လူငယ်များအမေး . . .
မည်သူသည် ကျွန်ုပ်၏စံနမူနာရှင်ဖြစ်သင့်သနည်း
“ဘတ်စကက်ဘောကစားသမားတစ်ယောက်အနေနဲ့ သူရဲ့ကျွမ်းကျင်မှုဟာ သာမန်ထက်ကိုပိုကောင်းတယ်။ ကျွန်တော့်သူငယ်ချင်းအားလုံး သူ့ကိုချစ်ကြတယ်။ သူဟာ ကျွန်တော့်ရဲ့စံနမူနာရှင်ဖြစ်ခဲ့တယ်၊ ကျွန်တော်သူနဲ့တူချင်ပြီး သူ့မှာရှိတာကိုကျွန်တော့်မှာရှိချင်ခဲ့တယ်။”—ပင်း၊ အာရှလူငယ်တစ်ဦး။
ချီးမွမ်းခံရသူများနှင့် တုပခံရသူများကို စံနမူနာရှင်များဟုခေါ်လေ့ရှိကြသည်။ စာရေးဆရာမ လင်ဒါနီးလ်စန်က ဤသို့ကောက်ချက်ချသည်– “လူငယ်လူရွယ်များသည် သူတို့နှင့်စိတ်သဘောတူသူများ၊ သူတို့လိုချင်သည့် အာရုံစိုက်မှု သို့မဟုတ် ဆုရရှိသူတို့ကို တုပကြသည်။” ထို့ကြောင့်လူငယ်များသည် လူကြိုက်များပြီး ဆွဲဆောင်မှုရှိသည့်ရွယ်တူချင်းတို့ကို ချီးမွမ်းကြသည်။ ထို့ကြောင့်ပင် လူငယ်များစွာတို့သည် အထူးသဖြင့် နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ ဂီတပညာရှင်များနှင့် အားကစားသမားများကို စံနမူနာရှင်များအဖြစ် အာရုံစိုက်ကြသည်။
အမှန်မှာ နာမည်ကျော်ပုဂ္ဂိုလ်အများစုနှင့်ပတ်သက်သော လူအများ၏ထင်မြင်ယူဆချက်သည် ချို့ယွင်းချက်များကိုဖုံးကွယ်ရန် အကွက်ကျကျကြံစည်ဖန်တီးထားသည့် ချဲ့ကားလုပ်ကြံထားခြင်းမျှသာဖြစ်ပြီး အလွန်မြှောက်ပင့်ရန်နှင့် အရေးကြီးဆုံးမှာ အရောင်းသွက်ရန်အတွက်ဖြစ်သည်။ အစောပိုင်းတွင်ကိုးကားခဲ့သော ပင်းကဤသို့ဝန်ခံသည်– “ကျွန်တော့်ဘတ်စကက်ဘောသူရဲကောင်းရဲ့ ဗွီဒီယိုတွေအားလုံးကိုဝယ်ပြီး သူ့ရဲ့အမှတ်တံဆိပ်ပါတဲ့အဝတ်အစားနဲ့ရှူးဖိနပ်အသစ်တွေကို ကျွန်တော်ဝတ်တယ်။” အချို့လူငယ်များသည် တီဗွီ သို့မဟုတ် အားကစားအကျော်အမော်များကဲ့သို့ ဝတ်ဆင်ကြကာ သူတို့၏ဆံပင်ပုံစံအတိုင်းဖြီးလိမ်းပြီး သူတို့ပုံစံအတိုင်း လမ်းလျှောက် ပြောဆိုခြင်းပင်ပြုကြသည်။
စံနမူနာရှင်များ—အကောင်းနှင့်အဆိုး
‘ဒါပေမဲ့ တစ်ယောက်ယောက်ကိုချီးမွမ်းတာ ဘာအန္တရာယ်ရှိသလဲ’ ဟုသင်မေးမည်။ သင်ချီးမွမ်းသည့်သူအပေါ် မူတည်ပါသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။” (သု. ၁၃:၂၀) သမ္မာကျမ်းစာက လူနောက်လိုက်သူများဖြစ်ရန် ကျွန်ုပ်တို့ကို အားပေးနေခြင်းမဟုတ်။ (မဿဲ ၂၃:၁၀) သို့သော် “ယုံကြည်ခြင်းနှင့်သည်းခံခြင်းအားဖြင့် ကတိတော်တို့ကိုအမွေခံရသောသူတို့နည်းတူကျင့်” သူများဖြစ်ရန် ကျွန်ုပ်တို့ကိုပြောနေခြင်းဖြစ်သည်။ (ဟေဗြဲ ၆:၁၂) ထိုစကားများကိုရေးသားသူ ပေါလုသည် ရှေးခရစ်ယာန်များအတွက် ပုံသက်သေကောင်းချမှတ်ခဲ့သည်။ ထိုကြောင့် သူဤသို့ပြောနိုင်ခဲ့သည်– “ငါသည် ခရစ်တော်၏နည်းတူကျင့်သကဲ့သို့ သင်တို့လည်းငါ့နည်းတူကျင့်ကြလော့။”—၁ ကောရိန္သု ၁၁:၁။
တိမောသေဟုခေါ်သော လူငယ်လေးတစ်ဦး ထိုအတိုင်းပြုခဲ့သည်။ သူသည် သူတို့၏ခရစ်ယာန်သာသနာပြုခရီးတွင် ပေါလုနှင့်ရင်းနှီးသောဆက်ဆံရေးကို ဖွံ့ဖြိုးစေခဲ့သည်။ (တမန်တော် ၁၆:၁-၄) ပေါလုသည်တိမောသေအား မိမိ၏ “သခင်ဘုရား၌သစ္စာရှိသော . . . ချစ်သား” အဖြစ်ယူမှတ်ခဲ့သည်။ (၁ ကောရိန္သု ၄:၁၇) ပေါလု၏အကူအညီဖြင့် တိမောသေသည် ထင်ရှားသောခရစ်ယာန်အမျိုးသားတစ်ဦး ဖြစ်လာခဲ့သည်။—ဖိလိပ္ပိ ၂:၁၉-၂၃။
သို့သော် သင်သည် မှားသောစံနမူနာရှင်ကိုရွေးမိလျှင် ဘာဖြစ်နိုင်သနည်း။ ရစ်ချက်ဟုခေါ်သော လူငယ်ယောက်ျားလေးတစ်ဦး ဤသို့ပြန်ပြောပြသည်– “ကျွန်တော် ၁၅ နှစ်သားတုန်းက မာရီယိုလို့ခေါ်တဲ့ ကျောင်းနေဖက်ဟာ ကျွန်တော့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်း ဖြစ်လာခဲ့တယ်။ ကျွန်တော်ရဲ့မိဘတွေဟာ ခရစ်ယာန်တွေဖြစ်ပြီး ကျွန်တော့်ကို ဝိညာဉ်ရေးအရကူညီပေးဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ မာရီယိုမှာ ပျော်စရာအားလုံး—ဒစ္စကိုတွေ၊ ပါတီတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ဥစ္စာပစ္စည်းတွေရှိတယ်။ လိုချင်တဲ့အချိန်မှာ လိုချင်တာကို သူလုပ်နိုင်ခဲ့တယ်။ ကျွန်တော်ကျတော့ အဲဒီလိုလုပ်ခွင့်မရခဲ့ဘူး။ ဒါနဲ့ ကျွန်တော့်အသက် ၁၆ နှစ်မှာ ခရစ်ယာန်တစ်ယောက်အဖြစ်ကနေ ရပ်စဲချင်တယ်လို့ ကျွန်တော့်မိဘတွေကိုပြောပြီး အဲဒီအတိုင်းလုပ်ခဲ့တယ်။”
နာမည်ကျော်ပုဂ္ဂိုလ်များနှင့် အားကစားအကျော်အမော်များအား စံနမူနာရှင်များအဖြစ်ရှုမြင်ခြင်းတွင် အလားတူအန္တရာယ်များရှိပါသလော။ ရှိပါသည်။ တကယ်တမ်းမှာမူ အားကစားသမားတစ်ဦး၊ သရုပ်ဆောင်တစ်ဦး သို့မဟုတ် ဂီတပညာရှင်တစ်ဦး၏ကျွမ်းကျင်မှုကို ချီးမွမ်းခြင်းသည် ဘာမျှမမှားပါ။ သို့သော် သင့်ကိုသင်မေးပါ။ သူတို့အသက်တာ၌ မည်သို့သောပုံသက်သေမျိုးကို