါကင်ဇ်က ရှင်းပြသည်။ “ဤနှုန်းသည် ကျွန်ုပ်တို့၏လျှာ၊ နှုတ်ခမ်း၊ မေးရိုး သို့မဟုတ် စကားပြောခြင်းဆိုင်ရာ ယန္တရား၏ အခြားမည်သည့်အစိတ်အပိုင်းကိုမဆို သီးခြားစီလှုပ်ရှားစေသည့်အခါ၌ ၎င်းတို့ကို ကျွန်ုပ်တို့ ထိန်းချုပ်နိုင်သည့်အမြန်နှုန်း၏ နှစ်ဆဖြစ်သည်။ သို့ရာတွင် စကားပြောဆိုရန် ၎င်းတို့ကို စုစည်းလိုက်သည့်အခါ ၎င်းတို့သည် ကျွမ်းကျင်သောလက်နှိပ်စက်စာရေးနှင့် ဂီတစန္ဒရားဆရာတို့၏ လက်ချောင်းများနည်းတူ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ လှုပ်ရှားမှုများသည် စည်းချက်ဝါးချက် ကိုက်ညီလှသည်။”

ရိုးရိုးမေးခွန်းလေးဖြစ်သည့် “ဒီနေ့ နေကောင်းလား” ဟုမေးရန် လိုအပ်သည့် သတင်းအချက်အလက်များကို ဘရိုကာဧရိယာ (Broca’s area) ဟုခေါ်သည့် သင့်ဦးနှောက် နဖူးပိုင်းမြွှာ၏ အစိတ်အပိုင်းတစ်ခုအတွင်း သိုလှောင်သိမ်းဆည်းထားသည်။ ၎င်းအပိုင်းကို စကားပြောနိုင်စွမ်းဗဟိုချက်ဟု အချို့ကယူမှတ်ကြသည်။ “ဘရိုကာ၏ စကားပြောခြင်းဆိုင်ရာဧရိယာနှင့် . . . အလားတူသောဧရိယာမျိုးကို လူဝံများတွင် မတွေ့ရှိရပေ” ဟူ၍ နိုဘဲလ်ဆုရှင် နဗ်ကြောသိပ္ပံပညာရှင် ဆာ ဂျွန် အက္ကဲလ်ဇ်က ရေးသားခဲ့သည်။ တိရစ္ဆာန်များတွင် အလားတူများကို ရှာဖွေတွေ့ရှိခဲ့လျှင်ပင် အမှန်မှာ လူဝံများကို ရိုးရိုးစကားသံ အနည်းအကျဉ်းထက်ပို၍ ဆိုတတ်အောင် သိပ္ပံပညာရှင်များ သင်ကြားမပေးနိုင်ခြင်းပင်ဖြစ်သည်။ သို့သော် အသင်မူကား ရှုပ်ထွေးသည့် ဘာသာစကားကို ပြောနိုင်သည်။ ဤသို့ပြောနိုင်ရန် သင့်ဘာသာစကား၏ သဒ္ဒါနည်းအရ စကားလုံးများကို သင်စုစည်းသည်။ အပြောနှင့်အရေး နှစ်ရပ်စလုံး၌ ဤသို့ပြုနိုင်ရန် ဘရိုကာဧရိယာက သင့်ကိုအထောက်အကူပြုသည်။

သင့်အနေဖြင့် အနည်းဆုံး ဘာသာစကားတစ်မျိုးကိုမသိကျွမ်း၊ ယင်းဘာသာ၏ စကားလုံးများအဓိပ္ပာယ်ကို နားမလည်လျှင် စကားပြောခြင်းအံ့ဖွယ်ကို သင်ပြုနိုင်မည်မဟုတ်။ ၎င်းအတွက် ဗာနီကာဧရိယာ (Wernicke’s area) ဟုသိထားသော သင့်ဦးနှောက်၏ အထူးအစိတ်အပိုင်း နောက်တစ်ခု အကျုံးဝင်ပတ်သက်လာသည်။ ဤနေရာ၌ ဘီလီယံနှင့်ချီသော နဗ်ကြောဆဲလ်တို့က ပြောဆိုသော သို့မဟုတ် ရေးသားသောစကားလုံးများ၏ အဓိပ္ပာယ်ကို ခွဲခြမ်းစိတ်ဖြာသည်။ ဗာနီကာဧရိယာက ပြောဆိုချက်များကိုသဘောပေါက်ရန်၊ ကြားရ၊ ဖတ်ရသည်များကိုနားလည်ရန် အကူအညီပေးသည်။ ဤသို့ဖြင့် သင်သည် အကြောင်းအရာများကို သင်ကြားဆည်းပူးနိုင်ပြီး သင့်တင့်လျောက်ပတ်စွာ ပြန်လည်တုံ့ပြန်နိုင်ခြင်းဖြစ်သည်။

ကျွမ်းကျွမ်းကျင်ကျင် စကားပြောနိုင်အောင် ပံ့ပိုးပေးသည့်အချက် အများအပြားရှိသေးသည်။ သာဓကအနေဖြင့် “ဟဲလို” ဟူသောစကားသည် အဓိပ္ပာယ်များစွာ ဖော်ဆောင်နိုင်ပေသည်။ သင့်လေသံက သင်သည် ပျော်ရွှင်နေကြောင်း၊ စိတ်လှုပ်ရှားနေကြောင်း၊ ငြီးငွေ့နေကြောင်း၊ အလောတကြီးဖြစ်နေကြောင်း၊ ဒေါသဖြစ်နေကြောင်း၊ ဝမ်းနည်းနေကြောင်း၊ သို့မဟုတ် ထိတ်လန့်နေကြောင်း ဖော်ပြနိုင်သည့်ပြင် အဆိုပါ စိတ်လှုပ်ရှားမှုအခြေအနေများ၏ အတိုင်းအတာကိုပင် ဖော်ပြနိုင်ပေသည်။ သင့်ဦးနှောက်၏ အခြားအစိတ်အပိုင်းတစ်ခုက စိတ်လှုပ်ရှားစွာ စကားပြောဖို့အတွက် လိုအပ်သောအကြောင်းအချက်များကို ထုတ်ပေးသည်။ ထို့ကြောင့်၊ သင်ဆက်သွယ်ပြောဆိုသည့်အခါ၌ သင့်ဦးနှောက်၏ အစိတ်အပိုင်းအသီးသီးက ပါဝင်လှုပ်ရှားဆောင်ရွက်ကြသည်။

ချင်ပန်ဇီမျောက်များကို လက်ဟန်ပြဘာသာစကားလုံး အနည်းအကျဉ်း သင်ကြားပေးနိုင်ခဲ့ပြီဖြစ်သော်လည်း ၎င်းတို့သည် ယင်းစကားလုံးများကို အစာ သို့မဟုတ် အခြားအခြေခံလိုအပ်ချက်များ တောင်းခံရန်အတွက်သာ အသုံးပြုတတ်ကြသည်။ ချင်ပန်ဇီမျောက်များကို လက်ဟန်ခြေဟန်ဖြင့် ရိုးရိုးဆက်သွယ်နည်း သင်ကြားခဲ့ဖူးသည့် ဒေါက်တာ ဒေးဗစ် ပရဲမာ့ခ်က ဤသို့ကောက်ချက်ချသည်– “လူ့ဘာသာစကားသည် လူတစ်ဦး ရှင်းပြနိုင်သည်ထက် စွမ်းအားသာလွန်ထက်မြက်သောကြောင့် ဆင့်ကဲဖြစ်စဉ်သီအိုရီအဖို့ ကြီးစွာအကျပ်ရိုက်မှုတစ်ရပ်ဖြစ်သည်။”

‘လူသားများသည် အကြံအစည်နှင့် ခံစားချက်များကို ဆက်သွယ်ပြောဆိုနိုင်သည့်၊ မေးမြန်းစုံစမ်း တုံ့ပြန်ဖြေကြားနိုင်သည့် ဤအံ့ဖွယ်အစွမ်း အဘယ်ကြောင့်ရှိရသနည်း’ ဟူ၍ ကျွန်ုပ်တို့ ဆင်ခြင်သုံးသပ်မိပေမည်။ ဘာသာစကားနှင့် ဘာသာဗေဒဆိုင်ရာ စွယ်စုံကျမ်းက “[လူ့] စကားသည် တစ်မူထူးခြားသည်” ဟုဖော်ပြပြီးနောက် “ဘာသာစကားနှင့် စကားပြောဆိုခြင်းကို တိရစ္ဆာန်အမူအကျင့်များမှ တသီးတခြားဖြစ်အောင် ခွဲခြားထားသော ကြီးမားလှသည့်ချောက်ကမ်းပါးကို ပေါင်းကူးရန်အားထုတ်ရာ၌ တိရစ္ဆာန်ဆက်သွယ်မှု ရှေ့ပြေးအရိပ်အယောင် ရှာဖွေခြင်းသည် အကျိုးမရှိ” ဟုဝန်ခံထားသည်။ ပါမောက္ခ လုဒ်ဝစ်ဂ် ကိုအဲလာက ခြားနားချက်ကို ဤသို့အကျဉ်းချုံးဖော်ပြလိုက်သည်– “လူ့စကားသည် လျှို့ဝှက်နက်နဲသည်။ ဘုရားပေးသောဆု၊ အံ့ဖွယ်တစ်ပါးဖြစ်သည်။”

