ဒံယေလ
၁၁ “မီးဒီးယားလူမျိုး ဒါရိမင်း+ နန်းစံပထမနှစ်မှာ မိက္ခေလကို* ကျုပ် အားပေးပြီး ကာကွယ်ပေးခဲ့တယ်။ ၂ အခု၊ ကျုပ်ပြောမယ့်အရာဟာ အမှန်တွေပဲ–
“ပါးရှားနိုင်ငံအတွက် ဘုရင်သုံးပါး ပေါ်လာဦးမယ်။ စတုတ္ထဘုရင်ဟာ သူတို့ထက် စည်းစိမ်ကြွယ်ဝမယ်။ စည်းစိမ်ဥစ္စာကြောင့် သူအင်အားကြီးလာတဲ့အခါ ဂရိနိုင်ငံကို တိုက်ခိုက်ဖို့ အားလုံးကို နှိုးဆော်လိမ့်မယ်။+
၃ “အဲဒီနောက် တန်ခိုးကြီးဘုရင်တစ်ပါး ပေါ်လာမယ်။ ကျယ်ပြောတဲ့ ပိုင်နက်ကို အုပ်ချုပ်ပြီး+ အလိုရှိတဲ့အတိုင်း လုပ်ဆောင်လိမ့်မယ်။ ၄ တန်ခိုးအာဏာ အထွတ်အထိပ် ရောက်ချိန်မှာ* သူ့နိုင်ငံ ပြိုကွဲပြီး အရပ်လေးမျက်နှာဆီ* ကွဲလွင့်သွားမယ်။+ ဒါပေမဲ့ အရိုက်အရာဆက်ခံသူတွေက သူ့မျိုးဆက်ဖြစ်မှာ မဟုတ်ဘူး။ သူတို့ရဲ့ ပိုင်နက်ကလည်း သူအုပ်ချုပ်ခဲ့တဲ့ ပိုင်နက်လိုဖြစ်မှာ မဟုတ်ဘူး။ သူ့နိုင်ငံဟာ ဆွဲနုတ်ခံရပြီး သူ့မျိုးဆက်မဟုတ်တဲ့ တခြားသူတွေလက်ထဲ ရောက်သွားလိမ့်မယ်။
၅ “သူ့ရဲ့ဗိုလ်ချုပ်တွေထဲက* တစ်ယောက်ဖြစ်တဲ့ တောင်ဘုရင်ဟာ အင်အားကြီးလာမယ်။ ဒါပေမဲ့ နောက်တစ်ယောက်က* သူ့ကို အနိုင်ရပြီး ပိုကျယ်ပြောတဲ့ ပိုင်နက်ကို အုပ်ချုပ်လိမ့်မယ်။ သူ့ထက် တန်ခိုးအာဏာ ကြီးမားလာမယ်။
၆ “နှစ်အတော်ကြာတဲ့အခါ သူတို့ မဟာမိတ်ဖွဲ့လိမ့်မယ်။ အချင်းချင်း သဘောတူညီမှုရယူဖို့ တောင်ဘုရင်ရဲ့သမီးက မြောက်ဘုရင်ဆီ ရောက်လာမယ်။ ဒါပေမဲ့ အဲဒီမင်းသမီးက လက်ရုံးတန်ခိုးကို မထိန်းနိုင်ဘူး။ ဘုရင်နဲ့ ဘုရင့်လက်ရုံးလည်း ရပ်တည်နိုင်မှာ မဟုတ်ဘူး။ အဲဒီမင်းသမီးနဲ့ ခေါ်ဆောင်လာသူတွေရော၊ ခမည်းတော်နဲ့ အဲဒီအတောအတွင်းမှာ မင်းသမီးကို အင်အားကြီးစေသူတွေပါ ရှုံးနိမ့်သွားလိမ့်မယ်။ ၇ မင်းသမီးရဲ့ အမြစ်ကနေပေါက်လာတဲ့အတက်ဟာ ခမည်းတော်ရဲ့ အရိုက်အရာကို ဆက်ခံလိမ့်မယ်။ သူက စစ်တပ်ရှိရာကို ရောက်လာပြီး မြောက်ဘုရင်ရဲ့ ခံတပ်ကို တိုက်ခိုက်လိမ့်မယ်။ သူတို့ကို တိုက်ပြီး