ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ ဧပြီ စာ. ၁၅-၁၉
  • အားပေးတတ်တဲ့ဘုရား ယေဟောဝါကို အတုယူပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အားပေးတတ်တဲ့ဘုရား ယေဟောဝါကို အတုယူပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှေးခေတ်ကျေးကျွန်တွေကို ယေဟောဝါ အားပေး
  • ယေရှု အားပေးခဲ့
  • ရှေးခေတ်က အားပေးချက်
  • ညီအစ်ကိုတွေကို တမန်တော်တွေ အားပေး
  • အားရှိစေတဲ့ အုပ်ချုပ်ရေးအဖွဲ့
  • “တစ်ဦးကိုတစ်ဦး နေ့စဉ် တိုက်တွန်းနှိုးဆော်လျက်နေကြ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • မကြာသေးမီက တစ်ဦးဦးကို သင်အားပေးခဲ့သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • အချင်းချင်း အားပေးဖို့ “ပိုကြိုးစားအားထုတ်ကြပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • နှစ်သိမ့်မှုနှင့် အားပေးမှု—မှန်ကူကွက်များစွာပါသည့် ကျောက်မျက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ ဧပြီ စာ. ၁၅-၁၉
ယောရှုကို မောရှေ တာဝန်ပေး

အားပေးတတ်တဲ့ဘုရား ယေဟောဝါကို အတုယူပါ

‘ဘုရားသခင်ကို ချီးမွမ်းကြပါ။ . . . ကျွန်တော်တို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ ဘုရားသခင် အားပေးတယ်။’—၂ ကော. ၁:၃၊ ၄။

သီချင်း– ၇၊ ၃

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါဟာ အားပေးတဲ့ဘုရားဖြစ်ကြောင်း ဘယ်လို ဖော်ပြသလဲ။

  • ယေရှုလည်း အားပေးတတ်သူဖြစ်ကြောင်း ဘယ်လို ဖော်ပြခဲ့သလဲ။

  • ညီအစ်ကိုတွေကို တမန်တော်တွေ ဘယ်လို အားပေးခဲ့သလဲ။

၁။ ဧဒင်မှာ ပုန်ကန်မှုဖြစ်ပြီးနောက် ယေဟောဝါ ဘာအားပေးစကား ပြောခဲ့သလဲ။

လူတွေ အပြစ်လုပ်ပြီး မစုံလင်သူတွေ ဖြစ်လာကတည်းက ယေဟောဝါဟာ အားပေးတဲ့ ဘုရားဖြစ်ကြောင်း ဖော်ပြခဲ့တယ်။ ဧဒင်ဥယျာဉ်မှာ ပုန်ကန်မှုဖြစ်ပြီးတာနဲ့ ဘုရားသခင်က အာဒံကနေ ဆင်းသက်လာမယ့် သားစဉ်မြေးဆက်တွေကို အားရှိစရာ ပရောဖက်ပြုချက်ပေးပြီး မျှော်လင့်ချက် ရှိစေတယ်။ ကမ္ဘာဦး ၃:၁၅ မှာပါတဲ့ အဲဒီပရောဖက်ပြုချက်အရ “ရှေးမြွေဟောင်း” စာတန်မာရ်နတ်နဲ့ ဆိုးသွမ်းမှုအားလုံး ဖျက်ဆီးခံရလိမ့်မယ်။—ဗျာ. ၁၂:၉။ ၁ ယော. ၃:၈။

ရှေးခေတ်ကျေးကျွန်တွေကို ယေဟောဝါ အားပေး

၂။ နောဧကို ယေဟောဝါ ဘယ်လို အားပေးခဲ့သလဲ။

၂ ဘုရားတရားမဲ့တဲ့ လောကမှာ နောဧနဲ့ မိသားစုပဲ ယေဟောဝါကို ကိုးကွယ်ခဲ့ကြတယ်။ အကြမ်းဖက်မှုနဲ့ လိင်အကျင့်ယိုယွင်းမှုတွေ ပြည့်နေတော့ နောဧ စိတ်ဓာတ်ကျခဲ့နိုင်တယ်။ (က. ၆:၄၊ ၅၊ ၁၁။ ယု. ၆) ဒါပေမဲ့ “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်း” နိုင်ဖို့ နောဧကို ယေဟောဝါ အားပေးခဲ့တယ်။ (က. ၆:၉) ဆိုးညစ်တဲ့လောကကို ဖျက်ဆီးတော့မယ့်အကြောင်း၊ သူ့မိသားစု လွတ်မြောက်ဖို့ ဘာလုပ်ရမယ့်အကြောင်း နောဧကို ညွှန်ကြားခဲ့တယ်။ (က. ၆:၁၃-၁၈) နောဧအတွက် ယေဟောဝါဟာ အားပေးတတ်တဲ့ဘုရား ဖြစ်ခဲ့တာ ထင်ရှားတယ်။

