ကျမ်းစာစောင် နံပါတ် ၂၅—ယေရမိမြည်တမ်းစကား
ကျမ်းရေးသူ– ယေရမိ
ရေးရာဒေသ– ယေရုရှလင်မြို့အနီး
ရေးသားပြီးစီးချိန်– ဘီ.စီ.အီး. ၆၀၇
၁။ မြည်တမ်းစကားကျမ်းသည် အဘယ်ကြောင့် အမည်နှင့်အလွန်သင့်လျော်သနည်း။
မှုတ်သွင်းခံ ဤကျမ်း၏အမည်သည် အလွန်သင့်လျော်သည်။ ဗာဗုလုန်မင်းကြီး နေဗုခဒ်နေဇာလက်ချက်ဖြင့် ဘီ.စီ.အီး. ၆၀၇ တွင်ယေရုရှလင်မြို့ပျက်စီးခြင်းကြောင့် ဘုရားသခင့်ရွေးချယ်ထားသောလူမျိုးတော်၏ ရာဇဝင်တွင် ဘေးဒုက္ခကြီးဖြစ်ခဲ့ခြင်းအပေါ် အလွန့်အလွန်ဝမ်းနည်း၍ ငိုချင်းချထားသည့်ကျမ်းဖြစ်သည်။ ဟေဗြဲဘာသာတွင် ဤကျမ်းကို ၎င်း၏ပထမဆုံးစကားလုံးဖြစ်သော အိုက်ခါး (ʼEh·khahʹ) ဟူ၍အမည်ပေးထားပြီး “ဘယ်လိုဖြစ်တာပါလိမ့်!” ဟုအဓိပ္ပာယ်ရသည်။ ဂရိစက်ပ်တွားဂျင့်ကျမ်း၏ ဘာသာပြန်များက ၎င်းကျမ်းကို “ငိုချင်း၊ မြည်တမ်းစကား” ဟုအဓိပ္ပာယ်ရသော သရိနွိုင် (Threʹnoi) ဟုခေါ်ဆိုခဲ့ကြသည်။ ဗာဗုလုန်လူမျိုးတို့၏ တာလ်မွဒ်ကျမ်းတွင် “ငိုချင်း၊ လွမ်းချင်း” ဟုအဓိပ္ပာယ်ရသော ကိုင်နို့သ် (Qi·nohthʹ) ကိုအသုံးပြုကြသည်။ လက်တင်ဘာသာသို့ပြန်ဆိုသူ ဂျရုမ်းက ၎င်းကျမ်းကို လမန်တေးရှင်းစ် (Lamentationes) ဟုအမည်တပ်ခဲ့ပြီး ၎င်းမှတစ်ဆင့် အင်္ဂလိပ်အမည်ဆင်းသက်လာသည်။
၂။ ကျမ်းစာထဲတွင် မြည်တမ်းစကားကျမ်းကို မည်သည့်အုပ်စုထဲတွင် ထည့်သွင်းထားသနည်း။
၂ အင်္ဂလိပ်ဘာသာပြန်ကျမ်းများတွင် မြည်တမ်းစကားကျမ်းကို ယေရမိကျမ်းနောက်ကပ်လျက်ထားကြသည်၊ သို့သော် ဟေဗြဲကျမ်းတွင်မူ ၎င်းကို ဟေဂျီအိုဂရပ်ဖာ (သန့်ရှင်းသောစာစောင်များ) သို့မဟုတ် ရေးသားချက်များတွင် ရှောလမုန်သီချင်း၊ ရုသဝတ္ထု၊ ဒေသနာကျမ်း၊ ဧသတာကျမ်းတို့နှင့်အတူ တွေ့ရလေ့ရှိသည်—ယင်းကျမ်းအုပ်စုငယ်ကိုစုပေါင်း၍ မဂ္ဂဟီလ်လို့သ် (Meghil·lohthʹ) (ကျမ်းလိပ်များ) ငါးကျမ်းဟု သိရှိကြသည်။ မျက်မှောက်ခေတ်ဟေဗြဲကျမ်းအချို့တွင် ၎င်းကျမ်းကို ရုသ သို့မဟုတ် ဧသတာနှင့် ဒေသနာကျမ်းတို့ကြားတွင် ထည့်သွင်းထားကြသည်၊ သို့သော် ရှေးလက်ရေးမူများ၌မူ ယနေ့ကျွန်ုပ်တို့ကျမ်းစာတွင် တွေ့ရသည့်အတိုင်း ယေရမိကျမ်း၏နောက်၌သာတွေ့ရသည်။
