လူငယ်များအမေး . . .
ငါဘာကြောင့်အာရုံမစိုက်နိုင်ရတာလဲ
“တစ်ခါတလေ အဲ့ဒါဟာ မမျှော်လင့်ဘဲဖြစ်လာတတ်တယ်။အသင်းတော်စည်းဝေးမှာ ကျွန်တော်နားထောင်နေတဲ့အခါရုတ်တရက်ဆိုသလိုပဲ ကျွန်တော့်စိတ်တွေစပြီးပျံ့လွင့်သွားတော့တယ်။ ဆယ်မိနစ်လောက်ကြာတဲ့အခါကျွန်တော်ပြန်ပြီးသတိဝင်လာတယ်။”—ဂျက်စီ။
“အာရုံစိုက်လေ!” ဤစကားလုံးများကို သင်၏ဆရာဆရာမများ သို့မဟုတ် မိဘများထံမှ မကြာခဏသင်ကြားရသလော။ ကြားရပါက သင်သည် အရာတစ်ခုခုအပေါ် သင်၏စိတ်ကိုစုစည်းထားဖို့ အခက်တွေ့နေခြင်းဖြစ်နိုင်သည်။ ရလဒ်အနေနှင့် သင်၏ပညာရည်အဆင့်နိမ့်သွားနိုင်သည်။ အခြားသူများက သင့်အား ဆေးကြောင်နေသူ သို့မဟုတ် ရိုင်းစိုင်းသောသူအဖြစ်ပင် အပျက်သဘောမြင်ကာ ဝိုင်းပယ်ကြသည်ကို သင်တွေ့ရပေမည်။
ပို၍အရေးကြီးသည်မှာ အာရုံမစိုက်နိုင်ခြင်းက သင့်ဝိညာဉ်ရေးရာများပေါ်တွင် ဆိုးကျိုးများ အကြီးအကျယ်သက်ရောက်လာနိုင်သည်။ ထိုထက်ကား ကျမ်းစာကိုယ်နှိုက်က ဤသို့မိန့်ဆိုထားသည်– “သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြု [“အာရုံစိုက်၊” ကဘ] ကြလော့။” (လုကာ ၈:၁၈) အမှန်ပင် ခရစ်ယာန်များသည် ဝိညာဉ်ရေးနှင့်ဆိုင်သောကိစ္စရပ်များတွင် “သာ၍အာရုံစိုက်ကြ” ရန်မိန့်မှာခံရကြသည်။ (ဟေဗြဲ ၂:၁၊ ကဘ) သင်သည် အာရုံစိုက်ရန်အခက်တွေ့နေပါက ဤဆုံးမစကားများကိုဂရုပြုရန် ခက်ခဲနိုင်ပေမည်။
ပြဿနာမှာ အဘယ်အရာဖြစ်နိုင်သနည်း။ အချို့အကြောင်းအရာများတွင် အာရုံစူးစိုက်မှုကင်းမဲ့ခြင်းသည် ခန္ဓာနှင့်ဆိုင်သော ပြဿနာတစ်ခုကြောင့်ဖြစ်နိုင်သည်။ ဥပမာ၊ အချို့သောသုတေသီများက အာရုံစိုက်မှုချို့တဲ့ခြင်းရောဂါသည် ဦးနှောက်နဗ်ကြောပို့လွှတ်စနစ်များ၏လုပ်ဆောင်ချက် ချို့ယွင်းမှုကြောင့်ဖြစ်သည်ဟု ယုံကြည်ကြသည်။a အချို့သောလူငယ်လေးများတွင် အကြားအာရုံ သို့မဟုတ် အမြင်အာရုံဆုံးရှုံးသွားခြင်းကဲ့သို့သော ရောဂါအမည်မဖော်သောပြဿနာများရှိသည်။ ယင်းတို့သည်လည်း လူတစ်ဦး၏အာရုံစိုက်နိုင်စွမ်းကို အဆီးအတားဖြစ်စေနိုင်သည်။ ယေဘုယျအနေဖြင့် လူငယ်များသည် လူကြီးများထက် အာရုံစိုက်ရန်ပို၍ခက်ကြောင်း သုတေသီများတွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် အာရုံမစိုက်နိုင်ခြင်းသည် ကုသဖို့လိုသည့်ဝေဒနာတစ်မျိုးမျိုးကြောင့်ဖြစ်ခဲသော်လည်း လူငယ်များတွင်တွေ့ရလေ့ရှိသည်။
သင်၏ ပြောင်းလဲလာသော တွေးခေါ်မှုပုံစံများ
