သင့်လက်သည်းများ—၎င်းတို့ကိုသင်ဂရုစိုက်ပါသလော
ဆွီဒင်မှ နိုးလော့! သတင်းထောက်ပေးပို့သည်
တစ်ဦးတစ်ယောက်က သင့်အား “ခင်ဗျားရဲ့လက်သည်းတွေကို ခဏလောက်ကြည့်လို့ရမလား” ဟုမေးလာလျှင် သင်မည်သို့တုံ့ပြန်မည်နည်း။ ကျကျနနထားရှိသော သင်၏လက်သည်းများကို တလိုတလားပြလိုက်မည်လော သို့မဟုတ် သင့်လက်များကို အနောက်သို့ ကဗျာကယာဖွက်လိုက်မည်လော။ သင့်လက်သည်းများ ဖွက်လိုက်ရခြင်း၏အကြောင်းကောင်း ရှိပေမည်။ ယင်းတို့မှာ ကြည့်မကောင်း၍ဖြစ်မည်၊ သို့မဟုတ် သင်၌ လက်သည်းကိုက်တတ်သည့်အကျင့်ရှိ၍ဖြစ်မည်။ ကျွန်ုပ်တို့ လက်သည်းများ၏ခန္ဓာဗေဒဆိုင်ရာ အံ့ဖွယ်ရာများကို ပိုမိုသိရှိလာခြင်းက ယင်းတို့ကိုတန်ဖိုးထားဖို့ သာ၍ကူညီပေးပြီး ကောင်းစွာဂရုစိုက်ရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးနိုင်၏။
သင်၏လက်သည်းများသည် အဓိကအားဖြင့် အမျှင်ပါသောပရိုတင်းကယ်ရာတင်ပါဝင်သည့် မာကျောသည့်ဆဲလ်အသေများနှင့် ဖွဲ့စည်းထား၏။ လက်သည်းရှည်ထွက်နှုန်းသည် လက်ချောင်းတစ်ချောင်းနှင့်တစ်ချောင်း၊ လူတစ်ဦးနှင့်တစ်ဦးမတူဘဲ ကွဲပြားသည်။ လက်သည်းသည် တစ်လလျှင် ပျမ်းမျှ ၀.၁၂ လက်မနှုန်းခန့်ဖြင့်ရှည်ထွက်၏။ မညှပ်ဘဲ အရှည်ထားသောလက်သည်းများသည် အတော်အတန် ရှည်လာပေမည်။ ၁၉၉၈၊ ဂျင်းနစ်စ် ကမ္ဘာ့စံချိန်များစာအုပ်အရ အိန္ဒိယလူမျိုးတစ်ဦးသည် သူ့ဝဲဘက်လက်မှ လက်ချောင်းငါးချောင်းစလုံး၏လက်သည်းများကို အရှည်ထားရာ စုပေါင်းအရှည် ၂၄၁ လက်မရှိသည်ဟုသိရသည်။ သူ့လက်မ၏လက်သည်းအရှည်ကပင် ၅၅ လက်မရှိ၏။
ရှုပ်ထွေးသောဖွဲ့စည်းတည်ဆောက်မှုတစ်ခု
ဦးဆုံး သင်သည် လက်သည်းကို အကြမ်းဖျင်းကြည့်လိုက်ရုံဖြင့် အပိုင်းအစတစ်ခု၊ လက်သည်းပြားအဖြစ်သာ ယူမှတ်ပေမည်။ ထို့ကြောင့် လက်သည်းများ၌ ထည့်သွင်းစဉ်းစားရန် မြင်နိုင်သောအရေးပါသည့် အစိတ်အပိုင်းအတော်များများရှိသကဲ့သို့ မျက်စိဖြင့်မမြင်နိုင်သော အစိတ်အပိုင်းအချို့ရှိကြောင်း သင်သိလာရသောအခါ အံ့အားသင့်သွားပေမည်။ လက်သည်း၏တည်ဆောက်ပုံကို ကျွန်ုပ်တို့ အနီးကပ်ကြည့်ကြစို့။
၁။ လက်သည်းပြား။ ယင်းသည် လက်သည်းအဖြစ် သာမန်အားဖြင့် ကျွန်ုပ်တို့ရည်ညွှန်းလေ့ရှိသည့် မာကျောသောတည်ဆောက်ပုံဖြစ်သည်။ လက်သည်းပြားတွင် အပေါ်လွှာနှင့် အောက်လွှာဟူ၍ အလွှာနှစ်လွှာပါဝင်သည်။ ဤအစိတ်အပိုင်းနှစ်ခုစလုံးရှိ ဆဲလ်များသည် အစီအစဉ်ချထားပုံချင်းမတူ၊ ရှည်ထွက်နှုန်းခြင်းလည်းမတူကြပေ။ အပေါ်ယံမျက်နှာပြင်မှာ ချောမွေ့ပြီး ယင်း၏အတွင်းမျက်နှာပြင် လက်သည်း၏အတွင်းလွှာပေါ်တွင် ခေါင်အုပ်နှင့်တူသည့် အပြိုင်မို့မောက်တန်းများရှိ၏။ ဤမို့မောက်တန်းများသည် တစ်ဦးနှင့်တစ်ဦးမတူဘဲထူးခြားရာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေအဖြစ် ဆောင်ရွက်သည်။
၂။ လျူနာလ်။ လက်သည်းပြား၏အခြေတွင်ရှိသော အဖြူရောင်လခြမ်းသဏ္ဌာန်ရှိသည့် အစိတ်အပိုင်းဖြစ်၏။ လျူနာလ်ကို လက်ချောင်းတိုင်းတွင် တွေ့မြင်နိုင်မည်မဟုတ်။ လက်သည်းမှာ အခံသားဟုခေါ်သည့် လက်သည်းပြား၏အခြေတွင်ရှိသော သေးငယ်သည့်ဧရိယာရှိ သက်ရှိတစ်သျှူးမှ ရှည်ထွက်လာသည်။ ယင်းသည် လက်သည်း၏ အရေးပါဆုံးသောအစိတ်အပိုင်းဖြစ်၏။ လျူနာလ်မှာ လက်သည်းအခံသားဖြစ်ပြီး မြင်တွေ့နိုင်သောအသက်ရှိသည့်လက်သည်း၏ အစိတ်အပိုင်းဖြစ်သည်။ ကျန်လက်သည်းပြားကို ဆဲလ်အသေများနှင့် ဖွဲ့စည်းထားသည်။
၃။ လက်သည်းလွှာတွန့်၊ အရင်းပိုင်း နှင့် ဘေးဘက်။ ၎င်းမှာ လက်သည်းပြားကို ဝိုင်းရံနေသော အရေပြားကိုရည်ညွှန်း၏။ ဤအရေပြားကို လက်သည်းလွှာတွန့်ဟုခေါ်သည်၊ အကြောင်းမှာ ယင်းသည် လက်သည်းပြား၌အဆုံးမသတ်ဘဲ အောက်တွင်ခေါက်ဝင်နေပြီး ထွက်လာသောလက်သည်းပြားကို ဖုံးအုပ်ထားသည်။ ဤအရေပြားလွှာတွန့်များသည် လက်သည်းဝန်းကျင်ရှိနေရာများကို ကာကွယ်ထောက်ပံ့ပေး၏။
၄။ အီပိုနစ်ချီယမ်။ ယင်းသည် အရေပြားလွှာတွန့်၏ အလွန်သေးငယ်သောအပိုင်းအစရှည်ဖြစ်ပြီး လက်သည်းပြား၏အရင်းတွင် အဆုံးသတ်သွားပုံရှိသည်။ တစ်ခါတစ်ရံ ယင်းကို အရေပါးအဖြစ်ရည်ညွှန်းကြသည်။