၃၊ ၄။ ယေရမိသည် ကျမ်းရေးသူဖြစ်ကြောင်း အဘယ်သက်သေအထောက်အထားရှိသနည်း။
၃ ဤကျမ်းတွင် ကျမ်းရေးသူကိုမဖော်ပြပါ။ သို့သော် ယေရမိမဟုတ်ဟု ထင်စရာအကြောင်းမရှိပါ။ ဂရိစက်ပ်တွားဂျင့်ကျမ်း ကျမ်းဦးအဖွင့်စကား၌ ဤသို့ဆိုထားသည်– “ဣသရေလလူမျိုးတို့ သုံ့ပန်းအဖြစ်ခေါ်ဆောင်ခံပြီး ယေရုရှလင်မြို့ပျက်စီးသွားပြီးနောက် ယေရမိသည် ထိုင်ငိုကာ ဤမြည်တမ်းစကားဖြင့် ငိုကြွေးမြည်တမ်းခဲ့သည်။” ဂျရုမ်းက ဤစကားများသည် အပိုစကားများဖြစ်သည်ဟုယူဆခဲ့ကာ ၎င်းတို့ကို သူ၏ဘာသာပြန်ကျမ်းမှ ပယ်ထုတ်ခဲ့သည်။ သို့ရာတွင် မြည်တမ်းစကားကျမ်းကို ယေရမိရေးသည်ဟု ဂျူးထုံးတမ်းစဉ်လာကလက်ခံသည့်အပြင် ဆီးရီးယားဘာသာပြန်ကျမ်း၊ လက်တင်ဗားလ်ဂိတ်ကျမ်း၊ ဂျော်နသန်၏တာဂွမ်ကျမ်း၊ ဗာဗုလုန်လူမျိုးတို့၏တာလ်မွဒ်ကျမ်းနှင့် အခြားကျမ်းများက အခိုင်အမာအတည်ပြုထောက်ခံကြသည်။
၄ အချို့ဝေဖန်ရေးသမားများက မြည်တမ်းစကားကျမ်းကို ယေရမိမရေးကြောင်း သက်သေထူဖို့ကြိုးစားကြသည်။ သို့သော် သမ္မာကျမ်းစာဋီကာကျမ်း၌ ယေရမိသည် ကျမ်းရေးသူဖြစ်ကြောင်း အထောက်အထားအဖြစ် ဤသို့ထောက်ခံထား၏– “အခန်းကြီး ၂ နှင့် ၄ တို့တွင် ယေရုရှလင်မြို့အကြောင်း ကွက်ကွက်ကွင်းကွင်းရုပ်လုံးဖော်ပြထားချက်က မျက်မြင်ကိုယ်တွေ့သိရှိသူတစ်ဦး ရေးခြင်းဖြစ်ကြောင်း ထင်ရှားသည်၊ ရေးဟန်၊ အသုံးအနှုန်းနှင့် စဉ်းစားပုံတို့အပြင် ကရုဏာသောသောဖြစ်မှုနှင့် လင်္ကာတစ်လျှောက်လုံးတွင်ပါသည့် ပရောဖက်ပြုချက်သဘောတို့က ယေရမိ၏ကြန်အင်လက္ခဏာနှင့် တစ်ပုံစံတည်းဖြစ်သည်။”a မြည်တမ်းစကားကျမ်းနှင့် ယေရမိကျမ်းတို့တွင် ဆင်တူသောအသုံးအနှုန်းများစွာတွေ့ရသည်၊ အလွန့်အလွန်ဝမ်းနည်းမှုကြောင့် ‘မျက်စိတို့မှ ရေ (မျက်ရည်) ကျ’ ခြင်း (မြည်. ၁:၁၆; ၂:၁၁; ၃:၄၈၊ ၄၉; ယေ. ၉:၁; ၁၃:၁၇; ၁၄:၁၇)၊ ပရောဖက်များနှင့် ယဇ်ပုရောဟိတ်များ၏ဖောက်ပြန်မှုကြောင့် သူတို့ကိုစက်ဆုပ်ရွံရှာခြင်း (မြည်. ၂:၁၄; ၄:၁၃၊ ၁၄; ယေ. ၂:၃၄; ၅:၃၀၊ ၃၁; ၁၄:၁၃၊ ၁၄) စသည်တို့ဖြစ်သည်။ ယေရမိ ၈:၁၈-၂၂ နှင့် ၁၄:၁၇၊ ၁၈ ပါစကားများက ယေရမိသည် မြည်တမ်းစကားကျမ်း၏ငိုချင်းပုံစံကို လုံးဝရေးနိုင်စွမ်းရှိကြောင်း တင်ပြသည်။