လူဝံတစ်ကောင် လက်ဟန်ခြေဟန်အသုံးပြုခြင်းနှင့် ကလေးတစ်ယောက်၏ ရှုပ်ထွေးသည့်ဘာသာစကားစွမ်းရည်သည် မည်မျှကွာခြားလိုက်လေခြင်း! ဆာ အက္ကဲလ်ဇ်က ကျွန်ုပ်တို့အများစု သိမြင်ကြသောအချက်ဖြစ်သည့် “၃-နှစ်သားကလေးများပင် သူတို့၏ပတ်ဝန်းကျင်လောကအကြောင်း သိမြင်စူးစမ်းလိုသည့်ဆန္ဒဖြင့် မေးခွန်းတရစပ်မေးတတ်သည့်” စွမ်းရည်ကို ရည်ညွှန်းဖော်ပြခဲ့သည်။ “လူဝံတို့မူကား မေးခွန်းမမေးတတ်ပါ” ဟူ၍ သူက ထပ်လောင်းပြောဆိုသည်။ မှန်ပါ၏၊ လူတို့သာလျှင် လူ့ဘဝအဓိပ္ပာယ်နှင့်ပတ်သက်သော မေးခွန်းများအပါအဝင် မေးခွန်းများစွာထုတ်တတ်ကြသည်။

မှတ်ဉာဏ်နှင့် အခြားအခြားသောအရာများ!

မှန်ကြည့်လိုက်သည့်အခါ ငယ်စဉ်က သင့်ရုပ်ရည်မည်သို့ရှိခဲ့ကြောင်း စဉ်းစားမိပြီး ၎င်းကို အသက်ပိုကြီးလာသည့်အခါ ရှိလာမည့်ရုပ်ရည်နှင့်လည်းကောင်း၊ အလှပြင်ခြယ်သပြီနောက် ရှိလာမည့်ရုပ်ရည်နှင့်လည်းကောင်း နှိုင်းယှဉ်ကြည့်ကောင်းကြည့်မိပေမည်။ ဤအတွေးများသည် မရည်ရွယ်ဘဲ အလိုအလျောက် ပေါ်လာနိုင်သည်၊ သို့သော် အလွန်ထူးခြားသော အရာတစ်ခု၊ မည်သည့်တိရစ္ဆာန်မျှ မခံစား မတွေ့ကြုံနိုင်သည့် အရာတစ်ခု ဖြစ်ပေါ်လာနေခြင်းပင်။

လတ်တလော လိုအပ်ချက်များကိုသာ အရေးထား ပြုမူတတ်ကြသည့် တိရစ္ဆာန်များနှင့်မတူဘဲ လူသားများသည် အတိတ်အကြောင်းကိုတွေးတောပြီး အနာဂတ်အတွက် အစီအစဉ်ရေးဆွဲနိုင်ကြသည်။ ဤသို့ပြုလုပ်နိုင်ရခြင်း၏ အဓိကအချက်မှာ ဦးနှောက်၏ အကန့်အသတ်မရှိသလောက်ဖြစ်သည့် မှတ်ဉာဏ်စွမ်းပကားကြောင့်ပင်ဖြစ်သည်။ တိရစ္ဆာန်များ၌ မှတ်ဉာဏ်အတော်အသင့်ရှိကြသဖြင့် အိမ်ပြန်တတ်သည်၊ အစာရေစာရှိမည့်နေရာကို မှတ်မိနိုင်သည်။ လူ့မှတ်ဉာဏ်မှာမူ ထိုထက်ကောင်းသည်။ သိပ္ပံပညာရှင်တစ်ဦးက ကျွန်ုပ်တို့၏ဦးနှောက်သည် “ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်များရှိ စာအုပ်အတွဲပေါင်း သန်းနှစ်ဆယ်ခန့်ဆံ့သည့်” သတင်းအချက်အလက်များကို သိမ်းဆည်းနိုင်သည်ဟု ခန့်မှန်းခဲ့သည်။ နဗ်ကြောသိပ္ပံပညာရှင်အချို့က ပျမ်းမျှသက်တမ်းအတွင်း လူတစ်ဦးသည် အလားအလာရှိသော ဦးနှောက်စွမ်းပကား၏ ၁ ရာခိုင်နှုန်း၏ ၁/၁၀၀ (.၀၀၀၁) မျှကိုသာအသုံးပြုသည်ဟု ခန့်မှန်းကြသည်။ သင့်အနေဖြင့် ‘သာမန်သက်တမ်းတစ်ခုအတွင်း တစ်စိတ်တစ်ပိုင်းမျှကိုပင် အသုံးမပြုလိုက်ရသည့် ဤမျှများပြားသည့် စွမ်းပကားနှင့်ပြည့်ဝသော ဦးနှောက်တစ်ခုကို ကျွန်ုပ်တို့အဘယ်ကြောင့် ပိုင်ဆိုင်ထားရသနည်း’ ဟူ၍မေးပေမည်။

ကျွန်ုပ်တို့၏ဦးနှောက်သည် စူပါကွန်ပျူတာတစ်လုံးကဲ့သို့ သတင်းအချက်အလက်များကို သိုလှောင်သိမ်းဆည်းသည့် ဧရာမနေရာတစ်ခုမျှလည်း မဟုတ်ပါ။ ဇီဝဗေဒပါမောက္ခ ရောဘတ် သြောင်စတိုင်းနှင့် ရစ်ချတ် အက်ဖ်. သောမ်ဆင်တို့က ဤသို့ရေးသားခဲ့သည်– “လူ့ဦးနှောက်၏ သင်ယူခြင်းစွမ်းရည်—သတင်းအချက်အလက်များကို သိုလှောင်ခြင်းနှင့်မှတ်မိခြင်း—သည် ဇီဝဗေဒနယ်ပယ်တွင် အလွန့်အလွန်ထူးဆန်းသည်။ ကျွန်ုပ်တို့အား လူသားဆန်စေသည့် ဘာသာစကား၊ စဉ်းစားတွေးခေါ်မှု၊ အသိပညာ၊ ယဉ်ကျေးမှု အစရှိသည်တို့သည် ဤထူးခြားလှသည့် စွမ်းပကားကြောင့်ဖြစ်သည်။”

ထို့အပြင် သင်၌ အသိစိတ်ရှိသည်။ ဤဖော်ပြချက်သည် အခြေခံကျပုံရှိသော်လည်း သင့်အား အမှန်တကယ်ထူးခြားစေသည့်အရာတစ်ခုကို အကျဉ်းချုပ်ဖော်ပြသည်။ စိတ်ဟူသည်မှာ “အသိဉာဏ်၊ ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ အမြော်အမြင်၊ သတိပြုမိခြင်းနှင့် ကိုယ့်ကိုယ်ကိုသိခြင်းတို့ ကိန်းအောင်းတည်ရှိရာ၊ ခွဲခြားဖော်ပြ၍မရသည့် အမှန်ရှိသောအရာ” ဟူ၍ သရုပ်ဖော်ကြသည်။ မြစ်ချောင်းတို့သည် ပင်လယ်ထဲသို့ စီးဝင်ကြသကဲ့သို့ မှတ်မိရာများ၊ အတွေးစိတ်ကူး၊ ပုံရိပ်၊ အသံနှင့် ခံစားချက်တို့သည် ကျွန်ုပ်တို့၏စိတ်ထဲ အမြဲပေါ်လာလျက် စိတ်ကိုဖြတ်သန်းစီးဆင်းကြသည်။ အသိစိတ်ဆိုသည်မှာ “လူတစ်ဦး၏စိတ်ထဲတွင် ဖြတ်သန်းသွားသည့်အရာကို သိရှိခြင်း” ဖြစ်သည်ဟု အနက်ဖွင့်ဆိုချက်တစ်ခုကဆိုသည်။