၅။ အရေပါး။ တကယ့်အရေပါးမှာ အီပိုနစ်ချီယမ်အောက်မှဆန့်ထွက်လာသည့် အလွန်သေးငယ်သော အမြှေးပါးဖြစ်သည်။ ယင်းသည် ခွာနိုင်သောအရေပြား၏အရောင်မဲ့အလွှာဖြစ်ပြီး လက်သည်းပြား၏ကျောဘက်တစ်ပြင်လုံးနှင့် ကပ်လျက်ရှိ၏။
၆။ လွတ်နေသောအနားစပ်။ လက်ဖျားထိပ်အလွန်တွင် ထိုးထွက်နေသော လက်သည်းပြားဖြစ်သည်။
၇။ ဟိုက်ပိုနစ်ချီယမ်။ လက်သည်း၏ လွတ်နေသောအနားစပ်အောက်တွင် တွေ့ရှိရပြီး ဤတစ်သျှူးသည် ရေလုံသောအရာတစ်ခုဖြစ်သောကြောင့် လက်သည်း၏အတွင်းလွှာကို ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ပေးသည်။
၎င်းတို့၏အသုံးဝင်ပုံ
ကျွန်ုပ်တို့၏လက်သည်းများသည် ကုတ်ခြစ်ရာတွင်ကဲ့သို့သော အသုံးဝင်သည့်နည်းလမ်းများစွာရှိ၏။ ၎င်းတို့သည် လိမ္မော်သီးအခွံနွှာရာ၌လည်းကောင်း၊ ကြိုးအထုံးလေးများကို ဖြေရာ၌လည်းကောင်း သို့မဟုတ် သေးငယ်သောအရာလေးများကို ကိုင်တွယ်ရာ၌လည်းကောင်း အသုံးဝင်လှသည်။ ထိုထက်ကား လက်သည်းများက အလွန်နာတတ်ပြီးထိလွယ်ရှလွယ်သော လက်ဖျားထိပ်များကို ထောက်ပံ့ကာကွယ်ပေး၏။
လက်သည်းများအား လှလှပပထားတတ်ခြင်း၏အရေးပါမှုကို လျစ်လျူမရှုသင့်ချေ။ ကျွန်ုပ်တို့၏လက်သည်းများက မိမိ၏ဆင်ယင်မှုကိုဂရုစိုက်—မစိုက်—တင်ပြသည်။ ၎င်းတို့သည် ဖြစ်ရိုးဖြစ်စဉ်အမူအရာပြရာ၌ အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်ပြီး သပ်သပ်ရပ်ရပ်ထားရှိပါက ယင်းက ကျွန်ုပ်တို့၏လက်များကို အလှဆင်ပေးပေမည်။ ၎င်းတို့မရှိပါက ကျွန်ုပ်တို့၏နေ့စဉ်အသက်တာ၌ ဟန့်တားနှောင့်နှေးမှုနှင့်ကြုံနိုင်ပြီး ကျွန်ုပ်တို့၏လက်သည် မပြည့်စုံသလိုဖြစ်နေမည်။
လျော်ကန်သောဂရုစိုက်မှုက ၎င်းတို့ကို ကြံ့ခိုင်သန်စွမ်းစေ
အံ့သြဖွယ်ရာဖြစ်သော ကျွန်ုပ်တို့၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည့် ကျွန်ုပ်တို့၏လက်သည်းများကို လျောက်ပတ်စွာဂရုစိုက်သင့်သည်။ သင်၌ ပြင်းထန်သောလက်သည်းဝေဒနာခံစားနေရလျှင် ဆရာဝန်ထံသွားရောက်ပြသသင့်သည်။ အမှန်မှာ သင့်လက်ချောင်းလေးများ၏ထိပ်၌ ကျန်းမာရေးဆိုင်ရာပြဿနာအချို့၏လက္ခဏာကို ပြနေပေမည်။ မှန်ပါသည်၊ ကိုယ်ကာယပိုင်းဆိုင်ရာဖျားနာမှုအချို့ကို သင့်လက်သည်းများအားကြည့်ရှုခြင်းဖြင့် ဆုံးဖြတ်နိုင်သည်ဟုဆိုကြ၏။