အာရုံစိုက်ခြင်းနှင့်ပတ်သက်၍ သင့်တွင်အခက်အခဲရှိနေလျှင် ယင်းသည် ကြီးကောင်ဝင်ချိန် ရုတ်တရက်ခံစားရသည့် နာကျင်မှုများသာဖြစ်ဖို့အကြောင်းများသည်။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏အရာများကိုငါပယ်ရှား၏။” (၁ ကောရိန္သု ၁၃:၁၁) မှန်ပါသည်၊ လူကြီးဘဝသို့သင်တက်လှမ်းနေသည်နှင့်အမျှ သင်၏တွေးခေါ်ပုံများသည်လည်း ပြောင်းသွားသည်။ မြီးကောင်ပေါက်အရွယ် ကြီးထွားဖွံ့ဖြိုးမှု စာအုပ်၏အဆိုအရ “အတွေးအမြင်သစ်ဆိုင်ရာ အရည်အသွေးသစ်များသည် . . . အစောပိုင်းမြီးကောင်ပေါက်အရွယ်တွင် စတင်ဖြစ်ပေါ်လာသည်။” သင်သည် စိတ်ကူးထဲရှိအယူအဆနှင့် အတွေးအမြင်များကို ခွဲခြားနားလည်နိုင်သည့် အစွမ်းရှိလာစေသည်။ သင်သည် ကိုယ်ကျင့်တရား၊ လူ့ကျင့်ဝတ်နှင့် အခြားကျယ်ပြန့်သောကိစ္စရပ်များကို ပို၍နက်ရှိုင်းစွာနားလည်လာသည်။ သင့်အနာဂတ်အကြောင်းကို လူကြီးတွေးစတွေးလာသည်။
ပြဿနာကားအဘယ်နည်း။ ထိုအသစ်သောအတွေးအခေါ်များ၊ အကြံဉာဏ်များနှင့် အယူအဆအားလုံး သင်၏ဦးနှောက်ထဲတွင် ပြည့်လျှံနေပါက အလွန်စိတ်အနှောင့်အယှက်ဖြစ်နိုင်သည်။ သင်သည် ကလေးတစ်ဦးကဲ့သို့ ရိုးရှင်းသည့်အခြေခံအဆင့်ကို တွေးတောတော့မည်မဟုတ်ပါ။ ယခုအချိန်တွင် သင်၏ဦးနှောက်သည် သင်မြင်ရကြားရသည့်အရာများကို ဆန်းစစ်ရန်နှင့် မေးခွန်းမေးရန် စေ့ဆော်တိုက်တွန်းပေမည်။ ဆရာတစ်ဦး သို့မဟုတ် ဟောပြောသူတစ်ဦး၏ မှတ်ချက်တစ်ခုကိုကြားလိုက်သည်နှင့် စိတ်ပိုင်းဆိုင်ရာသွေဖည်မှု စတင်ဖြစ်ပေါ်လာနိုင်သည်။ သို့သော် သင်၏စိတ်လေလွင့်မှုကို မထိန်းချုပ်တတ်လျှင် အဖိုးတန်အကြောင်းအရာများဆုံးရှုံးသွားနိုင်သည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဖြောင့်မတ်သောသူဣဇာက်သည် အေးအေးဆေးဆေးတွေးတောဆင်ခြင်ရန် အချိန်ယူခဲ့သည်ဟု ကျမ်းစာတွင်ဖော်ပြထားသည်။ (ကမ္ဘာဦး ၂၄:၆၃) အနားယူရန်၊ တွေးတောဆင်ခြင်ရန်နှင့် စိတ်အေးလက်အေးနေရန် နေ့စဉ်အချိန်အနည်းငယ်ဖယ်ထားခြင်းသည် အခြားအချိန်များထက် ပို၍အာရုံစိုက်နေနိုင်ဖွယ်ရှိမည်။
စိတ်လှုပ်ရှားမှုနှင့် ဟော်မုန်းဓာတ်