၅။ အဘယ်အကြောင်းအချက်များက ကျမ်းရေးသည့်အချိန်ကို သိရှိစေသနည်း။
၅ ရေးသားချိန်မှာ ဘီ.စီ.အီး. ၆၀၇ ခုနှစ် ယေရုရှလင်မြို့ပျက်စီးပြီး မကြာမီတွင်ဖြစ်ကြောင်း အများကသဘောတူကြသည်။ မြို့ဝိုင်းရံခံရခြင်းနှင့် မီးလောင်ပြာကျခြင်းအနိဋ္ဌာရုံတို့ကို ယေရမိစိတ်ထဲတွင် ကွင်းကွင်းကွက်ကွက်မြင်နေရဆဲဖြစ်၍ သူ၏အလွန်စိတ်ထိခိုက်မှုကို ပီပြင်စွာဖော်ပြနိုင်ခဲ့သည်။ ဝမ်းနည်းစရာအကြောင်းကို တစ်ကြိမ်တည်းအပြီးဖော်ပြသည်ဟူ၍မရှိဘဲ လင်္ကာအများစုတွင် ထပ်ခါထပ်ခါပါရှိနေခြင်းကို ကျမ်းစာဋီကာဆရာတစ်ဦး သတိပြုမိသည်။ သို့ဖြစ်၍ သူဤသို့ဆို၏– “ထိုသို့စိတ်ဗယောက်ဗယက်ဖြစ်ခြင်းက . . . ဤကျမ်းကို အဖြစ်အပျက်ဖြစ်ပျက်ပြီး မကြာမီ၊ ဝမ်းနည်းမှုခံစားနေရဆဲအချိန်တွင်ရေးကြောင်း အခိုင်မာဆုံးသာဓကတစ်ခုဖြစ်သည်။”b
၆။ မြည်တမ်းစကားကျမ်း၏ရေးဟန်နှင့် တည်ဆောက်ပုံတွင် အဘယ်စိတ်ဝင်စားဖွယ် တွေ့ရသနည်း။
၆ မြည်တမ်းစကားဆောက်တည်ထားပုံသည် ကျမ်းစာပညာရှင်များအတွက် အထူးစိတ်ဝင်စားစရာဖြစ်သည်။ အခန်းကြီးငါးခု သို့မဟုတ် လင်္ကာငါးပုဒ်ပါရှိသည်။ ပထမလေးပုဒ်မှာ အခန်းငယ်တိုင်း၏အစ,စကားလုံးကို ဟေဗြဲအက္ခရာ ၂၂ လုံးဖြင့် အက္ခရာစဉ်အတိုင်း သီကုံးထားသောလင်္ကာများဖြစ်သည်။ အခြားတစ်ဖက်တွင်မူ တတိယအခန်းကြီးတွင် အခန်းငယ် ၆၆ ခုပါရှိရာ အခန်းငယ် ၃ ခုတိုင်းကို အက္ခရာတစ်ခုဖြင့် အစပြုထားသည်။ ပဉ္စမမြောက်လင်္ကာမှာမူ အခန်းငယ် ၂၂ ခုရှိသော်လည်း အက္ခရာစဉ်အတိုင်း သီကုံးစပ်ဆိုထားသော လင်္ကာမဟုတ်ချေ။
၇။ အဘယ်ဝမ်းနည်းမှုကို ယေရမိဖော်ပြသနည်း၊ သို့သော် အဘယ်မျှော်လင့်ချက် ဆက်ရှိသေးသနည်း။
၇ မြည်တမ်းစကားကျမ်း၌ ယေရုရှလင်မြို့သည် နေဗုခဒ်နေဇာလက်ချက်ဖြင့် ဝိုင်းရံခံရ၊ သိမ်းပိုက်ခံရ၊ ဖျက်ဆီးခံရခြင်းတို့ကြောင့် အလွန့်အလွန်ဝမ်းနည်းပူဆွေးကြောင်း ဖော်ကျူးထားပြီး ၎င်း၏ရှင်းလင်းတိကျမှုနှင့် ကြေကွဲဖွယ်အဖွဲ့အနွဲ့များကို ယှဉ်နိုင်သောစာပေမရှိပါ။ စာရေးသူမြင်တွေ့ခဲ့ရသော သိမ်းရုံးဖျက်ဆီးခံရမှု၊ ဆင်းရဲဒုက္ခနှင့် ကစဉ့်ကလျားဖြစ်မှုတို့အတွက် အလွန့်အလွန်ဝမ်းနည်းကြောင်း ဖော်ပြထားသည်။ ငတ်မွတ်ခြင်းဘေး၊ ဓားဘေးနှင့် အခြားထိတ်လန့်ဖွယ်ဘေးများက မြို့တော်ကို ကြောက်ခမန်းလိလိဒုက္ခရောက်စေခဲ့သည်—၎င်းအရာအားလုံးသည် လူတို့နှင့်ပရောဖက်တို့၊ ယဇ်ပုရောဟိတ်တို့၏အပြစ်များကြောင့် ဘုရားသခင်ထံမှ တိုက်ရိုက်သက်ရောက်သည့် ပြစ်ဒဏ်တစ်ခုအနေနှင့်ဖြစ်သည်။ သို့သော် ယေဟောဝါအား မျှော်လင့်ခြင်းနှင့် ယုံကြည်ခြင်းဆက်ရှိနေပြီး ပြန်လည်တည်ထောင်ရေးအတွက် ကိုယ်တော့်ထံတောင်းလျှောက်သည်။
အဘယ်ကြောင့်အကျိုးရှိကြောင်း
၁၃။ မြည်တမ်းစကားကျမ်းသည် အဘယ်ယုံကြည်စိတ်ချမှုကို ဖော်ပြသနည်း၊ ဘုရားသခင်အပြင်းအထန်အရေးယူခဲ့ပုံကို ဖော်ပြထားခြင်းသည် အဘယ်ကြောင့်အကျိုးရှိသနည်း။
၁၃ မြည်တမ်းစကားကျမ်းသည် ဘုရားသခင်အပေါ် ယေရမိ၏ အကြွင်းမဲ့ယုံကြည်ကိုးစားမှုကို ဖော်ပြသည်။ ကြေကွဲမဆုံး ယူကျုံးမရအဖြစ်မျိုး၌ အဘယ်လူသားထံကမျှ နှစ်သိမ့်မှုကို လုံးဝမမျှော်လင့်နိုင်သည်ဖြစ်၍ ပရောဖက်သည် ကြီးမြတ်သောစကြဝဠာသခင် ယေဟောဝါဘုရားသခင်၏လက်တော်အားဖြင့် ကယ်တင်ခြင်းရရန် မျှော်ကိုးခဲ့သည်။ မြည်တမ်းစကားကျမ်းသည် စစ်မှန်သောဝတ်ပြုသူများအားလုံး နာခံမှုရှိရန်နှင့် သမာဓိရှိကြရန်လှုံ့ဆော်ပေးသင့်ပြီး တစ်ကြိမ်တည်းတွင် ကြီးမြတ်သောနာမတော်နှင့် ၎င်းကိုယ်စားပြုသောအရာများကို အရေးမစိုက်သူတို့အတွက် ကြောက်မက်ဖွယ်သတိပေးချက်ကို ဖော်ပြပေးသည်။ ပျက်စီးပြိုပျက်သွားသော အခြားမြို့တစ်မြို့အတွက် ဤကဲ့သို့ကြေကွဲ၊ စိတ်ထိခိုက်ဖွယ်အဖွဲ့အနွဲ့ဖြင့် မြည်တမ်းငိုကြွေးခဲ့ခြင်းမျိုး သမိုင်းတွင်မရှိပါ။ ဆက်လက်၍ပုန်ကန်၊ ခေါင်းမာသော နောင်တမယူသူတို့ကို ဘုရားသခင် အပြင်းအထန်အရေးယူခဲ့သည်ကို ဖော်ပြထားခြင်းမှာ အမှန်ပင်အကျိုးပြုသည်။
၁၄။ ဘုရားသခင်၏ အဘယ်သတိပေးချက်များနှင့် ပရောဖက်ပြုချက်များသည် ပြည့်စုံခဲ့ကြောင်း မြည်တမ်းစကားကျမ်းတွင် ဖော်ပြသနည်း၊ ဤကျမ်းသည် အခြားမှုတ်သွင်းခံရေးသားချက်များနှင့် မည်သို့ဆက်စပ်သနည်း။