ကယ်လ်ဆီယမ် သို့မဟုတ် ဗီတာမင်များကို ပိုမိုသုံးစွဲခြင်းက လက်သည်းများကို သန်စွမ်းစေပါသလော။ ဤမေးခွန်းကိုဖြေကြားရာတွင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့၊ ကာရိုလင်စ်ခါတက္ကသိုလ်မှ လက်သည်းဆိုင်ရာဘာသာရပ်နှင့်ပတ်သက်သော သုတေသီတစ်ဦးဖြစ်သူ ပါမောက္ခ ဘို ဖော့စလန်ဒ်က နိုးလော့! ထံဤသို့ပြောပြသည်– “ထိုထင်မြင်ချက်ကို ထောက်ခံရန် ခိုင်လုံသည့်သက်သေအထောက်အထားမရှိချေ။ သာမန်လက်သည်းများတွင် ကယ်လ်ဆီယမ်ပါဝင်နှုန်းကို ခွဲခြမ်းစိတ်ဖြာကြည့်ရာ၌ ယင်းဒြပ်စင်မှာအနည်းငယ်သာပါဝင်ကြောင်း ပြသသည်။”
သို့သော် သင်၏လက်သည်းများကို သန်စွမ်း၍ပျော့ပျောင်းစေဖို့ ဧကန်မုချကူညီပေးသောအရာကား ရေဖြစ်သည်။ အထက်တွင်ဖော်ပြပြီးသည့်အတိုင်း လက်သည်းများ၌ကယ်ရာတင်ပါရှိသည်။ အဆိုပါကယ်ရာတင်အမျှင်များ ပျော့ပျောင်းစေရန် ရေလိုအပ်သည်။ ပါမောက္ခ ဖော့စလန်ဒ်က ဤသို့ဥပမာပေးသည်– “သင့်လက်သည်းများကို ဖြတ်ပြီးစအချိန်တွင် အပိုင်းအစလေးများမှာ ပျော့ပျောင်းနေမည်ဖြစ်သော်လည်း ထိုလက်သည်းဖြတ်စညှပ်စလေးများသည် တစ်ညအခြောက်ထားလိုက်လျှင် ကြွပ်ဆတ်မာကျောသွားပေလိမ့်မည်။” အစိုဓာတ်သည် သင်၏လက်သည်းများကို ဆက်လက်၍ပျော့ပျောင်းသန်စွမ်းစေမည်။ သို့သော် ဤအစိုဓာတ်သည် မည်သည့်နေရာမှ လာသနည်း။ လက်သည်းပြားမှာ အကင်းပိတ်ဟုထင်ရသော်လည်း ယင်းသည် စိမ့်ဝင်ပျံ့နှံ့နိုင်စွမ်းရှိ၏။ လက်သည်း၏အတွင်းလွှာမှ အစိုဓာတ်သည် လက်သည်းပြားမှတစ်ဆင့် ယင်း၏မျက်နှာပြင်အထက်သို့တက်လာပြီး အငွေ့ပျံလေသည်။ သင့်လက်သည်းများ ခြောက်သွေ့သွားခြင်းမှကာကွယ်ပေးရန်နှင့် သင့်လက်သည်းများဆက်လက်သန်စွမ်းစေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။ ပါမောက္ခ ဖော့စလန်ဒ်က ဤသို့ဆိုသည်– “နေ့စဉ် ဆီဖြင့်ပြုစုပေးပါက အကျိုးဖြစ်ထွန်းစေမည်။”
၎င်းတို့ရှည်ထွက်မှုနှင့် အလှအပအတွက် ဂရုစိုက်ပေးခြင်း
