စိတ်ဝင်စားသူတို့ မကြာခဏ မေးတတ်သည့် မေးခွန်းများ
ဘုရားသခင်သည်မေတ္တာရှင် ဖြစ်ပါက အဘယ်ကြောင့်ဆိုးသွမ်း မှုကို ခွင့်ပြုထားရသနည်း။
ဆိုးသွမ်းမှုကို ဘုရားသခင်ခွင့်ပြုထားသည်။ ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာတို့သည် စိတ်လိုကိုယ်လျောက်ဆိုးသွမ်းမှုကို ပြုကျင့်နေကြသည်။ ဥပမာအားဖြင့် စစ်ကြေညာခြင်း၊ ကလေးများအပေါ်ဗုံးကြဲချခြင်း၊ မြေကြီးကိုဖျက်ဆီးပစ်ခြင်း၊ ငတ်မွတ်ခေါင်းပါးမှုဖြစ်စေခြင်းတို့ကိုပြုကြသည်။ သန်းပေါင်းများစွာတို့သည် ဆေးလိပ်သောက်သောကြောင့် အဆုတ်ကင်ဆာဖြစ်ပွားကြသည်။ သူ့သားအိမ်ရာပြစ်မှားမှုကြောင့် လိင်ဆိုင်ရာကူးစက်ရောဂါများခံစားကြရသည်။ အရက်ကိုအလွန်အကျွံသောက်သုံးမှုကြောင့် အသည်းရောင်ရောဂါနှင့် အခြားရောဂါများရရှိကြသည်။ ထိုသို့သောသူတို့သည် ဆိုးသွမ်းမှုအားလုံးနိဂုံးချုပ်ဖို့ လုံးဝမလိုလားကြပါ။ ဆိုးသွမ်းမှုကြောင့်ခံရသည့် ပြစ်ဒဏ်များကိုသာ ပပျောက်စေလိုကြသည်။ သူတို့စိုက်သည့်အတိုင်း ရိတ်သိမ်းရသည့်အခါ၌ “ဘာကြောင့် ငါ့မှ လာဖြစ်ရတာလဲ” ဟုညည်းညူကြသည်။ သု. ၁၉:၃ တွင် ဤသို့ဆိုသကဲ့သို့ ဘုရားသခင်ကိုအပြစ်တင်တတ်ကြသည်– “လူသည်မိုက်သောသဘောကြောင့် လမ်းလွဲ၍ စိတ်ထဲမှာထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်တတ်၏။” သူတို့၏ဆိုးသွမ်းသည့်လုပ်ရပ်ကို ဘုရားသခင်အဆုံးသတ်ပါက ဆိုးသွမ်းမှုပြုရသည့်လွတ်လပ်ခွင့်ဆုံးရှုံးကြောင်း ကန့်ကွက်ပြောဆိုပေမည်။
ဆိုးသွမ်းမှုကို ယေဟောဝါခွင့်ပြုထားရခြင်း၏အဓိကအကြောင်းတစ်ခုမှာ စာတန်၏စိန်ခေါ်မှုကို တုံ့ပြန်ရန်အတွက်ဖြစ်သည်။ စာတန်က စမ်းသပ်မှုအောက်တွင် ဘုရားသခင်ကို သစ္စာစောင့်နိုင်မည့်သူမရှိဟုဆိုသည်။ (ယောဘ ၁:၆-၁၂; ၂:၁-၁၀) ယေဟောဝါက စာတန်အား သူ့စွပ်စွဲချက်ကိုသက်သေထူခွင့်ပြုထားသည်။ (ထွက်မြောက်ရာ ၉:၁၆) စာတန်သည် မိမိ၏စွပ်စွဲချက်ကိုသက်သေထူရန် လူသားတို့အား ယခုအထိဆက်၍ဘေးဥပဒ်ပေးခြင်းဖြင့် ဘုရားသခင်ထံမှလွဲသွားအောင်ပြုနေသည်။ (ဗျာ. ၁၂:၁၂) မည်သို့ဆိုစေ၊ ယောဘသမာဓိစောင့်သိခဲ့သည်။ ယေရှုလည်း ထို့အတူဖြစ်သည်။ ခရစ်ယာန်စစ်များလည်း ယခုသမာဓိစောင့်သိနေကြသည်။—ယောဘ ၂၇:၅; ၃၁:၆; မဿဲ ၄:၁-၁၁; ၁ ပေတရု ၁:၆၊ ၇။
လူသားများထာဝစဉ်နေထိုင်ရမည့် မြေကြီးပရဒိသုကို ကျွန်ုပ်ယုံကြည်ချင်သော်လည်း ယင်းကား မဖြစ်နိုင်လွန်းသည့်အရာ မဟုတ်လော။