အနိုင်ရလိမ့်မယ်။ ၈ သူတို့ရဲ့ဘုရားတွေ၊ ရုပ်တုတွေ၊ အဖိုးတန် ရွှေငွေပစ္စည်းတွေ၊ သုံ့ပန်းတွေကို ယူပြီး အီဂျစ်ပြည်ကို ပြန်လာမယ်။ မြောက်ဘုရင်နဲ့ နှစ်အတော်ကြာကြာ ခပ်ကင်းကင်း နေလိမ့်မယ်။ ၉ မြောက်ဘုရင်က တောင်ဘုရင်ရဲ့ နိုင်ငံကို လာတိုက်ပေမဲ့ နေရင်းပြည်ကို ပြန်သွားရလိမ့်မယ်။
၁၀ “သူ့သားတော်တွေက စစ်တိုက်ဖို့ အသင့်ပြင်ပြီး အင်အားကြီးစစ်တပ်ကို စုစည်းမယ်။ သားတော်တစ်ယောက်က* ချီတက်တိုက်ခိုက်ပြီး ပြည်ကို ရေလွှမ်းမိုးသလို တိုက်ချလိမ့်မယ်။ ဒါပေမဲ့ သူ ပြန်သွားရလိမ့်မယ်။ သူ့ခံတပ် မရောက်မချင်း လမ်းတစ်လျှောက်လုံး တိုက်ခိုက်သွားရလိမ့်မယ်။
၁၁ “တောင်ဘုရင်က နာကြည်းခံပြင်းလှတဲ့အတွက် ထွက်လာပြီး မြောက်ဘုရင်ကို တိုက်လိမ့်မယ်။ မြောက်ဘုရင်လည်း စစ်အင်အား အမြောက်အမြားကို စုစည်းပေမဲ့ အဲဒီစစ်အင်အားဟာ တောင်ဘုရင်လက်ထဲ ရောက်သွားမယ်။ ၁၂ အဲဒီစစ်သည်အလုံးအရင်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် သူ စိတ်နေမြင့်လာမယ်။ သောင်းနဲ့ချီတဲ့ လူတွေကို ကျဆုံးစေမယ်။ ဒါပေမဲ့ သူ့ရဲ့ ခိုင်မာတောင့်တင်းတဲ့ အနေအထားကို အသုံးချမှာ မဟုတ်ဘူး။
၁၃ “မြောက်ဘုရင်က ပြန်သွားပြီး အရင်ထက် ပိုကြီးမားတဲ့ စစ်အင်အားကို စုစည်းလိမ့်မယ်။ အချိန်တွေ၊ နှစ်တွေ အတော်ကြာပြီးတဲ့နောက် စစ်လက်နက် အပြည့်အစုံပါတဲ့ တပ်မဟာကြီးနဲ့အတူ ကျိန်းသေ ပြန်လာမယ်။ ၁၄ အဲဒီအချိန်မှာ တောင်ဘုရင်ကို ဆန့်ကျင်မယ့်သူတွေ အများကြီး ပေါ်လာဦးမယ်။
“ခင်ဗျားရဲ့လူတွေထဲက အကြမ်းဖက်သူတွေဟာ လူအများနောက် ပါသွားပြီး စိတ်အာရုံပြည့်စုံစေဖို့ ကြိုးစားကြလိမ့်မယ်။ ဒါပေမဲ့ သူတို့ ခလုတ်တိုက်လဲလိမ့်မယ်။