ယောရှုကို မောရှေ တာဝန်ပေး

၃။ ယောရှု ဘာအားပေးမှု ရရှိခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)

၃ နောက်ပိုင်း ကတိထားရာပြည်မှာ ဘုရားသခင့်လူမျိုး အခြေချနိုင်ဖို့ ကြီးလေးတဲ့တာဝန်ကို ယောရှု ရခဲ့တယ်။ ကတိထားရာပြည်မှာ ရှိနေတဲ့ အင်အားကြီးလူမျိုးတွေကို တိုက်ထုတ်ရမှာ ဖြစ်တယ်။ ဒါဟာ ယောရှုအတွက် စိုးရွံ့စရာပဲ။ ဒါကို ယေဟောဝါသိတဲ့အတွက် မောရှေကို ဒီလို အားပေးခိုင်းတယ်– “ယောရှုကို ခေါင်းဆောင် ခန့်ပါ။ သူ အားရှိသွားအောင် အားပေးလိုက်ပါ။ သူဟာ အစ္စရေးလူမျိုးရှေ့ကနေ ဖြတ်ကူးပြီး မင်းလှမ်းမြင်ရတဲ့ ပြည်ကို သူတို့ အမွေခံရအောင် လုပ်ပေးမယ့်သူပဲ။” (တရား. ၃:၂၈) အဲဒီလုပ်ငန်းမစခင် ယောရှုကို ယေဟောဝါ ဒီလိုအားပေးတယ်– “ရဲစွမ်းသတ္တိရှိပါလို့ ငါမိန့်မှာထားတယ် မဟုတ်လား။ မကြောက်ပါနဲ့။ မင်းရဲ့ဘုရားသခင် ယေဟောဝါဟာ မင်းသွားလေရာမှာ အတူရှိနေမယ်။” (ယောရှု ၁:၁၊ ၉) တကယ်အားရှိစရာပါပဲ။

၄၊ ၅။ (က) ရှေးခေတ်က မိမိလူမျိုးကို ယေဟောဝါ ဘယ်လို အားပေးခဲ့သလဲ။ (ခ) မိမိသားကို ယေဟောဝါ ဘယ်လို အားပေးသလဲ။

၄ ယေဟောဝါဟာ တစ်ဦးချင်းစီကိုသာမက အုပ်စုလိုက်ကိုလည်း အားပေးစကား ပြောတယ်။ ဗာဗုလုန်မှာ သုံ့ပန်းဘဝ ရောက်နေတဲ့ ဂျူးတွေကို ယေဟောဝါက “မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်။ မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ဘုရားသခင်ပါ။ မင်းကို ခိုင်ခံ့စေမယ်၊ ကူညီပေးမယ်။ ဖြောင့်မတ်တဲ့ ညာလက်နဲ့ မြဲမြဲကိုင်ထားမယ်” လို့ နှစ်သိမ့်ပေးခဲ့တယ်။ (ဟေရှာ. ၄၁:၁၀) အစောပိုင်း ခရစ်ယာန်တွေနဲ့ ဒီနေ့ခေတ် ဘုရားလူမျိုးလည်း အလားတူ အားပေးမှု ရရှိထားကြတယ်။—၂ ကောရိန္သု ၁:၃၊ ၄ ကိုဖတ်ပါ။

၅ ယေရှုကိုယ်တိုင် ဖခင်ဆီကနေ အားပေးမှု ရခဲ့တယ်။ နှစ်ခြင်းခံတဲ့အချိန်မှာ ကောင်းကင်ကနေ “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ” ဆိုတဲ့အသံကို ယေရှု ကြားရတယ်။ (မ. ၃:၁၇) အဲဒီစကားကြောင့် မြေကြီးပေါ် အမှုဆောင်ချိန်တစ်လျှောက် ယေရှု တကယ်အားရှိခဲ့မှာပဲ။

