ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
မက္ကဆီကို၌ တောမီးလောင်ကျွမ်းမှုများ
မက္ကဆီကို၌ ဧပြီလလယ်အတွင်း ဆက်တိုက်တောမီးလောင်ကျွမ်းမှုကြောင့် ဧကပေါင်း ၃၀၀,၀၀၀ ခန့်ပျက်စီးသွားရာ “ဂေဟဆိုင်ရာဘေးဒဏ်တစ်ခု” အဖြစ်ဖော်ပြထား၏။ မက္ကစီကိုဖက်ဒရယ်အစိုးရမှ အတွင်းရေးမှူးဖြစ်သူ ဟူလီယာ ကာရာဘေ့စ် လီယို၏အဆိုအရ ထိုအချိန်က မွှေခဲ့သည့် ၆,၈၀၀ ခန့်သောမီးလောင်ကျွမ်းမှုများမှာ လွန်ခဲ့သည့် ၅၇ နှစ်အတွင်း မက္ကဆီကို၌ မီးလောင်ကျွမ်းမှုဆိုင်ရာ အဆိုးရွားဆုံးသောရာသီဟုခေါ်ဆိုခဲ့ကြောင်း သိရသည်။ အပူချိန်တို့မှာ သာမန်အထက်ဖြစ်ပြီး မိုးရွာသွန်းမှုနည်းလင့်ကစား မီးလောင်ကျွမ်းမှုအများစုမှာ “လူသားတို့ဆောင်ရွက်မှုများ၏ အကျိုးဆက်—လျစ်လျူရှုမှု၊ တာဝန်မဲ့မှုအပြင် ရာဇဝတ်မှုဆိုင်ရာအပြုအမူ၏ ရလဒ်ပင်ဖြစ်သည်” ဟုအဲလ် ယူနီဗာဆဲလ်သတင်းစာက ဖော်ပြသည်။ သယံဇာတကော်မတီ၏ ဒေသခံညွှန်ကြားရေးမှူးဖြစ်သူ အောက်တဗို အက်စ်ကိုဘာ လိုပိဇ်က ဤသို့ဆိုသည်– “သုံးရက်အတွင်း မဖြစ်စလောက်ဆုံးရှုံးသွားသော ဒေသတွင်းသစ်ပင်ပန်းပင်များနှင့် တိရစ္ဆာန်များအားလုံး ပြန်နာလန်ထူရန် ဆယ်နှစ်ခန့် အချိန်ယူရမည်။”
လေ့ကျင့်ခန်းနှင့် အသက်ရှည်ခြင်း
အသက်ရှည်ရေးနှင့်ပတ်သက်ပြီး မကြာမီက လေ့လာချက်တစ်ရပ်နှင့်စပ်လျဉ်း၍ သည်နယူးယောက်တိုင်းမ်စ်က “တစ်လတွင် ခြောက်ကြိမ်မျှသာ နာရီဝက်ခန့် ခပ်သွက်သွက်လမ်းလျှောက်ခြင်းက ၄၄ ရာခိုင်နှုန်းခန့် [အချိန်မတန်မီ] သေခြင်းကို တားဆီးမည့်အလားအလာရှိသည်” ဟုဖော်ပြ၏။ ဖင်လန်မှ သုတေသီများက အမြွှာပူးအတွဲပေါင်း ၈,၀၀၀ နီးပါးကို ပျမ်းမျှ ၁၉ နှစ်အထိ မျက်ခြည်မပြတ်စောင့်ကြည့်ခဲ့ရာ ရံဖန်ရံခါလေ့ကျင့်ခန်းပြုလုပ်သူများပင် “အထိုင်များသော ၎င်းတို့၏အမြွှာများထက် သေဆုံးမည့်အလားအလာ ၃၀ ရာခိုင်နှုန်း ပိုနည်းသည်။” လေ့ကျင့်ခန်းယူခြင်း၏ ထိရောက်မှုကို စိစစ်ဆုံးဖြတ်ရာ၌ မျိုးရိုးဗီဇဆိုင်ရာအချက်အလက်များကို ထည့်သွင်းစဉ်းစားထားသောကြောင့် အဆိုပါလေ့လာမှုမှာ ထူးခြား၏။ ထိုလေ့လာမှုတွင်မပါဝင်သော အေရိုးဘစ်ဆိုင်ရာလေ့လာသူတစ်ဦးဖြစ်သည့် စတီဗ် ဖာရယ်လ်က ဤသို့ပြောသည်– “ချို့တဲ့သောဗီဇများ သင့်၌ရှိလင့်ကစား ဤလေ့လာချက်က ကာယဆိုင်ရာလှုပ်ရှားမှုကို တိုးမြှင့်ပေးခြင်းသည် သင့်အသက်ရှည်ရေးကို အထောက်အကူပြုနိုင်ကြောင်း အခိုင်အမာပင်တင်ပြ၏။”