၁၅ “မြောက်ဘုရင် ရောက်လာပြီး ထိုးစစ်ကုန်းရိုးကို တည်ဆောက်လိမ့်မယ်။ ခံတပ်မြို့ကို သိမ်းပိုက်လိမ့်မယ်။ တောင်ဘုရင်ရဲ့ လက်ရုံးတွေရော* လက်ရွေးစင်စစ်သည်တွေပါ ခုခံနိုင်မှာ မဟုတ်ဘူး။ သူတို့ ခုခံနိုင်စွမ်းရှိမှာ မဟုတ်ဘူး။ ၁၆ တောင်ဘုရင်ကို လာတိုက်တဲ့သူက အလိုရှိတဲ့အတိုင်း လုပ်ဆောင်လိမ့်မယ်။ သူ့ရှေ့မှာ ဘယ်သူမှ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ သာယာလှပတဲ့ပြည်မှာ သူမတ်တတ်ရပ်လိမ့်မယ်။+ သူ့လက်မှာ သုတ်သင်ဖျက်ဆီးနိုင်စွမ်း ရှိလိမ့်မယ်။ ၁၇ သူဟာ သန္နိဋ္ဌာန်ချပြီး တစ်နိုင်ငံလုံးရဲ့ စစ်အင်အားနဲ့ ရောက်လာမယ်။ တောင်ဘုရင်နဲ့ သဘောတူညီမှုရယူပြီး ထိထိရောက်ရောက် လုပ်ဆောင်လိမ့်မယ်။ သမီးမိန်းကလေးကို ပျက်စီးကိန်းဆိုက်အောင် လုပ်ပိုင်ခွင့်ရလိမ့်မယ်။ အဲဒီသမီးဟာ ရပ်တည်နိုင်မှာ မဟုတ်တဲ့အပြင် သူ့ပိုင်ဆိုင်ရာအဖြစ် ဆက်ရှိနေမှာ မဟုတ်ဘူး။ ၁၈ သူဟာ* ကမ်းရိုးတန်းဒေသဘက် လှည့်ပြီး နယ်မြေအများကြီးကို သိမ်းပိုက်လိမ့်မယ်။ သူကဲ့ရဲ့ရှုတ်ချတာကို ခံရတဲ့ တပ်မှူးတစ်ယောက်က အဲဒီကဲ့ရဲ့မှုကို အဆုံးတိုင်စေမယ်။ ဒါကြောင့် သူ ကဲ့ရဲ့ရှုတ်ချနိုင်တော့မှာ မဟုတ်ဘူး။ တပ်မှူးက အဲဒီကဲ့ရဲ့ရှုတ်ချမှုကို သူ့အပေါ် ပြန်ရောက်စေမယ်။ ၁၉ အဲဒီနောက် နေရင်းပြည်မှာရှိတဲ့ ခံတပ်တွေဆီ လှည့်ပြန်သွားလိမ့်မယ်။ သူ ခလုတ်တိုက်ပြီး လဲကျသွားမှာဖြစ်လို့ သူ့ကို ရှာတွေ့တော့မှာ မဟုတ်ဘူး။
၂၀ “သူ့အရိုက်အရာကို ဆက်ခံသူက အခွန်ကောက်သူကို* ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံတစ်ဝန်းမှာ လျှောက်သွားစေလိမ့်မယ်။ ဒါပေမဲ့ ရက်အနည်းငယ်အတွင်းမှာ သူဟာ ဒေါသကြောင့်လည်း မဟုတ်၊ စစ်မှုကြောင့်လည်း မဟုတ်ဘဲ ပျက်စီးသွားလိမ့်မယ်။
၂၁ “အဲဒီနောက် သူ့အရိုက်အရာကို အထင်သေးခံရသူတစ်ယောက် ဆက်ခံမယ်။ သူတို့က အဲဒီတစ်ယောက်ကို နိုင်ငံရဲ့ ဘုန်းစည်းစိမ်ပေးမှာ မဟုတ်ဘူး။ သူဟာ ဘေးကင်းလုံခြုံနေချိန်မှာ* ရောက်လာပြီး နိုင်ငံကိုပရိယာယ်နဲ့ သိမ်းယူလိမ့်မယ်။ ၂၂ ရေလွှမ်းသလို ချီတက်လာတဲ့ စစ်သည်ဗိုလ်ပါတွေကို* တိုက်ချပစ်လိုက်တဲ့အတွက် သူတို့ ပျက်စီးသွားလိမ့်မယ်။ ပဋိညာဉ်+ ခေါင်းဆောင်လည်း+ ပျက်စီးသွားလိမ့်မယ်။ ၂၃ သူက မဟာမိတ်ဖွဲ့တဲ့သူတွေကို လှည့်စားမြဲလှည့်စားပြီး တိုက်ခိုက်လိမ့်မယ်။ လူမျိုးငယ်တစ်မျိုးကြောင့် သူခွန်အားကြီးလာမယ်။ ၂၄ ဘေးကင်းလုံခြုံနေချိန်မှာ* သူဟာ ခရိုင်ရဲ့ အဖွံ့ဖြိုးဆုံးဒေသတွေထဲ ဝင်ရောက်လာမယ်။ ဘိုးဘေးဘီဘင်တွေ မလုပ်ခဲ့ဖူးတာကို လုပ်လိမ့်မယ်။ လူတွေကို တိုက်ရာပါဥစ္စာတွေ၊ ပစ္စည်းတွေ ခွဲဝေပေးလိမ့်မယ်။ ခံတပ်မြို့တွေကို တိုက်ခိုက်ဖို့ ကြံစည်လိမ့်မယ်။ ဒါပေမဲ့ ခဏပဲ ခံလိမ့်မယ်။
၂၅ “အဲဒီနောက် သူဟာ တောင်ဘုရင်ကို စစ်အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ဖို့ အစွမ်းသတ္တိတွေ၊ စိတ်ဓာတ်အင်အားတွေ စုစည်းလိမ့်မယ်။ တောင်ဘုရင်ကလည်း စစ်ဆင်ဖို့ အင်အားကြီးမားတဲ့ တပ်မဟာကို အသင့်ပြင်လိမ့်မယ်။ သူ့ကို* လုပ်ကြံဖို့ လျှို့ဝှက်ကြံစည်ကြမှာဖြစ်လို့ သူ ရပ်တည်နိုင်မှာမဟုတ်ဘူး။ ၂၆ သူ့ရဲ့ပွဲတော်စာကို စားသုံးသူတွေရဲ့ လက်ချက်နဲ့ သူကျဆုံးလိမ့်မယ်။
“သူ့စစ်တပ်ဟာ တိုက်ချခံရပြီး အတုံးအရုံး သေကျေပျက်စီးလိမ့်မယ်။
၂၇ “အဲဒီဘုရင်နှစ်ပါးက မကောင်းတာကိုပဲ လုပ်ချင်ကြလိမ့်မယ်။ တစ်စားပွဲတည်း ထိုင်နေပေမဲ့ အချင်းချင်း လိမ်ပြောကြလိမ့်မယ်။ သတ်မှတ်ထားချိန်မှာ အဆုံးရောက်လာမှာဖြစ်လို့+ သူတို့ အကြံအစည်တွေ အကောင်အထည်ပေါ်မှာ မဟုတ်ဘူး။
၂၈ “မြောက်ဘုရင်က ပစ္စည်းဥစ္စာအများကြီးနဲ့အတူ နေရင်းပြည်ကို ပြန်သွားလိမ့်မယ်။ သန့်ရှင်းတဲ့ပဋိညာဉ်ကို ဆန့်ကျင်ချင်တဲ့သဘောထား သူ့မှာ ရှိလိမ့်မယ်။ ထိထိရောက်ရောက် လုပ်ဆောင်ပြီး နေရင်းပြည်ကို ပြန်သွားလိမ့်မယ်။
၂၉ “သတ်မှတ်ထားချိန် ရောက်တဲ့အခါ သူက ပြန်လာပြီး တောင်ဘုရင်ကို တိုက်ခိုက်လိမ့်မယ်။ ဒီတစ်ကြိမ်တော့ အရင်လိုဖြစ်မှာ မဟုတ်ဘူး။ ၃၀ ခိတိမ်သင်္ဘောတွေ+ လာတိုက်ခိုက်တဲ့အတွက် သူ အရေးနိမ့်သွားလိမ့်မယ်။