ယေရှု အားပေးခဲ့

၆။ တဲလင့်ပုံဥပမာက ဘယ်လို အားပေးမှု ဖြစ်စေသလဲ။

၆ ဖခင်ရဲ့ ပုံသက်သေကို ယေရှု အတုယူခဲ့တယ်။ လောကစနစ်နိဂုံးပိုင်းနဲ့ပတ်သက်တဲ့ ယေရှုရဲ့ တဲလင့်ပုံဥပမာမှာ သစ္စာရှိဖို့ အားပေးခဲ့တယ်။ သခင်က သစ္စာရှိကျွန်တစ်ဦးစီကို “တော်လိုက်တာ။ မင်းဟာ သစ္စာရှိတဲ့ ကျွန်ကောင်းပဲ။ အသေးအမွှား ကိစ္စတွေမှာတောင် သစ္စာရှိတဲ့အတွက် မင်းကို အများကြီး ထပ်ပြီးအပ်ဦးမယ်။ သခင်နဲ့အတူ ဝမ်းမြောက်ပါ” လို့ ချီးမွမ်း ပြောဆိုခဲ့တယ်။ (မ. ၂၅:၂၁၊ ၂၃) ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြုဖို့ တကယ်အားရှိစေတဲ့ အားပေးစကားပါပဲ။

၇။ တမန်တော်တွေနဲ့ အထူးသဖြင့် ပေတရုကို ယေရှု ဘယ်လို အားပေးခဲ့သလဲ။

၇ ယေရှုရဲ့တမန်တော်တွေက ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး မကြာခဏ ငြင်းခုံကြတယ်။ ဒါပေမဲ့ ယေရှုက အရှင်သခင်တွေလို မဖြစ်ဘဲ သူတစ်ပါးကို အစေခံဖို့၊ နှိမ့်ချမှုရှိဖို့ စိတ်ရှည်ရှည် အားပေးခဲ့တယ်။ (လု. ၂၂:၂၄-၂၆) အထူးသဖြင့် ပေတရုဟာ ယေရှုကို အကြိမ်ကြိမ် စိတ်ပျက်စေခဲ့တယ်။ (မ. ၁၆:၂၁-၂၃။ ၂၆:၃၁-၃၅၊ ၇၅) ဒါပေမဲ့ ပေတရုကို ယေရှုငြင်းပယ်မယ့်အစား အားပေးပြီး ညီအစ်ကိုတွေကို အားပေးထောက်မဖို့ တာဝန်ပေးခဲ့တယ်။—ယော. ၂၁:၁၆။

ရှေးခေတ်က အားပေးချက်

၈။ တပ်မှူးတွေနဲ့ ယုဒလူတွေကို ဟေဇကိ ဘယ်လို အားရှိစေခဲ့သလဲ။

၈ ယေဟောဝါရဲ့သား မြေကြီးပေါ် ဆင်းလာပြီး ဘယ်လို အားပေးနိုင်ကြောင်း ပုံသက်သေနဲ့ မသင်ပေးခင်ကတည်းက ဘုရားရဲ့ သစ္စာရှိကျေးကျွန်တွေဟာ အားပေးဖို့ လိုမှန်း သိထားကြတယ်။ အဆီးရီးယားတွေရဲ့ ခြိမ်းခြောက်မှု ခံရတဲ့အခါ ဟေဇကိက တပ်မှူးတွေနဲ့ ယုဒလူတွေကို ခေါ်ပြီး အားပေးခဲ့တယ်။ “လူတွေလည်း ယုဒဘုရင်ဟေဇကိရဲ့ စကားကြောင့် အားရှိလာကြတယ်။”—၂ ရာဇဝင်ချုပ် ၃၂:၆-၈ ကိုဖတ်ပါ။