သင့်စိတ်လှုပ်ရှားမှုများသည်လည်း အာရုံမစိုက်နိုင်ခြင်း၏ အကြောင်းရင်းဖြစ်နိုင်သည်။ သင်ဖတ်နေသည့်အရာ သို့မဟုတ် နားထောင်နေသည့်အရာအပေါ် အာရုံစိုက်ဖို့သင်ကြိုးစားသော်လည်း အခြားအရာများအကြောင်း စဉ်းစားမိနေသည်ကိုတွေ့ရပေမည်။ သင်သည် ငြီးငွေ့လိုက် ထို့နောက် စိတ်လှုပ်ရှားလိုက်၊ စိတ်ဓာတ်ကျလိုက် ထို့နောက် စိတ်အားတက်ကြွလိုက်စသည်တို့ တစ်လှည့်စီဖြစ်နေပေမည်။ စိတ်ကိုဖြေလျှော့လိုက်ပါလေ! သင်သည် ရူးကြောင်ကြောင်ဖြစ်သွားခြင်းမဟုတ်ပါ။ ဖြစ်နိုင်သည်မှာ သင်၏ကိုယ်တွင်းမှဟော်မုန်းဓာတ်များက သင့်အား အကြီးအကျယ်မွှေနှောက်နေခြင်းကြောင့်သာဖြစ်သည်။ ကြီးကောင်ဝင်ခြင်း၏အပြောင်းအလဲများကို သင်ကြုံတွေ့နေရခြင်းဖြစ်သည်။
ကက်သီ မကွိုင်နှင့် ချားလ်စ် ဝေဘလာစ်မဲန့်တို့ ဤသို့ရေးသားခဲ့သည်– “မြီးကောင်ပေါက်အရွယ်တွင် ခံစားချက်များအလွန်များတတ်သည်။ . . . ဤကဲ့သို့စိတ်အပြောင်းအလဲမြန်ခြင်းသည် ကြီးကောင်ဝင်ခြင်းတွင် အထိုက်အလျောက်ပါဝင်သည်။ ယင်းသို့ဖြစ်ရခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ သင်ယခုတွေ့ကြုံနေရသည့် အပြောင်းအလဲများ၏ဖိစီးမှုနှင့် သက်ဆိုင်သည်။” ထို့ပြင် သင်သည် “လူငယ့်ပွင့်လန်းစအရွယ်”—လိင်စိတ်အပြင်းထန်ဆုံးအရွယ်သို့ ချဉ်းကပ်လာနေသည်။ (၁ ကောရိန္သု ၇:၃၆၊ ကဘ) စာရေးဆရာမ ရုသ် ဘဲလ် ဤသို့ဆိုသည်– “ကိုယ်ခန္ဓာအပြောင်းအလဲရှိသည့် ကြီးကောင်ဝင်ချိန်တွင် လိင်ဆိုင်ရာခံစားချက်များ ပြင်းထန်လာတတ်သည်။ သင်သည် လိင်အကြောင်းကိုပို၍စဉ်းစားတွေးတောလာကာ၊ လိင်နှင့်ပတ်သက်လာလျှင် ပို၍အလွယ်တကူနိုးထလာကြောင်းနှင့် တစ်ခါတစ်ရံ လိင်နှင့်ပတ်သက်သောခံစားချက်များ စိုးမိုးနေသည်ကိုတွေ့ရပေမည်။”b
အစပိုင်းတွင်ကိုးကားဖော်ပြခဲ့သောဂျက်စီသည် ဆယ်ကျော်သက်အရွယ်တွင်ဖြစ်လေ့ရှိသော စိတ်ပျံ့လွင့်နေသူဖြစ်သည်– “တစ်ခါတလေ မိန်းကလေးတွေအကြောင်း ဒါမှမဟုတ် ကျွန်တော့်ရဲ့စိုးရိမ်မှုတွေအကြောင်း ဒါမှမဟုတ် ကျွန်တော်ဘာဆက်လုပ်ရမလဲဆိုတာတွေကို တွေးနေတတ်တယ်” ဟုပြောခဲ့သည်။ တဖြည်းဖြည်းနှင့် စိတ်လှုပ်ရှားမှုမုန်တိုင်းသည် ငြိမ်ကျသွားမည်။ ဤအတောအတွင်း မိမိကိုယ်ကိုပဲ့ပြင်ဆုံးမခြင်းပြုလုပ်ပါ။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏။” (၁ ကောရိန္သု ၉:၂၇) သင်၏စိတ်လှုပ်ရှားမှုများကို သာ၍ထိန်းချုပ်တတ်လာလေ သာ၍အာရုံစိုက်နိုင်လေဖြစ်မည်။
သင်၏အိပ်စက်ခြင်းအလေ့အထ
