သင့်ဘဝအရည်အသွေးတိုးတက်စေမည့် နည်းလမ်းငါးသွယ်
ဗဟိုအာဖရိကပြည်ထောင်စုမှ နိုးလော့! သတင်းထောက်ပေးပို့သည်
ငွေကြေးဖောင်းပွမှု၊ ဖျားနာမှု၊ အာဟာရချို့တဲ့မှု၊ ဆင်းရဲမွဲတေမှုစသော အဆိုပါပြဿနာများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပျံ့နှံ့လျက်ရှိ၏။ လူ့ရှုထောင့်ဘက်မှတော့ ချက်ချင်းဖြေရှင်းနည်းမရှိချေ။ ဖွံ့ဖြိုးဆဲနိုင်ငံတွင် သင်နေထိုင်နေပါက သင့်ဘဝအရည်အသွေးတိုးတက်စေနိုင်သည့် အကြောင်းရှိသလော။ ရှိလေစွ! သင့်အတွက် အထောက်အကူဖြစ်စေပြီး လက်တွေ့ကျအကြံပေးချက်ငါးခုကို အောက်တွင်ဖော်ပြထားသည်။
နံပါတ် ၁– ခြံစိုက်ပါ
“လယ်လုပ်သောသူသည် ဝစွာစားရ၏” ဟူ၍သမ္မာကျမ်းစာ နယပုံပြင် ၂၈:၁၉ ၌ဆိုသည်။ အမှန်အားဖြင့် အတော်အတန်ငယ်သောမြေကွက်တစ်ကွက်မှ မည်မျှထွက်နိုင်သည်ကို သင်တွေ့ရှိသောအခါတွင် အံ့သြပေလိမ့်မည်။ စာရေးဆရာဟိ ဗာယန်ဘာ့ခ်က စတုရန်းပေ ၅၀၀ မှ ၁,၀၀၀ ကြားရှိမြေကွက်မှ မိသားစုခြောက်ယောက်စားသုံးရန် ဟင်းသီးဟင်းရွက်များအလုံအလောက်ထွက်ရှိနိုင်သည်ဟု သူ၏လဇာဒန် ပေါ်တာဇေး စူ လေ ထရော်ပိခ် (အပူပိုင်းဒေသရှိဟင်းသီးဟင်းရွက်) စာအုပ်တွင်ဖော်ပြသည်!
သင်ကိုယ်တိုင်စိုက်ပျိုးနိုင်သည့်အရာများကို ဝယ်ယူခြင်းဖြင့် အဘယ်ကြောင့်ငွေဖြုန်းမည်နည်း။ မြေနှင့်ရာသီဥတုအပေါ်မူတည်၍ ရုံးပတီ၊ ငရုတ်၊ ဒေါက်ခွ၊ တရုတ်နံနံ၊ စပါးလင်၊ ကြက်သွန်မြိတ်များ၊ ပီလောပီနံ၊ ရွှေဖရုံ၊ ကန်ဇွန်းဥ၊ ကြံ၊ ခရမ်းချဉ်သီး၊ သခွားနှင့် ပြောင်းတို့ကဲ့သို့သော ကောက်ပဲသီးနှံများကို သင့်အိမ်ဘေးပတ်လည်တွင် စိုက်ပျိုးနိုင်ပေမည်။ အနည်းဆုံး ဤကဲ့သို့သောခြံသည် သင့်မိသားစုအာဟာရကိုဖြည့်ဆည်းပေးနိုင်သည့်အပြင် အပိုအလျှံကိုပင်ရောင်းချနိုင်သည်။
သင်၌ အတော်အတန်ကြီးမားသည့်မြေကွက်ရှိပါက သစ်သီးပင်အမျိုးမျိုးကိုလည်း စိုက်ပျိုးကြည့်နိုင်သည်။ အချို့အခြေအနေများတွင် သစ်သီးပင်တစ်ပင်တည်းမှ သင်နှင့်သင့်မိသားစုစားသုံးနိုင်သည်ထက်ပင် ပိုမိုသီးနိုင်သည်။ သစ်ရွက်ဆွေးမြေသြဇာ—သဘာဝမြေသြဇာအဖြစ် ဇီဝရုပ်ကြွင်းကို ပြန်အသုံးချခြင်း—နှင့်ပတ်သက်၍ သိရှိခြင်းသည် သီးနှံအထွက်တိုးစေရန် ထောက်ကူပေးပါလိမ့်မည်။ အပင်များသည် သင့်မိသားစုအတွက် စားကုန်နှင့် အပိုဝင်ငွေရရှိနိုင်စေရုံမကပါ။ စနစ်တကျစိုက်ပျိုးထားသောအပင်များကြောင့် အရိပ်ရသည့်အပြင် လေကောင်းလေသန့်ရရှိစေသည်၊ သင့်ပတ်ဝန်းကျင်ကိုလည်း ပို၍တင့်တယ်လှပစေပြီး စိတ်ကြည်နူးစေပါသည်။
သို့သော် ခြံစိုက်ခြင်းနှင့်ပတ်သက်၍ အနည်းအကျဉ်းသာ သင်သိသည်ဆိုလျှင်ကော။ ယင်းနှင့်ပတ်သက်၍ အတွေ့အကြုံရှိသောမိတ်ဆွေများ၊ အိမ်နီးနားချင်းများ သို့မဟုတ် အသိအကျွမ်းများရှိသလော။ ထို့နောက် သူတို့ထံမှအကူအညီ သို့မဟုတ် အကြံဉာဏ်တောင်းကြည့်ပါ။ ခြံစိုက်ခြင်းနှင့်ပတ်သက်သည့် စာအုပ်အချို့ကို ဝယ်ခြင်း သို့မဟုတ် ငှားယူခြင်းအားဖြင့်လည်းဖြစ်နိုင်ပေမည်။—မေ ၂၂၊ ၁၉၇၄ ထုတ်နိုးလော့! [လိပ်] မှ “ဟင်းသီးဟင်းရွက်ခြံတစ်ခြံ စိုက်ပါလေ” ဆောင်းပါးရှု။
နံပါတ် ၂– အပုံလိုက်ဝယ်ယူပါ
ဂျုံ၊ ဆန်နှင့် ဆီစသော အခြေခံစားကုန်များကို နည်းနည်းချင်းဝယ်သလော။ သို့ဖြစ်ပါက သင့်အသုံးစရိတ်လျာထားချက်ကို အကြီးအကျယ်ဖြုန်းတီးရာကျပေမည်။ ယင်းအစား၊ ဖြစ်နိုင်မည်ဆိုလျှင် အဆိုပါစားသုံးကုန်ပစ္စည်းများအတွက် အကုန်အကျကို မိသားစုနှစ်စုသုံးစုမက မျှခံပြီး အပုံလိုက်ဝယ်ဖို့ကြိုးစားပါ။ ရာသီပေါ်သစ်သီးများ သို့မဟုတ် ဟင်းသီးဟင်းရွက်များကို အပုံလိုက်ဝယ်ခြင်းသည်လည်း ငွေကုန်သက်သာစေနိုင်သည်။ အချို့စားကုန်များကို လက်ကားဝယ်နိုင်ပေမည်။
နံပါတ် ၃– အစားအစာထိန်းသိမ်းခြင်းနည်းပညာကိုသင်ယူပါ
အပုံလိုက်ဝယ်ထားသည့် ပုပ်သိုးလွယ်သောစားကုန်များကို မည်သို့ထားရမည်နှင့်ပတ်သက်၍ ပြဿနာပေါ်လာတတ်သည်။ အစားအစာကို အခြောက်လှန်းခြင်းသည် အများအသုံးပြုသည့် လက်တွေ့ကျသောနည်းတစ်ခုဖြစ်သည်။ အာဖရိကမှအမျိုးသမီးအတော်များများသည် သစ်သီးများ၊ ရုံးပတီ၊ ပဲ၊ ဘူး၊ ဖရုံ၊ ဖရဲ၊ ရွှေဖရုံစေ့များနှင့် ဟင်းခတ်အမွှေးအကြိုင်များကို အခြောက်လှန်းခြင်းအားဖြင့် အသက်မွေးကြသည်။ အခြောက်လှန်းရာတွင် မည်သည့်အထူးပစ္စည်းကိရိယာမျှမလိုအပ်ချေ။ ထိုစားကုန်ကို သန့်ရှင်းသောမျက်နှာပြင်ပေါ်တွင် တင်လှန်းနိုင်သည် သို့မဟုတ် ချိတ်လှန်းနိုင်သည်၊ ယင်မနားစေရန် အဝတ်ပါးဖြင့် အုပ်၍လှန်းနိုင်သည်။ လေနှင့်နေတို့က ကျန်သည့်အပိုင်းကို ဆက်လုပ်ဆောင်ပေးလိမ့်မည်။—ဩဂုတ် ၈၊ ၁၉၇၅ ထုတ်နိုးလော့! [လိပ်] မှ “အနည်းအကျဉ်းနှင့်နေနိုင်မည်လော” ဆောင်းပါးရှု။
