အချို့ကလေးများ အဘယ်ကြောင့် လွန်စွာ ထိန်းသိမ်းရခက်ကြသနည်း
“မျိုးရိုးဗီဇ၏ ကြိုးကိုင်ခြယ်လှယ်မှု၊ ဦးနှောက်၏ ဓာတုဖွဲ့စည်းမှုနှင့် အာရုံကြောဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုတို့က ကျွန်ုပ်တို့သည် ကလေးဘဝတွင် မည်သို့သောသူများ ဖြစ်ကြ၍ မည်သို့သော လူကြီးများ ဖြစ်လာကြသည်ဟူသည့်အချက်ကို ကြီးမားစွာ ပံ့ပိုးသည်။”—စတင်လေ တူရက်ကီး၊ အမ်. ဒီ.
ကလေးများသည် တစ်ဦးစီ မိမိတို့ဆိုင်ရာဆိုင်ရာ အများနှင့်မတူ တစ်မူကွဲပြားသောနည်းဖြင့် ကြီးပြင်းလာကြသည်။ သူတို့၌ မွေးရာပါ ဖြစ်ပုံပေါက်သော စရိုက်ဉာဉ်နှင့် စိတ်နေစိတ်ထား အမျိုးမျိုး ရှိကြသည်။ မိဘတို့အနေဖြင့် အနည်းငယ်မျှသာ ပြုပြင်၍ရသော သို့မဟုတ် လုံးဝ ပြုပြင်၍ မရသော စရိုက်ဉာဉ်များပင် ဖြစ်သည်။ ထိန်းမနိုင် သိမ်းမရ အငြိမ်မနေတတ်သော ဂြိုဟ်ကောင်ကလေးများသည် အမြဲပင် ရှိလာခဲ့ကြသည်သာ ဖြစ်သည်။ အကောင်းဆုံး မိဘများ၌ပင် မွေးမြူရန် ခက်ခဲသော ကလေး ရှိနိုင်လေသည်။
သို့သော် အချို့သော ကလေးများသည် အဘယ်ကြောင့် ပိုမိုလွန်ကဲစွာ ထိန်းရသိမ်းရခက်ပြီး မွေးမြူရန် မလွယ်ကူကြသနည်း။ အမူအကျင့်ဆိုင်ရာ ပြဿနာများ ဆိုးရွားစွာ တွေ့ကြုံခံစားကြရသော ကလေးများ အရေအတွက်မှာ တိုးပွားနေသည်။ ကလေးအားလုံး၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းတို့က လွန်ကဲစွာ ဂနာမငြိမ်မှုကို ပြသကြကြောင်းနှင့် ဂရုတစိုက် နားထောင်မှု၊ အာရုံစူးစိုက်မှု၊ စည်းကမ်းလိုက်နာမှုနှင့် စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်းကို ထိန်းချုပ်တတ်မှုတို့၌ ဤကလေးများ မစွမ်းသာ ဖြစ်ကြခြင်းက ယင်းတို့နှင့် ယင်းတို့၏ မိသားစု၊ ယင်းတို့၏ ဆရာဆရာမများနှင့် ယင်းတို့၏ ရွယ်တူအဖော်အဖက်များအတွက် အခက်အခဲများစွာ ဖြစ်ပေါ်စေကြောင်း သမားတော်နှင့် သုတေသီတို့က ယေဘုယျအားဖြင့် သဘောတူထားကြသည်။