ယင်းယူဆချက်ကား ကျမ်းစာအရမဟုတ်ပါ။ မဖြစ်နိုင်လွန်းပုံပေါက်ရခြင်းမှာ လူသားတို့သည် ရာစုနှစ်ပေါင်းများစွာဆိုးသွမ်းမှုကို တွေ့ကြုံခံစားခဲ့ရသောကြောင့်ဖြစ်သည်။ ယေဟောဝါသည် မြေကြီးကိုဖန်ဆင်းတော်မူ၍ ဖြောင့်မတ်သောလူသားများဖြင့် ပြည့်စေရန်၊ သစ်ပင်ပန်းမန်နှင့် သက်ရှိသတ္တဝါအားလုံးကို ထိန်းသိမ်းစောင့်ရှောက်ပြီး မြေကြီးကိုလှပအောင်ပြုပြင်မွမ်းမံရန် လူသားတို့ကို တာဝန်ပေးခဲ့သည်။ ဤမြေကြီးကို ဖျက်ဆီးရန်မဟုတ်ပါ။ (စာမျက်နှာ ၁၂ နှင့် ၁၇ ကိုရှု) ကတိပြုထားသည်ပရဒိသုအခြေအနေသည် မဖြစ်နိုင်လွန်းခြင်းဆိုသည်ထက်၊ လက်ရှိဝမ်းနည်းဖွယ်အခြေအနေတို့သည် ဆက်လက်တည်ရှိရန်ပင် မသင့်တော့သည့်အထိ ဆိုးရွားနေသည်။ ပရဒိသုက အစားဝင်မည်ဖြစ်သည်။
ကျမ်းစာသည် ဒဏ္ဍာရီသာဖြစ်ပြီး သိပ္ပံနှင့်မကိုက်ညီဟု ကဲ့ရဲ့ပြောဆို သူတို့ကို ကျွန်ုပ်တို့ မည်သို့ ဖြေဆိုနိုင်သနည်း။
ဤကတိတော်တို့ကို ယုံကြည်ခြင်းသည် ယုံလွယ်ခြင်းမဟုတ်ပါ။ “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။” ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာခြင်းဖြင့် ယင်း၏ဉာဏ်ပညာထင်ရှားလာပြီး ယုံကြည်ခြင်းတိုးပွားလာသည်။—ရောမ ၁၀:၁၇; ဟေဗြဲ ၁၁:၁။
ကျမ်းစာဆိုင်ရာရှေးဟောင်းသုတေသနပညာက ကျမ်းစာသမိုင်းများ တိကျမှန်ကန်ကြောင်း အခိုင်အမာဖြစ်စေသည်။ စစ်မှန်သောသိပ္ပံပညာသည် ကျမ်းစာနှင့် သဘောညီညွတ်သည်။ အောက်ပါအချက်တို့သည် ပညာရှင်များရှာဖွေမတွေ့ရှိမီ နှစ်ပေါင်းများစွာကတည်းက ကျမ်းစာတွင်ရှိနှင့်ပြီးသား အမှန်တရားများဖြစ်သည်။ ကမ္ဘာမြေကြီးဖြစ်ပေါ်တိုးတက်ပြောင်းလဲလာသည့်ဖြစ်စဉ်၊ ကမ္ဘာမြေကြီးလုံးကြောင်း၊ လေဟာပြင်၌ အတွယ်အတာမဲ့တည်ရှိနေကြောင်း၊ ငှက်များပြောင်းရွှေ့ခြင်းအကြောင်းတို့ဖြစ်သည်။—ကမ္ဘာဦး အခန်းကြီး ၁; ဟေရှာယ ၄၀:၂၂; ယောဘ ၂၆:၇; ယေရမိ ၈:၇။
ကျမ်းစာမှုတ်သွင်းခံရကြောင်းကို ပြည့်စုံပြီးသောပရောဖက်ပြုချက်တို့က တင်ပြသည်။ ကမ္ဘာ့အာဏာစက်များစတင်ခြင်း၊ ကျဆုံးခြင်းအကြောင်းတို့ကို ဒံယေလကကြိုဟောထားခဲ့သည်။ မေရှိယပေါ်ထွန်းမည့်အချိန်နှင့် ကွပ်မျက်ခံရမည့်အချိန်တို့ကိုလည်း ကြိုဟောခဲ့သည်။ (ဒံယေလ အခန်းကြီး ၂၊ ၈; ၉:၂၄-၂၇) ယနေ့ အခြားပရောဖက်ပြုချက်တို့သည် ပြည့်စုံနေဆဲဖြစ်သဖြင့် “နောက်ဆုံးကာလ” ကိုအမှတ်သညာပြုသည်။ (၂ တိမောသေ ၃:၁-၅; မဿဲ အခန်းကြီး ၂၄) ဤသို့ကြိုတင်သိမြင်ချက်တို့သည် လူ့ဉာဏ်မမီသည့်အရာများဖြစ်သည်။ (ဟေရှာယ ၄၁:၂၃) ခိုင်လုံသည့် အထောက်အထားများကို ထပ်မံသိလိုလျှင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှထုတ်ဝေသည့် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော [လိပ်] နှင့် သင့်အားဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိ၏လော စာအုပ်များကိုရှု။
ကျမ်းစာဆိုင်ရာမေးခွန်းများကို ဖြေဆိုနိုင်ရန် ကျွန်ုပ် မည်သို့ သင်ယူရမည်နည်း။
ကျမ်းစာကိုလေ့လာ၍ စဉ်းစားတွေးတောဖို့လိုသည်။ ထို့အတူ ဘုရားသခင့်ဝိညာဉ်တော်လမ်းညွှန်မှုကိုလည်း တောင်းခံနေရမည်။ (သု. ၁၅:၂၈; လုကာ ၁၁:၉-၁၃) “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင်ရလိမ့်မည်။” (ယာကုပ် ၁:၅) ကျမ်းစာလေ့လာမှုကို အထောက်အကူပေးပြီး အားထားသင့်သောစာအုပ်များလည်းရှိသည်။ အဲသယောပိအမတ်သည် ဖိလိပ္ပုနှင့်လေ့လာမှုပြုသကဲ့သို့ အများအားဖြင့်အခြားသူတို့၏အကူအညီလည်း လိုအပ်သည်။ (တမန်တော် ၈:၂၆-၃၅) ယေဟောဝါသက်သေတို့သည် စိတ်ဝင်စားသူတို့၏အိမ်တွင် ကျမ်းစာလေ့လာမှုအစီအစဉ်ကို အခမဲ့ကျင်းပပေးသည်။ ထိုသို့ပြုရန် အားမနာတမ်းတောင်းဆိုကြည့်ပါ။
ယေဟောဝါသက်သေတို့ကို လူအများဆန့်ကျင်ပြီး သူတို့နှင့် မလေ့လာရန် ကျွန်ုပ်ကိုအဘယ်ကြောင့် တားမြစ်ကြသနည်း။
ယေရှု၏ဟောပြောခြင်းကို ဆန့်ကျင်မှုများရှိခဲ့ပြီး၊ တပည့်တို့လည်းအလားတူ ဆန့်ကျင်ခံရမည်အကြောင်း ကိုယ်တော်ပြောခဲ့သည်။ လူအချို့ ကိုယ်တော့်သွန်သင်ချက်များအပေါ် စိတ်စွဲငြိခဲ့စဉ် ဘာသာရေးဆန့်ကျင်သူတို့က “သင်တို့ကိုပင်လှည့်ဖြားပြီလော။ မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူ တစ်စုံတစ်ယောက်မျှရှိသလော” ဟုဒေါသတကြီးတုံ့ပြန်ခဲ့သည်။ (ယောဟန် ၇:၄၆-၄၈; ၁၅:၂၀) သက်သေခံများနှင့်မလေ့လာဖို့ သင့်ကိုအကြံပေးသူသည် အကြောင်းစုံမသိသေးသူ သို့မဟုတ် စိတ်စွန်းကွက်သူများဖြစ်သည်။ သက်သေခံတို့နှင့် လေ့လာလျက် သင်ကျမ်းစာအသိပညာ၌တိုးတက်၊ မတိုးတက် ကြည့်ပါလေ။—မဿဲ ၇:၁၇-၂၀။
သက်သေခံတို့သည် ကိုယ်ပိုင်ဘာသာရှိသူများထံ အဘယ်ကြောင့် လည်ပတ်ရသနည်း။
