ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၁/၈ စာ. ၂၂
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခွေးများ “မိမိကိုယ်ကိုသတ်သေခြင်း” ဆိုင်ရာလျှို့ဝှက်ချက်
  • လယ်ယာစိုက်ပျိုးလုပ်ကိုင်သူများ ရင်ဆိုင်ရသော ကျန်းမာရေးအန္တရာယ်များ
  • ပုဂ္ဂလိကလုံခြုံရေးကိရိယာများ
  • ကမ္ဘာချီ မလုံခြုံမှု
  • လေလွင့်တိုက်ခွေးများ
  • ပိုင်ရှင်မဲ့ ဝန်စည်စလယ်
  • ရတနာပုံဗိမာန်
  • အီဂျစ်ပြည်၌ ရှေးအကျဆုံး ကျောက်ခင်းလမ်းရှိ
  • သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • အထွတ်အမြတ်ထားရာနေရာတွေမှာ ခရစ်ယာန်တွေ ဝတ်ပြုကိုးကွယ်သင့်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
နိုးလော့!—၁၉၉၇
န၉၇ ၁/၈ စာ. ၂၂

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ခွေးများ “မိမိကိုယ်ကိုသတ်သေခြင်း” ဆိုင်ရာလျှို့ဝှက်ချက်

အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယိုမြို့သူမြို့သားတို့က မိမိတို့မြို့၌ ခွေးများ “မိမိကိုယ်ကိုသတ်သေခြင်း” တိုးများလာရသည့်အကြောင်းနှင့်ပတ်သက်၍ ယုံကြည်ထိုက်သောရှင်းလင်းချက်ကို ရှာဖွေနေကြသည်။ ၎င်းပြဿနာသည် ရိုဆာရီယိုမြို့၏ ထင်ရှားကျော်ကြားသော ပါးကီ ဒီ အက်စပန်းညားဥယျာဉ်တွင် အဓိကဖြစ်ပွားသည်ကိုတွေ့ရှိရသည်။ ထိုဥယျာဉ်အတွင်းရှိ အများပြည်သူ သွားလာအပန်းဖြေရန် ပြုလုပ်ထားသောစင်္ကြံတစ်ခုသည် ပါရာနာမြစ်အထက်ပေ ၉၀ ခန့်အမြင့်တွင်တည်ရှိသည်။ တစ်နှစ်တာကာလအတွင်း ခွေးများ “မိမိကိုယ်ကိုသတ်သေမှု” ၅၀ မျှဖြစ်ပွားခဲ့သည်။ ထိုခွေးတို့သည် ၎င်းတို့၏သခင်များထံမှ ရုတ်တရက်ရုန်းထွက်ပြီး စင်္ကြံ၏အစွန်းသို့ တစ်ရှိန်ထိုးတည့်တည့်ပြေးသွားကာ ခုန်ချသတ်သေကြသည်။ သို့သော် ကျွမ်းကျင်သူတို့၏အလိုအရ ခွေးများသည် မိမိကိုယ်ကိုသတ်သေရန် ဆုံးဖြတ်နိုင်သည့်အစွမ်းမရှိပေ။ ထိုခွေးတို့သည် အသံလွန်လှိုင်းများကြောင့်ဖြစ်စေ၊ ငှက်များ သို့မဟုတ် မြစ်ထဲမှလှေများ၏ လှုပ်ရှားမှုကြောင့်ဖြစ်စေ ဤသို့လှည့်ဖြားသွေးဆောင် ခံရခြင်းဖြစ်သည်ဟု တိရစ္ဆာန်ဆေးကုဆရာဝန်များက တွေးဆကြသည်။ အစွန်အဖျားသို့ အရှိန်နှင့်ပြေးသွားပြီးနောက် မိမိတို့ဘေးအန္တရာယ်ရောက်ပြီဟု သိလိုက်ရသည့်အချိန်တွင် လျှိုထဲသို့ကျွမ်းထိုးကျသွားလေသည်။