နံပါတ် ၄– တစ်နိုင်မွေးမြူရန်ကြိုးစားပါ
ကြက်များ၊ ဆိတ်များ၊ ခိုများ သို့မဟုတ် အခြားတိရစ္ဆာန်များကို မွေးမြူဖို့ဖြစ်နိုင်သလော။ ဒေသများစွာ၌ အသားသည် လူကုံထံစားကုန်ဖြစ်လာသည်။ သို့ရာတွင် အခြားသူများ၏အကူအညီဖြင့် တိရစ္ဆာန်အုပ်လေးတစ်အုပ်ရလာအောင်မွေးမြူပုံကို သင်ယူနိုင်သည်။ ငါးကို ကြိုက်နှစ်သက်သလော။ ငါးကန်ငယ်တူးပုံကို ကြိုးစားသင်ယူနိုင်သည်။ အသား၊ ဥများနှင့် ငါးတို့တွင် မိသားစုကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သောသံဓာတ်၊ ကယ်လ်ဆီယမ်ဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် ပရိုတင်းဓာတ်တို့ပါဝင်၏။
နံပါတ် ၅– သင့်တော်သောတစ်ကိုယ်ရေ သန့်ရှင်းမှုကိုထိန်းသိမ်းပါ
မိသားစု၏ကျန်းမာရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုသည်လည်း အရေးကြီး၏။ သန့်ရှင်းမှုမရှိခြင်းသည် အဖျားအနာအမျိုးမျိုးကို ဖြစ်ပေါ်စေသည့် ကြွက်များ၊ ယင်ကောင်များနှင့် ပိုးဟပ်များကို ဖိတ်ခေါ်ရာကျသည်။ သင့်တော်သော တစ်ကိုယ်ရေသန့်ရှင်းမှုကို ထိန်းသိမ်းရေးသည် အချိန်ကုန်ပြီး အားထုတ်ရမည်။ သို့သော် သန့်ရှင်းမှုစရိတ်သည် ဆေးဖိုးနှင့်ဆရာဝန်စရိတ်တို့လောက် အကုန်အကျမများပေ။ သန့်ရှင်းမှုစံနှုန်းများသည် လူတစ်ဦးနှင့်တစ်ဦး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အထိုက်အလျောက်အားဖြင့် ခြားနားပေမည်။ သို့တိုင် နေရာအသီးသီးနှင့်သက်ဆိုင်သော ယေဘုယျအခြေခံမူအချို့ရှိသည်။
ဥပမာ၊ အိမ်သာအသုံးအဆောင်များကို သုံးသပ်ကြည့်ပါ။ ကျေးလက်ဒေသများတွင် ယင်းတို့ကို ညစ်ညစ်ပတ်ပတ် ဖရိုဖရဲပစ်ထားသည့်အတွက် အဖျားအနာနှင့်ရောဂါဖြစ်ရခြင်း၏အဓိကအကြောင်းရင်းဖြစ်ခဲ့ရသည်။ ဒေသန္တရကျန်းမာရေးလုပ်သားများသည် စရိတ်အနည်းဆုံးဖြင့် ကျန်းမာရေးနှင့်ညီညွတ်သောအိမ်သာတစ်လုံးတည်ဆောက်ပုံကို ညွှန်ကြားကူညီပေးနိုင်ပါလိမ့်မည်။