၉။ ယောဘကျမ်းက အားပေးမှုအကြောင်း ဘာသင်ပေးသလဲ။

၉ အားပေးမှု လိုနေတဲ့ ယောဘဟာ “နှစ်သိမ့်ပေးမယ့်အစား နှိပ်စက်နေကြ” တဲ့ အဖော်သုံးယောက်ကို နည်းမှန်လမ်းကျ အားပေးတတ်ဖို့ သင်ပေးခဲ့တယ်။ မိမိသာ သူတို့နေရာမှာ ရှိရင် “အားပေးစကား၊ နှစ်သိမ့်စကား ပြောပြီး ခင်ဗျားတို့ကို စိတ်သက်သာရာ ရစေမှာ” လို့ ယောဘ ပြောခဲ့တယ်။ (ယောဘ ၁၆:၁-၅) နောက်ဆုံးတော့ ယေဟောဝါနဲ့ ဧလိဟုဆီကနေ ယောဘ အားပေးမှု ရခဲ့တယ်။—ယောဘ ၃၃:၂၄၊ ၂၅။ ၃၆:၁၊ ၁၁။ ၄၂:၇၊ ၁၀။

၁၀၊ ၁၁။ (က) ယေဖသရဲ့သမီး ဘာကြောင့် အားပေးမှု လိုအပ်ခဲ့သလဲ။ (ခ) ဒီနေ့လည်း ဘယ်သူတွေကို အားပေးသင့်သလဲ။

၁၀ အားပေးမှု လိုအပ်သူ နောက်တစ်ဦးကတော့ ယေဖသရဲ့သမီးဖြစ်တယ်။ အမ္မုန်လူတွေကို သွားမတိုက်ခင် တရားသူကြီး ယေဖသက အောင်ပွဲခံပြီး ပြန်လာတဲ့အခါ ဦးဆုံးထွက်ကြိုသူကို ယေဟောဝါအမှုတော်ဆောင်ဖို့ ဆက်ကပ်ပါ့မယ်လို့ သစ္စာကတိပြုခဲ့တယ်။ ထွက်ကြိုသူက တစ်ဦးတည်းသောသမီး ဖြစ်နေတယ်။ ယေဖသ ရင်ကွဲရပြီ။ ဒါပေမဲ့ ကတိအတိုင်း အပျိုစင် သမီးလေးကို ရှိလောအရပ်က တဲတော်မှာ တစ်သက်လုံး အမှုဆောင်စေခဲ့တယ်။—သူကြီး. ၁၁:၃၀-၃၅။

၁၁ ယေဖသအတွက် ခက်သလို သမီးအတွက် ပိုခက်မှာပဲ။ ဒါပေမဲ့ အဖေ့ကတိအတိုင်း လိုလိုလားလား လုပ်ဆောင်ခဲ့တယ်။ (သူကြီး. ၁၁:၃၆၊ ၃၇) ဒါကြောင့် အိမ်ထောင်သားမွေးပြုပြီး မျိုးရိုးနာမည်၊ မိသားစုအမွေ ဆက်ခံခွင့် ဆုံးရှုံးခဲ့ရတယ်။ တကယ့်ကို နှစ်သိမ့်အားပေးမှု လိုအပ်ခဲ့တယ်။ ဒါနဲ့ “အစ္စရေးပြည်မှာ ဖြစ်လာတဲ့ ထုံးစံတစ်ခုကတော့၊ နှစ်စဉ်နှစ်တိုင်း အစ္စရေးမိန်းကလေးတွေဟာ ဂိလဒ်အမျိုးသား ယေဖသရဲ့ သမီးဆီကို တစ်နှစ်မှာ လေးရက်သွားပြီး ချီးမွမ်းစကားပြောကြတဲ့ ထုံးစံဖြစ်တယ်” လို့ ကျမ်းစာဖော်ပြတယ်။ (သူကြီး. ၁၁:၃၉၊ ၄၀) “သခင့်အမှုတော်ကို” ပိုအာရုံစိုက်နိုင်ဖို့ တစ်ကိုယ်ရေနေတဲ့ ခရစ်ယာန်တွေကို ချီးမွမ်းအားပေးသင့်တယ် မဟုတ်လား။—၁ ကော. ၇:၃၂-၃၅။