ဤသို့ပြုခြင်းက ယေရှု၏ပုံသက်သေကို သူတို့လိုက်လျှောက်ခြင်းဖြစ်သည်။ ဂျူးလူမျိုးထံ ကိုယ်တော်သွားခဲ့သည်။ ဂျူးလူမျိုးတို့သည် ကိုယ်ပိုင်ဘာသာရှိသော်လည်း ယင်းသည် အများအားဖြင့် ဘုရားသခင့်နှုတ်မြွက်စကားတော်မှ သွေဖည်ခဲ့သည်။ (မဿဲ ၁၅:၁-၉) လူမျိုးတိုင်းတွင် ခရစ်ယာန်အမည်ခံဘာသာတစ်ခုဖြစ်စေ၊ ခရစ်ယာန်မဟုတ်သောဘာသာဖြစ်စေ ဘာသာတစ်ခုခုရှိစမြဲဖြစ်သည်။ လူတို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် စံကိုက်ဖြစ်သောယုံကြည်ချက်တို့ကို လက်ကိုင်ပြုထားရန် အရေးတကြီးလိုအပ်နေသည်။ သက်သေခံတို့ ယင်းသို့ပြုနိုင်ရန် ကူညီပေးဖို့ကြိုးစားခြင်းသည် အိမ်နီးချင်းကို မေတ္တာပြကြောင်းတင်ပြခြင်းဖြစ်သည်။
မိမိတို့၏ဘာသာသာလျှင် မှန်သည်ဟု သက်သေခံများ ယုံကြည်သလော။
မိမိဘာသာကို အလေးထားသူမည်သူမဆို ယင်းသည် အမှန်ဖြစ်သည်ဟု သဘောထားသင့်သည်။ ထိုသို့မဟုတ်လျှင် သူသည် ယင်းဘာသာတွင် အဘယ်ကြောင့်ပါဝင်ပတ်သက်နေရမည်နည်း။ ခရစ်ယာန်များဤသို့ဆုံးမခံခဲ့ရသည်– “ခပ်သိမ်းသောအရာကိုစုံစမ်း၍၊ ကောင်းသောအရာကို အမြဲကိုင်စွဲကြလော့။” (၁ သက်သာလောနိတ် ၅:၂၁) မိမိယုံကြည်ချက်သည် သမ္မာကျမ်းစာနှင့်ညီ၊ မညီဆန်းစစ်ရမည်။ အကြောင်းမှာ၊ မှန်သောယုံကြည်ခြင်းတစ်ခုတည်းရှိသောကြောင့်ဖြစ်သည်။ ဧဖက် ၄:၅ က “သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံတစ်ပါး” ဟုအတည်ပြုထားသည်။ လမ်းစဉ်အများ၊ ဘာသာအများရှိပြီး အားလုံးကယ်တင်ခြင်းသို့ပို့ဆောင်သည်ဟူသော လျော့ရဲသည့်ခေတ်ပေါ်ယူဆချက်ကို ယေရှုသဘောမတူခဲ့ပါ။ ယင်းအစား ကိုယ်တော်ဤသို့မိန့်တော်မူသည်– “အသက်ရှင်ခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သောသူတို့သည် နည်းကြ၏။” ထိုလမ်းကို မိမိတို့တွေ့ပြီဟု ယေဟောဝါသက်သေတို့ယုံကြည်ကြသည်။ ထိုသို့မဟုတ်ပါက အခြားဘာသာတစ်ခုကို သူတို့ရှာပေမည်။—မဿဲ ၇:၁၄။
သူတို့သာလျှင် ကယ်တင်ခြင်းရမည့် သူများဖြစ်သည်ဟု သူတို့ယုံကြည် သလော။