ယေးလ်တက္ကသိုလ် ဆေးပညာဌာနမှ ကလေးရောဂါဗေဒ ပါမောက္ခ ဒေါက်တာ ဘဲနတ်ရှေးဝစ်တ်က သော့ချက်ကျသော ပြဿနာတစ်ခု ဖြစ်နိုင်သည့် အချက်တစ်ချက်ကို သတိမူစေသည်။ ယင်းမှာ “ဦးနှောက်အာရုံကြော ပို့လွှတ်စနစ်များအတွင်းရှိ အချို့သော ဓာတုပစ္စည်းများ၌ ရိုးရာလိုက်သည့် အနှောင့်အယှက်များ ဖြစ်ပေါ်ခြင်း” ပင် ဖြစ်သည်။ ထိုဓာတုပစ္စည်းများက ဦးနှောက်ဆဲလ် လုပ်ဆောင်ချက်ကို ထိန်းညှိပေးကာ အမူအကျင့်အပေါ် ဦးနှောက်၏ ကွပ်ကဲမှုကို အဆင်ပြေစေသည်။ ကလေးတစ်ဦးကို မွေးမြူရန် မည်သည့်အရာကပင် ခက်ခဲစေကာမူ၊ မိမိတို့ကလေးများ၏ အမူအကျင့်ကို ထိထိရောက်ရောက် ကိုင်တွယ်ကာ ဝေဖန်ပြစ်တင်ခြင်း မပြုဘဲ ကူညီထောက်မ အားပေးရန်မှာ မိဘတို့ ဦးစားပေး လုပ်ဆောင်ရမည့် အရာပင် ဖြစ်သည်။
သမ္မာကျမ်းစာခေတ်က မိဘများသည် မိမိတို့ သားသမီးများအား ပညာသင်ကြား လေ့ကျင့်ပေးရန် တာဝန်ရှိသူများ ဖြစ်ခဲ့ကြသည်။ ဘုရားသခင်၏ ပညတ်တော်များနှင့်အညီ ပဲ့ပြင်ကြပ်မတ်ခြင်းနှင့် သွန်သင်လမ်းညွှန်ခြင်းက မိမိတို့သားသမီးများအား အလိမ္မာပညာရှိစေသည်ဟု သူတို့ သိမြင်ထားကြပေသည်။ (တရားဟောရာ ၆:၆၊ ၇; ၂ တိမောသေ ၃:၁၅) သို့ဖြစ်ရာ အထူးသဖြင့် မနှစ်မြို့ဖွယ်သော အမူအကျင့်များကို အပြုသဘောဖြင့် တုံ့ပြန်ကာ အလုပ် အဘယ်မျှလောက်ပင် များများ ကလေးတစ်ဦး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အစွမ်းကုန် အားထုတ်ရန်မှာ မိဘများ၏ ဘုရားပေးတာဝန်ပင် ဖြစ်တော့သည်။ ယနေ့ ကလေးရောဂါကုသမှု၌ တွေ့မြင်ရသည့် အမူအကျင့်ဆိုင်ရာ ပြဿနာရပ်များတွင် အလွန်အမင်း ထကြွသော၊ စိတ်လိုက်မာန်ပါ ပြုတတ်သော၊ အာရုံစူးစိုက်မှု ကင်းမဲ့သော ကလေးများ အကျုံးဝင် ပတ်သက်နေရကား မွေးမြူရန် ခက်ခဲသော ကလေးများပြဿနာ၏ အကြောင်းတရားများအဖြစ် အေဒီဒီ နှင့် အေဒီအိတ်ချ်ဒီ တို့၏အကြောင်းကို ဆွေးနွေးလျှင် အထောက်အကူ ဖြစ်နိုင်ပေသည်။a
၁၉၅၀ ပြည့်လွန်နှစ်များကဆိုလျှင် ဤရောဂါများကို “အနည်းဆုံး ဦးနှောက်လုပ်ဆောင်ချက် ပုံမမှန်ခြင်း” ဟု ခေါ်ခဲ့ကြသည်။ လေ့လာတွေ့ရှိချက်များက “အေဒီဒီသည် ဦးနှောက်ထိခိုက်မှု အလျင်း မဟုတ်ကြောင်း” ပြသလာသောအခါ ယင်းပညာရပ် ဝေါဟာရ အသုံးပြုမှုသည် ရပ်စဲသွားသည်ဟု ကလေးရောဂါကု အာရုံကြော ပါရဂူ ဒေါက်တာ ဂျန်မတ်သီဆင်က ဆို၏။ “အေဒီဒီသည် ဦးနှောက်၏ အချို့နေရာများတွင် ဖြစ်ပေါ်သည့် ချို့ယွင်းမှု ဖြစ်ပုံပေါက်သည်။ ပါဝင်ပတ်သက်သည့် ဦးနှောက်ဓာတု ဖွဲ့စည်းမှု ပြဿနာ အသေးစိတ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ ယနေ့အထိ မသိကြသေးပါ။ သို့သော်လည်း ဦးနှောက်ထဲမှ ဒိုပါမင်းခေါ် ဓာတုပစ္စည်းတစ်မျိုး ပါဝင်ပတ်သက်နေမှုကိုမူ ကျွန်ုပ်တို့ အမှန်ပင် သိမြင်ခံစားကြပါသည်” ဟု ဒေါက်တာ မတ်သီဆင်က ပြောကြားသည်။ သူက ဤပြဿနာသည် ဒိုပါမင်း ထိန်းညှိခြင်းနှင့် အကျုံးဝင် ပတ်သက်သည်ဟု ယုံကြည်ထားသည်။ “ဤပြဿနာသည် ဓာတုပစ္စည်းတစ်မျိုးတည်းနှင့် သက်ဆိုင်ခြင်း ဖြစ်ပုံမပေါက်ဘဲ အမျိုးမျိုးသော ဓာတုပစ္စည်းများအကြား အပြန်အလှန် ဓာတ်ပြုခြင်းနှင့် သက်ဆိုင်ပုံပေါက်သည်” ဟု သူက ထပ်ဆင့်၍ ဆိုသည်။
အေဒီဒီရောဂါ၏ အကြောင်းရင်းနှင့်စပ်လျဉ်း၍ အဖြေမထုတ်နိုင်သေးသော မေးခွန်းများစွာ ရှိနေသေးသည့်တိုင် အာရုံစူးစိုက်မှု၊ စိတ်လိုက်မာန်ပါ ပြုတတ်မှု၊ ကြွက်သားလှုပ်ရှားမှုတို့ကို ထိန်းသိမ်းခြင်းဆိုင်ရာ နာတာရှည် အားနည်းမှုသည် အကြောင်းရင်းအားဖြင့် အာရုံကြောနှင့် သက်ဆိုင်ကြောင်း သုတေသီအများက ဒေါက်တာ မတ်သီဆင်နှင့် ယေဘုယျအားဖြင့် သဘောတူကြသည်။ “တိကျသော အဖြေကို ရရှိရန် အတော်ပင် သုတေသန ပြုရဦးမည်” ဟု ဝန်ခံကြသော်လည်း အမေရိကန် ပြည်ထောင်စု အမျိုးသား စိတ်ကျန်းမာရေးဌာနမှ ဒေါက်တာ ဇာမက်ကင်နှင့် သုတေသီများ မကြာသေးမီက ပြုလုပ်ခဲ့ကြသည့် လေ့လာမှုတစ်ရပ်က အေဒီဒီသည် ဦးနှောက်အတွင်း ဇီဝဖြစ်ပျက်ချွတ်ယွင်းမှုနှင့် ဆက်စပ်ကြောင်း ခြေရာကောက်မိထားပြီ ဖြစ်သည်။
ကျောင်းတွင် ကြုံရသည့် တကယ့် စိန်ခေါ်မှု
စာသင်ခန်း ဝန်းကျင်၌ ငြိမ်သက်စွာ နေရန်နှင့် စိတ်အာရုံကို စုစည်းရန် လိုအပ်သည့်အလျောက် ဂရုစိုက် နားမထောင်တတ်ခြင်း၊ အာရုံပျံ့လွယ်ခြင်း၊ စိတ်လိုက်မာန်ပါ ပြုတတ်ခြင်း သို့မဟုတ် လွန်ကဲစွာ ထကြွခြင်းတို့ဆိုင်ရာ နာတာရှည်ရောဂါသည် ကလေးများအတွက် ကျောင်းသည် အလွန်အမင်း အခက်အခဲ ကြုံရသည့်နေရာပင် ဖြစ်သည်။ ယင်းသို့သော ကလေးများသည် တစ်စုံတစ်ခုကို