ညီအစ်ကိုတွေကို တမန်တော်တွေ အားပေး

၁၂၊ ၁၃။ ညီအစ်ကိုတွေကို ပေတရု ဘယ်လို “အားပေးထောက်မ” ခဲ့သလဲ။

၁၂ ယေရှု မသေဆုံးခင်ညမှာ တမန်တော် ပေတရုကို ဒီလိုပြောခဲ့တယ်– “ရှိမုန်၊ ရှိမုန်၊ ဂျုံစပါးကို ဆန်ခါချသလို စာတန်က ခင်ဗျားတို့အားလုံးကို ဆန်ခါချဖို့ အခွင့်တောင်းနေတယ်။ ခင်ဗျားရဲ့ယုံကြည်ခြင်း အားမနည်းသွားအောင် ကျွန်တော် တိုးလျှိုးအသနားခံထားတယ်။ ခင်ဗျား နောင်တရပြီး ပြန်လှည့်လာတာနဲ့ ညီအစ်ကိုတွေကို အားပေးထောက်မပါ။”—လု. ၂၂:၃၁၊ ၃၂။

တမန်တော်တွေ ရေးတဲ့စာက ပထမရာစု အသင်းတော်တွေကို အားရှိစေသလို ဒီနေ့ခေတ် အသင်းတော်တွေကိုလည်း အားရှိစေ

တမန်တော်တွေ ရေးတဲ့စာက ပထမရာစု အသင်းတော်တွေကို အားရှိစေသလို ဒီနေ့ခေတ်အထိလည်း အားရှိစေ (အပိုဒ် ၁၂-၁၇ ကိုကြည့်ပါ)

၁၃ ပေတရုဟာ အစောပိုင်း ခရစ်ယာန်အသင်းတော်ရဲ့ အမာခံဖြစ်ခဲ့တယ်။ (ဂလ. ၂:၉) ပင်တေကုတ္တေပွဲနေ့နဲ့ ပြီးနောက်မှာ ညီအစ်ကိုတွေကို သတ္တိရှိရှိ အားပေးခဲ့တယ်။ နှစ်အတော်ကြာ အမှုဆောင်ခဲ့ပြီးနောက် ခရစ်ယာန်ချင်းတွေဆီ စာရေးတယ်– “ခင်ဗျားတို့ကို ဘုရားသခင်ပြခဲ့တဲ့ မဟာကရုဏာဟာ တကယ်စစ်မှန်ကြောင်း အလေးအနက် သက်သေခံဖို့၊ ခင်ဗျားတို့ကို အားပေးဖို့ . . . ဒီစာတိုလေးကို ကျွန်တော် ရေးပို့လိုက်တယ်။ မဟာကရုဏာတော်ကို ခံစားရင်း အခိုင်အမာ ရပ်တည်ကြပါ။” (၁ ပေ. ၅:၁၂) ပေတရုရေးတဲ့စာတွေက ခေတ်တစ်လျှောက်လုံး၊ အခုအချိန်အထိ ခရစ်ယာန်တွေအတွက် အားပေးမှု ဖြစ်စေတယ်။ ဘုရားသခင် ကတိပေးထားတဲ့ ကမ္ဘာသစ်ကို စောင့်နေချိန်မှာ အဲဒီလို အားပေးမှုမျိုး သိပ်လိုအပ်တယ်။—၂ ပေ. ၃:၁၃။

၁၄၊ ၁၅။ တမန်တော် ယောဟန်ရေးတဲ့ ကျမ်းစောင်တွေက ရာစုနှစ်တွေတစ်လျှောက် ခရစ်ယာန်တွေကို ဘယ်လို အားပေးမှု ဖြစ်စေသလဲ။

၁၄ တမန်တော် ယောဟန်လည်း အစောပိုင်း ခရစ်ယာန်အသင်းတော်ရဲ့ အမာခံဖြစ်ခဲ့တယ်။ ယေရှုရဲ့ အမှုဆောင်လုပ်ငန်းအကြောင်း ရေးထားတဲ့ ခရစ်ဝင်ကျမ်းမှတ်တမ်းက ရာစုနှစ်တွေတစ်လျှောက်၊ အခုအချိန်အထိ ခရစ်ယာန်တွေကို အားပေးမှုဖြစ်စေတယ်။ တပည့်စစ်တွေရဲ့ အမှတ်အသားဟာ မေတ္တာဖြစ်တယ်ဆိုတဲ့ ယေရှုရဲ့စကားကို ယောဟန်ကျမ်းတစ်စောင်တည်းမှာပဲ ဖော်ပြထားတယ်။—ယောဟန် ၁၃:၃၄၊ ၃၅ ကိုဖတ်ပါ။