ဤသူများချမှတ်သနည်း။ အားကစားအကျော်အမော်များ၊ ဂီတပညာရှင်များနှင့် အခြားသောဖျော်ဖြေရေးသမားများစွာတို့သည် လိင်အကျင့်ယိုယွင်းခြင်း၊ မူးယစ်ဆေးဝါးများနှင့် အရက်တို့တွင် စိတ်အလိုလိုက်ကြကြောင်း သိထားသည်မဟုတ်လော။ များစွာသောသူတို့သည် ငွေရှိပြီးထင်ပေါ်ကျော်ကြားသည့်တိုင် သူတို့၏ဘဝသည် ပျော်ရွှင်မှုမရှိ၊ ပြည့်စုံမှုမရှိကြသည်မှာ မှန်ကန်သည်မဟုတ်လော။ ဤရှုထောင့်မှကြည့်လျှင် ထိုသို့သောသူတို့ကိုတုပခြင်းမှ မည်သည့်ကောင်းကျိုးရရှိမည်နည်း။
နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦး၏ ဆံပင်ပုံစံ၊ အဝတ်အစားများ သို့မဟုတ် ပြောဆိုပုံအတိုင်းလိုက်လုပ်ခြင်းသည် အသေးအဖွဲမျှသာဖြစ်ပုံရသည်မှာ မှန်ပါသည်။ သို့သော် ယင်းသည် “သင့်ကိုဖျစ်ညှစ်ပုံသွင်း” ရန်လောကအားခွင့်ပြုခြင်း၏ ပထမခြေလှမ်းဖြစ်နိုင်သည်။ အစတွင် ထိုပုံစံသည် နှစ်လိုဖွယ်ဖြစ်ပေမည်။ သို့သော် သင်သည် ၎င်း၏ဩဇာအောက်လုံးဝကျရှုံးသွားလျှင် ယင်းက ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်စေသည့်နည်းလမ်းများဖြင့် သင့်အားပုံသွင်းနိုင်သည်။ “လောကီမိတ်သဟာယသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်” ဟုသမ္မာကျမ်းစာက ယာကုပ် ၄:၄ တွင်ဆိုထားသည်။
ကောင်းသောစံနမူနာရှင်က သင့်အားမည်သို့အကူအညီပေးနိုင်ပုံ
သို့သော် ပုံသက်သေကောင်းသူတစ်ဦးကို တုပခြင်းသည် သင့်အသက်တာအပေါ် အပြုသဘောဖြင့် အကျိုးသက်ရောက်နိုင်ပါသည်တကား! ခရစ်ယာန်ချင်းတို့အလယ်၌ “စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတစ်ပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ . . . ပုံသက်သေ” ကောင်းသူများစွာကို သင်ရှာတွေ့နိုင်ပါသည်။ (၁ တိမောသေ ၄:၁၂) ခရစ်ယာန်အသင်းတော်အတွင်း၌ပင် အပေါင်းအသင်းရွေးချယ်ရာ၌ သင်သတိပြုရမည်မှာမှန်ပါသည်။ (၂ တိမောသေ ၂:၂၀၊ ၂၁) သို့သော် အများအားဖြင့် အသင်းတော်အတွင်း၌ မည်သူသည် အမှန်တကယ် ‘သမ္မာတရား၌လျှောက်လှမ်း’ ကြောင်းသိမြင်ရန် မခက်ပါ။ (၂ ယောဟန် ၄) ဟေဗြဲ ၁၃:၇ ကဘ၊ တွင် မူတစ်ခုကိုဖော်ပြထားသည်– “သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူကြောင်း စေ့စေ့ဆင်ခြင်ပြီး သူတို့၏ယုံကြည်ခြင်းကိုတုပလုပ်ကိုင်လော့။” သင့်ရွယ်တူချင်းအများစု၏ အကျင့်အကြံမည်သို့ရှိမည်ကို စောင့်ကြည့်ရဦးမည်။ သို့သော် အသင်းတော်ထဲတွင်မိမိတို့၏သစ္စာရှိမှုကို ပြသခဲ့သောလူကြီးများရှိပြီး သူတို့ကိုသိကျွမ်းအောင်လုပ်ခြင်းသည် ပညာရှိရာကျသည်။