ကြာမြင့်စွာ အာရုံစူးစိုက်ရန် အခက်အခဲများစွာ တွေ့ကြသဖြင့် သူတို့ခမျာ လွန်ကဲစွာ စိတ်ထကြွမှု ဖြစ်ခြင်းမှတစ်ပါး ဘာတတ်နိုင်ကြမည်နည်း။ အချို့ကလေးများ၏ အာရုံစူးစိုက်နိုင်စွမ်း ကင်းမဲ့မှုမှာ လွန်စွာ အခြေအနေ ဆိုးရွားသဖြင့် အိမ်၌ဖြစ်စေ၊ ကျောင်း၌ဖြစ်စေ သင်ကြားခြင်းကို အမီမလိုက်နိုင်ကြချေ။ သူတို့သည် မိမိတို့၏ အမူအကျင့်ကို ထိန်းသိမ်းရာ၌လည်းကောင်း၊ မိမိတို့ အမူအကျင့်၏ အကျိုးဆက်များကို အကဲဖြတ်ရာ၌လည်းကောင်း၊ အခက်အခဲ တွေ့ကြရကား အတန်းတွင်း အကြမ်းဖက်သမား သို့မဟုတ် ငတုံးငအ ဖြစ်နေရခြင်းအတွက် ဆုံးမပဲ့ပြင်ခြင်း ခံကြရသည်မှာ မထူးဆန်းချေ။
အဆုံးစွန်တွင် သူတို့သည် မိမိကိုယ်ကို အကောင်းမမြင်သော စိတ်ထားမျိုး ဖြစ်ပေါ်လာပြီး မိမိကိုယ်ကို “လူဆိုး” “လူမိုက်” ဟု စွဲမြဲ သတ်မှတ်ကာ ထိုအတိုင်း ပြုမူကောင်း ပြုမူလာကြမည် ဖြစ်သည်။ မည်မျှပင် အပင်ပန်းခံ ကြိုးစားကြိုးစား ဤကလေးများသည် မိမိကိုယ်ကိုမိမိ အစဉ် ကျရှုံးသူများ ဖြစ်စေဖို့သာ အကြောင်းများလေသည်။
မိမိတို့ကလေး၏ ဂြိုဟ်ကျသော အမူအကျင့်ကြောင့် မိဘများသည် အံ့သြတွေဝေကာ လွန်စွာ စိတ်ရှုပ်ထွေးလျက် စိုးရိမ်ကြောင့်ကြကြရသည်။ တစ်ခါတစ်ရံ အိမ်ထောင်ရေး သဘောကွဲလွဲမှုကို ဖြစ်ပေါ်စေပြီး ယင်းအခြေအနေအတွက် မိဘများ တစ်ဦးနှင့်တစ်ဦး အပြစ်ဖို့ကြသည်။ မိဘများစွာတို့သည် အကောင်းကို မေ့လျက် အဆိုးကို ဖော်ကာ တဖျစ်တောက်တောက် စကားများကြသည်။ သို့ ဖြစ်ရာ အပြုသဘော ကင်းမဲ့သော အမူအကျင့်ပုံစံအပေါ် ၎င်းတို့၏ တုံ့ပြန်ပုံက ပို၍ ပို၍ အပြုသဘော ကင်းမဲ့သော အပြန်အလှန်ပြုမူ ဆက်ဆံမှုကို ဖြစ်ပေါ်စေသည်။ ဤသို့ဖြင့် ဆိုင်ရာမိသားစုသည်လည်းကောင်း၊ ကလေးနှင့် အပြန်အလှန် ပြုမူဆက်ဆံသော အခြားသူများသည်လည်းကောင်း တစ်စုံတစ်ခုသော အတိုင်းအတာဖြင့် ထိုထိန်းသိမ်းရခက်သော ကလေး—အေဒီဒီ ရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ—၏ အမူအကျင့်ကို နားမလည်ခြင်းနှင့် ကိုင်တွယ်ဆောင်ရွက်ခြင်း မပြုရာမှ ပေါက်ဖွားလာသည့် ဩဇာအာဏာလုပွဲတွင် ပိတ်မိလျက်သား ဖြစ်သွားကြပါတော့သည်။
ရောနီနှင့်ပတ်သက်၍ မိခင်တစ်ဦး၏ ကိုယ်တွေ့ မှတ်တမ်း
“ရောနီလေးဟာ လူ့လောကကို ရောက်လာတဲ့နေ့ကတည်းက ပျော်ရွှင်တယ်ရယ်လို့ မရှိခဲ့ပါဘူး။ အစဉ်သဖြင့် စိတ်တိုပြီး ငိုနေတာက များတယ်။ သွေးမတည့်မှုကြောင့် သူ့ရဲ့ အရေပြားပေါ်မှာ အဖုအပိန့်တွေ ထွက်၊ နားရောဂါ အမျိုးမျိုး ခံစားပြီး အမြဲတမ်း ဝမ်းလျှောနေရှာတယ်။
“ဒါပေမဲ့ ရောနီရဲ့ စောစောပိုင်း ကြွက်သားဖွံ့ဖြိုး ဖျတ်လတ်မှုကတော့ ကောင်းကောင်းမွန်မွန် တိုးတက်လာတာပါပဲ။ နောက်ပြီး ခဏလေးနဲ့ပဲ သူဟာ ထိုင်နိုင်၊ ထနိုင်လာတယ်။ ပြီးတော့ သွားတတ်လာတယ်။—ဒါမှမဟုတ် ပြေးတတ်လာတယ်လို့ ပြောရမလားပဲ။ သူကလေး တစ်မှေးအိပ်ပျော်နေခိုက်မှာ ကျွန်မဟာ အိမ်အလုပ်တွေကို အားလုံးပြီးအောင် အသော့လုပ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ “လေဆင်နှာမောင်း” လေး နိုးလာယင် ပတ်ပတ်လည် မြင်သမျှ၊ စိတ်ကူးပေါက်သမျှကို မွှေနှောက်တော့မယ်လေ။ အဲ့ဒီတော့ သူ့ကိုသူ မထိခိုက်အောင်၊ အိမ်မပျက်စီးအောင် ဟန့်တားထိန်းသိမ်းရင်းနဲ့ပဲ ကျွန်မ အလုပ်များတော့မှာကိုးရှင့်။
“သူကလေးရဲ့ အာရုံစိုက်မှု အခိုက်အတန့်ဟာ သိပ်ကို တိုတောင်းပါတယ်။ ဘာကိုမှ သူ ကြာကြာစိတ်မဝင်စားဘူးရှင့်။ ငြိမ်ငြိမ်နေရတာကို သူမုန်းတယ်။ဒါကြောင့် ငြိမ်ငြိမ်နေရမယ့် နေရာတစ်ခုခု—အထူးသဖြင့် အသင်းတော် အစည်းအဝေးတွေ—မှာ သူ့ကို ကျွန်မတို့ ခေါ်သွားပြီဆိုရင် ပြဿနာပဲလို့ မှတ်ကြပေတော့ရှင့်။ ငြိမ်ငြိမ် မထိုင်လို့ လက်ဝါးနဲ့ ရိုက်ဆုံးမရင်လဲ အကျိုးမရှိပါဘူး။ ငြိမ်ငြိမ်နေလို့မှ မရရှာပဲကိုး။ စေတနာရှိသူတွေက အမျိုးမျိုး အကြံပေးကြပါရဲ့။ ဒါပေမဲ့ တစ်ခုမှ မထိရောက်ဘူးရှင့်။
“ရောနီဟာ ဉာဏ်ထက်မြက်သူလေးပါ။ ဒါကြောင့်လဲ သူသုံးနှစ်သားအရွယ်လောက်ကနေ စတင်ပြီး နေ့စဉ် အချိန်တို စာဖတ်တဲ့ အစီအစဉ်တစ်ခုကို လုပ်ပေးပါတယ်။ ငါးနှစ်သားအရွယ်မှာ သူစာကောင်းကောင်း ဖတ်တတ်ပြီလေ။ ဒါနဲ့ သူ့ကို ကျောင်းထားလိုက်တာပေါ့။ နောက်တစ်လလောက်ကြာတော့ ဆရာမဆီ လာပြီး ဆွေးနွေးပါဆိုတဲ့ အကြောင်းကြားစာတစ်စောင် ကျွန်မ လက်ခံရရှိလိုက်တော့တာပဲ။ ဆရာမက ဘာပြောသလဲဆိုတော့ ရောနီကို တွေ့စတုန်းက ကောင်းကင်တမန်တမျှ လိမ္မာတဲ့ စံပြကလေးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အတန်းထဲမှာ တစ်လလောက် ပေါင်းကြည့်ပြီးတဲ့နောက် အခုတော့ သူ့ကို နတ်မိစ္ဆာကောင်လေးလို့ပဲ သဘောထားတယ်တဲ့။ သူဟာ အမြဲတမ်း ခုန်ပေါက်ပြီး အခြားကလေးတွေကို တိုက်လိုက်၊ ဆွဲလိုက် လုပ်နေတယ်တဲ့။ ငြိမ်ငြိမ် မထိုင်ဘဲ တစ်တန်းလုံးကို အနှောင့်အယှက်ပေးတယ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်မှု လုံးဝ မရှိဘူးတဲ့။ နောက်ပြီး သူ့မှာ ကလန်ကဆန် လုပ်တတ်တဲ့ သဘောထားလဲ ဖြစ်ပေါ်နေတာကို သတိပြုမိသတဲ့။ သူ့ကို အထူးပညာပေးတဲ့ အတန်းမှာ ထားဖို့နဲ့၊ ဆရာဝန်ဆီ ခေါ်သွားပြီး စိတ်ငြိမ်ဆေး တောင်းဖို့ ဆရာမက အကြံပေးတယ်လေ။ ကျွန်မတို့ ဝမ်းနည်းယူကျုံးမရ ဖြစ်ကြရတာပါပဲရှင်။
“ဆေးဝါးကလဲ ရောနီအဖို့ အသင့်တော်ဆုံး ရွေးချယ်စရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကလေးကု ဆရာဝန်က လက်တွေ့ကျတဲ့ အကြံပြုချက်တချို့ကိုတော့ ပေးလိုက်တယ်။ ရောနီဟာ ဉာဏ်ထက်မြက်ပြီး ငြီးငွေ့နေတတ်တယ်လို့ သူက ထင်မြင်ယူဆကြောင်း၊ ဒါကြောင့် ကျွန်မတို့အနေနဲ့ ရောနီကို အလုပ်များအောင်ထားပြီး ဆထက်ထမ်းပိုးတိုးပြီး မေတ္တာပြဖို့ရယ်၊ သူ့အပေါ်မှာ စိတ်ရှည်ရှည်နဲ့ အပြုသဘောထား ရှိဖို့ရယ် အကြံပြုတယ်။ သူက ရောနီဟာ ကြီးပြင်းလာပြီး ဓာတ်စာအပြောင်းနဲ့အတူ ပိုပြီး ငြိမ်လာလိမ့်မယ်လို့ သူ ထင်မြင်တယ်။
“ကျွန်မတို့ရဲ့ သားကလေးဟာ ကျွန်မတို့ရဲ့ ဂရုတစိုက် ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေတယ်။ သူကလေးရဲ့ စွမ်းအားကို အကျိုးရှိတဲ့နည်းနဲ့ အသုံးချတတ်လာအောင် ကူညီဖို့ လိုအပ်နေတယ်ဆိုတာတွေကို ကျွန်မတို့ သိမြင်လာကြတယ်။ ဒီအတွက် အချိန် အများကြီး ပေးဖို့ လိုမှာပဲ။ ဒါကြောင့် ကျွန်မတို့လဲ ကျွန်မတို့ရဲ့ နေ့စဉ်ဇယားကို အပြောင်းအလဲလုပ်၊ နာရီပေါင်းများစွာ အသုံးပြုပြီး ကျောင်းစာတွေ ကူညီလုပ်ပေး၊ ရှင်းပြပေးတယ်၊ စိတ်ရှည်စွာနဲ့ သင်ပေးတယ်။ အပြုသဘော မဆောင်တဲ့ အပြောအဆိုတွေ၊ ဒါမှမဟုတ် သူ့ရဲ့ လုပ်ရပ်ဆိုးကလေးတွေကြောင့် သူ့ကို ပြစ်တင်ဆူပူတာတွေကို ကျွန်မတို့ ရပ်စဲလိုက်ကြတယ်။ ကျွန်မတို့ရဲ့ ရည်မှန်းချက်ကတော့ သူ့မှာ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားတဲ့ စိတ်ဓာတ်ကို တည်ဆောက်ပေးဖို့ပါပဲ။ သူ့ကို အမိန့်ပေးတောင်းဆိုမဲ့အစား ဆွေးနွေးကြတယ်။ သူနဲ့ပတ်သက်တဲ့ ဆုံးဖြတ်စရာတစ်ခုခု ရှိတိုင်း သူကလေးရဲ့ သဘောထားကို ကျွန်မတို့ တောင်းခံတယ်။
“အခြားကလေးတွေ အလိုအလျောက် သိနားလည်နိုင်တဲ့အရာတွေကို ရောနီလေးခမျာ လွယ်လွယ်နဲ့ မသိတတ်ရှာပါဘူးရှင်။ ဥပမာဆိုပါတော့။ စိတ်ရှည်ဖို့၊ ငြိမ်ငြိမ်သက်သက် နေဖို့၊ ထိုင်ဖို့နဲ့ သူ့ရဲ့ လွန်ကဲတဲ့ ကာယလှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့အတွက် သူ့ခမျာ သင်ယူရရှာပါတယ်။ ဒါပေမဲ့ ထိန်းချုပ်လို့ ရတယ်၊ သူလုပ်နေတဲ့အရာ၊ ဒါမှမဟုတ် လုပ်မယ့်အရာကို အရှိန်လျှော့ပြီး စဉ်းစားဖို့အတွက် သတိရှိရှိ ကြိုးပမ်းရမယ်ဆိုတာကို တစ်ခါ နားလည်သွားတာနဲ့ ယုံကြည်စိတ်ချမှု ရှိလာပြီး အဆင်ပြေအောင် ပြုပြင်လာတယ်။ ၁၃ နှစ်အရွယ်မှာ သူ့ရဲ့ အမူအကျင့်က ပုံမှန်ပါပဲ။ အဲ့ဒီအချိန်ကစပြီး အစစအရာရာဟာ ဝမ်းသာစရာကောင်းစွာနဲ့ပဲ အဆင်ပြေချောမွေ့လာပါတယ်။ ဖြစ်နေကျအတိုင်း ပုန်ကန်တတ်တဲ့အရွယ် ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် နှစ်များအတွင်းတုန်းကတောင်မှ ဒီလိုပဲ ချောမွေ့သွားပါတယ်။
“ကြာရှည်တဲ့ အချိန်နှင့် သည်းညည်းခံမှုကို အရင်းအနှီးပြုပြီး ရောနီအပေါ် ဆထက်ထမ်းပိုး မေတ္တာရှေ့ထား ရှိခဲ့ခြင်းက အကျိုးအမြတ် လှိုင်လှိုင်ကလေး ဖြစ်ပေါ်စေခဲ့တာပါပဲရှင်။”
[အောက်ခြေမှတ်ချက်များ]
a ဤဆောင်းပါးတစ်ခုလုံးတွင် အေဒီဒီ ဟု ဆိုရာ၌ အာရုံစူးစိုက်မှု ချို့တဲ့ခြင်းရောဂါ (Attention Deficit Disorder) နှင့် အေဒီအိတ်ချ်ဒီ ဟု ဆိုရာ၌ အာရုံစူးစိုက်မှု ချို့တဲ့၊ လွန်ကဲစွာ ထကြွခြင်းရောဂါ (Attention Deficit Hyperactive Disorder) ကို ရည်ညွှန်းပါသည်။