လယ်ယာစိုက်ပျိုးလုပ်ကိုင်သူများ ရင်ဆိုင်ရသော ကျန်းမာရေးအန္တရာယ်များ

မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် ပိုးသတ်ဆေးတို့သည် လယ်ယာစိုက်ပျိုးလုပ်ကိုင်သူများအား သီးနှံဆုံးရှုံးမှုမှ လျော့နည်းသက်သာစေခဲ့သည်။ သို့သော်လည်း စိုက်ပျိုးရေးဓာတုပစ္စည်းများသည် လယ်ယာစိုက်ပျိုးလုပ်ကိုင်သူ ၄၀,၀၀၀ ခန့် နှစ်စဉ်သေဆုံးရခြင်းအတွက် တိုက်ရိုက်တာဝန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းမှထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်ကဆိုသည်။ ခန့်မှန်းချက်အရ အဆိုပါဓာတုပစ္စည်းများသည် ၃.၅ သန်းမှ ၅ သန်းအတွင်းရှိသော အခြားသူများ၏ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေလျက်ရှိသည်။

ပုဂ္ဂလိကလုံခြုံရေးကိရိယာများ

The Toronto Star သတင်းစာ၏အဆိုအရ ပို၍ပို၍များပြားသော ကနေဒါပြည်သူတို့သည် အကာအကွယ်အတွက် ခရီးဆောင်လုံခြုံရေးကိရိယာများကို သုံးစွဲလာကြသည်။ ရေပန်းစားလူကြိုက်များသော ကိရိယာများတွင် ဘေးဒုက္ခရောက်ကြောင်းသတိပေးသည့် ကြိမ်နှုန်းမြင့်သောအသံများထုတ်လွှင့်သော “ဆူညံသံပြုကိရိယာများ၊” သို့မဟုတ် “စူးရှသံပြုကိရိယာများ” ပါဝင်သည်။ တိုက်ခိုက်လာသူအား စိတ်ပျက်အားလျော့စေရန်ရည်ရွယ်၍ တီထွင်ထားသော အနံ့ဆိုးသောဓာတုပစ္စည်းများ ထည့်ထားသည့်ဆေးဘူးများနှင့် တိုက်ခိုက်သူကို နောင်တွင် လွယ်လင့်တကူထုတ်ဖော်နိုင်ရန်အလို့ငှာ အစိမ်းရောင်စွဲထင်စေသည့် ဆေးရောင်ဖျန်းဘူးများလည်း ရောင်းချကြသည်။ သို့သော်လည်း “ပုဂ္ဂလိကလုံခြုံရေးကိရိယာများက ယင်းကိုဆောင်ထားသူသည် အကြမ်းဖက်တိုက်ခိုက်ခြင်း ခံရတော့မည်မဟုတ်ဟူ၍ အာမခံမပေးနိုင်ပါ။ ရဲဘက်မှအဆိုအရ သာမန်အသိဉာဏ်၊ သတိဝီရိယတို့သည် နည်းပညာထက်ပို၍အရေးပါသည်။”

ကမ္ဘာချီ မလုံခြုံမှု

၁၉၉၅ ခုနှစ်၊ မတ်လအတွင်းကျင်းပသည့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က လူသားတို့၏လုံခြုံမှုအတွက် စိုးရိမ်မကင်းဖြစ်မိကြောင်းဖော်ပြသည့် သတင်းလွှာတစ်စောင်ကို ထုတ်ဝေခဲ့သည်။ “ဤရာစုနှစ်အစပိုင်း၌ စစ်ပွဲတွင်သေကျေထိခိုက်သူ ၉၀ ရာခိုင်နှုန်းခန့်မှာ စစ်ဘက်မှဖြစ်သည်။ ယနေ့မူကား အခြေအနေပြောင်းပြန်ဖြစ်သွားပြီး သေကျေထိခိုက်သူ ၉၀ ရာနိုင်နှုန်းခန့်မှာ အရပ်ဘက်မှဖြစ်သည်” ဟူ၍ ၁၉၉၄ ခုနှစ် လူ့ဖွံ့ဖြိုးရေးဆိုင်ရာ အစီရင်ခံစာအပေါ် အခြေပြုထားသည့်၎င်းသတင်းလွှာ၌ ထောက်ပြထားသည်။ မည်သည့်နေရာ၌နေထိုင်စေကာမူ လုံခြုံမှုသည် ခြိမ်းခြောက်ခြင်းခံနေရကြောင်း UNDP ကဝန်ခံဖော်ပြသည်။ “ငတ်မွတ်ခေါင်းပါးမှု၊ လူမျိုးစုပဋိပက္ခ၊ လူမှုရေးပြိုကွဲမှု၊ အကြမ်းဖက်မှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် မူးယစ်ဆေးဝါးသယ်ဆောင်မှုတို့သည် နိုင်ငံနယ်နိမိတ်အတွင်းကန့်သတ်ထားသည့် သီးခြားဒေသဆိုင်ရာဖြစ်ရပ်များ မဟုတ်တော့ချေ။ ယင်းတို့၏အကျိုးဆက်သည် တစ်ကမ္ဘာလုံးကို လွှမ်းခြုံလျက်ရှိသည်။