ကြီးထွားနေသောသင့်ခန္ဓာကိုယ်သည် ကာယရေးနှင့်ဆိုင်သောကြီးထွားဖွံ့ဖြိုးမှုကို အကူအညီဖြစ်စေရန်နှင့် နေ့စဉ်ကြုံတွေ့ရသည့် များပြားလှသောအယူအဆအသစ်များနှင့် ခံစားမှုများကို ဦးနှောက်ကဖြေရှင်းပေးတတ်ရန်အတွက် လုံလောက်စွာအိပ်ရန်လိုအပ်သည်။ သို့ရာတွင် ဆယ်ကျော်သက်များစွာ၏အစီအစဉ်ဇယားတွင် အိပ်ချိန်အနည်းငယ်သာထားကြသည်။ နဗ်ကြောပညာရှင်တစ်ဦး ဤသို့ဆိုသည်– “ကိုယ်ခန္ဓာသည် လူတစ်ဦးလိုအပ်သည့်အိပ်ချိန်ကို အမှတ်မထားဘဲနေမည်မဟုတ်ပါ။ ဆန့်ကျင်ဘက်အနေနှင့် ယင်းသည် အမြဲအမှတ်ရနေမည်ဖြစ်ပြီး သတိမေ့တတ်လာခြင်း၊ ပြဿနာများကိုအာရုံစိုက်နိုင်မှုနည်းလာခြင်းနှင့် တွေးတောသည့်စွမ်းရည်နှေးကွေးခြင်းစသည်တို့ကို ချက်ချင်းပေးဆောင်ရမည်။”
အချို့သောသုတေသီများက ညတိုင်း အိပ်ချိန်ကို တစ်နာရီ သို့မဟုတ် ပို၍အိပ်ပေးခြင်းသည် အာရုံစိုက်နိုင်သည့်စွမ်းရည် အကြီးအကျယ်တိုးလာစေနိုင်သည်ဟု ယုံကြည်ကြသည်။ ကျမ်းစာ၌ ပျင်းရိခြင်းနှင့် အိပ်ကြူးခြင်းကို အမှန်ပင်ပြစ်တင်ရှုတ်ချထားသည်။ (သု. ၂၀:၁၃) သို့ရာတွင် ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန် လုံလောက်သောအနားယူခြင်းသည် ဆင်ခြင်တုံတရားနှင့်ညီသည်။—ဒေ. ၄:၆။
ဓာတ်စာနှင့် အာရုံစူးစိုက်နိုင်စွမ်း
အခြားဖြေရှင်းနည်းမှာ ဓာတ်စာဖြစ်နိုင်သည်။ ဆယ်ကျော်သက်များသည် အဆီနှင့်သကြားကဲသောအစားအစာများကို အကြိုက်များကြသည်။ သုတေသီများက အစာဖျင်းများသည် အရသာကောင်းနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာထက်မြက်မှုကို လျော့စေနိုင်သည်ဟုဆိုသည်။ ထိုနည်းတူ လေ့လာချက်များ၌ ပေါင်မုန့်၊ ကောက်နှံစားဖွယ်များ၊ ထမင်း သို့မဟုတ် ဂျုံမုန့်ညက်စသည်ကဲ့သို့သော ကာဘိုဟိုက်ဒရိုက်ဓာတ်ပါသည့်အစာစားပြီးနောက် စိတ်ပိုင်းဆိုင်ရာဆောင်ရွက်မှုများ လျော့ပါးသွားသည်ဟု ထောက်ပြကြသည်။ ကာဘိုဟိုက်ဒရိတ်ဓာတ်သည် ဦးနှောက်ထဲရှိ ဆီရိုတိုနင်ဟုခေါ်သော ဓာတုပစ္စည်းပမာဏကိုတိုးစေပြီး လူကိုအိပ်ချင်သည့်စိတ်ဖြစ်ပေါ်စေသောကြောင့် ယင်းသို့ဖြစ်ရခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် အာဟာရဗေဒပညာရှင်အချို့က စိတ်ပိုင်းဆိုင်ရာနိုးနိုးကြားကြားရှိရန်လိုအပ်သည့် မည်သည့်လုပ်ဆောင်မှုကိုမဆိုမလုပ်ဆောင်မီ ပရိုတိန်းကြွယ်ဝသောအစားအစာများကိုစားရန် အကြံပေးကြသည်။
တီဗွီနှင့် ကွန်ပျူတာလူမျိုးဆက်
