ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ချာ့ချ်အသင်းသားဦးရေကျဆင်းနေ
အမေရိကန်တွင် လွန်ခဲ့သောအနှစ် ၃၀ ကျော်က ပင်မပရိုတက်စတင့်ချာ့ချ်များတွင် ကြီးပြင်းလာသူများအနက် ထက်ဝက်အောက်သာ အရွယ်ရောက်လူကြီးများအဖြစ် မိမိတို့ဂိုဏ်းတွင် ဆက်နေကြသည်ဟု ယူဆကြသည်။ ခန့်မှန်းခြေအရ အမေရိကန်နိုင်ငံရှိလူ ၇၈ သန်းသည် “အမည်ခံ” ပရိုတက်စတင့်များဖြစ်ကြသည်။ အဓိပ္ပာယ်မှာ ထိုသူတို့သည် မိမိတို့ကိုယ်ကို နှစ်ခြင်း၊ အီပစ္စကိုပဲလျန်၊ မက်သဒစ်၊ ပရက်စ်ဘီတီးရီးယန်း သို့မဟုတ် အခြားသောပရိုတက်စတင့်အသင်းသားဖြစ်သည်ဟု ဆိုကြသော်လည်း ဒေသန္တရချာ့ချ်အသင်းသားများမဟုတ်ချေ၊ ချာ့ချ်လည်းမတက်ကြချေ။
အရိုးကုန်သည်များ
“မျှော်လင့်ချက်မဲ့နေသော စစ်ဒဏ်ခံကာဘူးလ်မြို့သားများသည် ကြက်စာအတွက် လူရိုးများကိုရောင်းရန် တူးဖော်ကြသည်” ဟုရိုက်တာသတင်းဌာနက ကြေညာသည်။ ထုံးဓာတ်၊ ဖော့စဖိတ်နှင့် ကာဗွန်နိတ်ကြွယ်ဝသောအရိုးကို တိရစ္ဆာန်အစားအစာ၊ ဆပ်ပြာနှင့် ချက်ဆီတို့လုပ်ရန်အသုံးပြုသည်။ ၁၃ ပေါင်ခန့်လေးသောအရိုးစုကို ၅၀ ဆင့်ဖြင့်ရောင်းချနိုင်ပြီး ယင်းသည် ဆင်းရဲလှသောထိုမြို့အတွက် အတော်အသင့်များသောငွေပမာဏဖြစ်သည်။ “ဒါဟာ တကယ်စားသာတဲ့ အရောင်းအဝယ်ဖြစ်တယ်” ဟု ၁၄ နှစ်အရွယ်ဖေ့ဇ်ဒင်ကဆို၏။ “တိရစ္ဆာန်အရိုးတွေကို မကြာခဏကောက်ရပေမဲ့ လူအရိုးတွေကို ဒီနေရာမှာတွေ့ဖို့ပိုလွယ်တယ်။” အာဖဂန်နစ္စတန်၌ နှစ်ချီ၍ဖြစ်သောပြည်တွင်းစစ်က သတ္တုဓာတ်ကြွယ်ဝသော ဤထွက်ကုန်ကို အလွယ်တကူရရှိစေနိုင်ခြင်းမှာ ဝမ်းနည်းစရာပင်။
အချိန်ထက်မကပို၍ဖော်ပြသော လက်ပတ်နာရီ
ရီယိုဒီဂျနေရို၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ခိုးချရန်သုံးသော ဒီဂျစ်တယ်လက်ပတ်နာရီကိုတွေ့ရှိပြီးနောက် ကျောင်းသား ၇၇ ယောက်အထုတ်ခံလိုက်ရသည်ဟု အူဂလိုဘိုသတင်းစာတွင်ဖော်ပြထားသည်။ လက်ပတ်နာရီများ၏လုပ်ဆောင်မှုသည် တယ်လီဖုန်းအချက်ပြကိရိယာနှင့်အလွန်တူ၏; သို့သော် ယင်းသည်တယ်လီဖုန်းနံပါတ်များကိုလက်ခံမည့်အစား