လေလွင့်တိုက်ခွေးများ

The New York Times သတင်းစာ၏အဆိုအရ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းမြို့ကြီးပြကြီးအများသည် လမ်းပေါ်တွင်လေလွင့်သွားလာနေကြသည့် အန္တရာယ်ရှိသောတိုက်ခွေးများ (pit bulls) နှင့်ပတ်သက်သော​ပြဿ​နာကို ရင်ဆိုင်လျက်ရှိကြသည်။ ထိုခွေးအားလုံးသည် မလွဲမသွေ အန္တရာယ်ပြုတတ်ခြင်းမရှိကြောင်း ခွေးထိန်းသိမ်းရေးဌာနမှအရာရှိ တွမ် ဆိုင်မွန်က ရှင်းပြသည်။ “ထိုခွေးများကို ကောင်းစွာလေ့ကျင့်ပေးမည်ဆိုလျှင် နူးညံ့သိမ်မွေ့သောခွေးများ ဖြစ်လာနိုင်သည့်ပြင် ချစ်စရာအိမ်မွေးတိရစ္ဆာန်ပင် ဖြစ်လာနိုင်သည်”ဟု သူကဆိုသည်။ သို့သော် ယခုကဲ့သို့ ရုန့်ကြမ်းသောအခြေအနေမျိုးဖြစ်ရသည်မှာ အဆိုပါခွေးများကို ရက်စက်ကြမ်းကြုတ်သော တိုက်ခွေးများဖြစ်အောင် မွေးမြူလေ့ကျင့်ပေးခဲ့၍ဖြစ်သည်။ အချို့ခွေးများဆိုလျှင် “ပို၍ရက်စက်ကြမ်းကြုတ်အောင်” ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံရကြသည်ဟု ကျွမ်းကျင်သူတစ်ဦးကရှင်းပြသည်။ ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ထိုခွေးအများသည် ထပ်မံ၍တိုက်ခိုက်ခြင်းမပြုနိုင်တော့ချေ။ ဤသို့ဖြစ်လာသည့်အခါ ပိုင်ရှင်တို့က ၎င်းတိုက်ခွေးများကို လမ်းမများတွင်လေလွင့်ကျက်စားစေရန် စွန့်ပစ်လိုက်ကြသည်။