မဟုတ်ပါ။ နှစ်ရာစုပေါင်းများစွာက အသက်ရှင်ခဲ့သည့်ယေဟောဝါသက်သေမဟုတ်သော သန်းနှင့်ချီသူတို့သည် ရှင်ပြန်ထမြောက်လာကြပြီး အသက်ရှင်ခွင့်ရကြမည်။ ယခုအသက်ရှင်သူများမှ ‘ကြီးစွာသောဆင်းရဲခြင်း’ မတိုင်မီအမှန်တရားနှင့် ဖြောင့်မတ်ခြင်းတွင် ရပ်တည်ဦးမည့်သူတို့လည်း ကယ်တင်ခံရကြမည်။ ထို့ပြင် ယေရှုက ကျွန်ုပ်တို့သည် တစ်ယောက်ကိုတစ်ယောက်မစီရင်သင့်ကြောင်း မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် အပေါ်ယံအသွင်အပြင်ကိုကြည့်တတ်သည်။ ယေဟောဝါမူ နှလုံးကိုကြည့်သည်။ မှန်ကန်တိကျစွာ ကိုယ်တော်မြင်နိုင်ပြီး ကရုဏာပါပါတရားစီရင်တော်မူသည်။ တရားစီရင်ခြင်းတာဝန်ကို ယေရှုအား ပေးအပ်ထားသည်။ ကျွန်ုပ်တို့၏တာဝန်မဟုတ်ပါ။—မဿဲ ၇:၁-၅; ၂၄:၂၁; ၂၅:၃၁။
ယေဟောဝါသက်သေတို့၏ အစည်းအဝေးများ တက်ရောက်လျှင် မည်သည့်ငွေကြေးအလှူငွေများ ထည့်ရသနည်း။
ငွေကြေးအလှူနှင့်ပတ်သက်၍ တမန်တော်ပေါလု ဤသို့ပြောသည်– “လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့်မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။” (၂ ကောရိန္သု ၉:၇) ယေဟောဝါသက်သေတို့၏ နိုင်ငံတော်ခန်းမနှင့် စည်းဝေးကြီးခန်းမများတွင် မည်သည့်အခါမျှ အလှူငွေ လိုက်မကောက်ခံပါ။ အလှူငွေထည့်ဝင်လိုသူ မည်သူမဆို လွယ်လင့်တကူထည့်ဝင်နိုင်ရန် အလှူငွေသေတ္တာများကို ထားပေးသည်။ မည်မျှထည့်သည်ကို အခြားမည်သူတစ်ဦးမျှမသိပါ။ အချို့သည် အခြားသူတို့ထက်ပို၍ ထည့်နိုင်ကြသည်။ အချို့သည် လုံးဝထည့်နိုင်ကြမည်မဟုတ်။ ယေရုရှလင်ဝတ်ပြုရာအိမ်တော်ရှိ အလှူငွေသေတ္တာတွင် ထည့်ဝင်သူများအကြောင်း ယေရှုမှတ်ချက်ချခဲ့စဉ်က သဘောထားမှန်ကို ကိုယ်တော်ဖော်ထုတ်တင်ပြခဲ့သည်။ တစ်ဦးတစ်ယောက်၏ပေးနိုင်စွမ်းနှင့် ပေးလိုသည့်ဆန္ဒက အရေးကြီးသည်။ မည်မျှပေးသည်မှာ အဓိကမဟုတ်ပါ။—လုကာ ၂၁:၁-၄။
ကျွန်ုပ် ယေဟောဝါသက်သေတစ်ဦးဖြစ်လာလျှင် သူတို့ကဲ့သို့ပင် ကျွန်ုပ်လည်းဟောပြောရမည်လော။
တစ်ဦးတစ်ယောက်သည် ခရစ်တော်အုပ်ချုပ်မည့်ကတိထားရာ မြေကြီးပရဒိသုအကြောင်း သိကျွမ်းလာသည်နှင့်အမျှ အခြားသူတို့ကို ယင်းအကြောင်းပြောပြလိုစိတ်ပေါ်လာသည်။ သင်လည်း ထိုသို့ပင်ဖြစ်မည်။ ယင်းကား သတင်းကောင်းပင်ဖြစ်သည်!—တမန်တော် ၅:၄၁၊ ၄၂။
ဤသို့ပြုခြင်းကား သင်သည် ခရစ်တော်ယေရှု၏တပည့်ဖြစ်ကြောင်း အရေးကြီးသောနည်းဖြင့် တင်ပြရာရောက်သည်။ သမ္မာကျမ်းစာက ယေရှုကို “သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံ” ဟုခေါ်ဆိုထားသည်။ မြေကြီးပေါ်ရှိခဲ့စဉ်က “ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ” ဟုဟောပြောခဲ့ပြီး၊ ထိုသို့ပင်ဟောပြောရန် တပည့်များကိုစေလွှတ်ခဲ့သည်။ (ဗျာ. ၃:၁၄; မဿဲ ၄:၁၇; ၁၀:၇) နောင်တွင် နောက်တော်လိုက်များအား ဤသို့အမိန့်ပေးခဲ့သည်– ‘သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက် ဆုံးမပေးကြလော့။’ ကိုယ်တော်တင်ကူးမိန့်တော်မူခဲ့သေးသည့်အချက်ကား အဆုံးမတိုင်မီ “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း [ဘုရားသခင်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လော[က] နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။”—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀။
ဤသတင်းကောင်းကိုကြေညာရန် နည်းအမျိုးမျိုးရှိသည်။ မိတ်ဆွေသူငယ်ချင်းတို့နှင့် စကားစမြည်ပြောဆိုရင်း ယင်းသို့ပြုဖို့အခွင့်အလမ်းရတတ်လေ့ရှိသည်။ အချို့ကစာရေး၍၊ အချို့ကတယ်လီဖုန်းဆက်၍ သတင်းကောင်းဟောကြသည်။ အချို့က သူငယ်ချင်းများအထူးစိတ်ဝင်စားမည်ဟု ထင်ရသော စာပေစာတမ်းတို့ကို စာတိုက်ဖြင့်ပို့ပေးကြသည်။ သတင်းကောင်းမကြားလိုက်ရသူတစ်ယောက်မျှ မရှိစေရန် သက်သေခံတို့သည် တစ်အိမ်မှတစ်အိမ်သတင်းကောင်းကို ကြေညာကြသည်။
ကျမ်းစာက ဤသို့လှိုက်လှဲစွာဖိတ်ခေါ်သည်– “ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟုဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။” (ဗျာ. ၂၂:၁၇) ပရဒိသုကမ္ဘာနှင့် ယင်း၏ကောင်းချီးများအကြောင်း သူတစ်ပါးကိုပြောပြခြင်းသည် မိမိ၏စိတ်လိုကိုယ်လျောက်လုပ်ရမည့်ကိစ္စဖြစ်သည်။ ဤသတင်းကောင်းကို ဝေမျှလိုသောဆန္ဒပြည့်ဝသည့်နှလုံးဖြင့် ဟောပြောရမည်ဖြစ်သည်။
ယေဟောဝါသက်သေတို့နှင့် သူတို့၏ယုံကြည်ချက်များဆိုင်ရာ အခြားမေးခွန်းများလည်း သင်မေးလိုဦးမည်ဖြစ်သည်။ အကြောင်းအရာအချို့တို့မှာ အချေအတင်ပြောရမည့်သဘောရှိကောင်းရှိမည်။ သင့်မေးခွန်းများကို ကျွန်ုပ်တို့ဖြေကြားပေးလိုပါသည်။ ဤစာစောင်တွင် ဖော်ပြရန်အကန့်အသတ်ရှိသောကြောင့် သင့်ဒေသရှိသက်သေခံတို့ကိုမေးမြန်းရန် သင့်အားကျွန်ုပ်တို့ခေါ်ဖိတ်ပါသည်။ သူတို့၏ခန်းမတွင် သင်အစည်းအဝေးတက်ရောက်သည့်အခါ သို့မဟုတ် သင့်အိမ်သို့သူတို့လာရောက်လည်ပတ်သည့်အခါ ထိုသို့မေးမြန်းနိုင်သည်။ သို့မဟုတ် အောက်တွင်ဖော်ပြထားသည့် သင့်လျော်သောလိပ်စာကိုအသုံးပြု၍ ယေဟောဝါသက်သေများထံ စာရေးမေးမြန်းနိုင်ပါသည်။