အမွေးအတောင်ပါသော ရာဇဝတ်မှုကြီးများ
တောင်အာဖရိကမှ ရဲများက ငှက်များကိုအသုံးပြုသော စိန်ခိုးထုတ်မှုတစ်ရပ်အား ဖော်ထုတ်ခဲ့သည်။ နိုင်ငံတော်ပိုင် စိန်တွင်းမှ အလုပ်သမားများသည် လေ့ကျင့်ထားသောခိုများကို ထမင်းဘူး သို့မဟုတ် ပွယောင်းယောင်းအဝတ်အစားများထဲတွင် ခိုးထည့်၍ယူလာခဲ့ကြကြောင်း ရဲများကဆို၏။ ထိုနေရာ၌ သူတို့သည် ခိုငှက်များအပေါ်သို့ စိန်များတင်ပြီးနောက် လေထဲလွှတ်လိုက်ကြသည်ဟူ၍ လော့စ် အိန်ဂျလိစ် တိုင်းမ်စ်ကဖော်ပြသည်။ ထိုလေ့ကျင့်ပေးထားသောခိုတို့သည် ကျောက်မျက်များကိုသယ်ဆောင်ပြီ မိုင်နှင့်ချီ၍ ပျံသန်းသွားလာနိုင်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ငှက်လေးကောင်ကို ခိုးထုတ်သည့်စိန်များနှင့်အတူ ကြားဖြတ်ဖမ်းဆီးမိခဲ့၏။ အမှုတစ်ခု၌ ခိုငှက်တစ်ကောင်ကို ၎င်း၏တောင်ပံအောက်တွင် သားရေကြိုးဖြင့်ချည်နှောင်ထားသော ခြောက်ကာရက်ရှိ စိန်ရိုင်းများနှင့်အတူ တွေ့ရှိခဲ့သည်။ ဤနည်းကိုအသုံးပြုသည့်အတွက် ယခုအချိန်အထိ လူပေါင်း ၇၀ ခန့်ကို ဖမ်းဆီးထားပြီးဖြစ်၏။ ရှေးခေတ်မြစ်ကြမ်းပြင်မှရရှိသော စိန်တုံး ၃ တုံးတွင် ၁ တုံးနီးပါးခန့်မှာ ရိုးသားမှုမရှိသောအလုပ်သမားများကြောင့် အခိုးခံရသည်ဟု ကုမ္ပဏီအရာရှိများကခန့်မှန်းကြကြောင်း သတင်းစာမှဖော်ပြသည်။
မျိုးရိုးဗီဇဆိုင်ရာအင်ဂျင်နီယာပညာ
လွန်ခဲ့သောဆယ်နှစ်ကျော်ကာလက သိပ္ပံပညာရှင်တို့သည် လူတို့တွင်တွေ့ရတတ်သည့် ရှုပ်ထွေးလှသော ပင်ကိုစရိုက်များနှင့် အဖျားအနာများကို ထိန်းချုပ်နိုင်ဖွယ်ရှိသည့် မျိုးရိုးဗီဇများနှင့်ပတ်သက်ပြီး အများအပြားရှာဖွေတွေ့ရှိခဲ့ကြသည်။ သိပ္ပံပညာရှင်အချို့က ယင်းသည် လူသားတို့အား တစ်နေ့နေ့တွင် မျိုးရိုးဗီဇများကို လိုသလိုကြိုးကိုင်လာနိုင်ကာ မလိုချင်သောပင်ကိုစရိုက်များကို ဖယ်ရှားလာနိုင်လိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့ကြသည်။ ဥပမာ၊ ပရင်စတန်တက္ကသိုလ်မှ ဇီဝဗေဒပညာရှင်တစ်ဦးဖြစ်သူ လီ စလစ်ဗာက ကျွန်ုပ်တို့၏သားစဉ်မြေးဆက်များသည် ပိုမိုသွက်လက်ချက်ချာပြီး သာ၍အားကစားတော်ကာ နှစ်ပေါင်းရာနှင့်ချီ၍ အသက်ရှင်ကြပေလိမ့်မည်ဟူ၍ ပြောဆိုကြောင်း သည်နယူးယောက်တိုင်းမ်စ်ကဖော်ပြသည်။ သို့သော် သိပ္ပံပညာအဆုံးစာအုပ်၏ကလောင်ရှင် ဂျွန် ဟောဂန်က ဤသို့ဆိုသည်– “သုတေသီများက မျိုးရိုးဗီဇဆိုင်ရာအင်ဂျင်နီယာပညာကို အသုံးပြုပြီး လူ့ကိုယ်ရည်ကိုယ်သွေးများကို လိုသလိုပြောင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြ၏။ သို့သော် ယခုအချိန်အထိ မျိုးရိုးဗီဇနှင့် ရှုပ်ထွေးသောပင်ကိုစရိုက်တို့ကိုဆက်စပ်တင်ပြထားသည့် အဆိုပြုချက်တစ်ခုတလေကိုမျှ နောက်ပိုင်းသုတေသနပြုချက်များက မှန်ကန်ကြောင်းထောက်ခံခြင်းမရှိချေ။” သို့နှင့် ဟောဂန်က ဤသို့ဆက်ပြောသည်– “သိပ္ပံပညာ၏တရားဝင်အောင်မြင်မှုကဲ့သို့ပင် ယင်း၏ရှုံးနိမ့်မှုများကိုပါ အာရုံစိုက်စေခြင်းဖြင့် သိပ္ပံပညာရှင်များနှင့် ဂျာနယ်ဆောင်းပါးရှင်များသည် သိပ္ပံပညာ၏တကယ့်အင်္ဂါရုပ်များကိုဖော်ပြရာတွင် သိပ်တလွဲတချော်မဖြစ်ဘဲ အရှိကိုအရှိအတိုင်းဖြစ်ပါလိမ့်မည်။”
ခြံထွက်သီးနှံများ အာဟာရလျော့နည်းလာသလော
ယနေ့တွင် သီးနှံများနှင့် ဟင်းသီးဟင်းရွက်များ အာဟာရလျော့ပါးခြင်းမှာ မြေဆီမြေနှစ်လျော့နည်းမှုကြောင့်လော။ မြေဆီလွှာဆိုင်ရာ သိပ္ပံပညာရှင်တို့အရ အဖြေမှာ လုံးဝမဟုတ်ပါ။ ကယ်လီဖိုးနီးယားတက္ကသိုလ် ဘာကလီ ကျန်းမာရေးစာစောင်က ဤသို့ဆိုသည်– “အပင်တို့တွင်ရှိသော ဗီတာမင်များကို ယင်းတို့ဘာသာ ဖန်တီးပြုလုပ်ကြခြင်းဖြစ်သည်။” သို့ဖြစ်၍ မြေဆီလွှာ၌ လိုအပ်သောဓာတ်သတ္တုများ လျော့နည်းနေလျှင် အပင်များမှာ ကောင်းကောင်းမကြီးထွားတော့ချေ။ ထိုအပင်သည် အပွင့်မပွင့် သို့မဟုတ် ညှိုး၍သေသွားခြင်းမျှသာဖြစ်မည်။ ထိုသို့ဖြစ်ခြင်းမှကာကွယ်ဖို့ လယ်သမားများသည် မြေဆီလွှာ၌ဓာတ်သတ္တုများ ပြန်လည်ထည့်သွင်းရန် ဓာတ်မြေသြဇာကို အသုံးပြုကြသည်။ အဆိုပါကျန်းမာရေးစာစောင်က “သင်ဝယ်ယူသော သီးနှံများနှင့် ဟင်းသီးဟင်းရွက်တို့မှာ သန်စွမ်းပါက ယင်းတို့၌ပါဝင်သင့်သည့် အာဟာရဓာတ်များပါဝင်ကြောင်း သေချာ၏” ဟုဆိုသည်။