‘လူကြီးတွေကို သိကျွမ်းအောင်လုပ်ရမယ် ဟုတ်လား’ ဟုသင်မေးမည်။ မှန်ပါသည်၊ ယင်းသည်အစတွင် အလွန်နှစ်သက်စရာဖြစ်ချင်မှဖြစ်မည်။ သို့သော် မိမိ၏လူကြီးမိတ်ဆွေ တမန်တော်ပေါလုနှင့်ရှိခဲ့သည့် တိမောသေ၏ဆက်ဆံရေးကို ပြန်သတိရပါ။ တိမောသေ၏အစွမ်းသတ္တိကို ပေါလုမြင်တွေ့ခဲ့ပြီး သူ့အား “ဘုရားသခင်ပေးတော်မူသောဆုကို နှိုးဆော်မည်အကြောင်း” အားပေးခဲ့သည်။ (၂ တိမောသေ ၁:၆) သင့်ကိုကူညီပြီးအားပေးမည့်သူ၊ သင့်ဘုရားသခင်ပေးဆုများကို ပြုစုပျိုးထောင်ရန် တိုက်တွန်းနှိုးဆော်မည့်သူတစ်ဦးဦးရှိခြင်းသည် အကျိုးရှိမည်မဟုတ်လော။
ယင်းသို့ရှိရန်လိုအပ်ကြောင်း ဘရိုင်ရန်ဟုခေါ်သော လူငယ်တစ်ဦးတွေ့ရှိခဲ့သည်။ သူသည် အသင်းတော်မှ သူ့ထက်အသက်ကြီးသောတစ်ကိုယ်ရေဓမ္မအမှုထမ်း တစ်ဦးနှင့်ရင်းနှီးလာသောအချိန်တွင် မိမိ သိမ်ငယ်သည်ဟူသောခံစားချက်ကို တိုက်လှန်နေရသည်။ ဘရိုင်ရန်ကဤသို့ဆိုသည်– “ကျွန်တော်အပါအဝင် တခြားသူတွေအပေါ် သူရဲ့မေတ္တာပါစိုးရိမ်ကြောင့်ကြမှု; ဓမ္မအမှုအတွက် သူ့ရဲ့ဇွဲနဲ့ အလွန်ကောင်းမွန်တဲ့ သူ့ရဲ့ဟောပြောချက်တွေကို ကျွန်တော်ချီးကျူးတယ်။” ဘရိုင်ရန်သည် ဤအသက်ကြီးခရစ်ယာန်ထံမှရရှိသော ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုမှ အကျိုးခံစားရပြီးဖြစ်သည်။ သူဤသို့ ပွင့်လင်းစွာဝန်ခံသည်– “အဲဒါက ကျွန်တော့်ရဲ့နဂို—ရှက်ကြောက်ပြီးစိတ်အားထက်သန်မှုမရှိတဲ့— ဥပဓိရုပ်ကိုပြောင်းလဲရာမှာ အကူအညီဖြစ်စေခဲ့တယ်။”
စံနမူနာရှင်များအဖြစ် မိဘများ
မြီးကောင်ပေါက်—ဖိစီးမှုအောက်ရှိလူမျိုးဆက် စာအုပ်တွင် မိဘများသည် “သာမန်မြီးကောင်ပေါက်များ ကျေနပ်ဖွယ်စရိုက်လက္ခဏာရှိခြင်းအဖြစ်သို့ရောက်ရှိရန် ကူညီထောက်ပံ့ခြင်း သို့မဟုတ် တားမြစ်ခြင်းပြုရာ၌ တစ်ခုတည်းသောအရေးအကြီးဆုံး ပြင်ပသြဇာဖြစ်သည်” ဟုဆိုထားသည်။ ထိုရှင်းလင်းပြတ်သားသောဦးတည်ချက်နှင့် ရှင်းလင်းဖော်ပြပေးသည့်သဘောမရှိလျှင် လူငယ်များသည် “လှိုင်းလုံးတစ်ခုဖြတ်ပြီးတိုင်း လမ်းကြောင်းပြောင်းသည့် တက်မမပါသည့်သင်္ဘောနှင့်တူမည်” ဟုစာအုပ်ကဆက်၍ဆိုသည်။