စာမေးပွဲမေးခွန်းများ၏အဖြေမှန်များကို ဖြေဆိုပေးသည်။ ကျောင်းသားများသည် လက်ပတ်နာရီတစ်လုံးကို ဒေါ်လာ ၁၄,၀၀၀ အထိပေးဝယ်ကြကြောင်း ယင်းသတင်းကဖော်ပြသည်။ ၁၉၈၇ ခုနှစ်ကတည်းက အင်္ဂလန်နှင့် ဝေးလ်စ်တို့ရှိ ကျောင်းစာမေးပွဲစစ်ဘုတ်အဖွဲ့က ကွန်ပျူတာလက်ပတ်နာရီများအသုံးပြု၍ခိုးချခြင်းကို သတိထားရန် ကျောင်းဆရာများကိုသတိပေးခဲ့ခြင်းသည် စိတ်ဝင်စားစရာပင်။
ပုံပျက်ရုပ်လွှာ
မှန်ကိုကြည့်သောလူအများစုသည် သူတို့မြင်ရသောရုပ်ပုံကို မိမိတို့၏ပင်ကိုရုပ်ဖြစ်ကြောင်းလက်ခံကြသည်။ သို့သော် မိမိရုပ်သွင်ပျက်သည်ဟုထင်မြင်သည့်ရောဂါခံစားနေရသူသည် မှန်ကိုစူးစိုက်ကြည့်လျှင် မိမိတို့၏ရုပ်သွင်ပုံပျက်နေကြောင်းကိုတွေ့ မြင်ရ၏။ “ယင်းသည် ရုပ်အသွင်တစ်ခုကိုစူးစိုက်ကြည့်ရာ၌ သာမန်ဖြစ်နေလျက်နှင့် အလွန်အကျည်းတန်စွာမြင်နေရသောအခြေအနေတစ်ခုဖြစ်သည်” ဟုကနေဒါနိုင်ငံ၊ ဗြိတစ်ရှ်ကိုလံဘီယာပြည်နယ်ထုတ် သည်ပရောဗင့်စ် သတင်းစာကဖော်ပြထား၏။ စိတ်ထင်ဖြင့် မိမိရုပ်သွင်ပုံပျက်နေသည်ဟုခံစားနေရခြင်းသည် အလွန်ဆိုးရွားနိုင်ရကား ရောဂါဝေဒနာခံစားနေသူ ၂၅ ရာခိုင်နှုန်းခန့် မိမိကိုယ်ကိုသတ်သေရန်ကြိုးစားကြသည်ဟု နယူးယောက်စိတ်ရောဂါကုဆရာဝန် အဲရစ်ခ်ဟော်လန်ဒါကဆိုသည်။
E-Mail ဆုတောင်းချက်များ
ဘုရားတရား ကြည်ညိုသောဂျူးအမျိုးသားတို့သည် ငိုခြင်းဖွဲ့ဆုတောင်းရန်အလို့ငှာ ယေရုရှလင်ရှိငိုကြွေးရာတံတိုင်းတွင် စုဝေးလာခဲ့ကြသည်မှာကြာပြီဖြစ်သည်။ မကြာခဏပင် ဝတ်ပြုသူများသည် စာရွက်ငယ်များပေါ်တွင်ဆုတောင်းချက်များရေးသားကာ တံတိုင်းအက်ကြောင်းများတွင် ထားလေ့ရှိကြသည်။ သို့ရာတွင် ယခုအခါ ကမ္ဘာတစ်ဝန်းရှိဂျူးများသည် ကွန်ပျူတာကွန်ရက် (Internet) မှတစ်ဆင့် E-mail ဆုတောင်းချက်များကိုပေးပို့နိုင်ပြီဖြစ်သည်။ ကွန်ပျူတာလောကမဂ္ဂဇင်းအရ the Virtual Jerusalem ကုမ္ပဏီ၏ Web site အမှုထမ်းများသည် ဆုတောင်းချက်များကိုစုစည်း၍ ပုံနှိပ်ကာ “ဂျူးထုံးစံအရ ယင်းတို့ကို ဘုရားသခင်ပြန်သတိရနိုင်သော” ငိုကြွေးရာတံတိုင်းသို့ ယူသွားပေးကြသည်။