တီဗွီနှင့် ယင်း၏လျင်မြန်စွာလှုပ်ရှားနေသည့်ပုံရိပ်များသည် လူငယ်များ၏အာရုံစိုက်နိုင်သည့်အချိန်ကိုတိုစေကြောင်း မကြာမီနှစ်များက ပညာရှင်များသိလာခဲ့ပြီး ထိုနည်းတူ ယခုအချိန်တွင် အချို့သူများသည် ကွန်ပျူတာခလုတ်များကို အပြစ်တင်လာကြသည်။ မျက်မှောက်ခေတ်နည်းပညာရပ်များသည် လူငယ်များအပေါ်တွင် မည်သို့အသေးစိတ်အကျိုးသက်ရောက်သည်ကို ပညာရှင်များကြားတွင် အငြင်းပွားဖွယ်အချက်များစွာရှိသော်လည်း တီဗွီကြည့်သည့်အချိန် သို့မဟုတ် ကွန်ပျူတာဂိမ်းစ်ကစားရာတွင် အချိန်အလွန်အကျွံအသုံးပြုခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။ လူငယ်တစ်ဦး ဤသို့ဝန်ခံသည်– “ဗီဒီယိုဂိမ်းစ်၊ ကွန်ပျူတာနဲ့ အင်တာနက်တွေနဲ့ကစားတဲ့ ကျွန်တော်တို့လိုကလေးတွေဟာ ကျွန်တော်တို့လိုချင်တဲ့အရာကို မြန်မြန်ရအောင်ယူချင်တဲ့အကျင့်တွေရလာတယ်။”
ခက်နေသည်မှာ ဘဝတွင် အရာများစွာသည် ကြိုးစားပါမှ၊ မဆုတ်မနစ်ဇွဲနှင့်ပြုပါမှ၊ ရှေးကတည်းကကျင့်သုံးခဲ့သည့် စိတ်ရှည်မှုရှိပါမှ အောင်မြင်နိုင်မည်ဖြစ်သည်။ (ဟေဗြဲ ၆:၁၁၊ ၁၂; ယာကုပ် ၅:၇ နှင့်နှိုင်းယှဉ်။) ထို့ကြောင့် အဖိုးတန်အရာများဟူသည် မြန်မြန်ဆန်ဆန်ရွှေ့လျားရမည်၊ အပျင်းပြေစေရမည်ဟု လုံးဝမယူဆပါနှင့်။ တီဗွီကြည့်ခြင်းနှင့် ကွန်ပျူတာဂိမ်းစ်ကစားခြင်းတို့သည် အပျင်းပြေစေနိုင်သော်လည်း ပန်းချီဆွဲခြင်း၊ ပုံဆွဲခြင်း သို့မဟုတ် ဂီတတူရိယာတစ်ခုအသုံးပြုတတ်ရန်သင်ယူခြင်းသည် မကောင်းပေလော။ ထိုကဲ့သို့သောအတတ်ပညာများသည် သင်၏အာရုံစူးစိုက်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည်။
သင်၏အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်စေနိုင်သည့် အခြားနည်းလမ်းများရှိပါသလော။ အမှန်ပင်ရှိပါသည်၊ ၎င်းတို့မှအချို့ကို နောင်ဆောင်းပါးတွင် တွေ့နိုင်ပါသည်။
[အောက်ခြေမှတ်ချက်များ]
a နိုးလော့! ၁၉၉၆၊ ဇန်နဝါရီ-မတ်၊ စာမျက်နှာ ၃-၁၂၊ ၁၉၉၆၊ ဇွန် ၂၂၊ စာမျက်နှာ ၁၁-၁၃ [လိပ်] နှင့် ၁၉၉၈၊ ဖေဖော်ဝါရီ ၈၊ စာမျက်နှာ ၅-၁၀ ကိုရှု။
b ကျွန်ုပ်တို့၏ ၁၉၉၄၊ ဩဂုတ် ၈ [လိပ်] ရက်ထုတ် “လူငယ်များအမေး . . . ဆန့်ကျင်ဘက်လိင်ရှင်အပေါ် စိတ်မရောက်ရန် မည်သို့ပြုလုပ်နိုင်သနည်း” ဆောင်းပါးကိုရှု။
[စာမျက်နှာ ၂၀ ပါ အကျဉ်းဖော်ပြချက်]
အစာဖျင်းများသည်စိတ်ပိုင်းဆိုင်ရာထက်မြက်မှုကိုလျော့စေသည်ဟုသုတေသီများကဆိုသည်
[စာမျက်နှာ ၂၀ ပါ အကျဉ်းဖော်ပြချက်]
စာသင်ခန်းတွင် အာရုံစိုက်ရန်ခက်ခဲကြောင်း မကြာခဏတွေ့ရပါသလော
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
“တစ်ခါတလေ မိန်းကလေးတွေအကြောင်းဒါမှမဟုတ် ကျွန်တော့်ရဲ့စိုးရိမ်မှုတချို့အကြောင်းတွေကို တွေးနေတတ်တယ်”