ဤအကြံပြုချက်က “တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတောခြင်းရှိသောသူမည်သည်ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏” ဟု ယာကုပ် ၁:၆ တွင်မှတ်တမ်းတင်ထားသည့် လွန်ခဲ့သည့်နှစ်ပေါင်း ၁,၉၀၀ ကျော်က တပည့်တော်ယာကုပ်ရေးသားခဲ့ရာကို ရောင်ပြန်ဟပ်သည်။ ထိုသို့သောလူငယ်အချို့ကို သင်သိကောင်းသိမည်။ သူတို့သည် မနက်ဖြန်အတွက်လုံးဝမစဉ်းစားဘဲ ယခုခေတ်၏ စိတ်လှုပ်ရှားဖွယ်ရာများအတွက် အသက်ရှင်ကြသည်။
သင်သည် အသင်းတော်တွင် ပုံသက်သေကောင်းချမှတ်သော ဘုရားသခင်ကိုကြောက်ရွံ့သည့်မိဘရှိခြင်းဖြင့် ကောင်းချီးခံစားရပါသလော။ သို့ဖြစ်လျှင် သူတို့၏သြဇာကို သင်လက်အောက်ခံသလော။ သို့မဟုတ် သင်သည် သူတို့ကို တစ်ချိန်လုံး ဆန့်ကျင်တိုက်ခိုက်သလော။ သင့်မိဘများမစုံလင်သည်မှာ မှန်ပါသည်။ သို့သော် သူတို့၏ကောင်းသောအရည်အချင်းများ—သင်ကောင်းစွာတုပမည့် အရည်အချင်းများကို မျက်ကွယ်မပြုပါနှင့်။ ဂျားရော့ဒ်ဟုခေါ်သော လူငယ်တစ်ယောက်က “ကျွန်တော့်မိဘတွေကို အရမ်းသဘောကျတယ်” ဟုရေးသားခဲ့သည်။ “ဓမ္မအမှုမှာသူတို့ပြသတဲ့ဇွဲ၊ စီးပွားရေးအခက်အခဲတွေကို သူတို့ရင်ဆိုင်တဲ့နည်းလမ်းနဲ့ အချိန်ပြည့်ဓမ္မအမှုမှာပါဝင်ဖို့ ကျွန်တော့်ကိုပေးတဲ့ အားပေးမှုတွေအားလုံးဟာ ကျွန်တော့်အပေါ် ကောင်းကျိုးသက်ရောက်ခဲ့တယ်။ ကျွန်တော့်မိဘတွေဟာ အမြဲတမ်းကျွန်တော်ရဲ့ စံနမူနာရှင်တွေဖြစ်တယ်။”
အကောင်းဆုံးစံနမူနာရှင်
မည်သူသည် သမိုင်းတွင် အကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်ဟု သူတို့ယူမှတ်ကြောင်း အမေရိကန်ပြည်ထောင်စုရှိလူငယ်များအား ဂဲလပ်လေ့လာရေးအဖွဲ့ကမေးမြန်းသည့်အခါ အများစုက အမေရိကန်နိုင်ငံရေးခေါင်းဆောင်များကို ရွေးချယ်ကြသည်။ ၆ ရာခိုင်နှုန်းကသာ ယေရှုကိုရွေးချယ်ကြသည်။ သို့သော် သမ္မာကျမ်းစာက ယေရှုခရစ်သည် “ခြေ . . . ရာကိုလိုက်လျှောက်စေခြင်းငှာ” စုံလင်သော “ပုံသက်သေကို” ထားတော်မူခဲ့သည်ဟု ကျွန်ုပ်တို့အားပြောပြသည်။ (၁ ပေတရု ၂:၂၁; ဟေဗြဲ ၁၂:၃) မိမိထံမှသင်ယူရန် ကိုယ်တော့်တပည့်တော်များကို အားပေးခဲ့သည်။ (မဿဲ ၁၁:၂၈၊ ၂၉) သို့သော် ယေရှုထံမှ သင်မည်သို့သင်ယူနိုင်သနည်း။
