“မျက်စိကို ဖွင့်၍ ကြည့်လိုက်ပါ”
သင့်ကလေးများအဘယ်အရာကို တွေ့ မြင်ရကြသနည်း။ စစ်မှုလော။ ရာဇဝတ်မှုလော။ ညစ်ညမ်းမှုလော။ ဆင်းရဲမှုလော။ ဖျားနာမှုလော။ ဤအရာများသည် အမြဲတည်ရှိနေသည်မှာမှန်ပါသည်။ သို့သော် ဤအရာများကိုကျော်၍ သမ္မာကျမ်းစာ၌ကတိပေးထားသော အံ့ဖွယ်အနာဂတ်ကိုမျှော်ကြည့်ဖို့ သူတို့ကိုသင်ပေးထားပါသလော။ ကိုးနှစ်အရွယ် ဂျိုးလ်ပိုင်ဆန်၏မိဘများသည် ယင်းသို့ပြုခဲ့ကြသည်။ အဘယ်ရလဒ်ရခဲ့သနည်း။
“မျက်စိကိုဖွင့်၍ကြည့်လိုက်ပါ” အကြောင်းအရာနှင့်ပတ်သက်၍ ဂျိုးလ်၏ရေးသားချက်ကို သုံးသပ်ကြည့်ပါ။ ဤအကြောင်းအရာသည် အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ် ကျောင်းနယ်မြေတစ်ခုရှိ လူငယ်များရေးသားရန် တာဝန်တစ်ခုအဖြစ်ပေးခဲ့သည်။ ၁၉၉၆၊ ဩဂုတ် ၂၂ ရက်ထုတ် သည်စင်ထရာလ်ဗာဂျီးနီးယား သတင်းစာ၌ ထည့်သွင်းဖော်ပြထားသည့် ဂျိုးလ်၏စာစီစာကုံးက သူ၏မျှော်လင့်ချက်သည် ဘုရားသခင့်နှုတ်မြွတ်စကားတော်မှ သိရှိထားရာအပေါ်အခြေခံကြောင်းဖော်ပြပုံကို သတိပြုမှတ်သားပါ။ သူဤသို့ရေးသားခဲ့သည်–
“မျက်စိကိုဖွင့်၍ကြည့်လိုက်ပါ၊ အရာအားလုံးသာယာလှပနေသည်။
“တစ်မနက်တွင်နိုးလာပြီး ညစ်ညမ်းမှုမရှိတော့ဟုကြားလိုက်ရမည်ဆိုလျှင် အံ့ဩစရာမကောင်းပေလော။ သတ်ဖြတ်မှုနှင့် ရာဇဝတ်မှုတို့ကို သတင်းများတွင်ကြားရမည့်အစား လူတို့၏အသက်တာတွင် ငြိမ်သက်မှုနှင့်ပျော်ရွှင်မှုတို့ရှိလာမည်။
“အိမ်နီးနားချင်းများသည် မိတ်ဆွေတစ်ဦး၏အိမ်ကို အတူတကွကူညီဆောက်လုပ်ပေးနေကြသည်။ ပတ်ဝန်းကျင်အနီးတစ်ဝိုက်တွင် အခြားသူများဥယျာဉ်တစ်ခုစိုက်ပျိုးနေကြသည်ကို တွေ့ မြင်ကြသည်။ ၎င်းထက်မကပါ၊ သူတို့ရည်ရွယ်ချက်များလည်းဖြူစင်နေသည်။ လူတိုင်းသည် အချင်းချင်းကူညီရန် ပေါင်းစည်းနေကြသည်။ ဆင်းရဲသောသူများမရှိကြတော့မည့်အပြင် အစားအစာများ အလျှံပယ်ပေါများတော့မည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးစည်းစည်းလုံးလုံးနှင့် ငြိမ်းချမ်းတော့မည်ဖြစ်သည်။ ငတ်ပြတ်သူ သို့မဟုတ် ဖျားနာသူတစ်ဦးမျှရှိတော့မည်မဟုတ်။ အားလုံးတွေ့မြင်ရသည့်အရာများသည် နှစ်လိုဖွယ်ဝန်းကျင်ဖြစ်ပြီး ကလေးငယ်တစ်ဦးသည် ကျားစီးနေသည်ကိုကြည့်လိုက်ပါ! ကျားမျှသာမဟုတ်၊ တိရစ္ဆာန်အားလုံးသည် လူသားများနှင့်ငြိမ်းချမ်းစွာရှိနေသည်။
“ဤကဲ့သို့သောနေရာမျိုး၌ ကျွန်ုပ်နေထိုင်လိုသည်။ သင်ကော ထိုနေရာမျိုး၌ ကျွန်ုပ်နှင့်အတူနေထိုင်လိုသလော။”
လူငယ်လေးဂျိုးလ်၏ဖော်ပြချက်များကဲ့သို့သော ကောင်းချီးများကို ဘုရားသခင်အမှန်ကတိပေးထားပါသလော။ ကိုယ်တော်အမှန်ကတိပေးပါသည်! ကျေးဇူးပြု၍ သင့်သမ္မာကျမ်းစာကို ဖွင့်ကြည့်ပြီး ဆာလံ ၄၆:၈၊ ၉; ၆၇:၆; ၇၂:၁၆; ဟေရှာယ ၂:၃၊ ၄; ၁၁:၆-၉; ၃၃:၂၄; ၆၅:၁၇-၂၅; မဿဲ ၆:၉၊ ၁၀; ၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၃၊ ၄ တို့တွင်တွေ့ရသော အဆိုပါကတိတော်များအကြောင်းကို ဖတ်ကြည့်ပါလေ။