ပိုင်ရှင်မဲ့ ဝန်စည်စလယ်

အမေရိကန် လေကြောင်းကုမ္ပဏီကြီးများတွင်ကျန်ခဲ့သည့် ပိုင်ရှင်မဲ့ဝန်စည်စလယ်အားလုံး ဘာဖြစ်သွားကြသနည်း။ ၎င်းတို့ကို အယ်လာဘားမားပြည်နယ်၊ စကော့စ် ဘာရာမြို့ရှိ ပိုင်ရှင်မဲ့ဝန်စည်စလယ်စင်တာဟုခေါ်သည့် ကုမ္ပဏီတစ်ခုသို့ရောင်းချသည်။ ထိုနေရာတွင် ၎င်းတို့ကိုဖွင့်၍သန့်ရှင်းရေးလုပ်သည်၊ ငွေပါမပါစစ်ဆေးပြီးနောက် လူထုကိုပြန်လည်ရောင်းချသည်။ “ပိုင်ရှင်မဲ့ဝန်စည်စလယ်အတွင်း ပါရှိသည့်ပစ္စည်းများကို ကြည့်လိုက်ရုံနှင့် ယုံကြည်စိတ်ချမှုအပြည့်ရှိသည့် လေယာဉ်ခရီးသည်ကိုပင် တစ်ပါတည်းသယ်ဆောင်နိုင်သည့် ခရီးဆောင်ဝန်စည်စလယ်ကိုသာ ယူဆောင်ရန်အရေးကြီးကြောင်း သဘောပေါက်စေနိုင်သည်။ အလွန်ကြီးမားသော အထပ်လေးထပ်ရှိအရောင်းဌာနများ၌ သားမွေးအနွေးထည်နှင့် ငါးမျှားတံမှစ၍ တီရှပ်နှင့်ကင်မရာများအထိ ပစ္စည်းအမျိုးစုံကိုပြသထားသည်။ . . . ပေါင်မုန့်ကင်ကိရိယာများ၊ အလှကုန်ပစ္စည်းများ၊ မြောက်အမေရိကသမင်ဦးချိုများ၊ ဟန်ဂေရီရိုးရာသီချင်းခွေများကိုလည်း တွေ့ရှိနိုင်သည်” ဟု The Wall Street Journal သတင်းစာကဆိုသည်။ လေကြောင်းဌာနများသည် တစ်နေ့တစ်နေ့လျှင် အထုပ်အပိုးနှစ်သန်းမျှ ကိုင်တွယ်ရသဖြင့် အထုပ် ၁၀,၀၀၀ မှ ၂၀,၀၀၀ ခန့်ကို အပို့မှား၊ အထားမှားကြသော်လည်း ၂၀၀ ထက်နည်းသောအထုပ်အပိုးများလောက်သာ ပိုင်ရှင်ထံပြန်မရောက်ခြင်းဖြစ်သည်။ ၎င်းဝန်စည်စလယ်များကို မရောင်းထုတ်မီ ခရီးသည်များရွေးယူရန် အချိန်သုံးလပေးထားသည်။ စကော့စ်ဘာရာမြို့သို့ပို့လိုက်သည့် ပစ္စည်းများသည် ပိုင်ရှင်ရှာမတွေ့သောပစ္စည်းများဖြစ်သည်ဟု ဆိုသော်လည်း ထိုပစ္စည်းများကို ဆိုင်ပေါ်မတင်မီ အချိန်များစွာယူ၍ ရောင်းချမည့်ပစ္စည်းများမှ နာမည်နှင့်နေရပ်လိပ်စာများကို ခွာရဖျက်ရသည်” ဟု ထိုအရောင်းဌာနမှ စာရေးစာချီများကဆိုကြကြောင်းထို Journal သတင်းစာကဖော်ပြသည်။

ရတနာပုံဗိမာန်

ဂျပန်ပြည်တောင်ပိုင်းတွင်ရှိသော မထင်မရှားသောကျွန်းငယ်လေးတစ်ခုသည် ထိုကျွန်းပေါ်ရှိ ရှင်တိုဗိမာန်တစ်ခု၏ အမည်နာမ၏ဂုဏ်ရှိန်ကြောင့် နေ့ချင်းညချင်း ထင်ရှားကျော်ကြားလာသည်။ ဟိုတိုဟူသော ထိုဗိမာန်၏အမည်သည် “ရတနာတိုးပွားသည်” ဟူသောအဓိပ္ပာယ်ရှိသဖြင့် ပွပေါက်ရှာသည့်မြို့သားတစ်စုက ယင်းကိုအသုံးပြု၍ ၎င်းတို့၏ကြီးမားသောမျှော်လင့်ချက်ကို အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့ကြသည်။ သူတို့က ထိုဗိမာန်၌ ထီလက်မှတ်များထည့်နိုင်သည့် အိတ်ကလေးများကိုရောင်းချရန် စီစဉ်ခဲ့ကြသည်။ ထိုဗိမာန်မှဝယ်ယူသည့် “ကံကောင်းသောအိတ်များ” ကိုအသုံးပြုခြင်းအားဖြင့် ကံကောင်းမည်ဖြစ်သောကြောင့် ထီပေါက်မည်ဟုအာမခံသည်ဟု သူတို့ဆိုကြသည်။ ထိုအချိန်မှစ၍ “လူတို့သည် ထီဆုငွေများများပေါက်မည့်မျှော်လင့်ချက်ဖြင့် ဟိုတိုဗိမာန်သို့အစုလိုက်အပြုံလိုက် လာရောက်ဖူးမြော်ကြသည်” ဟု Asahi Evening News သတင်းစာကဆိုသည်။ သို့သော် ရတနာပုံဆိုက်သည်မှာ “အစုလိုက်အပြုံလိုက်” လာရောက်ကြသောလူတို့မဟုတ်ဘဲ အိတ်ကလေးများကို တစ်ခုလျှင် ဒေါ်လာ ၃၀ ဖြင့်ရောင်းချခြင်းဖြင့် ပွပေါက်တိုးသောထိုဗိမာန်သာဖြစ်ပေသည်။