ဝင်ငွေကွာဟမှု တိုးလာ
မကြာသေးမီက ကုလသမဂ္ဂလူမှုရေးဖွံ့ဖြိုးမှုသတင်းတစ်ရပ်အရ ကမ္ဘာ့ဝင်ငွေ၏ ၈၃ ရာခိုင်နှုန်းသည် အချမ်းသာဆုံးလူဦးရေ ၂၀ ရာခိုင်နှုန်း၏ဝင်ငွေဖြစ်သွားသည်။ တစ်နည်းအားဖြင့် ကမ္ဘာ့ဘီလီယံ ၃၅၈ ဦး၏စုပေါင်းဓနဥစ္စာသည် အဆင်းရဲဆုံး ၂,၄၀၀,၀၀၀,၀၀၀ ဦး၏ဝင်ငွေပေါင်းနှင့်ညီမျှသည်။ ၁၉၆၀ တွင် စက်မှုနိုင်ငံများ၌ နေထိုင်သူများ၏ပျမ်းမျှတစ်နှစ်ဝင်ငွေသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နေထိုင်သူများထက်ဒေါ်လာ ၅,၇၀၀ ပိုများခဲ့သည်။ သို့ရာတွင် ၁၉၉၃ တွင်စက်မှုနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ပျမ်းမျှတစ်ဦးချင်းတစ်နှစ်ဝင်ငွေကွာခြားမှုသည်ဒေါ်လာ ၁၅,၄၀၀ အထိတက်သွားခဲ့သည်။
သမိုင်းတွင်သောရိတ်သိမ်းမှု
“တရုတ်နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဂျုံစိုက်ခင်းများတွင် လူထက်စက်ကို ပိုမိုအသုံးပြုခဲ့သည်” ဟုရိုက်တာသတင်းကဖော်ပြထား၏။ ရိတ်သိမ်းစက်ပေါင်း ၈၀၀,၀၀၀ ကျော်အသုံးပြုခဲ့သည်ဟု ယင်းသတင်းကဆိုသည်။ ဂျုံကို လွန်ခဲ့သောဘီ. စီ. အီး. ၁၃၀၀ မတိုင်မီခန့်၌ တရုတ်တွင်ပထမဆုံးစိုက်ပျိုးခဲ့ကြကာ မိသားစုလယ်ကွင်းငယ်များတွင်—အများအားဖြင့် လက်ဖြင့်—စိုက်ပျိုးထွန်ယက်ခဲ့ကြပြီး ထိုအချိန်ကတည်းကအောင်မြင်ဖြစ်ထွန်းခဲ့သည်။ သို့သော် တရုတ်နိုင်ငံသည် ကမ္ဘာ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုနေသဖြင့် စိုက်ပျိုးနိုင်သောမြေ ၇ ရာခိုင်နှုန်းမျှသာရှိသော်လည်း “စိုက်ပျိုးရေးအာဏာပိုင်များသည် နိုင်ငံ့စိုက်ကွင်းများတွင် စက်ယန္တရားတပ်ဆင်ခြင်းကိုတိုးချဲ့သွားရန် စိတ်အားထက်သန်လျက်ရှိ၏” ဟုသတင်းကဆိုသည်။
တရားဟောဆရာများ၏ အာမခံအခက်အခဲ
