သင့်ရပ်ကွက်အတွက် သတင်းကောင်း၏လက်တွေ့တန်ဖိုး
ယနေ့ကမ္ဘာတွင် ကျွန်ုပ်တို့မကြာခဏကြားရတတ်သည့် ထင်မြင်ယူဆချက်တစ်ခုမှာ ဤသို့ဖြစ်သည်– “ခရစ်ယာန်ဘာသာ၏မူဝါဒတို့သည် လက်တွေ့မကျပါ။ ယခုလိုရှုပ်ထွေးလှသည့် လူ့အသိုင်းအဝိုင်းတွင် ယင်းသည် အံမဝင်ပါ။” သို့သော်ဟိန္ဒူခေါင်းဆောင် မိုဟန်ဒတ်စ်.ကေ.ဂန္ဒီနှင့် ဗြိတိသျှဘုရင်ခံချုပ်ဟောင်း လော့ဒ်အာဝင်တို့ စကားပြောဆိုသည့်မှတ်တမ်းကိုကြည့်လျှင် လုံးဝခြားနားစွာဖော်ပြထားကြောင်းတွေ့ရှိကြရသည်။ ယင်းက ဗြိတိသျှနှင့် အိန္ဒိယနိုင်ငံစပ်ကြားပြဿနာကို မည်သို့ဖြေရှင်းရန်သဘောရှိကြောင်း လော့ဒ်အာဝင်သည် ဂန္ဒီအားမေးရာ ဂန္ဒီကသမ္မာကျမ်းစာကို ကောက်ကိုင်လိုက်ပြီး မဿဲခရစ်ဝင်ကျမ်းအခန်းကြီးငါးကိုဖွင့်၍ ဤသို့ပြောသည်ဟုဖော်ပြထားသည်– “ဒီတောင်ပေါ်တရားတော်မှာ ခရစ်တော်သွန်သင်ခဲ့တဲ့အချက်တွေကို ခင်ဗျားနိုင်ငံနဲ့ကျွန်တော့်နိုင်ငံသာ သဘောတူကျင့်သုံးမယ်ဆိုရင် ကျွန်တော်တို့နှစ်နိုင်ငံတင်မကဘူး တစ်ကမ္ဘာလုံးရဲ့ပြဿနာတွေတောင် ပြေလည်သွားပါလိမ့်မယ်။”
ထိုတရားတော်တွင် ဝိညာဉ်ရေးရာကိုရှာရန်၊ နူးညံ့သိမ်မွေ့ရန်၊ ကရုဏာရှိရန်၊ ဖြောင့်မတ်ခြင်းကိုမြတ်နိုးရန် ပြောထားသည်။ လူသတ်ခြင်းကို ပြစ်တင်ရှုတ်ချထားရုံမက သူတစ်ပါးကိုအမျက်ထွက်ခြင်းပင်မှားကြောင်း၊ မတရားသောကာမစပ်ယှက်ခြင်းကိုပြစ်တင်ထားရုံမကဘဲ စိတ်နှင့်ပင်ပြစ်မှားလျှင် ထပ်တူဖြစ်ကြောင်းဆိုထားသည်။ အိမ်ထောင်ရေးပြိုကွဲစေပြီး သားသမီးများမြေဇာပင်ဖြစ်ရသည့် တာဝန်မဲ့လင်မယားကွာရှင်းခြင်းတို့ကို ဆန့်ကျင်ကန့်ကွက်ထားသည်။ ယင်းက ကျွန်ုပ်တို့ကို ဤသို့ပြောထားသည်– ‘သင့်ကိုမနှစ်သက်သူကိုပင်ချစ်ရန်၊ လိုအပ်နေသူကိုကူညီရန်၊ ကြင်နာမှုကင်းမဲ့စွာသူတစ်ပါးကို တရားမစီရင်ရန်၊ မိမိကိုဆက်ဆံစေလိုသည့်အတိုင်း သူတစ်ပါးကိုဆက်ဆံရန်ဖြစ်သည်။’ ဤသွန်သင်ချက်အားလုံးကို လိုက်နာပါက ကြီးစွာသောအကျိုးဖြစ်ထွန်းမည်။ သင့်အသိုင်းအဝိုင်းတွင် ဤအချက်တို့ကိုကျင့်သုံးသူ ပိုများလာသည်နှင့်အမျှ၊ သင့်ဝန်းကျင်သည် ပို၍သာယာစိုပြေလာမည်!