ခေတ်သစ် သုတေသီတို့သည် ဦးနှောက်၏ ရုပ်ပိုင်းဖွဲ့စည်းပုံနှင့် ၎င်းအတွင်းဖြစ်ပျက်သည့် လျှပ်စစ်ဓာတုဖြစ်စဉ်များအကြောင်းကို များစွာသိရှိလာကြပြီ။ အဆင့်မြင့် ကွန်ပျူတာတစ်လုံး၏ လျှပ်စစ်ပတ်လမ်းနှင့် လုပ်ဆောင်ပုံအကြောင်းကိုလည်း ရှင်းပြနိုင်ကြသည်။ သို့ရာတွင်၊ ဦးနှောက်နှင့်ကွန်ပျူတာတို့သည် အကြီးအကျယ် ခြားနားကြသည်။ သင့်ဦးနှောက်အားဖြင့် သင်သည် အသိစိတ်ရှိပြီး သင်တည်ရှိကြောင်းကို သိရှိသော်လည်း ကွန်ပျူတာမူကား ထိုသို့မဟုတ်ပေ။ အဘယ်ကြောင့် ကွာခြားရသနည်း။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျွန်ုပ်တို့၏ဦးနှောက်အတွင်းရှိ ရုပ်ပိုင်းဖြစ်စဉ်များမှ အသိစိတ်သည် အဘယ်သို့နှင့် အဘယ်ကြောင့် ဖြစ်ပေါ်လာရခြင်းမှာ ဆန်းကြယ်မှုတစ်ရပ်ဖြစ်သည်။ “ဤအကြောင်းကို မည်သည့်သိပ္ပံပညာကမျှ ရှင်းပြနိုင်မည်မဟုတ်” ဟူ၍ နဗ်ကြောဇီဝဗေဒပညာရှင်တစ်ဦးက ပြောဆိုခဲ့သည်။ “လူသားတစ်ဦးတွင် အသိစိတ်ရှိသည်ဟုဆိုရာ၌ အဘယ်အရာကို အတိအကျဆိုလိုသနည်း ဟူသောမေးခွန်းမှာ သိပ္ပံပညာနယ်ပယ်တွင် မည်သို့မေးရမည်ကိုပင် ကျွန်ုပ်တို့မသိသော အဓိကမေးခွန်းဖြစ်သည်” ဟု ပါမောက္ခ ဂျိမ်း ထရေဖီးလ်ကလည်း ထင်မြင်ချက်ပေးခဲ့သည်။ အကြောင်းရင်းတစ်ခုမှာ သိပ္ပံပညာရှင်တို့သည် ဦးနှောက်ကိုအသုံးပြုပြီး ဦးနှောက်အကြောင်းနားလည်ရန် ကြိုးပမ်းနေကြခြင်းပင်ဖြစ်သည်။ ဦးနှောက်၏ဇီဝကမ္မဗေဒကို လေ့လာရုံမျှဖြင့် မလုံလောက်သေးပါ။ အသိစိတ်သည် “လူ့ဘဝ၏ အသိမ်မွေ့ဆုံး၊ အဆန်းကြယ်ဆုံးအရာတစ်ခုဖြစ်သော်လည်း ဦးနှောက်အကြောင်းတစ်ခုတည်းကို သိရှိရုံမျှနှင့် ဤဆန်းကြယ်မှုကို ဖြေရှင်းနိုင်ဖွယ်မရှိ” ကြောင်း ဒေါက်တာ ဒေးဗစ် ချားမားဇ်က ထင်မြင်ချက်ပေးခဲ့သည်။

သို့ပင်ငြားလည်း ကျွန်ုပ်တို့တစ်ဦးစီသည် အသိစိတ်ရှိကြသည်။ သာဓကအနေဖြင့် အတိတ်ဖြစ်ရပ်များနှင့်ပတ်သက်၍ ကွက်ကွက်ကွင်းကွင်း မြင်ယောင်သည့် အမှတ်တရများသည် ကွန်ပျူတာတွင် သိုလှောင်ထားသော သတင်းအချက်အလက်များနှင့် မတူပါ။ ကျွန်ုပ်တို့သည် အတွေ့အကြုံများကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာထုတ်ယူ၍ ကျွန်ုပ်တို့၏အနာဂတ်ကို ပုံသွင်းဖန်တီးရန် အသုံးပြုနိုင်ကြသည်။ အနာဂတ်အတွက် စိတ်ကူးကြံစည်ထားရာများကို ဆင်ခြင်သုံးသပ်ပြီး ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို အကဲဖြတ်နိုင်စွမ်းရှိသည်။ ကျွန်ုပ်တို့သည် ခွဲခြမ်းစိတ်ဖြာတတ်သော၊ ဖန်တီးတတ်သော၊ လေးမြတ်တန်ဖိုးထားတတ်သော၊ မြတ်နိုးတတ်သောစွမ်းရည် ရှိကြသည်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အကြောင်းများကို မြိန်ရေရှက်ရေ စကားလက်ဆုံပြောဆိုနိုင်သည်။ ကျွန်ုပ်တို့၌ အမူအကျင့်နှင့်ပတ်သက်သော ကျင့်ဝတ်တန်ဖိုးများရှိပြီး လက်ငင်းအကျိုးပြုသော၊ သို့မဟုတ် မပြုသော ဆုံးဖြတ်ချက်များချရာတွင် ယင်းတို့ကို အသုံးပြုနိုင်ကြသည်။ ကျွန်ုပ်တို့သည် သုခုမအနုပညာနှင့် အကျင့်သိက္ခာတို့၏ လှပတင့်တယ်မှုကို စွဲမက်ခုံမင်တတ်ကြသည်။ ကျွန်ုပ်တို့၏စိတ်ထဲတွင် အကြံအစည်များကို ပုံဖော်၍ မွမ်းမံနိုင်သည့်အပြင် ယင်းတို့ကို အကောင်အထည်ဖော်လိုက်လျှင် အခြားသူများ မည်သို့တုံ့ပြန်လာမည်ကိုပါ မှန်းဆနိုင်ကြသည်။

ဤအခြေခံအကြောင်းများက လူသားများကို ကမ္ဘာပေါ်ရှိ အခြားသက်ရှိပုံစံများနှင့် ကွဲပြားခြားနားစေသည့် သိစိတ်ကိုဖြစ်ပေါ်စေသည်။ ခွေးတစ်ကောင်၊ ကြောင်တစ်ကောင်၊ သို့မဟုတ် ငှက်တစ်ကောင်က မှန်ကိုကြည့်ပြီး မိမိနှင့်အမျိုးတူ အခြားတစ်ကောင်ကောင်ကို တွေ့သကဲ့သို့ တုံ့ပြန်တတ်ကြသည်။ သို့သော် သင်မှန်ကြည့်သည့်အခါ သင်သည် အထက်ဖော်ပြပါ အစွမ်းအစများရှိသော သက်ရှိတစ်ဦးဖြစ်သည်ကို သိရှိပေသည်။ ‘လိပ်အချို့သည် အနှစ် ၁၅၀၊ သစ်ပင်အချို့သည် အနှစ် ၁,၀၀၀ ကျော် အသက်ရှင်ကြသော်လည်း အသိဉာဏ်ရှိသောလူသားတစ်ဦးမှာမူ အနှစ် ၁၀၀ အသက်ရှင်လျှင် အဘယ်ကြောင့် သတင်းထူးဖြစ်ရသနည်း’ အစရှိသည့် စဉ်းစားရခက်သောအကြောင်းများကို စဉ်းစားနိုင်သည်။ ဒေါက်တာ ရစ်ချတ် ရက်စ်တက္ခက ဤသို့ဆိုသည်– “လူ့ဦးနှောက်တစ်ခုတည်းသာလျှင် မိမိ၏လုပ်ဆောင်မှုကို ပြန်လည်ခြုံငုံသုံးသပ်ပြီး သာလွန်ထူးကဲမှု အထိုက်အလျောက် ရရှိသည်။ အမှန်မှာ၊ ကျွန်ုပ်တို့၏အကြံအစည်ကို ပြန်လည်စစ်ဆေးပြီး ပြုပြင်နိုင်စွမ်းရှိခြင်းသည် ကမ္ဘာပေါ်ရှိ အခြားသတ္တဝါအားလုံးနှင့် ကျွန်ုပ်တို့ကို ကွဲပြားခြားနားစေသည့်အရာပင်ဖြစ်သည်။”

လူ့အသိစိတ်သည် လူအချို့ကို ဝေခွဲမရဖြစ်စေသည်။ ဘဝတက်လမ်း စာအုပ်က ဇီဝဗေဒ ရှင်းလင်းချက်သက်သက်ကို ပို၍နှစ်သက်သော်လည်း ဤသို့ဝန်ခံထားသည်– “ရှုံးသူတို့အဖို့ ထိတ်လန့်ဖွယ် ဆုံးရှုံးမှုများပေါ်စေသည့် ကံစမ်းကစားခြင်းနှင့်ဆင်တူသော [ဆင့်ကဲ] ဖြစ်စဉ်တစ်ခုသည် အလှအပနှင့် အမှန်တရားကို မြတ်နိုးတတ်ခြင်း၊ ကရုဏာသက်တတ်ခြင်း၊ လွတ်လပ်မှုအပြင် အထူးသဖြင့် အဆုံးစွန်သွားလိုသော လူ့စိတ်ဓာတ် အစရှိသောအရည်အချင်းများ မည်သို့ဖြစ်ပေါ်လာနိုင်သနည်း ဟူ၍မေးသည့်အခါ ကျွန်ုပ်တို့ ဇဝေဇဝါ ဖြစ်သွားရသည်။ ဝိညာဉ်ရေးစွမ်းရည်များအကြောင်း နက်နက်နဲနဲ စဉ်းစားလေလေ ကျွန်ုပ်တို့ ပို၍ပို၍ အံ့သြရလေလေဖြစ်သည်။” အလွန်မှန်ကန်လှသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့ကို ဂရုစိုက်စောင့်ရှောက်သည့် အသိဉာဏ်ရှိသော ဒီဇိုင်းရေးဆွဲသူ၊ ဖန်ဆင်းရှင်တစ်ပါး ရှိကိုရှိရမည်ဟု လူအများ အဘယ်ကြောင့် ယုံကြည်လက်ခံရကြောင်း ရှင်းလင်းတင်ပြသည့် ကျွန်ုပ်တို့၏အသိစိတ်နှင့်ဆိုင်သော အထောက်အထားအနည်းငယ်မျှဖြင့် လူ၏ပြိုင်စံရှားမှုနှင့်ဆိုင်သည့် ကျွန်ုပ်တို့၏အမြင်ကို အပြီးသတ်တင်ပြနိုင်ပေမည်။