ချာ့ချ်များစွာသည် ကိုယ်တိုင်ထိခိုက်နစ်နာစေမှုများအတွက် နစ်နာကြေးတောင်းဆိုခံရခြင်းကိုကာကွယ်ရန် အထွေထွေတာဝန်ခံအာမခံများထားရှိကြသည်။ သို့ရာတွင် အမေရိကန်ရှိ အာမခံကုမ္ပဏီတချို့သည် [ခရစ်ယာန်] ဓမ္မဆရာများ၏ “လိင်ဆိုင်ရာအကျင့်ပျက်ပြားမှု” ကြောင့်အာမခံမှုကို ပြန်ရုပ်သိမ်းစပြုလျက်ရှိသည်ဟု နေရှင်နယ်အန်ဒါရိုက်တာတွင်ဖော်ပြထား၏။ Church Mutual အာမခံကုမ္ပဏီ၏အထွေထွေအကြံပေးသူ ဂျွန်ကလဲရီကဤသို့ဆိုခဲ့သည်– “များစွာသော . . . တာဝန်ခံမှုဆိုင်ရာမူဝါဒများတွင် လိင်ဆိုင်ရာအကျင့်ပျက်ပြားမှုမပါဝင်ပါ။ အကြောင်းမှာ ယင်းသည် တမင်လုပ်ဆောင်မှု၊ အမှန်ပင်ရာဇဝတ်မှုဖြစ်သောကြောင့်တည်း။” ထိုမျှမက ဘာသာရေးအုပ်စုအသီးသီးကိုကိုယ်စားပြုသူ ရှေ့နေ ဒေါ်နယ်လ်ခလပ်ခ်က “ဤလူလုပ်ဘေးဒဏ်ကြောင့်ဖြစ်နိုင်သည့် စီးပွားရေးဆိုးကျိုးဆိုင်ရာအလားအလာသည် သဘာဝဘေးဒဏ်ကြောင့်ဖြစ်သည့်အကျိုးဆက်ထက် သာ၍အဖျက်စွမ်းအားသက်ရောက်ကြောင်း” အာမခံခြင်းဆိုင်ရာ ဤအပြောင်းအလဲများက ဖော်ပြသည်ဟုဆိုသည်။ မစ္စတာကလဲရီအဆိုအရ ၁၉၈၄ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံကွင် ချာ့ချ်အများစုအာမခံသည့်ကုမ္ပဏီများအနက် တစ်ခုဖြစ်သည့် Church Mutual ကုမ္ပဏီတွင် လိင်ဆိုင်ရာအကျင့်ပျက်ပြားခြင်းတိုင်တန်းမှု ၁,၅၀၀ မှ ၂,၀၀၀ အထိရှိခဲ့သည်။
ထူးချွန်သောစင်္ကာပူကျောင်းသားများ
ကမ္ဘာတစ်ဝန်းရှိပညာရေးစံနှုန်းများကိုနှိုင်းယှဉ်ရန် ၉၀ မိနစ်ကြာသောစမ်းသပ်မှုကို ၄၁ နိုင်ငံမှ သန်းတစ်ဝက်ကျော်သောကျောင်းသားများပါဝင်ခဲ့ကြသည်။ ရလဒ်ကား အဘယ်နည်း။ စမ်းသပ်မှုတွင် ရရှိကြသည့်အမှတ်များအရ စင်္ကာပူသည် သင်္ချာနှင့်သိပ္ပံတို့တွင် ကမ္ဘာ့အတော်ဆုံးကျောင်းသားများကို မွေးထုတ်ပေးနေသည်။ စင်္ကာပူပြီးနောက် သင်္ချာရမှတ်တွင် ထိပ်ဆုံးဖြစ်သည့်ဆယ်နိုင်ငံမှ ကျန်နိုင်ငံများမှာ တောင်ကိုးရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ ဘယ်လ်ဂျီယံ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဆလိုဗက်ပြည်သူ့သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ နယ်သာလန်နှင့် ဆလိုဗေးနီးယားတို့ဖြစ်ကြသည်။ သိပ္ပံရမှတ်အကောင်းဆုံးနိုင်ငံများမှာ စင်္ကာပူ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ဘူလ်ဂေးရီယား၊ နယ်သာလန်၊ ဆလိုဗေးနီးယား၊ ဩစတြီးယား၊ ဟန်ဂေရီနှင့် အင်္ဂလန်တို့ဖြစ်ကြောင်းဖော်ပြထား၏။ လူဦးရေ ၃,၄၀၀,၀၀၀ ခန့်သာရှိသောနိုင်ငံတစ်ခုက ကမ္ဘာ့အခြားနိုင်ငံများထက် မည်သို့သာ၍ထူးချွန်လာသနည်း။ ကြိုးစားမှုကြောင့်ဖြစ်နိုင်သည်။ စင်္ကာပူကျောင်းသားများသည် တစ်နေ့လျှင်ပျမ်းမျှ ၄.၆ နာရီအိမ်စာပြုလုပ်ကြသော်လည်း နိုင်ငံတကာတွင် ပျမ်းမျှ ၂ မှ ၃ နာရီသာပြုလုပ်ကြသည်ဟု အေးရှားဝိခ်သတင်းကဖော်ပြထားသည်။
ကောင်းကင်မှငွေများလော
ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့အနီးရှိ အိုဗာတောင်းခေါ် ဆင်းရဲသားရပ်ကွက်တစ်ခုတွင် နေထိုင်သူများသည် ကောင်းကင်မှငွေများကျလာသောအခါအလွန်ပျော်ရွှင်ခဲ့ကြသည်။ သို့သော် ယင်းသည် ကောင်းကင်မှမန္နမုန့်များမဟုတ်ဘဲ ယင်းရပ်ကွက်ရှိ လမ်းဆုံခုံးတံတားတစ်ခုပေါ်တွင် ဒေါ်လာ ၃.၇ သန်းတင်ဆောင်လာသော သံချပ်ကာထရပ်ကားတစ်စီး တိမ်းမှောက်ရာမှ ငွေအချို့ အောက်ဘက်လမ်းပေါ်သို့ကျလာခြင်းဖြစ်သည်။ အနည်းဆုံးလူ ၁၀၀ ခန့်သည် ငွေများကိုအလုအယက်ကောက်ခဲ့ကြကြောင်းရဲများကခန့်မှန်းကြသော်လည်း ယင်းထက်မက ပိုများကြဟန်ရှိသည်။ သည်နယူးယောက်တိုင်းမ်စ်သတင်းအရ “မိုင်ယာမီရဲများက ငွေလက်ခံရရှိထားသူများသည် ၄၈ နာရီအတွင်း ငွေများကိုပြန်လည်အပ်ပါက ခိုးမှုဖြင့်စွဲချက်တင်ခံရမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။” သို့ရာတွင် လွတ်ငြိမ်းခွင့်ကုန်ဆုံးသည့်အထိ လူသုံးဦးကသာငွေကိုပြန်ပေးအပ်ခဲ့ကြပြီး ဒေါ်လာ ၅၀၀,၀၀၀ ခန့်ပျောက်ဆုံးနေဆဲဖြစ်သည်။ ၁၈ နှစ်အရွယ်လူငယ်တစ်ဦး ဤသို့အစီရင်ခံဖော်ပြခဲ့သည်– “လူတွေနေတဲ့ရပ်ကွက်ထဲကို ကျလာတာပဲဗျာ။ သူတို့ဘာလုပ်မလဲဆိုတာ စဉ်းစားကြည့်ပေါ့။”
လူနာများခွဲစိတ်ကုသမှုခံစဉ် နွေးထွေးစွာထားခြင်းခံရ