အီဂျစ်ပြည်၌ ရှေးအကျဆုံး ကျောက်ခင်းလမ်းရှိ

သုတေသနဘူမိဗေဒပညာရှင်တို့က ကိုင်ရိုမြို့၏အရှေ့တောင်ဘက် ၄၃ မိုင်အကွာရှိသဲကန္တာရကို ဖြတ်သန်းဖောက်လုပ်ထားသည့် ၇.၅ မိုင်ရှိကျောက်ခင်းလမ်းတစ်ခုကို တွေ့ရှိခဲ့ကြသည်။ ထုံးကျောက်ပြား၊ သဲကျောက်ပြားနှင့် ကျောက်ဖြစ်သစ်သားပြားအချို့တို့နှင့် ခင်းထားသည့် ထိုရှေးဟောင်းလမ်းမကြီးသည် ဘီ.စီ.အီး. ၂၆၀၀ မှ ၂၂၀၀ ခန့်က ရှေးခေတ်ဟောင်းအီဂျစ်နိုင်ငံတော် အုပ်စိုးစဉ်ကာလကဖြစ်သည်ဟု သတ်မှတ်ကြသည်။ ပျမ်းမျှအကျယ် ခြောက်ပေခွဲရှိသည်။ မီးတောင်ချော်နက် (bassalt) ကျောက်ကျင်းကြီးတစ်ခုမှ လေးလံသောကျောက်တုံးများကို ရှေးခေတ်ကရေအိုင်တစ်ခု၏ကမ်းခြေသို့ သယ်ဆောင်ရာ၌လွယ်ကူစေရန် ထိုလမ်းကိုဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုရေအိုင်သည် ရေကြီးချိန်၌ နိုင်းလ်မြစ်နှင့်တစ်ဆက်တစ်စပ်တည်းဖြစ်သွားသည်။ ယခုအခါ၌ ထိုရေအိုင်မရှိတော့ချေ။ ထိုအနက်ရောင်ကျောက်များကို ရှေးအီဂျစ်အုပ်စိုးရှင်များက ၎င်းတို့၏ခေါင်းကျောက်များပြုလုပ်ရန်နှင့် ဂီဇာဂူသင်္ချိုင်းဗိမာန်များ၏အတွင်း၌ လမ်းခင်းရန်နှစ်သက်ကြသည်။ “ဤကျောက်ခင်းလမ်းသည် ရှေးအီဂျစ်လူမျိုး၏ နည်းပညာအောင်မြင်မှုတစ်ရပ်ဖြစ်သည်” ဟု ဘူမိဗေဒပါမောက္ခ ဒေါက်တာ ဂျိမ်းစ် အေ.ဟာရဲလ်ကဆို၏။ ဘီ.စီ.အီး. ၂၀၀၀ ထက်မစောဟုသတ်မှတ်သည့် ကရေတေကျွန်းရှိဖလက်သဲကျောက် (flagstone) ခင်းလမ်းကို ယခင်အခါက ရှေးအကျဆုံးကျောက်ခင်းလမ်းအဖြစ် မှတ်ယူခဲ့ကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