၁၅ ယောဟန်ရေးတဲ့ ကျမ်းသုံးစောင်မှာ အမှန်တရား ရတနာတွေ ပါဝင်တယ်။ အပြစ်ဝန်ပိနေချိန်မှာ “သားတော်ယေရှုရဲ့ သွေးက ကျွန်တော်တို့ရဲ့ အပြစ်အားလုံးကို သန့်စင်ပေး” ကြောင်း ဖတ်ရတဲ့အခါ စိတ်ပေါ့သွားတယ် မဟုတ်လား။ (၁ ယော. ၁:၇) အပြစ်ရှိတယ်လို့ ခံစားနေရရင်တောင် “ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်တယ်” ဆိုတာ ဖတ်ရတဲ့အခါ ဝမ်းသာမျက်ရည် လည်ပြီး ရင်ထဲ နင့်သွားတယ် မဟုတ်လား။ (၁ ယော. ၃:၂၀) “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်” တယ်လို့ ယောဟန်ပဲ ရေးခဲ့တယ်။ (၁ ယော. ၄:၈၊ ၁၆) ယောဟန်ရဲ့ ဒုတိယနဲ့ တတိယစာတွေက “အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေကြ” တဲ့ ခရစ်ယာန်တွေကို ချီးမွမ်းထားတယ်။—၂ ယော. ၄။ ၃ ယော. ၃၊ ၄။

၁၆၊ ၁၇။ အစောပိုင်းခရစ်ယာန်တွေကို တမန်တော် ပေါလု ဘယ်လို အားပေးသလဲ။

၁၆ ပထမရာစုမှာ ညီအစ်ကိုတွေကို အဓိက အားပေးသူဟာ တမန်တော် ပေါလုဖြစ်တယ်။ ခရစ်ယာန်အသင်းတော် တည်ထောင်ခါစက တမန်တော်အများစုနဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ဂျေရုဆလင်မြို့မှာ ရှိနေကြတယ်။ (တ. ၈:၁၄။ ၁၅:၂) ယုဒပြည်မှာရှိတဲ့ ခရစ်ယာန်တွေက တစ်ဆူတည်းသောဘုရားကို ယုံကြည်ပြီးသား လူတွေကို ခရစ်တော်အကြောင်း ဟောပြောကြတယ်။ ဒါပေမဲ့ နတ်ဘုရားတွေကို ကိုးကွယ်တဲ့ ဂရိ၊ ရောမနဲ့ တခြားလူတွေကို ဟောပြောဖို့ သန့်ရှင်းသော စွမ်းအားတော်က တမန်တော် ပေါလုကို စေလွှတ်ခဲ့တယ်။—ဂလ. ၂:၇-၉။ ၁ တိ. ၂:၇။

၁၇ ပေါလုဟာ တူရကီ၊ ဂရိ၊ အီတလီပြည်တွေ တစ်လျှောက် သွားပြီး လူမျိုးခြားတွေအလယ်မှာ ခရစ်ယာန်အသင်းတော်တွေ တည်ထောင်ခဲ့တယ်။ အဲဒီခရစ်ယာန်ဖြစ်ခါစသူတွေဟာ “တစ်မြို့တည်းသားတွေရဲ့ လက်ချက်ကြောင့် ဆင်းရဲဒုက္ခခံခဲ့ရ” လို့ အားပေးမှု လိုနေကြတယ်။ (၁ သက်. ၂:၁၄) အေဒီ ၅၀ လောက်မှာ ပေါလုက တည်ထောင်ခါစ သက်သာလောနိတ် အသင်းတော်ကို “ခင်ဗျားတို့အားလုံးအတွက် ဆုတောင်းပေးတဲ့အခါတိုင်း ဘုရားသခင်ကို ကျွန်တော်တို့ ကျေးဇူးတင်ချီးမွမ်းမိတယ်။ . . . ခင်ဗျားတို့ သစ္စာရှိရှိ လုပ်ဆောင်ခဲ့တာ၊ မေတ္တာပါပါ ကြိုးစားအားထုတ်ခဲ့တာ၊ . . . ခံနိုင်ရည်ပြခဲ့တာတွေကို ကျွန်တော်တို့ အမြဲ အမှတ်ရနေပါတယ်” လို့ ရေးခဲ့တယ်။ (၁ သက်. ၁:၂၊ ၃) “အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေကြပါ” လို့လည်း တိုက်တွန်းတယ်။—၁ သက်. ၅:၁၁။