သုခုမအနုပညာနှင့် အလှအပ

“လူတို့သည် သုခုမအနုပညာကို အဘယ်ကြောင့် သဲကြီးမဲကြီး လိုက်စားကြသနည်း” ဟူ၍ ပါမောက္ခ မိုက်ကယ် လေတန်က ခေါက်ချိုးညီခြင်း၊ ကြောင်းကျိုးဆက်ခြင်း၊ စိတ် စာအုပ်တွင် မေးခွန်းထုတ်ထားသည်။ သူထောက်ပြသည့်အတိုင်းဆိုလျှင် လူအချို့က သင်္ချာကဲ့သို့သော စိတ်အလုပ်သည် လူသားတို့အား အကျိုးပြုသည်မှာ ရှင်းသော်လည်း သုခုမအနုပညာက မည်သို့အကျိုးပြုသနည်း ဟုဆိုကြပေမည်။ လေတန်က လူတို့သည် အနုပညာပြပွဲများနှင့် တေးဂီတဖျော်ဖြေပွဲများသို့ အလွန်ဝေးလံသည့်ခရီးကိုနှင်၍ သွားရောက်ကြခြင်းကို သာဓကပေး၍ သူ၏ဆိုလိုရင်းကို ရှင်းပြသည်။ မည်သည့်အတွင်းစိတ်အာရုံ ပတ်သက်နေသနည်း။ ထိုနည်းတူ၊ ကမ္ဘာတစ်ဝန်းရှိလူတို့သည် မိမိတို့၏နေအိမ်နံရံ၊ ရုံးခန်းနံရံများပေါ်တွင် ရှုချင်စဖွယ်ကောင်းသော ရုပ်ပုံများ၊ ပန်းချီကားများ ချိတ်ဆွဲလေ့ရှိကြသည်။ တေးဂီတအကြောင်းကိုလည်း စဉ်းစားကြည့်ပါဦး။ လူအများသည် နေအိမ်နှင့်ကားများတွင် တေးဂီတတစ်မျိုးမျိုးကို နားဆင်ရန် နှစ်သက်ကြသည်။ အဘယ်ကြောင့်နည်း။ တေးဂီတသည် တစ်ချိန်က ဆင့်ကဲအယူဆိုင်ရာ အသင့်တော်ဆုံးသာ ကြွင်းကျန်ရန် ထောက်ကူပေးခဲ့၍ မဟုတ်သည်မှာ သေချာပါသည်။ “သုခုမအနုပညာသည် လူသားမျိုးစိတ်၏ ဖွင့်ဆိုရှင်းလင်း၍မရနိုင်သော သဘာဝသရုပ်သဏ္ဌာန် ဖြစ်ဖွယ်ရှိသည်” ဟူ၍ လေတန်ကဆို၏။

သို့တစေ၊ သုခုမအနုပညာနှင့် အလှအပတို့ကို နှစ်သက်မွေ့လျော်တတ်ခြင်းသည် ကျွန်ုပ်တို့အား “လူသား” ဖြစ်သည်ဟူသောခံစားချက် ပေးသည့်အရာ၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း ကျွန်ုပ်တို့အားလုံး သိကြ၏။ တိရစ္ဆာန်တစ်ကောင်သည် တောင်ကုန်းတစ်ခုပေါ်တွင်ဝပ်လျက် အသွေးအရောင်စုံလင်လှသော မိုးကောင်းကင်ကို ကြည့်နေတတ်သော်လည်း အလှအပ၏ ဆွဲဆောင်မှုကြောင့် ငေးမောနေခြင်းဖြစ်သလော။ ကျွန်ုပ်တို့မူ တောက်ပသော နေရောင်အောက်တွင် တဖျတ်ဖျတ်လက်နေသည့် တောင်ကျချောင်းကိုကြည့်၍ အပူပိုင်းဒေသ မိုးသစ်တော၏ လှပဝေဆာမှုအမျိုးမျိုးအဖုံဖုံကို စူးစိုက်ကြည့်တတ်ကြ၏။ အုန်းပင်များ စီတန်းပေါက်ရောက်လျက်ရှိသော ပင်လယ်ကမ်းခြေကို ငေးမောတတ်ကြ၏။ သို့တည်းမဟုတ် မဟူရာကတ္တီပါ မိုးကောင်းကင်တစ်ခွင် ပြန့်ကျဲလျက် တလက်လက်တောက်ပနေသော ကြယ်များကိုကြည့်၍ အံ့သြမိန်းမောတတ်ကြ၏။ မကြာမကြာ စိုးရွံ့ထိတ်လန့်မိကြသည် မဟုတ်လော။ ဤကဲ့သို့သော အလှအပတို့သည် ကျွန်ုပ်တို့၏နှလုံးကို ကြွရွစေပြီး စိတ်ဓာတ်မြှင့်တက်ကြည်နူးစေ၏။ အဘယ်ကြောင့်နည်း။

အသက်ရှင်ရေးအတွက် စင်စစ်အားဖြင့် မည်မည်ရရ အရေးမပါလှသောအရာများကို အာသာငမ်းငမ်း တောင့်တသည့်ဇာတိစိတ် ကျွန်ုပ်တို့၌ အဘယ်ကြောင့်ရှိရသနည်း။ အလှအပကို တန်ဖိုးထားစိတ် အဘယ်ကလာသနည်း။ လူဖန်ဆင်းခံရစဉ်က ဤအရည်အချင်းများကို ထည့်သွင်းပေးသော ဖန်ဆင်းရှင်အား ထည့်သွင်းစဉ်းစားခြင်း မပြုပါက ဤမေးခွန်းများအတွက် ကျေနပ်ဖွယ်ကောင်းသောအဖြေ ရရှိမည်မဟုတ်ပေ။ ကိုယ်ကျင့်တရားအလှနှင့်ပတ်သက်၍လည်း ဤအတိုင်းပင်ဖြစ်၏။

ကိုယ်ကျင့်တရား တန်ဖိုးများ

အဆင့်အမြင့်ဆုံး အလှအပမှာ ကောင်းမှုပြုခြင်းဖြစ်ကြောင်း လူအများ အသိအမှတ်ပြုကြသည်။ သာဓကအားဖြင့်၊ နှိပ်စက်ညှဉ်းပန်းခံရစဉ် ကိုယ်ကျင့်တရားစောင့်ထိန်းခြင်း၊ သူတစ်ပါး၏ဒုက္ခသက်သာအောင် ကိုယ်ကျိုးမဖက် ဆောင်ရွက်ခြင်း၊ စိတ်နာစေသူကို ခွင့်လွှတ်ခြင်းတို့သည် နေရာတိုင်းရှိ စဉ်းစားတွေးခေါ်တတ်သူတို့၏ ကိုယ်ကျင့်တရားသိစိတ်နှင့်တွေ့သော လုပ်ရပ်များဖြစ်သည်။ ဤကား ရှေးဟောင်းသမ္မာကျမ်းစာ စကားပုံတစ်ခုတွင် ဖော်ပြထားသည့် အလှအပမျိုးပင်ဖြစ်သည်– “သတိပညာရှိသူသည် အမျက်ထွက်ရန် နှောင့်နှေးတတ်၏။ လွန်ကျူးမှုကို ဖြေလွှတ်ခွင့်လည်း သူ၏ဂုဏ် [အလှ၊ ကဘ] ဖြစ်၏။” သို့တည်းမဟုတ် အခြားစကားပုံတစ်ခု ဆိုသကဲ့သို့ “လူတွင် နှစ်သက်ဖွယ်ရာမှာ ကျေးဇူးပြုခြင်းတည်း။”—သုတ္တံ ၁၉:၁၁၊ ၂၂၊ သမ။

လူအချို့သာမက လူအုပ်စုအချို့ကပင် မြင့်မြတ်သော ကိုယ်ကျင့်တရားများကို လျစ်လျူရှုတတ်ကြောင်း၊ မလေးမခန့်ပြုတတ်ကြောင်း၊ သို့သော် အများထုကမူ ထိုသို့မဟုတ်ကြောင်း ကျွန်ုပ်တို့အားလုံး သိကြသည်။ အရပ်ဒေသတိုင်းနှင့် အချိန်ကာလတိုင်း ဆိုရမလောက်တွင် တွေ့ရှိရသော ကိုယ်ကျင့်တရားတန်ဖိုးများသည် အဘယ်ပင်ရင်းမှ ဆင်းသက်လာသနည်း။ ကိုယ်ကျင့်တရားဆိုင်ရာပင်ရင်း၊ ဖန်ဆင်းရှင် မရှိပါက အမှားအမှန်တို့သည် လူထု၊ လူ့အဖွဲ့အစည်းမှ ဖြစ်ပေါ်လာရာသက်သက်လော။ သာဓကတစ်ခုကို စဉ်းစားကြည့်ပါ။ လူအများနှင့် လူအုပ်စုအများက လူ့အသက်သတ်ခြင်းသည် မှားသည်ဟုယူဆကြသည်။ သို့သော် ‘ဘာနဲ့နှိုင်းယှဉ်ပြီး မှားတာလဲ’ ဟုမေးနိုင်ပေသည်။ ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအနေနှင့် ကိုယ်ကျင့်တရားသိစိတ်ရှိပြီး ယင်းကို တိုင်းနိုင်ငံအများ၏ တရားဥပဒေထဲ ရေးဆွဲပြဋ္ဌာန်းခဲ့သည်မှာ ထင်ရှားပါသည်။ ဤကိုယ်ကျင့်တရားစံနှုန်း၏ ပင်ရင်းကား အဘယ်နည်း။ လူသားတို့တွင် ကိုယ်ကိုကိုယ်သိသောစိတ်၊ သို့မဟုတ် ကျင့်ဝတ်သိစိတ်ကို ထည့်သွင်းပေးတော်မူသည့် ကိုယ်ကျင့်တရားတန်ဖိုးများရှိသည့် အသိဉာဏ်ရှိသော ဖန်ဆင်းရှင်ပင် မဖြစ်နိုင်သလော။—ရောမ ၂:၁၄၊ ၁၅ နှိုင်းယှဉ်။