သင့်အိမ်နှင့်ပတ်သက်၍ကော အသို့နည်း။ သပ်သပ်ရပ်ရပ်နှင့် ကောင်းစွာထားရှိသလော။ အနံ့အသက်ကောင်းသလော။ သင့်မီးဖိုဆောင်နှင့်ပတ်သက်၍ကော အသို့နည်း။ သပ်ရပ်ပြီး သန့်ရှင်းသလော။ ကျန်းမာရေးကောင်းရန် အစားအစာကို သန့်ရှင်းစွာထားရပြီး လျောက်ပတ်စွာချက်ပြုတ်ရမည်။ ညစ်ညမ်းသောရေတွင် ရောဂါပိုးများနှင့်ကပ်ပါးကောင်များစွာပါရှိသည်။ ထို့ကြောင့် ရေကိုအသုံးမပြုမီ စစ်ထုတ်ပါ သို့မဟုတ် ကျိုချက်ပါ။ အိုးခွက်ပန်းကန်များကို ဆူပြီးသောရေနှင့်ဆေးပါ၊ အစာမကိုင်မီ သင့်လက်ကို စင်စင်ဆေးပါ။ ရေကို သန့်ပြန့်ပြီးအဖုံးလုံသော အိုး၊ ဘူးများတွင်ထည့်ထားပါ။
ကျန်းမာသန့်ရှင်းရေးနှင့်ညီညွတ်သော အခြေအနေများကို ထိန်းသိမ်းထားလိုလျှင် ခွေးများ၊ ကြောင်များ၊ ကြက်များနှင့် ဆိတ်များကို မီးဖိုဆောင်ထဲသို့ ဝင်ထွက်သွားလာခွင့်မပြုသင့်ချေ။ အစားအစာကို ညစ်ညမ်းစေသည့် ကြွက်ကြီး၊ ကြွက်ငယ်များကိုလည်း အိုးခွက်ပန်းကန်များပေါ် ပြေးလွှားခွင့်မပြုသင့်ချေ။ ကြွက်ထောင်ချောက်တစ်ခုတည်းနှင့်ပင် ထိုအခက်အခဲကို ဖြေရှင်းနိုင်သည်။—စက်တင်ဘာ ၂၂၊ ၁၉၈၈ ထုတ်နိုးလော့! [လိပ်] မှ “သန့်ရှင်းမှုဆိုင်ရာ စိန်ခေါ်ချက်ကိုရင်ဆိုင်ခြင်း” ဆောင်းပါးရှု။
နောက်ဆုံး၌ ဘုရားသခင့်နိုင်ငံတော်သာလျှင် လူသားတို့၏ပြဿနာအားလုံးကို ဖြေရှင်းပေးလိမ့်မည်။ (မဿဲ ၆:၉၊ ၁၀) သို့သော် လောလောဆယ်တွင် အဆိုပါရိုးရှင်းသောအကြံပေးချက်များသည် သင့်ဘဝအရည်အသွေးများ တိုးတက်စေရန် ထောက်ကူပေးပါလိမ့်မည်။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ခြံစိုက်ပါ
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
အပုံလိုက်ဝယ်ပါ
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
အစားအစာထိန်းသိမ်းခြင်း နည်းပညာကိုသင်ယူပါ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
တစ်နိုင်မွေးမြူရန်ကြိုးစားပါ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
သင့်တော်သောသန့် ရှင်းမှုကို ထိန်းသိမ်းပါ