ဆေးရုံခွဲစိတ်ခန်းများကို အေးနေစေခြင်းဖြင့် လေထဲရှိဘက်တီးရီးယားများပေါက်ပွားမှုကို နှောင့်နှေးစေခြင်းသည် ရောဂါကူးစက်မှုအန္တရာယ်ကို သုံးဆတိုးစေသည်ဟု ကယ်လီဖိုးနီးယားတက္ကသိုလ်မှ မေ့ဆေးပညာရှင် ဒေးနီယယ်လ်ဆက်စ်လာက သူ၏လေ့လာတွေ့ရှိမှုအသစ်အရဖော်ပြခဲ့သည်။ “ကူးစက်နာဖြစ်စေသောအရာသည် လေထဲတွင်ပျံ့နေသောဘက်တီးရီးယားကြောင့်မဟုတ်ဘဲ လူနာ၏အရေပြား သို့မဟုတ် ခန္ဓာကိုယ်ထဲတွင် ဘက်တီးရီးယားခုခံအားကျဆင်းနေ၍ဖြစ်သည်” ဟုဒေါက်တာဆက်စ်လာကဆို၏။ အအေးခွဲစိတ်ခန်းများသည် လူနာ၏ခန္ဓာကိုယ်အပူချိန်ကို ၄ ဒီဂရီဖာရင်ဟိုက်အထိကျဆင်းစေနိုင်သည်။ သို့ဖြင့် အပူချိန်နည်းသောခန္ဓာကိုယ်သည် ကူးစက်ရောဂါများကိုတိုက်ခိုက်ရာတွင်အရေးပါသော အောက်ဆီဂျင်သယ်ဆောင်သည့်သွေးစီးဆင်းမှုကို လျော့နည်းစေသည်။ “ခန္ဓာကိုယ်အေးနေသောအခါ ရောဂါပြီးရန်တာဝန်ယူသော ဆဲလ်များနှင့်အင်ဇိုင်းများကောင်းစွာအလုပ်မလုပ်နိုင်ပါ” ဟုဆက်စ်လာကဆိုသည်။ ဆက်စ်လာနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များတွေ့ရှိသည့်အချက်မှာ ရောဂါကူးစက်မှုနှုန်းလျော့နည်းခြင်းအပြင် ခွဲစိတ်ကုသမှုခံနေစဉ် နွေးထွေးစွာထားခြင်းမခံရသောလူနာများသည် ကိုယ်ခန္ဓာ၏သာမန်အပူချိန်ဖြင့်ခွဲစိတ်ခြင်းခံရသောလူနာများထက် သုံးရက်နီးပါးပို၍ ဆေးရုံ၌နေရခြင်းဖြစ်သည်။
လူထုကောင်းစားရေးအတွက်မဟုတ်
ဂျပန်၌ ဆန္ဒခံယူမှုတစ်ခုတွင်လူ ၄၉ ရာခိုင်နှုန်းက မိမိတို့၏အစိုးရအာဏာပိုင်များသည် ကိုယ်ကျိုးအတွက် အဓိကလုပ်နေကြသည်ဟုဆိုကြကြောင်း မိုင်နီချိဒေးလီးနယူးစ်ကဖော်ပြထား၏။ ဆန္ဒပေးသူများအနက် အုပ်ချုပ်ရေးအရာရှိများသည် “လူထုကောင်းစားရေး” အတွက်လုပ်ဆောင်ကြသည်ဟု ယူဆသူ ၇ ရာခိုင်နှုန်းသာရှိပြီး သူတို့သည် နိုင်ငံအတွက်လုပ်နေသည်ဟုဆိုသူ ၃ ရာခိုင်နှုန်းသာရှိသည်။ ဂျပန်နိုင်ငံသားအနည်းငယ်ကသာ မိမိတို့၏အုပ်ချုပ်ရေးအရာရှိများကို ဇွဲရှိ၍ရိုးသားသူများအဖြစ်ဖော်ပြကြသည်။ လေ့လာမှုကို လွန်ခဲ့သောဒီဇင်ဘာတွင်ပြုလုပ်ခဲ့ပြီး နောက်တစ်နှစ်တွင် ဂျပန်အထက်တန်းမြို့ပြအရာရှိတချို့ ပါဝင်ပတ်သက်သည့်အချို့သောအရှုပ်တော်ပုံများဖော်ထုတ်ခံရသည်။