သင်သည် အနာဂတ်အတွက် တွေးတောပြီး အစီအစဉ်ဆွဲနိုင်၏

လူ့အသိစိတ်၏ အခြားအသွင်အပြင်တစ်ခုမှာ အနာဂတ်ကို စဉ်းစားမြော်မြင်နိုင်စွမ်းပင်ဖြစ်သည်။ လူတို့၌ တိရစ္ဆာန်တို့နှင့် မတူသော ထူးခြားချက်များ ရှိသလောဟု မေးမြန်းခံရသောအခါ ပါမောက္ခ ရစ်ချတ် ဒေါကင်စ်က လူ၌တစ်မူထူးခြားသည့် အရည်အချင်းများ အမှန်ပင်ရှိကြောင်း ဝန်ခံခဲ့သည်။ ဒေါကင်စ်က “တွေးခေါ်မြော်မြင်မှုကိုသုံးလျက် ရှေ့ရေးအတွက် ကြို၍အစီအစဉ်ဆွဲနိုင်သည့်စွမ်းရည်” အကြောင်းဖော်ပြပြီးနောက် ဤသို့ထပ်ဆင့်ပြောကြားခဲ့သည်– “ဆင့်ကဲဖြစ်စဉ်တွင် ရေတိုအကျိုးလောက်သာ အရေးပါပြီး ရေရှည်အကျိုးမှာ လုံးဝအရေးမပါချေ။ လူတစ်ဦး၏ လတ်တလော ရေတိုကောင်းကျိုးကို ထိခိုက်ပျက်စီးစေသည့် အရာတစ်ခုသည် မည်သည့်အခါမျှ ဆင့်ကဲဖြစ်ပေါ်မလာနိုင်ပါ။ ယခုကျမှ ပထမဆုံးအကြိမ်အဖြစ် ယုတ်စွအဆုံး လူအချို့က ‘ဒီသစ်တောကို ခုတ်ထွင်လိုက်လို့ ရေတိုအကျိုးအမြတ် ရနိုင်တာကို မေ့ပစ်လိုက်ပါ။ ရေရှည်အကျိုးကို ထည့်စဉ်းစားပါဦး’ ဟုပြောနိုင်ကြပြီ။ ဤမြော်မြင်တတ်မှုသည် အမှန်ပင် ထူးခြားသည့်အသစ်အဆန်းဖြစ်သည်ဟု ကျွန်ုပ်ယူဆသည်။”

ရေရှည်စီမံကိန်းအတွက် သတိရှိရှိဆောင်ရွက်တတ်သော လူသားတို့၏စွမ်းရည်သည် ပြိုင်စံရှားကြောင်း အခြားသုတေသီများက အတည်ပြုကြသည်။ “တိရစ္ဆာန်တို့သည် ပင်ကိုအသိဖြင့် ဆောင်းအတွက် ရိက္ခာစုဆောင်းသိုလှောင်ခြင်းနှင့် မိတ်လိုက်ခြင်းတို့မှအပ အနာဂတ်အတွက် မိနစ်အနည်းငယ်ကြို၍ အစီအစဉ်ပြုလုပ်တတ်သည့် သက်သေအထောက်အထား မရှိသည်မှာ အံ့ဩစရာကောင်းလှသည်” ဟု နဗ်ကြောဇီဝကမ္မဗေဒပညာရှင် ဝီလျမ် အိတ်ချ်. ကယ်လ်ဗင်က ဖော်ပြသည်။ တိရစ္ဆာန်တို့သည် ဆောင်းကာလမတိုင်မီ ရိက္ခာစုဆောင်းတတ်ကြသော်လည်း အသေအချာစဉ်းစားပြီး အစီအစဉ်ပြုလုပ်သည်မဟုတ်။ လူသားတို့မူကား အနာဂတ်အတွက်၊ ဝေးလံသည့်အနာဂတ်အတွက်ပင် စဉ်းစားတွေးတောတတ်ကြသည်။ သိပ္ပံပညာရှင်အချို့က ယခုမှစ၍ နှစ်ပေါင်းဘီလီယံများစွာကြာလျှင် စကြဝဠာ မည်သို့ဖြစ်ပျက်မည့်အကြောင်း စဉ်းစားတွေးတောကြသည်။ လူသည် တိရစ္ဆာန်တို့နှင့် လွန်စွာကွာခြားလျက် အနာဂတ်အတွက် စဉ်းစား၍ အစီအစဉ်ရေးဆွဲနိုင်သည်မှာ အဘယ်ကြောင့်နည်းဟု သင်စဉ်းစားဖူးပါသလော။

လူသားများနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ‘[ဖန်ဆင်းရှင်သည်] လူစိတ်နှလုံးကိုလည်း အနန္တကြာမြင့်သောကာလ၌ စွဲလမ်းစေတော်မူပြီ’ ဟူ၍ဆိုသည်။ စံတင်ဘာသာပြန်ကျမ်း က “ကိုယ်တော်သည် ထာဝရကို လူ၏စိတ်ထဲ၌ ထည့်သွင်းတော်မူ၏” ဟူ၍ပြန်ဆိုသည်။ (ဒေသနာ ၃:၁၁) ကျွန်ုပ်တို့သည် ဤတစ်မူထူးသောစွမ်းရည်ကို သာမန်အလုပ်ဖြစ်သည့် မှန်ကြည့်ပြီး နောက် ၁၀ နှစ်၊ သို့မဟုတ် အနှစ် ၂၀ ကြာလျှင် အဘယ်ရုပ်သွင်ပေါက်မည်အကြောင်း စဉ်းစားရာ၌ပင် နေ့စဉ်နှင့်အမျှ အသုံးပြုကြသည်။ အချိန်နှင့်အာကာသတို့၏ အဆုံးအစမရှိခြင်းကဲ့သို့သော အယူအဆများကို တဒင်္ဂမျှ စဉ်းစားလိုက်ရုံနှင့် ဒေသနာ ၃:၁၁ ၏အဆိုမှန်ကန်ကြောင်း ကျွန်ုပ်တို့ အတည်ပြုကြသည်။ ကျွန်ုပ်တို့၌ ဤစွမ်းရည်ရှိခြင်းကိုယ်နှိုက်က ဖန်ဆင်းရှင်သည် “ထာဝရကို လူ၏စိတ်ထဲ၌ ထည့်သွင်းတော်မူ၏” ဟူသောအဆိုနှင့် ညီညွတ်ပေသည်။

ဖန်ဆင်းရှင်ထံ ဆွဲဆောင်ခံရခြင်း

သို့ရာတွင်၊ လူအများသည် အလှအပကိုခံစားခြင်း၊ လူလူချင်းကို ကောင်းမှုပြုခြင်း၊ အနာဂတ်အတွက် စဉ်းစားခြင်းတို့ဖြင့် ကျေနပ်မှုအပြည့်အဝ မရရှိကြချေ။ “ထူးဆန်းသည်မှာ ကျွန်ုပ်တို့သည် ချစ်ခင်ခံရသည်ဟုခံစားရသည့် အပျော်ဆုံးနှင့် မြတ်နိုးစရာအကောင်းဆုံး အခိုက်အတန့်လေး၌ပင် တစ်ခုခုလိုအပ်နေသည်ဟု ခံစားရလေ့ရှိကြသည်။ ထိုထက်မကလိုချင်သော်လည်း အဘယ်အရာ လိုချင်ကြောင်းကို မသိကြချေ” ဟုပါမောက္ခ စီ. စတီဖင် အီဗန်စ်ကဖော်ပြသည်။ မှန်ပါသည်၊ သတိရှိသောလူသားများသည် ဤကမ္ဘာဂြိုဟ်ပေါ် အတူတကွ မှီတင်းနေထိုင်ကြသော တိရစ္ဆာန်များနှင့်မတူဘဲ လိုအပ်ချက် နောက်တစ်မျိုးရှိကြောင်း ခံစားရကြသည်။