မီးဖိုချောင်မပါသောအိမ်များ
ဩစတြေးလျတွင် အစာစားချိန်ထက်ဝက်မှာ ဆိုင်တွင်ဖြစ်သည်ဟု ခန့်မှန်းရ၏။ ဤခေတ်ရေစီးကြောင်းမှာ အလွန်သြဇာလွှမ်းမိုးသဖြင့် ဆစ်ဒနီရှိအချို့တိုက်ခန်းများကို မီးဖိုချောင်မပါဘဲဆောက်ထားကြသည်ဟူ၍ သည် ကွတ်ရီးယား မေးလ်က ဖော်ပြသည်။ ထို့အပြင် ဩစတြေးလျလူမျိုးတို့သည် အစာချက်ဖို့ပြင်ဆင်ရာ၌ ပျမ်းမျှ မိနစ် ၂၀ မျှသာအသုံးပြုကြသောကြောင့် ဩစတြေးလျရှိကုန်ပဒေသာဆိုင်များစွာသည် ၎င်းတို့ရောင်းချသောအစာအမျိုးအစားကို ပြန်လည်စိစစ်နေရသည်။ ဆစ်ဒနီမြို့ရှိ စီးပွားရေးလုပ်ငန်း၌ အရေးပါသော ကုန်ပဒေသာဆိုင်ကြီးတစ်ဆိုင်၏ မန်နေဂျာတစ်ဦးက ဩစတြေးလျနိုင်ငံသည် ဆိုင်တွင်အများဆုံးစားတတ်ကြသည့် အမေရိကန်ပြည်ထောင်စု၏ပုံစံအတိုင်း လိုက်နေကြသည်ဟု အခိုင်အမာဆို၏။
ရာဇဝတ်မှုနှင့် လူမျိုးရေးခွဲခြားမှု
ဂရိတွင် မကြာမီက ပေါ်ပေါက်လာသောရာဇဝတ်မှုမှာ ဒုက္ခသည်များ၊ အရှေ့ဥရောပမှ လာရောက်နေထိုင်ကြသူများနှင့် ဘော်လ်ကန်နယ်မြေ၊ အထူးသဖြင့် အများဆုံးမှာ အယ်လ်ဘေးနီးယားတို့ အစုလိုက်အပြုံလိုက်ရောက်ရှိလာခြင်းကြောင့်ဖြစ်ရသည်ဟု အပြစ်တင်ထားသည်။ တူ ဗီမ် သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်သော ရီကာဒို စိုမာရ်တစ်က ဤရာဇဝတ်မှုတိုးများလာခြင်းနှင့်စပ်လျဉ်း၍ စိုးရိမ်မှုက ထိုနိုင်ငံရှိ နိုင်ငံခြားသားများအပေါ် “နိုင်ငံခြားသားများကိုအကြောက်လွန်မုန်းတီးခြင်းတစ်မျိုးနှင့် များသောအားဖြင့် ပြင်းထန်သောလူမျိုးရေးစိတ်ဓာတ်မွှန်နေခြင်း” မျိုးကိုဖြစ်ပေါ်စေသည်ဟု ဆိုသည်။ သို့သော် နိုင်ငံခြားသားများသည် ဂရိလူမျိုးများလောက် ရာဇဝတ်မှုပြုရာတွင် ပါဝင်ခြင်းမရှိကြောင်း ယင်းက ဖော်ပြသည်။ ဥပမာ၊ လေ့လာဆန်းစစ်မှုများအရ သိရသည်မှာ “ရာဇဝတ်မှုပေါင်း ၁၀၀ တွင် ၉၆ မှုမှာ [ဂရိတို့] က ကျူးလွန်ကြခြင်းဖြစ်သည်” ဟူ၍ သတင်းစာကဖော်ပြ၏။ “ရာဇဝတ်မှုပြုရခြင်း၏ အကြောင်းရင်းများမှာ ‘လူမျိုးရေး’ ကြောင့်မဟုတ်ဘဲ စီးပွားရေးနှင့် လူမှုရေးကြောင့်ဖြစ်ရသည်” ဟူ၍ စိုမာရ်တစ်ကဆိုသည်။ ဂရိနိုင်ငံ၏ရာဇဝတ်မှုသတင်းကို တလွဲထုတ်လွှင့်မှုနှင့်အတူ “နိုင်ငံခြားသားများကိုအကြောက်လွန်မုန်းတီးမှုနှင့် လူမျိုးရေးစိတ်တို့ကို စနစ်တကျမွေးမြူပေးနေသည့်အတွက်” လူထုဆက်သွယ်ရေးစနစ်များကို သူအပြစ်ဖို့ခဲ့သည်။