၁၄ မြည်တမ်းစကားကျမ်းသည် ဘုရားသခင့်သတိပေးချက်များနှင့် ပရောဖက်ပြုချက်များစွာပြည့်စုံသည်ကို ဖော်ပြရာတွင်လည်း အကျိုးပြုသည်။ (မြည်. ၁:၂—ယေ. ၃၀:၁၄; မြည်. ၂:၁၅—ယေ. ၁၈:၁၆; မြည်. ၂:၁၇—ဝတ်. ၂၆:၁၇; မြည်. ၂:၂၀—တရား. ၂၈:၅၃) မြည်တမ်းစကားကျမ်းသည် တရားဟောရာ ၂၈:၆၃-၆၅ ပြည့်စုံမှုကို ထင်ထင်ရှားရှားသက်သေထူကြောင်းကိုလည်း သတိပြုပါလေ။ ထို့ပြင် ဤကျမ်းထဲတွင် အခြားမြင့်မြတ်သောကျမ်းစာစောင်များအား ရည်ညွှန်းထားချက်များစွာ ပါရှိသည်။ (မြည်. ၂:၁၅—ဆာ. ၄၈:၂; မြည်. ၃:၂၄—ဆာ. ၁၁၉:၅၇) ဘေးကြီးဆိုက်ရောက်ခြင်းသည် လူများ၏လွန်ကျူးသောအပြစ်ကြောင့်ဖြစ်ကြောင်း ဒံယေလ ၉:၅-၁၄ နှင့်မြည်တမ်းစကား ၁:၅; ၃:၄၂ တို့သည်သဘောချင်းတူညီသည်။
၁၅။ မြည်တမ်းစကားကျမ်းသည် ရှေ့သို့ဆက်၍ အဘယ် ‘နေ့သစ်များ’ ကိုညွှန်ပြသနည်း။
၁၅ ယေရုရှလင်၏ ဝမ်းနည်းဖွယ်အခြေအနေသည် အမှန်နှလုံးကြေကွဲဖွယ်ဖြစ်သည်! ယင်းအဖြစ်အပျက်များကြားမှ ယေဟောဝါသည် မေတ္တာကရုဏာနှင့်ကြင်နာမှု တင်ပြမည်ဖြစ်ပြီး ကိုယ်တော်သည် ဇိအုန်မြို့ကိုသတိရ၍ ပြန်လည်စုသိမ်းတော်မူမည်ကို ယုံကြည်စိတ်ချကြောင်း မြည်တမ်းစကားကျမ်းတွင် ထင်ရှားအောင်ဖော်ပြထားသည်။ (မြည်. ၃:၃၁၊ ၃၂; ၄:၂၂) ရှေးအချိန်က ဒါဝိဒ်နှင့်ရှောလမုန်တို့ အုပ်ချုပ်ခဲ့သောအချိန်ကာလကဲ့သို့ ‘နေ့သစ်များ’ ကိုမျှော်လင့်ကြောင်းဖော်ပြထားသည်။ ပဋိညာဉ်သည် ဒါဝိဒ်နှင့်ဖွဲ့ထားသော ယေဟောဝါ၏ ထာဝရနိုင်ငံတော်အတွက် ရှိနေဆဲဖြစ်သည်! “ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန် . . . နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။” သက်ရှိသတ္တဝါတိုင်းက “ထာဝရဘုရားသည် ငါ၏အဖို့ဖြစ်တော်မူ၏” ဟုကျေးဇူးတင်စွာ ကြွေးကြော်ကြမည့် ယေဟောဝါ၏ဖြောင့်မတ်သော နိုင်ငံတော်အုပ်ချုပ်မှုရောက်သည်အထိ ကရုဏာတော်သည် ယေဟောဝါအားချစ်မြတ်နိုးသူတို့နှင့်အတူ အစဉ်တည်ရှိပါလိမ့်မည်။—၅:၂၁; ၃:၂၂-၂၄။
[အောက်ခြေမှတ်ချက်များ]
a ၁၉၅၂ ခုနှစ်တွင် ဂျေ. အာရ်. ဒမလို တည်းဖြတ်ခဲ့သည်၊ စာမျက်နှာ ၄၈၃။
b မြည်တမ်းစကားကျမ်းမှ လေ့လာချက်များ၊ ၁၉၅၄၊ နော်မန် ကေ. ဂေါ့တ်ဝေါလ်ဒ်၊ စာမျက်နှာ ၃၁။