“ဘာသာတရားသည် လူ့သဘာဝတွင် နက်ရှိုင်းစွာအမြစ်တွယ်လျက်ရှိပြီး စီးပွားရေးအခြေအနေနှင့် ပညာရေးနောက်ခံ အဆင့်အသီးသီးတွင် တည်ရှိသည်။” ဤကား လူ့ဝိညာဉ်ရေးသဘာဝ စာတမ်းတွင် ပါမောက္ခ အယ်လစ္စတာ ဟာဒီ တင်သွင်းသည့် သုတေသနပြုချက်၏ အကျဉ်းချုပ် ဖော်ပြချက်ဖြစ်သည်။ ဤအချက်က လူ၌ ဘုရားသခင်ကိုသိသောစိတ် ရှိသည်ဟူသော အခြားလေ့လာချက် အမြောက်အမြားက သက်သေထူပြီးသောအချက်ကို အတည်ပြုသည်။ လူတစ်ဦးချင်းအနေနှင့် ဘုရားမဲ့ဝါဒီများ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တစ်မျိုးသားလုံးအနေနှင့် ထိုသို့မဖြစ်ကြချေ။ “ဘာသာရေးအရ ဘဝအဓိပ္ပာယ်ကို ရှာဖွေခြင်းသည် . . . လူသားပေါ်ထွန်းချိန်မှစ၍ ယဉ်ကျေးမှုအသီးသီးနှင့် ခေတ်ကာလအသီးသီးတွင် တွေ့မြင်နေကျ အဖြစ်အပျက်ဖြစ်သည်” ဟူ၍ ဘုရားသခင်သည် တစ်ခုတည်းသော အရှိတရားလော စာအုပ်က ဖော်ပြသည်။

မွေးရာပါဟုယူမှတ်ရသည့် ဘုရားသခင်ကိုသိသော အသိစိတ်သည် အဘယ်မှလာသနည်း။ လူသည် နျူကလီအစ်အက်ဆစ်နှင့် ပရိုတင်းမော်လီကျူးများ မတော်တဆ စုဝေးထားရာမျှသာဖြစ်ပါက ၎င်းမော်လီကျူးများသည် သုခုမအနုပညာနှင့် အလှအပကို ခုံမင်မြတ်နိုးတတ်ခြင်း၊ ဘာသာတရားကိုင်းရှိုင်းတတ်ခြင်း၊ အဆုံးမဲ့ကာလကိုစွဲလမ်းတတ်ခြင်း အဖြစ်သို့ အဘယ်ကြောင့် ဖွံ့ဖြိုးတိုးတက်လာသနည်း။

လူ့ဘဝအကြောင်း ဆင့်ကဲဖြစ်စဉ် ရှင်းလင်းချက်သည် “အရေးအကြီးဆုံးသော ကဏ္ဍရပ်တွင် အရေးနိမ့်နေသည်။ ကျွန်ုပ်တို့တစ်ဦးစီသည် ကိုယ့်ကိုယ်ကို သိတတ်စိတ်ရှိသော ပြိုင်စံရှားပုဂ္ဂိုလ်များအနေနှင့် တည်ရှိနေရခြင်းကို ဆင့်ကဲဖြစ်စဉ်က ဖြေရှင်းမပေးနိုင်” ကြောင်း ဆာ ဂျွန် စီ. အက္ကဲလ်လီစ်က ကောက်ချက်ချသည်။ ကျွန်ုပ်တို့ဦးနှောက်နှင့်စိတ်၏ လုပ်ဆောင်ပုံအကြောင်း လေ့လာဆည်းပူးလေလေ အသိစိတ်ရှိစွာ လူတည်ရှိနေခြင်းသည် ကျွန်ုပ်တို့ကို ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိခြင်း၏ သက်သေအထောက်အထားပင်ဖြစ်ကြောင်း သန်းပေါင်းများစွာသောလူများ အဘယ်ကြောင့် ကောက်ချက်ချကြသည်ကို ပို၍လွယ်ကူစွာ သဘောပေါက်နိုင်လေလေဖြစ်သည်။

နောက်အခန်းတွင် လူတန်းစားအလွှာပေါင်းစုံမှလူတို့က ယုတ္တိရှိသော ဤကောက်ချက်သည် ကျွန်ုပ်တို့ အဘယ်ကြောင့် ဤလောကတွင် ရောက်ရှိနေရသနည်း၊ ကျွန်ုပ်တို့ ဘယ်ဆီကိုသွားနေကြသနည်း ဟူသော အရေးကြီသည့်မေးခွန်းများအတွက် ကျေနပ်ဖွယ်ကောင်းသောအဖြေ ရရှိရေးအတွက် အခြေခံအုတ်မြစ်ချပေးကြောင်း အဘယ်ကြောင့် တွေ့မြင်လာကြသည်ကို သိရှိရပေမည်။

[စာမျက်နှာ ၅၁ ပါ လေးထောင့်ကွက်]

စစ်တုရင်ချန်ပီယံနှင့် ကွန်ပျူတာပြိုင်ပွဲ

ဒိဘလူး (Deep Blue) ခေါ် အဆင့်မြင့် ကွန်ပျူတာက ကမ္ဘာ့စစ်တုရင်ချန်ပီယံကို အနိုင်ရလိုက်သည့်အခါ “ဒိဘလူး၌ ဦးနှောက် ရှိကိုရှိရမည်ဟု ကောက်ချက်ချရန် ကျွန်ုပ်တို့ အကျပ်ကိုင်ခံရသည်မဟုတ်လော” ဟူသောမေးခွန်း ပေါ်ပေါက်လာသည်။

ယေးလ် တက္ကသိုလ်မှ ပါမောက္ခ ဒေးဗစ် ဂဲလန်တာက “မရှိပါ။ ဒိဘလူးသည် စက်တစ်လုံးမျှသာဖြစ်၏။ ပန်းအိုးတစ်လုံး၌ ဦးနှောက်မရှိသကဲ့သို့ ဒိဘလူး၌ ဦးနှောက်မရှိပါ။ . . . အဓိကဆိုလိုရင်းမှာ လူသားတို့သည် စက်တီထွင်သူ ချန်ပီယံများဖြစ်ကြ၏” ဟုဖြေကြားခဲ့သည်။

ပါမောက္ခ ဂဲလမ်တာက ဤအဓိကကွာခြားချက်ကို ထောက်ပြသည်– “ဦးနှောက်သည် ကိုယ့်ကိုယ်ကိုသိသောစက်တစ်လုံးဖြစ်သည်။ ဦးနှောက်ဖြင့် စိတ်ကူးယဉ်လောကအမျိုးမျိုးကို ဖန်တီးပုံဖော်နိုင်သော်လည်း ကွန်ပျူတာမူ ထိုသို့မပြုလုပ်နိုင်ချေ။”

“လူနှင့် [ကွန်ပျူတာ] အကြားရှိ ချောက်ကမ်းပါးသည် မည်သည့်အခါမျှ ရင်ကြားမစေ့နိုင်သော ထာဝရချောက်ကမ်းပါးဖြစ်သည်။ စက်များသည် လူ့ဘဝကို ပို၍သက်သောင့်သက်သာရှိအောင်၊ ပို၍ကျန်းမာအောင်၊ ပို၍စိတ်ဝင်စားဖွယ်ကောင်းအောင်၊ ပို၍နားလည်ရခက်အောင် အဆက်မပြတ် ဖန်တီးပေးသွားမည်ဖြစ်သည်။ လူသားတို့မူကား ဆက်လက်၍ သူတို့အစဉ်ထာဝရ ဂရုစိုက်ခဲ့ကြသည့် မိမိကိုယ်ကို၊ လူအချင်းချင်းကို၊ လူအများတို့သည် ဘုရားသခင်ကို ဂရုစိုက်သွားကြမည်ဖြစ်သည်။ ဤကိစ္စများနှင့်ပတ်သက်၍ စက်တို့သည် တစ်ခါမျှ မထူးခြားခဲ့ချေ။ ထူးခြားလိမ့်မည်လည်းမဟုတ်ပေ” ဟူ၍ သူကောက်ချက်ချခဲ့သည်။

[စာမျက်နှာ ၅၃ ပါ လေးထောင့်ကွက်]

စူပါကွန်ပျူတာ ညီမျှခြင်း ခရုပက်ကျိ

“ယခုခေတ် ကွန်ပျူတာများသည် မြင်ခြင်း၊ စကားပြောခြင်း၊ ရွေ့ရှားခြင်း သို့မဟုတ် သာမန်အသိဉာဏ် အသုံးပြုခြင်းစသော စွမ်းရည်တို့၌ လေးနှစ်အရွယ် လူသားတစ်ဦးကိုပင် မမီချေ။ ဤသို့ဖြစ်ရသည့် အကြောင်းရင်းတစ်ခုမှာ တွက်ချက်မှုစွမ်းအား သက်သက်ကြောင့်ဖြစ်သည်။ စွမ်းအားအကောင်းဆုံး စူပါကွန်ပျူတာတစ်လုံးပင်လျှင် ၎င်း၏ အချက်အလက်တွက်ချက်မှု စွမ်းပကားသည် ခရုပက်ကျိတစ်ကောင်၏ နဗ်ကြောအဖွဲ့ နှင့်သာ ညီမျှကြောင်း၊ ယင်းသည် [ကျွန်ုပ်တို့၏] ဦးခေါင်းခွံအတွင်းရှိ စူပါကွန်ပျူတာစွမ်းအား၏ သေးငယ်သော အစိတ်အပိုင်း​ကလေးမျှသာဖြစ်ကြောင်း ခန့်မှန်းကြသည်။”​—စတီဗင် ပင်းကား၊ မက်ဆာချူးဆက် စက်မှုတက္ကသိုလ်မှ သိမြင်ခြင်းဆိုင်ရာ နဗ်ကြောသိပ္ပံဌာန ညွှန်ကြားရေးမှူး။