ဟိုတွက်ချက်မှုချစ်(ပ်) ပြားက စောင့်ကြည့်နေ
ဤနှစ်ဘော်စတွန်မာရသွန် ပြိုင်ပွဲဝင်သူအပြေးသမားများသည် အလွန်သေးငယ်သောချစ်(ပ်) ပြားတစ်ပြား—သေးငယ်သောအပိုဝန်စည်စလယ်ကို ၂၆ မိုင်၊ ၃၈၅ ကိုက် တစ်လျှောက်လုံး သယ်ဆောင်သွားသည်။ သူတို့ရောက်ရှိရာနေရာကို စိစစ်သိရှိရန် စာရင်းသွင်းထားသော အပြေးသမားအားလုံး၏အဝတ်တွင် အီလက်ထရွန်ချစ်(ပ်) ကိုတွယ်ဆက်ထားသည်ဟူ၍ အင်ဖော်မေးရှင်းဝိခ်မဂ္ဂဇင်းကဆို၏။ “သုံးမိုင်ရောက်တိုင်း တပ်ဆင်ထားသည့် ရေဒီယိုလှိုင်းကြိမ်နှုန်းအသံဖမ်းစက်များဖြင့် ဖမ်းယူ” ရန် ထိုချစ်(ပ်)များ၌ ပရိုဂရမ်ပြုထားသည်။ အပြေးသမားများ၏ပြေးနှုန်းများကို ပြိုင်ပွဲကျင်းပရာဌာနချုပ်များသို့ ပို့လိုက်ကြပြီး ယင်းတို့ကို အင်တာနက်ပေါ်တွင် ဖော်ပြထားလိုက်သည်။ မာရသွန်ဝါသနာအိုးများသည် မိမိတို့နှစ်သက်သော အပြေးသမားများနောက်သို့ အေးအေးဆေးဆေးလိုက်ရှုစားနိုင်ရုံမက ပြေးလမ်းတစ်လျှောက်တောက်လျှောက် မပြေးဘဲ ကလိမ်ကကျစ်ပြုလုပ်လိုသည့် အပြေးသမား၏အကြံအစည်ကိုပါ ဤနည်းပညာသစ်ဖြင့် ရပ်တန့်သွားစေသည်။
တရုတ်ပြည်တွင် ရှားပါးသမင် ပြန်လည်တွေ့ ရှိ
“မျိုးသုဉ်းသွားပြီဖြစ်ကြောင်း အနှစ် ၅၀ ကျော်ကြာ ယူမှတ်ထားသော တိဗက်သမင်နီကို ကိုယ်ပိုင်အုပ်ချုပ်သောတိဗက်ဒေသရှိ ရှန်နန်းစီရင်အုပ်ချုပ်ရာနယ်တွင် ပြန်လည်တွေ့ရှိခဲ့၏” ဟူ၍ ချိုင်းနားတူဒေးက ဖော်ပြသည်။ နှစ်များတစ်လျှောက် အမြင့်လေးပေရှိပြီး ပေါင် ၂၀၀ ခန့်ရှိသော သမင်နီများစွာသည် ယင်းတို့၏တန်ဖိုးရှိလှသောဦးချိုကို ရယူလိုကြသောမုဆိုးများကြောင့် အကောင်ရေ အကြီးအကျယ်လျော့နည်းလာခဲ့သည်။ စစ်နှင့် ဝန်းကျင်ပြောင်းလဲခြင်းကလည်း သေကျေမှုကိုဖြစ်စေခဲ့၏။ လှပသောဤသမင်များမှာ အကောင်ရေ ၂၀၀ အောက်၌သာရှိမည်ဖြစ်ကြောင်းခန့်မှန်းရပြီး ယင်းတို့သည် အန္တရာယ်ကျရောက်နေသည့် မျိုးစိတ်များစာရင်းတွင် ပါဝင်သည်။
ဉာဏ်ရည်စမ်းသပ်မှု ယှဉ်ပြိုင်ကစားနည်း