လက်သည်းသည် အခံသားမှရှည်ထွက်လာခြင်းဖြစ်သောကြောင့် လက်သည်း၏ ဤအပိုင်းကို သင့်တင့်လျောက်ပတ်စွာဂရုစိုက်ပေးရန် အရေးကြီးသည်။ အခံသားကိုလှုံ့ဆော်မှုဖြစ်စေသည့် အလှဆီ သို့မဟုတ် အဆီဖြင့် မှန်မှန်နှိပ်နယ်ပေးခြင်းက လက်သည်းပြားကို အကျိုးဖြစ်ထွန်းစေနိုင်၏။ ထို့အပြင် လက်သည်း၏လွတ်နေသောအနားစပ်အောက်သို့ အဆီတစ်စက်လောက်ထည့်ပေးခြင်းက အကူအညီလည်းဖြစ်စေနိုင်ပြီး လက်သည်းကို ခြောက်သွေ့စေခြင်းမှ ထိန်းသိမ်းပေးသည်။
သင့်လက်သည်းများကို တိုက်စားနည်း၊ ဖြတ်ပုံဖြတ်နည်းက ၎င်းတို့ကို ခိုင်ခံ့လာစေနိုင်သကဲ့သို့၊ ချည့်နဲ့သွားစေနိုင်သည်။ သင့်လက်သည်းများကို နံဘေးမှ အလယ်သို့တိုက်စားသွားဖို့ အကြံပြုပါသည်။ ထောင့်စွန်းများကို တိုက်စားပစ်လိုက်ခြင်းက လက်သည်းကိုအင်အားချည့်နဲ့သွားစေနိုင်ကြောင်း စိတ်ထဲစွဲမှတ်ပါ။ ယင်းက အဖျားချွန်သည့်လက်သည်းဖြစ်စေပြီး ဘေးဘက်များတွင် ထောက်မပေးခြင်းမရှိသောကြောင့် အားလုံးတွင် အင်အားအချည့်နဲ့ဆုံး ပုံသဏ္ဌာန်ဖြစ်၏။ သန်စွမ်းသောလက်သည်းများဖြစ်စေရန် ဘေးနားများအပါအဝင် သင့်လက်သည်းများကို ဖြောင့်ဖြောင့်တန်းတန်းဖြင့် တစ်လက်မ၏ ၁၆ ပုံ ၁ ပုံ ခန့်အရှည်ထားကာ လက်ချောင်းထိပ်၏ပုံကြမ်းကိုလိုက်၍ ပတ်ပတ်လည်လိုက်တိုက်စားပေးဖို့ အကြံပြုထားသည်။
အမျိုးသမီးအချို့သည် မိမိတို့၏လက်သည်းကို အရှည်ထားလိုကြပေမည်။ သို့သော် ဤနေရာတွင် သတိပြုစရာလိုသည်။ လက်သည်းများရှည်လွန်းခြင်းသည် လွန်ကဲစွာအာရုံစူးစိုက်စေဖို့ရာအကြောင်းဖြစ်စေသည့်အပြင် ပုံမှန်လုပ်ငန်းကိုလုပ်ဆောင်ခြင်းမှ အတားအဆီးဖြစ်စေ၏။ သို့ဖြစ်၍ သင့်လက်သည်းများ အရှည်ထားခြင်းနှင့်ပတ်သက်ပြီး မျှတစွာရှုမြင်ပါ။ ထိုသို့ပြုပါက သင့်လက်သည်းများသည် အသုံးဝင်လိမ့်မည်ဖြစ်ပြီး အခြားသူတို့၏စိတ်တွင် ကောင်းစွာစွဲမှတ်ထင်ကျန်ရစ်စေပါလိမ့်မည်။