“သူ ပြန်သွားလိမ့်မယ်။ သန့်ရှင်းတဲ့ပဋိညာဉ်ကို ဒေါသထွက်ပြီး+ ထိထိရောက်ရောက် လုပ်ဆောင်လိမ့်မယ်။ သူ ပြန်သွားလိမ့်မယ်။ သန့်ရှင်းတဲ့ပဋိညာဉ်ကို စွန့်ပစ်သွားသူတွေကို အရေးစိုက်လိမ့်မယ်။ ၃၁ စစ်တပ်တွေက* သူ့ဆီကနေ ပေါ်ထွက်လာပြီး သန့်ရှင်းရာဌာနတော်ဖြစ်တဲ့+ ခံတပ်ကို ညစ်ညူးစေမယ်။ ပုံမှန်ဆက်သနေကျ ပူဇော်သက္ကာကိုလည်း ဖယ်ရှားလိမ့်မယ်။+
“သူတို့က ဖျက်ဆီးတတ်တဲ့ ရွံရှာဖွယ်ရာကို နေရာချထားလိမ့်မယ်။+
၃၂ “ပဋိညာဉ်ကို ချိုးဖောက်ပြီး ဆိုးညစ်စွာ ပြုမူသူတွေကို သူက ချိုသာတဲ့စကားတွေ ပြောပြီး အယူဖောက်ပြန်စေလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ဘုရားသခင်ကို သိကျွမ်းတဲ့သူတွေဟာ အနိုင်ရပြီး ထိထိရောက်ရောက် လုပ်ဆောင်လိမ့်မယ်။ ၃၃ ထိုးထွင်းဉာဏ်ရှိသူတွေဟာ+ လူများစွာကို သိနားလည်နိုင်စွမ်း ပေးလိမ့်မယ်။ ဓားဘေး၊ မီးဘေး၊ သုံ့ပန်းဘေး၊ လုယက်ဖျက်ဆီးခြင်းဘေးတွေကြောင့် ရက်အတော်ကြာကြာ တိုက်မိလဲလိမ့်မယ်။ ၃၄ ဒါပေမဲ့ သူတို့ တိုက်မိလဲချိန်မှာ အကူအညီ အနည်းငယ်ရလိမ့်မယ်။ လူများစွာက ချိုသာတဲ့စကားတွေ ပြောပြီး သူတို့နဲ့ ပူးပေါင်းလိမ့်မယ်။ ၃၅ ထိုးထွင်းဉာဏ်ရှိသူတချို့ တိုက်မိလဲလိမ့်မယ်။ ဒီနည်းနဲ့ အဆုံးပိုင်းကာလအထိ သူတို့ သန့်စင်ခံရပြီး သန့်ရှင်းဖြူစင်သွားမယ်။+ အဲဒါက သတ်မှတ်ထားချိန်မှာ အဆုံးတိုင်လိမ့်မယ်။
၃၆ “မြောက်ဘုရင်က အလိုရှိတဲ့အတိုင်း လုပ်ဆောင်လိမ့်မယ်။ ဘုရားတကာတို့ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ဂုဏ်တင်မယ်။ ဘုရားတို့ရဲ့ဘုရားကို ဆန့်ကျင်ပြီး+ ထူးဆန်းတဲ့အရာတွေ ပြောဆိုမယ်။ ပြစ်ဒဏ်စီရင်ချက် ပြီးဆုံးချိန်အထိတော့ သူအောင်မြင်မယ်။ ဘာကြောင့်လဲဆိုတော့ သတ်မှတ်ထားတဲ့အရာဟာ တကယ်ဖြစ်လာမှာ မို့လို့ပဲ။ ၃၇ သူဟာ ဘိုးဘေးတို့ရဲ့ ဘုရားသခင်ကို အရေးစိုက်မှာ မဟုတ်ဘူး။ မိန်းမတွေရဲ့ အလိုဆန္ဒကိုဖြစ်စေ၊ တခြားဘုရားတွေကိုဖြစ်စေ အရေးစိုက်မှာ မဟုတ်ဘူး။ လူတကာထက် သူ့ကိုယ်သူ ဂုဏ်တင်ချီးမွမ်းမယ်။ ၃၈ ခံတပ်စောင့် နတ်ဘုရားကို ဘုရင်အဖြစ် ဂုဏ်တင်လိမ့်မယ်။ ဘိုးဘေးတို့မသိတဲ့ အဲဒီဘုရားကို ရွှေငွေ၊ ကျောက်မျက်ရတနာ၊ အဖိုးတန်တဲ့အရာတွေနဲ့ ဂုဏ်တင်လိမ့်မယ်။ ၃၉ အဲဒီဘုရားအားကိုးနဲ့ အခိုင်ခံ့ဆုံး ရဲတိုက်တွေကို တိုက်ခိုက်ပြီး ထိထိရောက်ရောက် လုပ်ဆောင်လိမ့်မယ်။ သူ့ကို အသိအမှတ်ပြုသူတိုင်းကို* အကြီးအကျယ် ဂုဏ်တင်ပြီး လူအမြောက်အမြားအပေါ် အုပ်ချုပ်ရတဲ့အခွင့် ပေးလိမ့်မယ်။ တန်ရာတန်ကြေး ရမယ်ဆိုရင် မြေကြီးကို ခွဲဝေပေးလိမ့်မယ်။
၄၀ “အဆုံးပိုင်းကာလမှာ တောင်ဘုရင်က သူနဲ့ အပြန်အလှန် တွန်းထိုးကြမယ်။ အဲဒီအခါ မြောက်ဘုရင်လည်း ပြန်တိုက်ခိုက်ဖို့ မြင်းရထားတွေ၊ မြင်းစီးသူရဲတွေ၊ သင်္ဘောတွေအများကြီးနဲ့အတူ လေပြင်းမုန်တိုင်းလို ချီတက်လာလိမ့်မယ်။ တိုင်းပြည်တွေထဲကို ရေလွှမ်းမိုးသလို ဝင်ရောက်လွှမ်းမိုးပြီး တိုက်ချသွားလိမ့်မယ်။ ၄၁ သာယာလှပတဲ့ ပြည်ထဲကိုလည်း ဝင်လာမယ်။+ တိုင်းပြည်အတော်များများကို ပြိုလဲစေမယ်။ ဧဒုံပြည်၊ မောဘပြည်နဲ့ အမ္မုန်အမျိုးရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေကတော့ သူ့လက်ကနေ လွတ်မြောက်လိမ့်မယ်။ ၄၂ သူဟာ လက်ဆန့်ပြီး တိုင်းပြည်တွေကို တိုက်ခိုက်လိမ့်မယ်။ အီဂျစ်ပြည်လည်း လွတ်မြောက်မှာ မဟုတ်ဘူး။ ၄၃ အီဂျစ်ပြည်ရဲ့ ဝှက်ထားတဲ့ ရွှေငွေဘဏ္ဍာတွေ၊ အဖိုးတန်တဲ့အရာတွေကို အုပ်စိုးရလိမ့်မယ်။ လစ်ဗျားနဲ့ အီသီယိုးပီးယားပြည်သားတွေ သူ့နောက်ကို လိုက်ကြလိမ့်မယ်။
၄၄ “သူဟာ အရှေ့အရပ်နဲ့ မြောက်အရပ်ကလာတဲ့ သတင်းတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး လူများစွာကို အစတုံးဖျက်ဆီးဖို့ ဒေါသတကြီး ထွက်လာလိမ့်မယ်။ ၄၅ ပင်လယ်ကြီးနဲ့ သန့်ရှင်းတဲ့တောင်ကြားမှာ နန်းဆောင်တွေ ဆောက်လိမ့်မယ်။+ ဒီလိုနဲ့ သူ့ဇာတ်သိမ်းခန်း ရောက်လာမယ်။ ကူညီမယ့်သူ တစ်ယောက်မှရှိမှာ မဟုတ်ဘူး။