အမေရိကန်ပြည်ထောင်စု၌ ဦးဆုံးကျင်းပသော တစ်နိုင်ငံလုံးဆိုင်ရာ မှတ်ဉာဏ်စမ်းသပ်မှုတံခွန်စိုက်ပြိုင်ပွဲတွင် ဉာဏ်ရည်စမ်းသပ်မှု ယှဉ်ပြိုင်ကစားနည်းငါးနည်းကို ကစားခြင်းဖြင့် မကြာမီက ပြိုင်ပွဲဝင်များသည် သူတို့၏အစွမ်းကိုစမ်းသပ်ခဲ့ကြသည်။ အဆိုပါစမ်းသပ်မှုတွင် သာမန်လူ ၁၀၀ ၏မျက်နှာများကိုမှတ်မိခြင်း၊ ကဗျာမှာ စာကြောင်းရေ ၅၀ (ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတစနစ်များအပါအဝင်) ကိုမှတ်မိခြင်း၊ အင်္ဂလိပ်နာမ် (အစဉ်လိုက်) ၁၂၅ လုံးကို မှတ်မိခြင်း၊ ကျပန်းနံပါတ်များ၏အစီအစဉ်စာရင်းတစ်ခုကို မှတ်မိခြင်းနှင့် ဖဲတစ်ထုပ်မှ ဖဲချပ် ၅၂ ချပ် (ဖဲချပ်များကိုကုလားဖန်ထိုးပြီး မှောက်ထားလိုက်) ကိုမှတ်မိခြင်းတို့ ပါဝင်သည်။ ကျပန်းရွေးချယ်ထားသော ဆက်တိုက်ဖြစ်သည့်နံပါတ် ၁၀၉ ခုအား ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ဝေါလေ့စ် ဘတ်စ်တီလိုကမှတ်မိနိုင်ခြင်းဖြင့် ပါဝင်သူအဖော်အဖက်များအား အံ့အားသင့်စေခဲ့သည်။ သို့သော် အားလုံးခြုံငုံ၍အနိုင်ရသူမှာ အသက် ၂၆ နှစ်အရွယ် တာတီရာနာ ကူလီဆိုသူဖြစ်၏။ သူနှင့် အဲရိုစပေ့စ်ကုမ္ပဏီအတွက် ဂြိုဟ်တုသတင်းပရိုဂရမ်ပြုလုပ်ပေးသော သူ့အဖေသည် အိမ်၌ မှတ်ဉာဏ်စမ်းသပ်မှုကို အမြဲပြိုင်ကြလေ့ရှိ၏ဟု နယူးယောက်နေ့စဉ်သတင်းက ဖော်ပြသည်။ တာတီရာနာက “အမြဲလိုလို ကျွန်မ အနိုင်ရတယ်” ဟူ၍ပြောသည်။
စစ်၌ ကျင်းပသောပွဲ
ကွမ်ဗ်မေလာ သို့မဟုတ် ရေကရားပွဲတော်အဖြစ် သန်းပေါင်းများစွာသော ဟိန္ဒူဘာသာဝင်တို့သည် ဂင်္ဂါမြစ်၌ မိမိတို့ကိုယ်ကိုနစ်မြှုပ်စေခြင်းမှာ ဧပြီလ၌ အထွတ်အထိပ်ရောက်ရှိ၏။ ကွမ်ဗ်မေလာသည် မသေနိုင်သောဆုကျေးဇူးအဖို့ အထိမ်းအမှတ်ကျင်းပသည့် သုံးလတာကြာသော ဟိန္ဒူဘာသာဝင်တို့၏ပွဲဖြစ်သည်။ အဆိုပါပွဲကို ဒဏ္ဍာရီအရ ဘုရားများနှင့် နတ်ဆိုးများသည် ကောင်းကင်တွင် နေရာလုတိုက်ခိုက်ချိန်၌ မြေကြီးပေါ်သို့ မသေနိုင်သော နတ်သြဇာများကျလာရာမြို့များဟုဆိုထားသည့် အိန္ဒိယရှိမြို့လေးမြို့၌ အလှည့်ကျစီ သုံးနှစ်တစ်ကြိမ်ကျင်းပကြ၏။ လွန်ခဲ့သောအချိန်က အိန္ဒိယ၏မြင့်မြတ်သည့်ရေ၌ ရေချိုးရန် စုပြုံတိုးဝှေ့ပြေးကြခြင်းကြောင့် များစွာတို့သေဆုံးခဲ့ကြသည်။