လက်သည်းများကို ချွန်ထက်သောကိရိယာဖြင့် မည်သည့်အခါမျှမကလော်ပါနှင့် ဟူ၍ကျွမ်းကျင်ပညာရှင်များကဆိုသည်။ ယင်းက လက်သည်း၏ လွတ်နေသောအနားစပ်အောက်ရှိတစ်သျှူး၊ ဟိုက်ပိုနစ်ချီယမ်ကို ပျက်စီးစေ၏။ ဤတစ်သျှူးပုံစံမှာ အလုံပိတ်ထားပုံဖြစ်၍ လက်သည်းအတွင်းအောက်ကို ကာကွယ်ပေးသည်။ ဤအပိုင်းပျက်စီးသွားလျှင် လက်သည်း၏အတွင်းလွှာမှ လက်သည်းပင်ကွာထွက်သွားနိုင်ပြီး ရောဂါပိုးဝင်လာမည်။ လက်သည်းအောက် သန့်ရှင်းစေဖို့ အလွန်ပျော့ပျောင်းသောဝက်မှင်ဘီးကို အသုံးပြုပါ။
လက်သည်းများသန်စွမ်း၍ အနာကင်းဝေးခြင်းမှာ မျိုးရိုးကြောင့်ဖြစ်၏။ ထို့ကြောင့် အချို့တို့တွင် သန်စွမ်း၍ ပျော့ပျောင်းသောလက်သည်းရှိပြီး အခြားသူတို့တွင် ခြောက်သွေ့၍ ကြွပ်ဆတ်ပြီးကျိုးပဲ့လွယ်သောလက်သည်းများရှိသည်။ သင်၏လက်သည်းများ မည်သည့်အခြေအနေတွင်မဆိုရှိနေပါစေ ယင်းတို့ကို အတော်အတန်နှင့် ပုံမှန်ဂရုစိုက်ခြင်းဖြင့် သာ၍ကြည့်ပျော်ရှုပျော်ဖြစ်လာစေနိုင်ပါသည်။ မှန်ပါသည်၊ လက်သည်း၏ တည်ဆောက်ပုံ၊ လုပ်ငန်းဆောင်တာနှင့် လျောက်ပတ်သောဂရုစိုက်မှုကို နားလည်သိရှိထားခြင်းက သင့်အား ဘာလုပ်ရမည်ကိုသိစေသည်။ ထိုသို့သော အကြောင်းအချက်ကို ပညာရှိစွာအသုံးပြုခြင်းက ကောင်းကျိုးကိုဖြစ်ထွန်းစေမည်။
အမှန်အားဖြင့် လက်သည်းများသည် လူ့ကိုယ်ခန္ဓာ၏ အံ့ချီးဖွယ်ရာကောင်းသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းတို့၏တည်ဆောက်ပုံနှင့် လုပ်ငန်းဆောင်တာက ယင်းတို့၏နောက်ကွယ်မှ တီထွင်ဖန်တီးတတ်သောဉာဏ်ကြီးရှင်ရှိကြောင်း သက်သေထူသည်။ ဆာလံ ၁၃၉:၁၄ တွင်မှတ်တမ်းတင်ထားသကဲ့သို့ ရှေးကာလက ဘုရင်ဒါဝိဒ်သည် နှိမ့်ချစွာဖြင့် မိမိ၏ဖန်ဆင်းရှင်အပေါ် သူ၏ချီးမွမ်းလေးမြတ်ခြင်းကို ဤသို့ဖော်ပြခဲ့သည်– “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည်အမှန်သိပါ၏။”
[စာမျက်နှာ ၂၀ ပါ ဇယား]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
၁။ လက်သည်းပြား;
၂။ လျူနာလ်;
၃။ လက်သည်းလွှာတွန့်; အရင်းပိုင်းနှင့် ဘေးဘက်;
၄။ အီပိုနစ်ချီယမ်;
၅။ အရေပါး;
၆။ လွတ်နေသောအနားစပ်;
၇။ ဟိုက်ပိုနစ်ချီယမ်;
၈။ အခံသား;
၉။ လက်သည်း၏အောက်လွှာ