ယေရှု၏အသက်တာကို အသေးစိတ်ရင်းနှီးကျွမ်းဝင်အောင်လုပ်ပါ။ အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား စာအုပ်ဖြင့် ခရစ်ဝင်ကျမ်းမှတ်တမ်းတစ်ခုလုံးကို ဖတ်ရန်ကြိုးစားပါ။a ယေရှု၏သွန်သင်နည်း၊ ထောက်ထားစာနာမှုဖြင့်လူတို့ကိုဆက်ဆံပုံနှင့် ဖိစီးမှုအောက်ကိုယ်တော်ပြသသည့် ရဲစွမ်းသတ္တိတို့ကို သတိပြုပါ။ ယေရှုသည် သင်လိုက်လျှောက်နိုင်သည့် အကောင်းဆုံးစံနမူနာရှင်ဖြစ်ကြောင်း သင်တွေ့ရလိမ့်မည်။
သင်သည် စုံလင်သောစံနမူနာရှင်နှင့် ပို၍ရင်းနှီးကျွမ်းဝင်လေ အကျိုးမပြုသော ရွယ်တူချင်းနှင့် နာမည်ကျော်ပုဂ္ဂိုလ်များ၏ ဆွဲဆောင်ခံရမှုလျှော့နည်းလေဖြစ်သည်။ ပင်းနှင့် အားကစားထူးချွန်သူတစ်ဦးအပေါ် သူ၏နှစ်သက်သဘောကျမှုကို သင်သတိရသလော။ ပင်းသည် အခါအားလျော်စွာ ဘတ်စကက်ဘောကစားတုန်းပင်ဖြစ်သော်လည်း နာမည်ကျော်ပုဂ္ဂိုလ်များကို တုပခြင်းသည် မိုက်မဲရာကျကြောင်း သူသိမြင်လာခဲ့သည်။
ရစ်ချက်ကောမည်သို့နည်း။ သူရွေးချယ်သည့်စံနမူနာရှင်က သူ၏ခရစ်ယာန်ယုံကြည်ခြင်းကို စွန့်လွှတ်စေခဲ့သည်။ သို့သော် ရစ်ချက်အသက် ၂၀ အရွယ်တွင် ယေဟောဝါသက်သေတစ်ဦးဖြစ်သူ စိုင်မွန်ဆိုသူ ခရစ်ယာန်တစ်ဦးနှင့်သိကျွမ်းခဲ့သည်။ “စိုင်မွန်က ကျွန်တော့်ကို လာမိတ်ဖွဲ့ ပြီး လူတစ်ဦးဟာ ကျမ်းစာမူတွေကို အလျှော့ပေးလိုက်လျောခြင်းမရှိဘဲ ဘဝကိုပျော်မွေ့နိုင်တယ်ဆိုတာသိလာဖို့ ကျွန်တော့်ကိုအကူအညီပေးတယ်။ ကျွန်တော်ဟာ စိုင်မွန်ကို မြန်မြန်ဆန်ဆန်ပဲ လေးစားလာပြီး ကျွန်တော်အသင်းတော်ထဲပြန်လှည့်လာပြီး အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံရာမှာ သူ့ရဲ့ပုံသက်သေက အရေးကြီးတဲ့ကဏ္ဍကနေပါဝင်ခဲ့တယ်။ အခုဆိုရင် ကျွန်တော်ဟာ အရမ်းပျော်ရွှင်သူတစ်ယောက်ဖြစ်နေပြီး ကျွန်တော့်ဘဝဟာ တကယ်အဓိပ္ပာယ်ရှိနေပါတယ်။”
မှန်ပါသည်၊ စံနမူနာရှင်များဆိုင်ရာ သင့်ရွေးချယ်မှုသည် အမှန်အရေးကြီးပါသည်။
[အောက်ခြေမှတ်ချက်]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း မြန်မာမှထုတ်ဝေသည်။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
နာမည်ကောင်းရှိသောလူကြီးများနှင့် ပေါင်းသင်းခြင်းက သင့်အား အကူအညီပေးနိုင်