[စာမျက်နှာ ၅၄ ပါ လေးထောင့်ကွက်]

“လူ့ဦးနှောက်သည် ဦးနှောက်ကြီးအပြင်သားဖြင့် လုံးလုံးဆိုရမလောက် ဖွဲ့စည်းထားသည်။ သာဓကအားဖြင့် ချင်ပန်ဇီ၏ဦးနှောက်၌လည်း အပြင်သားပါရှိသော်လည်း အချိုးအားဖြင့် အလွန့်အလွန် သေးငယ်သည်။ အပြင်သားသည် ကျွန်ုပ်တို့အား စဉ်းစား၊ မှတ်သား၊ စိတ်ကူးနိုင်စေသည်။ အခြေခံအားဖြင့် ဤအပြင်သားကြောင့်သာ ကျွန်ုပ်တို့သည် လူသားများအဖြစ် တည်ရှိနေခြင်းဖြစ်သည်။”—အေဒိုအရ်ဒို ဘောန်ချင်နဲလီ၊ အီတလီနိုင်ငံ၊ မီလန်မြို့၊ မော်လီကျူးအဆင့် ဇီဝဗေဒ သုတေသန ညွှန်ကြားရေးမှူး။

[စာမျက်နှာ ၅၅ ပါ လေးထောင့်ကွက်]

အမှုန်ရူပဗေဒမှသည် သင်၏ဦးနှောက်ဆီသို့

ပါမောက္ခ ပေါလ် ဒေးဗီစ်က ဦးနှောက်၏ သင်္ချာဒြပ်မဲ့နယ် ကိုင်တွယ်မှုစွမ်းရည်အကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ “သင်္ချာဆိုသည်မှာ နေရာတကာတွင် တွေ့ နိုင်သောအရာ မဟုတ်ပါ။ လူ့ ဦးနှောက်မှ ထွက်ပေါ်လာသည့်အရာဖြစ်သည်။ သို့သော် သင်္ချာကို မည်သည့်နေရာတွင် အထိရောက်ဆုံး အသုံးချ၍ရသနည်းဟု မေးသည်ရှိသော် အမှုန်ရူပဗေဒနှင့် ရူပနက္ခတ္တဗေဒကဲ့သို့သော လူတို့၏နေ့စဉ်ဘဝနှင့် အလွန့်အလွန် အလှမ်းကွာဝေးသည့် အခြေခံသိပ္ပံနယ်ပယ်များတွင် ဖြစ်ပါသည်။” ဤအချက်က အဘယ်အရာကို ဆိုလိုသနည်း။ “အသိစိတ်နှင့် သင်္ချာတွက်နိုင်သည့်​စွမ်းရည်တို့သည် မတော်တဆတိုက်ဆိုင်မှုမဟုတ်၊ အရေးမကြီးသော သေးနုပ်သည့်အရာမဟုတ်၊ ဆင့်ကဲဖြစ်စဉ်၏ အရေးမပါသော ဘေးထွက်ပစ္စည်းများမဟုတ်ကြောင်း ဆိုလိုသည်။”​—ကျွန်ုပ်တို့သည် အထီးတည်းလော။

[စာမျက်နှာ ၅၆၊ ၅၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

လှုပ်မှုဦးနှောက်အပြင်သား

ဘရိုကာဧရိယာ

နဖူးပိုင်းမြွှာ

ဗာနီကာဧရိယာ

နဖူးပိုင်းရှေ့ အပြင်သား

● ဦးနှောက်ကြီးအပြင်သားမှာ အသိဉာဏ်နှင့် အခိုင်မာဆုံး ဆက်သွယ်ထားသည့် ဦးနှောက်၏ မျက်နှာပြင်နယ်ပယ်ဖြစ်သည်။ အကယ်၍ လူတစ်ဦး၏ ဦးနှောက်ကြီးအပြင်သားကို ဖြန့်လိုက်မည်ဆိုပါက လက်နှိပ်စက်ရိုက်သည့်စာရွက် လေးမျက်နှာ ပြည့်သွားမည်ဖြစ်သည်။ ချင်ပန်ဇီ၏ ဦးနှောက်ကြီးအပြင်သားမူ တစ်မျက်နှာသာပြည့်မည်။ ကြွက်တစ်ကောင်၏ ဦးနှောက်ကြီးအပြင်သားသည် စာပို့တံဆိပ်ခေါင်းတစ်လုံး ပြည့်မည်ဖြစ်သည်။—ဆိုင်းယင်းတစ်ဖစ် အမေရိကန်။

[စာမျက်နှာ ၅၈ ပါ လေးထောင့်ကွက်]

လူမျိုးတိုင်းတွင် ဘာသာစကားရှိ၏

သမိုင်းတစ်လျှောက်တွင် လူတစ်မျိုးနှင့်တစ်မျိုး တွေ့ဆုံကြသည့်အခါတိုင်း တစ်ဖက်လူမျိုး၌ ​ဘာသာစကားတစ်မျိုးမျိုး ပြောဆိုလျက်ရှိကြောင်း တွေ့ရှိကြသည်။ “စကားမပြောတတ်သော လူမျိုးနွယ်ဟူ၍ မတွေ့ ရှိရသေးပေ။ ယခင်က ဘာသာစကားမရှိသော လူမျိုးစုများထံသို့ ဘာသာစကား ဆင်းသက်ပြန့်ပွားသည့် ‘အစဖြစ်ပွားရာ’ ဒေသရှိခဲ့သည်ဟူ၍လည်း အထောက်အထားမရှိပေ။ ... လူခပ်သိမ်းတွင် ရှုပ်ထွေးသောဘာသာစကားရှိခြင်းသည် ဘာသာဗေဒပညာရှင်များအား အံ့သြမိန်းမောစေသည့် ရှာဖွေတွေ့ရှိချက်ဖြစ်သည့်အပြင် ဘာသာစကားမှာ ... လူသား၏ ထူးခြားသောဇာတိစိတ်မှ ထွက်ပေါ်လာရာဖြစ်သည်ဟု တွေးထင်စေသည့် ပထမဦးဆုံးသော အကြောင်းတရားလည်းဖြစ်ပေသည်” ဟု ဘာသာစကား ဇာတိစိတ် စာအုပ်က ဖော်ပြသည်။

[စာမျက်နှာ ၅၉ ပါ လေးထောင့်ကွက်]

ဘာသာစကားနှင့် ဉာဏ်ရည်

လူ့ဉာဏ်ရည်သည် လူဝံကဲ့သို့သော တိရစ္ဆာန်တို့၏ဉာဏ်ရည်ထက် အဘယ်ကြောင့် ​များစွာ​သာလွန်ရသနည်း။ အဖြေမှာ ဝါကျအထားအသို​—အသံများကို စကားလုံးများအဖြစ်စုစည်း၍ စကားလုံးများကို ဝါကျများအဖြစ်ဖွဲ့စည်းခြင်း​—ကို ကျွန်ုပ်တို့ အသုံးပြုတတ်ခြင်းကြောင့်ဖြစ်သည်။ သီအိုရီနဗ်ကြောဇီဝကမ္မဗေဒပညာရှင် ဒေါက်တာ ဝီလျမ် အိတ်ချ်. ကယ်လ်ဗင်က အောက်ပါအတိုင်း ရှင်းပြသည်–

“ချင်ပန်ဇီအရိုင်းများသည် ကွဲပြားသောအဓိပ္ပာယ် သုံးဒါဇင်ခန့်ကိုဖော်ပြရန် ကွဲပြားသောအသံ သုံးဒါဇင်ခန့်ကိုအသုံးပြုသည်။ အသံတစ်သံ၏အဓိပ္ပာယ်ကို လေးနက်စေရန် အသံတစ်သံတည်းကို ထပ်ခါထပ်ခါ ဆိုမည်ဖြစ်သော်လည်း ၎င်းတို့၏ဝေါဟာရစုထဲသို့ စကားလုံးအသစ်တစ်လုံး ​တိုးပွားလာအောင် အသံသုံးသံကိုစပ်ဟပ်၍ အသံမထွက်တတ်ချေ။