ဤကိစ္စရပ်တွင် ယေဟောဝါသက်သေများ ဩဇာသက်ရောက်သည်။ အိမ်ထောင်မင်္ဂလာကိုလေးစားရန် ကျမ်းစာက သူတို့အားသွန်သင်ထားသည်။ သူတို့၏သားသမီးများသည် မှန်ကန်သောမူများအတိုင်း လေ့ကျင့်ခံထားကြရသည်။ မိသားစု၏အရေးကြီးမှုကို အလေးအနက်ထားကြသည်။ စည်းလုံးသောမိသားစုများသည် သင့်ရပ်ကွက်အတွက်သာမက သင့်တစ်မျိုးသားလုံးကို အကျိုးပြုသည်။ မိသားစုနှောင်ကြိုးလျော့ရဲလာပြီး၊ အကျင့်ယိုယွင်းမှုများဝင်လာပါက အာဏာစက်တို့ပင်ကျဆုံးခဲ့ကြောင်း သမိုင်းတွင်နမူနာများစွာရှိသည်။ လူတစ်ဦးစီနှင့် မိသားစုလိုက်အပေါ် ခရစ်ယာန်ကျင့်စဉ်များအားဖြင့် ယေဟောဝါသက်သေတို့ ပို၍သြဇာသက်ရောက်လေလေ သင့်အသိုင်းအဝိုင်းတွင် ကိုယ်ကျင့်တရားပျက်ပြားမှု၊ ရာဇဝတ်မှုတို့လျော့နည်းကျဆင်းလေလေဖြစ်မည်။
လူ့အသိုင်းအဝိုင်းနှင့် တိုင်းနိုင်ငံများတွင် ပြဿနာအကြီးအကျယ်တက်နေသည့်အရာတစ်ခုမှာ လူမျိုးရေးစိတ်စွန်းကွက်မှုကြောင့်ဖြစ်သည်။ ယင်းနှင်ဆန့်ကျင်၍ တမန်တော်ပေတရုကဤသို့ပြောခဲ့သည်– “အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကို ငါသိမြင်၏။” ပေါလုကလည်း ဤသို့ရေးသားခဲ့သည်– “ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တစ်လုံးတစ်ဝတည်းဖြစ်ကြ၏။” (တမန်တော် ၁၀:၃၄၊ ၃၅; ဂလာတိ ၃:၂၈) ယေဟောဝါသက်သေတို့သည် ဤအချက်ကိုလက်ခံကြသည်။ သူတို့၏ကမ္ဘာ့ဌာနချုပ်၊ ဌာနခွဲများ၊ အသင်းတော်များတွင် လူမျိုးပေါင်းစုံ၊ အသားအရောင်ပေါင်းစုံတို့သည် အတူတကွအလုပ်လုပ်နေကြသည်။
အာဖရိကတွင် အချို့သောလူများစုတို့သည် ရန်မမူဘဲအတူတကွရောနှော၍မရကြပါ။ သို့သော် ဤအရပ်ရှိ ယေဟောဝါသက်သေတို့၏စည်းဝေးများတွင်မူ ကွဲပြားသောလူမျိုးအသီးသီးတို့သည် အတူစား၊ အတူနေ၊ အတူဝတ်ပြုကိုးကွယ်ကြပြီး နွေးထွေးသောမိတ်သဟာယဖြင့် ပေါင်းသင်းနေကြသည်။ ယင်းကို တွေ့မြင်သောအစိုးရအရာရှိတို့က အံ့သြကြသည်။ စစ်မှန်သောခရစ်ယာန်ကျင့်စဉ် စည်းလုံးခြင်း၏အကျိုးသက်ရောက်ပုံကို ၁၉၅၈ ၊ ဩဂုတ် ၂ ရက်ထုတ် နယူးယောက် အမ်စတာဒမ်နယူး သတင်းစာကမှတ်ချက်ပြုထားသည်။ နယူးယောက်မြို့တွင် ကျင်းပသည့်လူနှစ်သိန်းခွဲကျော်တက်ရောက်သော သက်သေခံတို့၏အပြည်ပြည်ဆိုင်ရာ စည်းဝေးပွဲကိုကြည့်၍ မှတ်ချက်ချခြင်းဖြစ်သည်။
“လူတန်းစားအသီးသီး၊ ကမ္ဘာအရပ်ရပ်မှာ နီဂရိုးများ၊ မျက်နှာဖြူများ၊ အရှေ့တိုင်းသားများတို့သည် ပျော်ရွှင်လွတ်လပ်စွာရောနှောနေကြသည်။ . . . နိုင်ငံပေါင်း ၁၂၀ မှဝတ်ပြုရန်လာကြသည့် သက်သေခံတို့သည် ငြိမ်းချမ်းစွာအတူတကွနေထိုင်ကြ၊ ဝတ်ပြုကြခြင်းက ထိုသို့ပြုရန်မည်မျှလွယ်ကူကြောင်း အမေရိကန်တို့ကိုသက်သေပြခြင်းဖြစ်သည်။ . . . စည်းဝေးပွဲက လူသားများအတူတကွ နေထိုင်လုပ်ကိုင်နိုင်ကြောင်း အကောင်းဆုံးပုံသက်သေဖြစ်သည်။”
အများသောသူတို့က ခရစ်ယာန်ဘာသာ၏ကျင့်စဉ်တို့သည် ဤခေတ်အတွက်လက်တွေ့မကျဟု ပြောကောင်းပြောမည်။ သို့သော် အခြားမည်သည့်အရာလက်တွေ့ကျပြီနည်း၊ သို့မဟုတ် လက်တွေ့ကျမည်နည်း။ ခရစ်ယာန်ကျင့်စဉ်တို့ကို သင့်ရပ်ကွက်တွင် ယခုပင်လက်တွေ့ကျင့်သုံးပါက စစ်မှန်သောအကျိုးကိုရရှိမည်။ ယင်းကျင့်စဉ်တို့သည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်ရေးရောက်ရှိလာသောအခါ “လူအမျိုးမျိုး” တို့ကို စည်းလုံးစေမည့်အခြေအမြစ်ဖြစ်သည်။—ဗျာ. ၇:၉၊ ၁၀။
[စာမျက်နှာ ၂၃ ပါ အကျဉ်းဖော်ပြချက်]
လူမျိုးပေါင်းစုံ၊ အသားအရောင် ပေါင်းစုံတို့ အတူတကွအလုပ်လုပ်နေကြ
[စာမျက်နှာ ၂၄ ပါ အကျဉ်းဖော်ပြချက်]
ခရစ်ယာန်ဘာသာသည် လက်တွေ့ကျသည်။ ယင်းမှတစ်ပါး အခြားရှိပါသလော