အားရှိစေတဲ့ အုပ်ချုပ်ရေးအဖွဲ့

၁၈။ ပထမရာစု အုပ်ချုပ်ရေးအဖွဲ့က ဖိလိပ္ပုကို ဘယ်လို အားပေးခဲ့သလဲ။

၁၈ ပထမရာစု အုပ်ချုပ်ရေးအဖွဲ့ဟာ ဦးဆောင်သူတွေနဲ့ ခရစ်ယာန်အားလုံးကို အားပေးတည်ဆောက်ခဲ့တယ်။ ရှမာရိလူတွေကို ခရစ်တော်အကြောင်း ဖိလိပ္ပု ဟောပြောတဲ့အခါ အုပ်ချုပ်ရေးအဖွဲ့ရဲ့ အားပေးထောက်မမှု အပြည့်အဝ ရခဲ့တယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ပေတရုနဲ့ ယောဟန်ကို စေလွှတ်ပြီး ယုံကြည်သူ လူသစ်တွေ သန့်ရှင်းသော စွမ်းအားတော်ရဖို့ ဆုတောင်းပေးခိုင်းတယ်။ (တ. ၈:၅၊ ၁၄-၁၇) အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထောက်မမှုကြောင့် ဖိလိပ္ပုနဲ့ ယုံကြည်သူလူသစ်တွေ တကယ်အားရှိခဲ့ကြမှာပဲ။

၁၉။ အစောပိုင်းခရစ်ယာန်တွေကို အုပ်ချုပ်ရေးအဖွဲ့ ပို့တဲ့စာက ဘယ်လို အကျိုးပြုသလဲ။

၁၉ နောက်ပိုင်းမှာ ဂျူးမဟုတ်တဲ့ ခရစ်ယာန်တွေ မောရှေပညတ်အရ အရေဖျားဖြတ်ဖို့ လိုမလို အုပ်ချုပ်ရေးအဖွဲ့ ဆုံးဖြတ်ဖို့ ကိစ္စပေါ်လာတယ်။ (တ. ၁၅:၁၊ ၂) သန့်ရှင်းသော စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ကျမ်းစာကို ဆင်ခြင်သုံးသပ်ပြီးနောက် တာဝန်ရှိညီအစ်ကိုတွေက အရေဖျားဖြတ်ဖို့ မလိုကြောင်း ဆုံးဖြတ်ပြီး အသင်းတော်တွေဆီ စာရေးခဲ့တယ်။ အုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားလှယ်တွေက အသင်းတော်တွေဆီ စာသွားပို့ကြတယ်။ ရလဒ်အနေနဲ့ “စာဖတ်ပြီးတဲ့အခါ စာမှာပါတဲ့ အားပေးစကားကြောင့် ဝမ်းသာသွားကြတယ်။”—တ. ၁၅:၂၇-၃၂။

၂၀။ (က) အုပ်ချုပ်ရေးအဖွဲ့က ကျွန်တော်တို့အားလုံးကို ဘယ်လို အားပေးနေသလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘယ်မေးခွန်းကို ဖြေဆိုမလဲ။

၂၀ အခုအချိန်မှာလည်း အုပ်ချုပ်ရေးအဖွဲ့က ဗေသလမိသားစု၊ အထူးအချိန်ပြည့်အမှုဆောင်တွေနဲ့ ကျွန်တော်တို့ အားလုံးကို အားပေးနေပါတယ်။ ပထမရာစုတုန်းကလိုပဲ အားပေးစကားတွေကြောင့် ကျွန်တော်တို့ ဝမ်းသာကြတယ်။ ၂၀၁၅ မှာ အုပ်ချုပ်ရေးအဖွဲ့က ယေဟောဝါဘုရားဆီ ပြန်လာပါ ဆိုတဲ့ ဘရိုရှာကို ထုတ်ဝေလိုက်လို့ ကမ္ဘာတစ်ဝန်းက လူတွေအတွက် အားရှိစရာ ဖြစ်စေခဲ့တယ်။ အခွင့်အာဏာရှိသူတွေပဲ ယေဟောဝါကို အတုယူပြီး အားပေးရမှာလား။ ဒီမေးခွန်းကို နောက်ဆောင်းပါးမှာ ဖြေဆိုပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