“ကျွန်ုပ်တို့လူသားများသည်လည်း သံရင်းများဟုခေါ်သောအသံ သုံးဒါဇင်ခန့်ကိုအသုံးပြုကြသည်။ သို့ရာတွင် ၎င်းသံရင်းများကို စုပေါင်းလိုက်မှသာလျှင် အဓိပ္ပာယ်ရှိသည်။ ကျွန်ုပ်တို့သည် အဓိပ္ပာယ်မဲ့သောအသံများကို အဓိပ္ပာယ်ရှိသောစကားလုံးများဖြစ်လာအောင် စပ်ဟပ်ကြသည်။” ဒေါက်တာ ကယ်လ်ဗင်က တိရစ္ဆာန်တို့၏ “အသံတစ်သံ/အဓိပ္ပာယ်တစ်ခု” မှကျွန်ုပ်တို့၏ ဝါကျအထားအသိုကို အသုံးပြုတတ်သော ထူးခြားသည့် လူ့စွမ်းရည်သို့ အကူးအပြောင်းအကြောင်းကို “မည်သူမျှ မရှင်းပြနိုင်သေး” ချေဟုဖော်ပြသည်။

[စာမျက်နှာ ၆၀ ပါ လေးထောင့်ကွက်]

တောင်ခြစ်မြောက်ခြစ်လက်ရာထက်မက သင်ရေးဆွဲနိုင်သည်

“ဟိုမိုဆေးပီးယန်းစ် ဖြစ်သည့် လူသားများသာလျှင် ဘာသာစကားအားဖြင့် ဆက်သွယ်ပြောဆိုနိုင်ခြင်း ဖြစ်သလော။ အဖြေမှာ ‘ဘာသာစကား’ ဟုဆိုရာတွင် အဘယ်အရာကိုဆိုလိုခြင်းအပေါ် မူတည်သည်မှာ ရှင်းနေပါသည်။ အကြောင်းမှာ အဆင့်မြင့် တိရစ္ဆာန်များအားလုံးသည် ခြေဟန်လက်ဟန်၊ အနံ့၊ မြည်သံ၊ တွန်သံ၊ ဟောက်သံ၊ တေးသံနှင့် ပျားတို့၏အက အစရှိသော သင်္ကေတအမျိုးမျိုးဖြင့် အမှန်ပင် ဆက်သွယ်ကြသောကြောင့်ဖြစ်သည်။ သို့တစေ၊ လူမှလွဲ၍ တိရစ္ဆာန်တို့၌ သဒ္ဒါနည်းကျတည်ဆောက်ထားသည့် ဘာသာစကားဟူ၍ ရှိပုံမရပေ။ တိရစ္ဆာန်တို့သည် ရုပ်လုံးပေါ်စေသည့် ရုပ်ပုံများ မဆွဲတတ်သည်မှာ အလွန်ပင် သိသာထင်ရှားလှသည်။ ယင်းတို့သည် အလွန်ဆုံး တောင်ခြစ်မြောက်ခြစ်မျှသာ ပြုတတ်ကြသည်။”​—ပါမောက္ခ အာရ်. အက်စ်. နှင့် ဒီ. အိတ်ချ်. ဖော့စ်။

[စာမျက်နှာ ၆၁ ပါ ရုပ်ပုံ]

“လူ့ ဉာဏ်ကိုကြည့်လိုက်လျှင် အံ့ဖွယ်ကောင်းသော သိမ်မွေ့ နက်နဲသည့် ဖွဲ့စည်းပုံများကိုလည်း တွေ့ မြင်နိုင်သည်” ဟုပါမောက္ခ အေ. နိုအမ် ချောမ်စကီးကဖော်ပြသည်။ “ဘာသာစကားသည် သာဓကတစ်ရပ်ဖြစ်သည်။ သို့သော် တစ်ခုတည်းသော သာဓကကား မဟုတ်ပေ။ လူသားများသာ ပြုလုပ်နိုင်ပုံရသော ကိန်းစနစ်၏ ဒြပ်မဲ့ဂုဏ်သတ္တိများကို အသုံးပြုနိုင်သည့်စွမ်းပကားကို စဉ်းစားကြည့်ပါ။”

[စာမျက်နှာ ၆၂ ပါ ရုပ်ပုံ]

မေးခွန်းမေးတတ်သည့်စွမ်းရည်နှင့် “ပြည့်စုံသည်”

ကျွန်ုပ်တို့၏ စကြဝဠာအနာဂတ်နှင့်ပတ်သက်၍ ရူပဗေဒပညာရှင် လောရင့်စ် ခရော့စ်က ဤသို့ရေးသားခဲ့သည်– “ကျွန်ုပ်တို့သည် မေးခွန်းမေးတတ် သောကြောင့် မည်သည့်အခါမျှ ကိုယ်တိုင်တွေ့ ကြုံရဖွယ်မရှိသည့် အရာများအကြောင်းကို မေးခွန်းထုတ်ရဲကြသည်။ ဤမေးခွန်းများကို ကျွန်ုပ်တို့၏သားသမီးများ၊ သို့မဟုတ် သူတို့၏သားသမီးများက တစ်နေ့နေ့တွင် အဖြေပေးပေလိမ့်မည်။ ကျွန်ုပ်တို့၌ စိတ်ကူးကြံဆနိုင်သည့်စွမ်းရည်ရှိ၏။”

[စာမျက်နှာ ၆၉ ပါ လေးထောင့်ကွက်]

အကယ်၍ စကြဝဠာနှင့်တကွ စကြဝဠာအတွင်း အသက်ရှင်နေကြသည့် ကျွန်ုပ်တို့သည် မတော်တဆကြောင့် ဖြစ်ပေါ်လာခဲ့ပါက ကျွန်ုပ်တို့၏ဘဝသည် တည်မြဲသောအဓိပ္ပာယ် မရှိနိုင်ပေ။ သို့သော် စကြဝဠာအတွင်း ကျွန်ုပ်တို့၏ဘဝသည် ဒီဇိုင်းပုံစံပြုခံရခြင်းဖြင့်ဖြစ်လျှင် စိတ်ကျေနပ်ဖွယ်အဓိပ္ပာယ် မုချရှိရပေမည်။

[စာမျက်နှာ ၇၂ ပါ လေးထောင့်ကွက်]

သွားစွယ်ကျားများကို ရှောင်တိမ်းရာမှ ဖြစ်ပေါ်လာခြင်းလော

အင်္ဂလန်၊ ကင်းဘရိတ်ချ်တက္ကသိုလ်မှ ဂျွန် ပိုလ်ကင်းဟောန်က အောက်ပါအတိုင်းဖော်ပြသည်–

“သီအိုရီရုပဗေဒပညာရှင် ပေါလ် ဒီရက္ခသည် ရုပ်လောကအကြောင်း နားလည်ရန်အတွက် အခြေခံကျသည့် ကွမ်တမ်စက်ကွင်း သီအိုရီ (quantum field theory) ကို တွေ့ ရှိခဲ့သည်။ ၎င်းသီအိုရီကိုတွေ့ ရှိသူ ဒီရက္ခ၏စွမ်းရည်၊ သို့မဟုတ် ယေဘုယျ ရီလေတီဗီတီ သီအိုရီ (general theory of relativity) ကိုတွေ့ ရှိသူ အိုင်းစတိုင်း၏စွမ်းရည်သည် သွားစွယ်ကျားများ၏ရန်ကို တိမ်းရှောင်ခဲ့ရသော ကျွန်ုပ်တို့၏ဘိုးဘေးများထံမှ သက်ရောက်မှုဖြစ်သည်ဟု ကျွန်ုပ်မယုံနိုင်ပါ။ ထိုထက်များစွာ လေးနက်သိမ်မွေ့သော၊ သာ၍လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခုခု ဖြစ်ပျက်နေရပေမည် ...။

“ရုပ်ပိုင်းသိပ္ပံပညာ ဖော်ထုတ်ပြသည့် ရုပ်လောက၏ ဆင်ခြင်တုံတရားနှင့်ညီသော အစီအစဉ်နှင့် သိသာထင်ရှားသော လှပတင့်တယ်မှုတို့ကို ကြည့်လိုက်သည့်အခါ အသိဉာဏ်လက္ခဏာများ ပျံ့နှံ့ပြည့်ဝလျက်ရှိသည်ကို တွေ့ရသည်။ ဘာသာတရားကိုင်းရှိုင်းသူတစ်ဦးအဖို့ဆိုလျှင် ဤနည်းအားဖြင့် သိမြင်လာရသော ဖန်ဆင်းရှင်၏အသိဉာဏ်ပင်ဖြစ်သည်။”—ကောမင်ဝီလ်။

[စာမျက်နှာ ၆၃ ပါ ရုပ်ပုံ]

လူသားများသာ မေးခွန်းထုတ်တတ်ကြသည်။ အချို့တို့မှာ ဘဝအဓိပ္ပာယ်နှင့်စပ်လျဉ်းသည့် မေးခွန်းများဖြစ်သည်

[စာမျက်နှာ ၆၄ ပါ ရုပ်ပုံ]

တိရစ္ဆာန်များနှင့်မတူဘဲ လူသားများသည် မိမိတို့ကိုယ်ကိုလည်းကောင်း၊ အနာဂတ်ကိုလည်းကောင်း သိရှိကြသည်

[စာမျက်နှာ ၇၀ ပါ ရုပ်ပုံ]

လူသားများသည် သူမတူ တစ်မူထူး၍ အလှအပကို မြတ်နိုးတန်ဖိုးထားတတ်ကြသည်၊ အနာဂတ်ကို မျှော်တွေးတတ်ကြသည်၊ ဖန်ဆင်းရှင်ထံသို့ ဆွဲဆောင်ခံရတတ်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