စကားချီး
လူတို့သည် ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ “သေပိုင်ခွင့်” အစရှိသော ကျန်းမာရေးနှင့်ပတ်သက်သည့် လူ့ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ်စရာများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ရလျက်ရှိကြသည်။ ဤပြဿနာများနှင့် သင် ဘယ်သောအခါမှ ရင်ဆိုင်ရမည်မဟုတ်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
သို့သော်၊ သင်အထူးဂရုပြုရမည့် အရေးကြီးကိစ္စတစ်ခု ရှိပါသည်။ ၎င်းမှာ သွေးကို အသက်ကယ်ရန် မည်သို့ အသုံးပြုနိုင်သနည်း ဟူ၍ဖြစ်သည်။
‘သွေးသွင်းခြင်းသည် မည်မျှ စိတ်ချရသနည်း’ ဟူ၍ ယခုအခါ လူအများက ခိုင်လုံသောအကြောင်းဖြင့် မေးခွန်းထုတ်လာကြသည်။ သို့သော် ၎င်းသည် ဆေးကုသမှုနှင့်ဆိုင်သော ကိစ္စရပ်တစ်ခုမျှသာ မဟုတ်ပါ။ ယေဟောဝါသက်သေများနှင့် ပတ်သက်၍ ဤပြဿနာသည် သတင်းဖြစ်နေသည်။ ဆေးပညာ၏ကောင်းကျိုးကို ယုံကြည်သော ကိုယ်ကျင့်သိက္ခာရှိသည့် ဤသူတို့သည် သွေးသွင်းခြင်းကို အဘယ်ကြောင့် လက်မခံကြသနည်းဟူ၍ သင် စူးစမ်းမိသလော။
ဆေးပညာနှင့် လူ့ကျင့်ဝတ်အရ သွေးကို အသုံးပြုခြင်းသည် သင်၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်ရာပစ္စည်း—အသက်—ကို မည်သို့ ကယ်နိုင်ခြင်းနှင့် တိုက်ရိုက်ပတ်သက်နေကြောင်း သင်တွေ့ရပေမည်။